← Chapters

အခန်း (၅၁၂)

Vol. 52 Ch. 512

အခန်း (၅၁၂)

Vol. 52 Ch. 512

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ရှားလုံရွှို... မင်း ငါ့ဆီကို ပထမဆုံးအကြိမ် ပြေးဝင်လာကတည်းက မင်းမှန်း ငါသိတယ်...”

“မဖြစ်နိုင်ဘူး...”

ရှားလုံရွှိုက အေးစက်စွာ ပြောလိုက်၏။

တုပိုင် ရှင်းပြမနေတော့ပေ။ သို့သော် သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအင်အားကြီးမားပြီး အန္တရာယ်များကာ ရည်မှန်းချက်ကြီးသော လူရိုင်းခေါင်းဆောင်သည် တုပိုင်၏ အကြီးမားဆုံး မဟာမိတ်တစ်ယောက် ဖြစ်လာလုနီးပါး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

ရှားလုံရွှိုက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ပြောလိုက်သည်။

“တုပိုင်... မင်း နိုင်သွားပြီ။ တကယ်ကို အံ့မခန်းပါပဲကွာ...”

တုပိုင်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“အဲတော့ ဘာဆက်ဖြစ်မလဲ...”

ရှားလုံရွှိုက ပြောလိုက်၏။

“နောက်ဆက်တွဲအနေနဲ့ စစ်ရေးဗျူဟာ အခြေအနေတွေ လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ မင်းအနေနဲ့ အသက်ရှူပေါက် ရသွားနိုင်သလို ၊ အခွင့်ကောင်းယူပြီး တစ်ဖက်တစ်လမ်းမှာ အင်အားချဲ့ထွင် အုပ်စိုးလာနိုင်တယ်...”

တုပိုင်က ထပ်မေးလိုက်သည်။

“အဲတော့ ဘာဖြစ်လဲ...”

ရှားလုံရွှိုက ပြောလိုက်သည်။

“ငါကတော့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ ငါ လီမိသားစုဆီ ခိုလှုံခဲ့တာက လီဝမ်ဝမ်ကြောင့်ပဲ။ မင်းက ယောက်ျားတစ်ယောက်လေ... ငါက မင်းကို လက်ထပ်လို့မှ မရတာ။ မင်း မိန်းမလျာလုပ်ရင်တောင် နောက်ကျသွားပြီ... ဟားဟားဟား...”

တုပိုင်က မပြောင်းလဲသော လေသံဖြင့် ထပ်မေးလိုက်ပြန်သည်။

“အဲတော့ ဘာဖြစ်လဲ...”

ရှားလုံရွှိုက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... ငါက မင်းရဲ့ မဟာမိတ် ဖြစ်လာနိုင်တယ်။ ငါ့ရဲ့ ရှားလုံမျိုးနွယ်စုမှာ လူရိုင်းစစ်သည် တစ်သောင်း ၊ နှစ်သောင်းလောက် ရှိနေသေးတယ်။ အဲဒီအင်အားက လီမိသားစုရဲ့ ကျောကုန်းကို ထိုးစိုက်မယ့် ဓားတစ်ချောင်း ဖြစ်လာနိုင်သလို ၊ သူတို့အတွက် သေစေနိုင်တဲ့ အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ တပ်ဖွဲ့နဲ့ ဟန့်တားထားမယ်ဆိုရင် လီရူဟိုင်အနေနဲ့ မင်းကို ချေမှုန်းဖို့ စစ်အင်အားအကုန်လုံးကို စုစည်းရဲမှာ မဟုတ်တော့ဘူး။ မင်းနဲ့ငါ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် လီရူဟိုင်တစ်ယော​က် ကြောက်ရွံ့ပြီး ပင်ပန်းနွမ်းနယ်လာလိမ့်မယ်။ မင်းက အရှေ့ဘက်မှာ နယ်မြေချဲ့ထွင်... ငါက အနောက်ဘက်မှာ နယ်မြေချဲ့ထွင်မယ်... ငါတို့နှစ်ယောက် လက်တွဲပြီး လီရူဟိုင်ရဲ့ တာ့ယန်နိုင်ငံတော်ကို ဝါးမြိုပစ်ကြတာပေါ့...”

တုပိုင် အမှန်တကယ်ပင် အံ့အားသင့်သွားရလေသည်။ လက်ရှိအချိန်သို့ရောက်နေသည်သော်လည်း ရှားလုံရွှိုသည် ရည်မှန်းချက်ကြီးနေဆဲပင်။

သူ၏ ခေါင်းထဲ ပထမဆုံး ပေါ်လာသည့်အရာမှာ တုပိုင်နှင့် လက်တွဲပြီး လီမိသားစု၏ နယ်မြေကို ခွဲဝေယူရန်ပင် ဖြစ်သည်။ ဤသည်မှာ ရည်မှန်းချက်ကြီးရုံမျှမကတော့ဘဲ လောဘကြီးလွန်းသည်ဟု ပြောရပေမည်။

တုပိုင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မင်းကို ငါက ဘယ်လိုလုပ် ယုံရမှာလဲ... ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း မင်းပဲ ငါ့မဟာမိတ်လုပ်မယ်လို့ ပြောပြီး ၊ ချက်ချင်းပဲ လှည့်ပြီး သစ္စာဖောက်ခဲ့တာလေ...”

ရှားလုံရွှိုက ပြောလိုက်၏။

“ငါက လီဝမ်ဝမ်နဲ့ လုံးဝ မျက်နှာပျက်ခဲ့ပြီဆိုတော့ ပြန်လှည့်သွားလို့ မရတော့ဘူး။ ဒါ့အပြင် လီမိသားစုက အခု အားနည်းနေပြီ။ ငါသာ မင်းနဲ့လက်တွဲပြီး မီးလောင်ရာလေပင့် မလုပ်ဘူးဆိုရင် ငါက ငတုံးဖြစ်သွားမှာပေါ့။ တုပိုင်... မင်းသာ မတုံးဘူးဆိုရင် ဒါက အကောင်းဆုံး ရွေးချယ်မှုဆိုတာ သိသင့်တယ်...”

အတိုင်းအတာတစ်ခုအထိပြောရလျှင် ရှားလုံရွှိုသာ ရှားလုံမျိုးနွယ်စုထံ ပြန်ရောက်သွားပါက လီမိသားစု၏ ကျောဘက်မှ ထက်မြက်သော ဓားသွားတစ်လက် ဖြစ်လာပေလိမ့်မည်။ သူ၏ တပ်ဖွဲ့ ဟန့်တားနှောင့်ယှက်မှုကြောင့် လီရူဟိုင်သည် တုပိုင်ကို ရှင်းလင်းရန် အင်အားအကုန် ထုတ်သုံးနိုင်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ ဤသည်က အမှန်တကယ်ပင် ပညာအရှိဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပုံရလေသည်။

“ဒါကြောင့် ငါ့ကို အညံ့ခံခိုင်းဖို့ မစဉ်းစားနဲ့... အဲဒါ လုံးဝ မဖြစ်နိုင်ဘူး...”

ရှားလုံရွှိုက ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။

“ကဲ... အခု မင်း ငါ့ကို လွှတ်ပေးလို့ရပြီ။ ငါ့မျိုးနွယ်စုဆီ အမြန်ဆုံးပြန်ပြီး စစ်တပ်ကို စုစည်းရဦးမယ်။ မင်းသာ သိပ်မတုံးဘူးဆိုရင်ပေါ့...”

“ဟားဟား...” တုပိုင်က ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မပူပါနဲ့... မကြာခင်... မကြာခင်ပါပဲ...”

ရှားလုံရွှိုက အေးစက်စွာ မေးလိုက်၏။

“တုပိုင်... မင်း ဘာလုပ်ချင်လို့လဲ...”

“အားလုံး နောက်လှည့်နေကြ...”

တုပိုင် အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျီပြောင်ပြောင် ၊ ဖူဟုန်ပင်းနှင့် မြို့စားမင်းလေး ကျီချန်တို့မှလွဲ၍ ကျန်လူအားလုံး နောက်လှည့်လိုက်ကြသည်။ ထိုလူသုံးယောက်သည်လည်း မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။

တုပိုင်သည် သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ရှားလုံရွှို၏ ကျောပြင်ကို ဖိကပ်လိုက်လေသည်။

ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်။

ရှားလုံရွှိုသည် သူ၏ ဒန်တျန်အတွင်း၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို ထိတ်လန့်စွာ ခံစားလိုက်ရပြီး ၊ ထို့နောက် အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များ ရူးသွပ်စွာ ပန်းထွက်ကုန်လေ၏။

သူ၏ စွမ်းအင်အားလုံး... အတွင်းအားများအားလုံး... အကုန်လုံး စုပ်ယူဝါးမြိုခံလိုက်ရသည်။ ဤခံစားချက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ဝိညာဉ်တစ်ခုလုံးကို ဝါးမြိုခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

“အားးး... အားးး... အားးး... အားးး...”

ကြောက်ရွံ့ခြင်းဟူသည်က မည်သို့မှန်းမသိခဲ့သော ရှားလုံရွှိုသည် ယခုအချိန်တွင်မူ စိတ်ပျက်လက်ပျက် အော်ဟစ်ကာ ညည်းညူနေရတော့သည်။

“သခင်ကြီးတုပိုင်... ကျုပ် အညံ့ခံပါပြီ... အညံ့ခံပါပြီ...”

“ရှားလုံရွှိုက အရှင်သခင်ကို ဂါရဝပြုပါတယ်... ရှားလုံရွှိုက အရှင်သခင်ကို ဂါရဝပြုပါတယ်...”

“သခင်ကြီးတု... ကျုပ်ကို မသတ်ပါနဲ့... မသတ်ပါနဲ့...”

ရှားလုံရွှိုသည် တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်ကာ အသနားခံနေရှာ၏။

တုပိုင်သည် မကြားချင်ယောင်ဆောင်ကာ ဆက်လက်၍ ဝါးမြိုနေလိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်သည် နောက်တစ်ကြိမ် လျင်မြန်စွာ ထိုးတက်သွားပြန်လေသည်။

တတိယအဆင့် အလယ်အလတ် သိုင်းပညာရှင်...

တတိယအဆင့် သိုင်းပညာရှင်...

ဒုတိယအဆင့် အနိမ့်ပိုင်း သိုင်းပညာရှင်...

တုပိုင် ဆက်လက်ဝါးမြိုနေသည်နှင့်အမျှ ရှားလုံရွှို၏ ဒန်တျန်အတွင်းရှိ အပေါက်သည် ပိုမိုကြီးမားလာပြီး နောက်ဆုံးတွင် မခံနိုင်တော့ချေ။

“ဝုန်းးး...”

သူ၏ ဒန်တျန်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။

ဤကောင်စုတ်၏ ရွှမ်းချီစွမ်းအင်သည်လည်း အလွန်ရှုပ်ထွေးလှသည်။ စုပ်ယူပြီးနောက်တွင် တုပိုင်၏ ဒန်တျန်နှင့် သွေးကြောများသည် နောက်တစ်ကြိမ် ညစ်ညမ်းသွားပြီး တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားရပြန်သည်။

သေသေချာချာ သန့်စင်ခြင်းမပြုလုပ်ရသေးမီတွင် တုပိုင်အနေဖြင့် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ဆက်လက်အသုံးပြု၍ မရတော့ပေ။ သို့မဟုတ်ပါက သူကိုယ်တိုင် သွေးကြောများ ဖောက်ပြန်ကာ စိတ်ရူးပေါက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။

တုပိုင်သည် ကြွက်သားများ ပေါက်ကွဲလုမတတ် နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှားလုံရွှို မသေသေးသည်ကို တွေ့လိုက်ရသည်။

“တုပိုင်... ငါ့ကို ကယ်ပါဦး... ကယ်ပါဦး... ငါ အညံ့ခံပါ့မယ်...”

ရှားလုံရွှို၏ မျက်လုံးများသည် အသက်ရှင်လိုစိတ်များဖြင့် တောက်ပနေပြီး သေခြင်းတရားကို ငြင်းဆန်နေလေ၏။ တုပိုင်သည် လျှို့ဝှက်ရွှေဓားကို ထုတ်ယူလိုက်ပြီး သူ၏ လည်ပင်းကို ပိုင်းဖြတ်လိုက်လေသည်။ ရှားလုံရွှို၏ ခေါင်းသည် ပြူးကျယ်သော မျက်လုံးများဖြင့် လိမ့်ဆင်းကျသွားတော့သည်။ ရည်မှန်းချက်ကြီးမားလှသော လူရိုင်းခေါင်းဆောင်ကြီးသည် နောက်ဆုံးတွင် လုံးဝ သေဆုံးသွားပြီဖြစ်လေ၏။

တုပိုင်သည် ခေါင်းပြတ်ကို ပေါ့ပေါ့ပါးပါး ပစ်လိုက်ပြီးနောက် တောရိုင်းမြင်းပေါ်သို့ တက်ကာ ပြောလိုက်သည်။

“မြို့ထဲပြန်မယ်...”

“မြန်မြန်လုပ်... မြန်မြန်...”

**--**--**--**--**--**--**--**

တစ်ချိန်တည်းတွင် ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်သည် စစ်သည်အင်အား သုံးသောင်းခွဲကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ဆီသို့ ဦးတည်ချီတက်လာနေ၏။

လက်ရှိအချိန်တွင် သူ၏ စစ်တပ်သည် ပိုင်ဆယ်မြို့နှင့် လီ သုံးရာကျော်သာ ကွာဝေးတော့သည်။

တမြန်နေ့ကပင် သူသည် စစ်တပ်ကို ဦးဆောင်ကာ ထျန်တုန်းစီရင်စုခွဲကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ပိုင်ဆယ်မြို့နှင့် ပိုမိုနီးကပ်လာခဲ့ခြင်း ဖြစ်သည်။

လီမိသားစုနှင့် တုပိုင်တို့ စစ်ဖြစ်ပြီးနောက်တွင် စစ်မြေပြင် အခြေအနေများကို သတင်းပို့သော စာပို့ကျီးကန်းများ အဆက်မပြတ် ရောက်ရှိလာခဲ့သည်။ လီမိသားစုဘက်မှ အရေးနိမ့်နေပြီး ရှုံးနိမ့်တော့မည့် အခြေအနေကို သိလိုက်ရသောအခါ ယွမ်ထျန်ကျောက်နှင့် တုကျန်းတို့ ထိတ်လန့်သွားကြသည်။

သူ ဤအခြေအနေကို မဖြစ်မနေ ပြောင်းလဲပစ်ရမည်။ တုပိုင် သေကိုသေရမည်။ တုပိုင် လုံးဝ အနိုင်ရသွား၍ လုံးဝ မဖြစ်ပေ။

ထို့ကြောင့် ယွမ်ထျန်ကျောက်သည် လူထု၏ ကဲ့ရဲ့ရှုတ်ချမှုကို ဂရုမစိုက်တော့ဘဲ ၊ စစ်သည် သုံးသောင်းခွဲကို ဦးဆောင်ကာ ချီတက်လာခဲ့ခြင်း ဖြစ်သည်။ သူသည် လီမိသားစုနှင့် ပူးပေါင်းပြီး ပိုင်ဆယ်မြို့ကို တိုက်ခိုက်ကာ တုပိုင်ကို အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ဤသို့လုပ်ဆောင်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များသည် ပြင်းထန်မည်ကို သိသော်လည်း ၊ နိုင်သူက ဘုရင် ၊ ရှုံးသူက သူပုန်ဖြစ်ပြီး သေလူများက စကားမပြောနိုင်ကြပေ။

ဤတိုက်ပွဲသည် ပိုင်ဆယ်မြို့ကို မည်သူပိုင်ဆိုင်မည်ဆိုသည်ကို ဆုံးဖြတ်ပေးမည်သာမက ၊ ဧကရာဇ်မင်းမြတ်၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးမည် ဖြစ်သည်။

တုပိုင်သည် မြင်းတပ် လေးထောင်ကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ထဲသို့ ဝင်ရောက်လာလေ၏။

“ကြီးမြတ်လှတဲ့ မဟာမြို့စားမင်း... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ...”

“အရှင်သခင်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ...”

ပိုင်ဆယ်မြို့တစ်ခုလုံး လွှမ်းခြုံထားသော စိတ်ဓာတ်ကျဖွယ် အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားပြီး ဂုဏ်ယူဝင့်ကြွားမှုများဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

စောင့်ထိန်းမှုနှင့် မာန်မာနတို့ကြောင့် ပျော်ရွှင်မှု ဒီလှိုင်းလုံးကြီးအဖြစ် ပြောင်းလဲမသွားသော်လည်း ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် သူတို့၏ ထူးခြားသော နည်းလမ်းဖြင့် ဤကြီးမြတ်သော အောင်ပွဲကို အောင်ပွဲခံကြလေသည်။

“ဝုန်းးး... ဝုန်းးး...”

စစ်သည်များသည် အတန်းလိုက် စီတန်းကာ သူတို့၏ ဓားများဖြင့် သံချပ်ကာများကို ရိုက်ခတ်လိုက်ကြသည်။

ထို့နောက် ရင်ပြင်ကျယ်ကြီးထဲတွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် စစ်ရေးပြ အခမ်းအနားငယ်တစ်ခု ပြုလုပ်ကြလေ၏။

ဤသည်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဓလေ့ထုံးတမ်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စွမ်းအင်များသည် အလွန်သန်မာလှသဖြင့် ၊ ယနေ့တွင် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ရသော်လည်း သူတို့၏ အောင်ပွဲခံ အခမ်းအနားကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

တုပိုင်သည် မြင်းပေါ်တွင် ထိုင်လျက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်များ၏ ခန့်ညားပြီး လေးနက်သော အောင်ပွဲခံ အခမ်းအနားကို ကြည့်ရှုနေလေသည်။

ယင်းမှာ စစ်ရေးပြပွဲနှင့် တူသလို ၊ စစ်သည်တော်အကတစ်ခုနှင့်လည်း တူလေ၏။

လီဝမ်ဟွေ့နှင့် မင်းသမီးယွီကျိန်းတို့သည်လည်း ပြိုင်ဘက်ကင်း​ မြေအောက်မြို့တော် စစ်သည်များ၏ အောင်ပွဲခံ အခမ်းအနားကို စိတ်ဝင်တစား ကြည့်ရှုနေကြ၏။ ဖူဟုန်ပင်းကမူ စစ်တပ်ကို ဦးဆောင်ကာ မြို့ရိုးပေါ်တွင် ဆက်လက်၍ ကာကွယ်စောင့်ကြပ်နေသည်။ ကင်းထောက်များကိုလည်း စေလွှတ်ထားပြီး ၊ စစ်ခုန်းယဲ့၏ သိန်းငှက်များကိုလည်း လွှတ်ကာ အရှေ့ဘက်မှ ယွမ်ထျန်ကျောက်၏ စစ်တပ်ကို အထူးဂရုပြု စောင့်ကြည့်နေလေသည်။

တုပိုင်က မေးလိုက်သည်။

“အစ်ကိုကြီး... ထျန်ပေါင်စီရင်စုခွဲကို ကာကွယ်ဖို့ စစ်သည်သိပ်မကျန်တော့သလို ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တွေလည်း သိပ်မရှိတော့ဘူး မဟုတ်လား။ အခု ဘယ်ကနေ စစ်သည် လေးထောင် ရုတ်တရက် ထွက်လာတာလဲ...”

လီလင်းက ပြုံးပြီး ပြောလိုက်သည်။

“ကြည့်လိုက်ပါဦး... ငါတို့ဘေးနားမှာ ဘယ်သူပျောက်နေလဲလို့...”

တုပိုင် အနီးကပ် ကြည့်ရှုလိုက်ရာ မြို့စားမင်းလေး ကျီချန် မရှိသည်ကို တွေ့လိုက်ရသည်။

လီလင်းက ဆက်ပြောလိုက်၏။

“မြို့စားမင်းလေး ကျီချန်ရဲ့ ဇနီးကလည်း စွမ်းအားကြီးတဲ့ စစ်သည်တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ကို လက်ထပ်ပြီးတဲ့နောက်မှာ ကလေးမွေးပြီး စစ်တပ်က အနားယူပြီးတော့ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်။ ငယ်ချစ်ဦးဖြစ်တဲ့ သူတို့နှစ်ယောက်က ဒီလောက်အချိန်ကြာကြီး တစ်ခါမှ မခွဲဖူးကြဘူးလေ။ ဒီတစ်ခါ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကနေ ရိက္ခာတွေ သယ်လာတော့ သူပါ စစ်တပ်ထဲ ပြန်ဝင်လာခဲ့တာ။ အခုရောက်လာတဲ့ စစ်သည် လေးထောင်က ရိက္ခာတွေကို လိုက်ပါပို့ဆောင်ပေးတဲ့ တပ်ဖွဲ့ပဲ။ ဒီတိုက်ပွဲကြီးနဲ့ ကွက်တိ လာဆုံသွားတာပေါ့...”

‘သြော်... ဒါကြောင့်ကိုး။’

မည်သို့ပင်ဖြစ်စေ လီလင်း၏ စစ်သည် လေးထောင်သည် အချိန်ကိုက် ရောက်ရှိလာပြီး ၊ စစ်ပွဲအောင်နိုင်မှုကို အရှိန်မြှင့်တင်ပေးခဲ့သလို တုပိုင်၏ စစ်တပ် အထိအခိုက် အကျအဆုံးကိုလည်း များစွာ လျော့နည်းစေခဲ့လေ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters