← Chapters

အခန်း (၅၁၃)

Vol. 52 Ch. 513

အခန်း (၅၁၃)

Vol. 52 Ch. 513

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဖန်းမိသားစု၏ မဟာဗျူဟာတွင် တာ့နင်ဧကရာဇ်သည် ဤတစ်ကြိမ်၌ မဖြစ်မနေ နန်းစွန့်ရမည် ဖြစ်သည်။ ဤမဟာဗျူဟာ ရည်မှန်းချက် အောင်မြင်စေရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အလျှော့မပေးဘဲ အသုံးပြုရမည်။

“လီမိသားစု... မင်းတို့ကောင်စုတ်တွေ ဒီလောက်တော့ တောင့်ခံထားရမှာပေါ့။ အနည်းဆုံး မနက်ဖြန်အထိ ၊ မနက်ဖြန်အထိ တောင့်ခံထားကြစမ်းပါ...”

“စစ်သေနာပတိချုပ်... လီမိသားစုမှာ စစ်သည်အင်အား တစ်သိန်းတောင် ရှိတာပါ။ မနက်ဖြန်အထိ တောင့်ခံဖို့ဆိုတာ သေချာပေါက် ပြဿနာမရှိပါဘူး။ သုံးရက် ၊ ငါးရက်လောက်တောင် ကြာနိုင်ပါတယ်”

“ငါတို့စစ်တပ်ရောက်သွားပြီး လီမိသားစုတပ်နဲ့ ညှပ်ပိတ်တိုက်လိုက်တာနဲ့ ၊ တုပိုင် သေပြီသာမှတ်...”

ယွမ်ထျန်ကျောက်၏ စစ်တပ်သည် ရူးသွပ်မတတ် ချီတက်နေကြလေပြီး ဖြည်းညှင်းစွာဖြင့် ပိုင်ဆယ်မြို့နှင့် ပိုမိုပြီး နီးကပ်လာလေ၏။

တုပိုင်ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ရန် ၊ လီမိသားစု မရှုံးနိမ့်မီ သူ အရောက်သွားရမည်။

သို့သော်... ပိုင်ဆယ်မြို့နှင့် လီ ၁၅၀ ခန့်သာ လိုတော့သည့်အချိန်တွင်... ကင်းထောက်အချို့ အပြေးအလွှား ရောက်ရှိလာပြီး အော်ဟစ်လိုက်ကြသည်။

“စစ်သေနာပတိချုပ်... စစ်သေနာပတိချုပ်... သတင်းဆိုး... စစ်ပွဲပြီးသွားပါပြီ။ လီမိသားစုရဲ့ စစ်သည်တစ်သိန်း လုံးဝ ရှုံးနိမ့်ပြီး ထွက်ပြေးကုန်ကြပါပြီ...”

ထိုသတင်းကို ကြားသည်နှင့် ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။

“ဘယ်တုန်းက ဖြစ်သွားတာလဲ...” ယွမ်ထျန်ကျောက် ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ မေးမြန်းလိုက်သည်။

ကင်းထောက်က ပြန်ဖြေလိုက်၏။

“လွန်ခဲ့တဲ့ နှစ်နာရီလောက်က စစ်ပွဲပြီးသွားပါပြီ။ တုပိုင်က အကြီးအကျယ် အနိုင်ရသွားပြီး ၊ လီမိသားစုဘက်က သေဆုံးထိခိုက်မှု အရေအတွက် မရေမတွက်နိုင်အောင်ပါပဲ...”

ချက်ချင်းပင် ယွမ်ထျန်ကျောက် ခေါင်းများ မူးဝေသွားရကာ အန်ချင်စိတ်ပေါက်သွားလေ၏။ ယုံကြည်နိုင်ဖွယ်ရာပင် မရှိပေ။ လီမိသားစု၏ စစ်သည်အင်အား တစ်သိန်းနှင့် တုပိုင်၏ စစ်သည် သုံးသောင်းကျော် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ သုံးဆတစ်ဆ အင်အားကွာခြားပါလျက်နှင့် ရှုံးနိမ့်သွားခဲ့ရသည်လော။ ထိုမျှမက တစ်ရက်တာ အချိန်ကာလပင် မကြာလိုက်ဘဲ စစ်ရှုံးသွားခဲ့ရသည်လား။ သောက်ကျိုးနည်းလှ၏။

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့အနီးမှ စာပို့ကျီးကန်းများသည် အင်ပါယာမြေပြင်တစ်ခုလုံးဆီသို့ ဦးတည်ပျံသန်းသွားကြလေ၏။ သတင်းမှာ အတူတူပင် ဖြစ်သည်။ တုပိုင် အပြတ်အသတ် အနိုင်ရသွားပြီး ၊ လီမိသားစု၏ စစ်သည်တစ်သိန်း ရှုံးနိမ့်ကာ အသေအပျောက် မရေမတွက်နိုင်အောင် ဖြစ်သွားခဲ့သည် ဆိုသည့်သတင်းပင်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် စာပို့ကျီးကန်းအုပ်စုတစ်စုသည် တာ့ယန်မင်းဆက် နန်းတော်နှင့် လီရူဟိုင်၏ နန်းဆောင်ထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။ လျှို့ဝှက်သဝဏ်လွှာတိုင်းတွင် တူညီသော သတင်းစကားများ ပါရှိလေသည်။ လီမိသားစု ရှုံးနိမ့်သွားပြီ။ အသေအပျောက် မရေမတွက်နိုင်အောင် များပြားလှသည်... ဟူ၍ ယုံကြည်နိုင်ဖွယ်မရှိသည့် သတင်းများပင် ဖြစ်လေ၏။

**--**--**--**--**--**--**--**

တာ့ယန်နန်းတော်အတွင်း ဘုရင်လီရူဟိုင်သည် ကျီးကန်းနက် လျှို့ဝှက်သဝဏ်လွှာကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း ၊ သူ၏ တစ်ကိုယ်လုံးသည် ရေခဲတမျှ အေးစက်နေသော်လည်း ပေါက်ကွဲလုနီးပါး မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

သူ့မျက်လုံးများသည် လျှို့ဝှက်သဝဏ်လွှာပေါ်ရှိ စာလုံးများကို စိုက်ကြည့်ရင်း အချိန်အတော်ကြာ မျက်တောင်မခတ်ဘဲ ရှိနေသည်။

“ဝေါင်းးးးး...”

ရုတ်တရက် ဟိန်းဟောက်သံနှင့်အတူ သူ၏ လက်ထဲမှ လျှို့ဝှက်သဝဏ်လွှာသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားရလေ၏။

သူ့ရှေ့တွင် ဒူးထောက်နေသော မိန်းမစိုးလေးသည် ကြောက်လွန်းသဖြင့် သေးထွက်မတတ် ဖြစ်နေရှာသည်။ သူသည် ငွေဗန်းကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားရင်း မြေပြင်ပေါ်တွင် ဒူးထောက်နေလေ၏။ ဗန်းထဲတွင် တူညီသော အကြောင်းအရာများ ပါဝင်သည့် ကျီးကန်းနက် လျှို့ဝှက်သဝဏ်လွှာ ဒါဇင်ပေါင်းများစွာ ရှိနေသည်။

လီရူဟိုင်သည် လျှို့ဝှက်သဝဏ်လွှာ တစ်စောင်ပြီးတစ်စောင် ဖွင့်ဖတ်ကြည့်လိုက်သည်။ အားလုံးက အတူတူပင်။ လီမိသားစု ရှုံးနိမ့်သွားပြီ။ အသေအပျောက် မရေမတွက်နိုင်အောင် များပြားလှသည်... ဟူသည့် သတင်းများသာဖြစ်၏။

လီရူဟိုင်၏ စိတ်ထဲတွင် ဟိန်းဟောက်နေမိသည်။

‘ရှုံးနိမ့်တယ်တဲ့လား... ဘယ်လိုလုပ် အကြီးအကျယ် ရှုံးနိမ့်သွားရတာလဲ... စစ်သည်အင်အား တစ်သိန်းတိတိလေ... တုပိုင်၏ အင်အားထက် သုံးဆတောင် ပိုများတာ။ လေးသောင်းလောက်က အညံ့ခံလာတဲ့ မြားစာတွေ ဖြစ်နေရင်တောင် ၊ ဆေးရည်တိုက်ထားပြီးရင် သားရဲတွေလို ကြမ်းတမ်းလာကြတာပဲ မဟုတ်လား။ လီဝမ်ဝမ်ရဲ့ မီးနတ်ဘုရားစစ်သည် နှစ်သောင်းကျော်က ကမ္ဘာပေါ်မှာ အတော်ဆုံး တပ်ဖွဲ့ဆိုတာ ပြောနေစရာတောင် မလိုဘူး။

ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ... မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...

လုံးဝ မဖြစ်နိုင်ဘူး... ပြီးတော့ တစ်ရက်တည်းနဲ့ ရှုံးသွားတယ်တဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရယ်စရာကောင်းလွန်းတယ်။ ဒါက သေချာပေါက် ရန်သူ့ရဲ့ ပူးပေါင်းကြံစည်မှုပဲ။’

“ဒါက ပူးပေါင်းကြံစည်မှုပဲ... ပူးပေါင်းကြံစည်မှုပဲ...”

လီရူဟိုင်သည် သူ၏ လက်မောင်းကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ထွက်သွားစမ်း... ငါကိုယ်တော် ဒီစာတွေကို မကြည့်ချင်ဘူး...”

သူ လက်မောင်းဝှေ့ယမ်းလိုက်သည်နှင့် ခန်းမဆောင်ထဲတွင် လေပြင်းမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားလေသည်။ မိန်းမစိုးလေးများသည် အကန်ခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားကြပြီး သွေးများအန်ကာ ပွဲချင်းပြီး သေဆုံးကုန်ကြတော့၏။

“လာကြစမ်း... စာပို့ကျီးကန်းတွေကို ထိန်းချုပ်တဲ့ သားရဲထိန်း အားလုံးကို သွားသတ်ပစ်ကြ...”

လီရူဟိုင် အမိန့်ထုတ်ပြန်လိုက်သည်။

“သူတို့မွေးထားတဲ့ သတ္တဝါတွေက တခြားလူတွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရပြီ”

“အမိန့်တော်အတိုင်းပါ...”

ချက်ချင်းပင် ကိုယ်ရံတော်တစ်ဖွဲ့သည် ရက်စက်စွာ ထွက်ခွာသွားကြလေသည်။ စာပို့ကျီးကန်းများကို တာဝန်ယူထားသော တာ့ယန်မင်းဆက်မှ မိန်းမစိုးများသည် ကံဆိုးစွာဖြင့် အသတ်ခံရတော့မည် ဖြစ်သည်။

“ပိုင်ဆယ်စစ်မြေပြင်ကို မြင်းတပ်သားတစ်ယောက် လွှတ်လိုက်... မြင်းကို အဆက်မပြတ် လဲစီးပြီး သွားခိုင်း... စစ်မြေပြင်မှာ တကယ်တမ်း ဘာဖြစ်ခဲ့လဲဆိုတာ ငါကိုယ်တော် သိရမှဖြစ်မယ်...”

အတိုချုပ်ပြောရလျှင် စစ်ပွဲစတင်ပြီး တစ်ရက်အတွင်း သူ၏ စစ်တပ်အင်အား တစ်သိန်း ရှုံးနိမ့်သွားသည်ဆိုခြင်းကို လီရူဟိုင် လုံးဝ မယုံကြည်နိုင်ပေ။ ထို့နောက် သူသည် ထီးနန်းပလ္လင်ပေါ်တွင် ထိုင်လျက် စစ်မြေပြင်မှ အစစ်အမှန် သတင်းများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

**--**--**--**--**--**--**--**

“လီမိသားစု... မင်းတို့... ခွေးမသားတွေ...”

မျက်စိရှေ့တွင် အမှောင်ကျသွားပြီးနောက် ယွမ်ထျန်ကျောက်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဆဲဆိုကြိမ်းမောင်းလိုက်မိတော့သည်။

“တုပိုင်ကိုဖျက်စီးဖို့ အများ​ကြီးပေးဆပ်ထားတာကို... အခုတော့ ဒီလိုရလဒ်မျိုး ပြန်ရတယ်ပေါ့လေ... စစ်သည်အင်အား တစ်သိန်းနော်... စစ်သည်အင်အား တစ်သိန်း... အဲဒါကို ရှုံးသွားတယ်တဲ့လား... မင်းတို့ကောင်စုတ်တွေ ရှုံးချင်ရင်တောင် ဒီလောက် မြန်မြန်ကြီးတော့ မရှုံးသင့်ဘူးလေကွာ... အနည်းဆုံး နှစ်ရက် ၊ သုံးရက်လောက်တော့ တောင့်ခံထားသင့်တာပေါ့။ ငါ့စစ်တပ်ရောက်လာတဲ့အခါ မင်းတို့နဲ့ငါတို့ ညှပ်ပိတ်တိုက်ရင် တုပိုင်ဆိုတဲ့ ခွေးကောင်လေး သေချာပေါက် သေမှာပဲကို... အခုတော့ မင်းတို့က တစ်ရက်တောင် တောင့်မခံနိုင်ကြဘူးလား...”

တကယ်တမ်းတွင် လီဝမ်ဝမ်သည် ဤတိုက်ပွဲတွင် ကြီးမားသော အမှားအယွင်း မလုပ်ခဲ့ပေ။ သူမ ရှုံးနိမ့်ရခြင်းမှာ မလွှဲသာမရှောင်သာ အခြေအနေများနှင့် မတော်တဆမှုများကြောင့် ဖြစ်သည်။

အရေးအကြီးဆုံးမှာ တုပိုင်၏ စစ်တပ် တိုက်ခိုက်စွမ်းရည်မှာ အလွန်တရာ အားကောင်းလွန်းသောကြောင့် ဖြစ်လေ၏။

တုပိုင် ရှာတွေ့ခဲ့သော စစ်တပ်သည် ထူးခြားသော နေရာတစ်ခုမှ လာသည်ကို မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ စစ်သည်တိုင်းသည် နှစ်ပေါင်း ၂၀ ကျော် စစ်မှုထမ်းခဲ့ဖူးပြီး ၊ ယခုထိတိုင် နုပျိုနေဆဲဖြစ်သော လက်ရွေးစင်စစ်သည်တော်များ ဖြစ်ကြသည်။

လီမိသားစုတွင် စစ်သည်အင်အား တစ်သိန်းရှိသော်လည်း ၊ လေးသောင်းမှာ အညံ့ခံလာသော ဓားစာခံ မြားစာများသာ ဖြစ်သည်။ ဆေးရည်တိုက်ထားသဖြင့် သေရမှာမကြောက်ဘဲ ရူးသွပ်စွာ တိုက်ခိုက်ကြသော်လည်း အသုံးမဝင်ပေ။

သာမန်စစ်တပ်သာဆိုလျှင် သေရမှာမကြောက် ၊ နာကျင်မှာမကြောက်သော သားရဲကဲ့သို့သော ထိုမြားစာ စစ်သည်ငါးသောင်း၏ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။

သို့သော် သူတို့တွေ့ဆုံခဲ့ရသည်မှာ တစ်ကိုယ်လုံး လက်နက်အပြည့် တပ်ဆင်ထားသော လက်ရွေးစင် စစ်သည်တော်များပင် ဖြစ်လေ၏။ သူတို့၏ ရူးသွပ်မှုသည် ထိုစစ်သည်တော်များ၏ ရှေ့တွင် အရာမဝင်ဘဲ သတ်ဖြတ်ခံရမည့် ပစ်မှတ်များသာ ဖြစ်သွားခဲ့ရသည်။

ထို့အပြင် တုပိုင်၏ မသေမျိုးအံ့ဖွယ်ဖြစ်ရပ်ကြောင့် မီးနတ်ဘုရားစစ်တပ်၏ စိတ်ဓာတ်များ ကျဆင်းသွားခဲ့ရခြင်းလည်း ပါဝင်သည်။

ထိုသို့ဖြစ်နေသည့်တိုင် လီဝမ်ဝမ်သည် စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမကို အပြစ်တင်စရာ မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အရေးကြီးသော အချိန်တွင် အလွန်ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ၊ အခြေအနေကို ပြောင်းလဲနိုင်လုနီးပါး ဖြစ်ခဲ့သည်။

ယွမ်ထျန်ကျောက်သည် ဤအချက်များကို မသိဘဲ လီမိသားစုကို အသုံးမကျသော အကောင်များဟုသာ ထင်မှတ်နေမိသည်။ ယခုတွင် သူသည် ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရလေ၏။

ဆုတ်ခွာမည်လား။ ရှေ့ဆက်တိုးမည်လား။

ရှေ့ဆက်တိုးမည်ဆိုလျှင်... လီမိသားစု စစ်တပ်က လုံးဝ ရှုံးနိမ့်သွားပြီဖြစ်ရာ ယွမ်ထျန်ကျောက်တွင် စစ်ကူမရှိတော့ပေ။ သူတစ်ယောက်တည်း ပိုင်ဆယ်မြို့ကို တိုက်ခိုက်ရတော့မည်။

အဓိကအချက်မှာ ပျံလွှားကျီးကန်း သဝဏ်လွှာထဲတွင် လီမိသားစု ရှုံးနိမ့်သည်ကိုသာ သူသိရပြီး ၊ တုပိုင်ဘက်တွင် အသေအပျောက် မည်မျှရှိသည် ၊ လူမည်မျှ ကျန်ရှိသည်ကို မသိရခြင်းပင်။

ဆုတ်ခွာရခြင်းကို သူမကျေနပ်နိုင်ပေ။ တကယ်ကို မကျေနပ်နိုင်ပေ။

တုပိုင်သည် လူသုံးသောင်းကျော်ဖြင့် လီမိသားစု၏ စစ်သည်တစ်သိန်းကို တိုက်ခိုက်ခဲ့ရသည်။ သူနိုင်သွားသည်ဆိုလျှင်တောင် သူ၏ အင်အားများစွာ ထိခိုက်သွားလောက်ပြီ ဖြစ်သဖြင့် ၊ ယခုအချိန်သည် ပိုင်ဆယ်မြို့ အားအနည်းဆုံး အချိန်ဖြစ်သင့်သည်။

သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ယွမ်ထျန်ကျောက်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။

ခဏအကြာတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

“သစ္စာဖောက်က ပုန်ကန်ဖို့ ကြံစည်နေတယ်... တော်ဝင်မိသားစုကို လုပ်ကြံပြီး ပူးပေါင်းကြံစည်မှု ကျူးလွန်နေတယ်။ ငါက အမိန့်တော်အရ သူ့ကို တိုက်ခိုက်ချေမှုန်းမယ်... စစ်တပ်တစ်ခုလုံး ရှေ့ဆက်ချီတက်ကြ...”

ယွမ်ထျန်ကျောက်၏ အမိန့်ပေးသံနှင့်အတူ စစ်သည် သုံးသောင်းခွဲသည် အနောက်ဘက်သို့ ဆက်လက်ချီတက်ကာ ပိုင်ဆယ်မြို့ဆီသို့ ဦးတည်သွားကြ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters