အခန်း (၅၁၄)
Vol. 52 Ch. 514
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ညနေဆည်းဆာ အချိန်၌ တုပိုင်၏ မြို့စားအိမ်တော်အတွင်း၌ လီဝမ်ဝမ်သည် ကျဆုံးထိခိုက်မှု စာရင်းအင်းကို လာရောက်ဆက်သ၏။
တုပိုင်၏ စစ်သည်အင်အား သုံးသောင်းနှစ်ထောင်နှင့် နောက်မှ စစ်ကူရောက်ရှိလာသော လီလင်း၏ စစ်သည် လေးထောင် ၊ စုစုပေါင်း စစ်သည်အင်အား သုံးသောင်းခြောက်ထောင် ရှိသည်။
လီဝမ်ဝမ်နှင့် တိုက်ပွဲတွင် တုပိုင်တို့ဘက်မှ စစ်သည်ပေါင်း ကိုးထောင်ခန့် ထိခိုက်ကျဆုံးခဲ့ရ၏။ ထိုစာရင်းအင်းကို မြင်လိုက်ရသောအခါ တုပိုင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ထိခိုက်သေဆုံးမှု အရေအတွက်သည် တုပိုင် မှန်းထားသည်ထက် များစွာ မြင့်မားနေလေသည်။
အသေအချာ စိစစ်ကြည့်လိုက်မည်ဆိုပါက ရှားလုံရွှို၏ လူရိုင်းစစ်သည် ငါးသောင်းကို ရင်ဆိုင်ခဲ့ရသော ဖူဟုန်ပင်း၏ တပ်ဖွဲ့မှာ အသေအပျောက် အလွန်နည်းပါးပြီး တစ်ထောင်အောက်သာ ရှိသည်။
လီရူလုံနှင့် လီဝမ်ဟွေ့၏ တပ်ဖွဲ့ကို ရင်ဆိုင်ခဲ့ရသော တပ်ဖွဲ့မှာလည်း အသေအပျောက် မများလှပေ။ နှစ်ထောင့်ငါးရာကျော်သာ ထိခိုက်သေဆုံးခဲ့သော်လည်း လီရူလုံ၏ စစ်သည် တစ်သောင်းသုံးထောင်မှာမူ လုံးဝ ချေမှုန်းခံလိုက်ရ၏။
တုပိုင်နှင့် လီလင်း၏ တပ်ဖွဲ့နှစ်ခုပေါင်း တစ်သောင်းလေးထောင် ရှိသော်လည်း ၊ အသေအပျောက်မှာ ခြောက်ထောင်ခန့် ရှိပြီး ထက်ဝက်နီးပါး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
ဤအချက်အလက်များသည် တုပိုင်ကို ခေါင်းနားပန်းကြီးသွားစေပြီး ရင်ထဲ၌ မီးစတစ်စ ကျန်ရစ်နေသကဲ့သို့ ပူလောင်သွားရစေသည်။ ဤအသေအပျောက် အားလုံးကို လီဝမ်ဝမ်၏ မီးနတ်ဘုရားစစ်သည်များနှင့် မီးနတ်ဘုရားကိုယ်ရံတော်များက ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်၏။
မဆုတ်ခွာမီ အချိန်ထိ လီဝမ်ဝမ်၏ မီးနတ်ဘုရားစစ်သည်များနှင့် ကိုယ်ရံတော်များသည် ကိုးထောင်ခန့် ထိခိုက်သေဆုံးခဲ့ရသည်။ ဆိုလိုသည်မှာ နှစ်ဖက်စလုံး၏ သေဆုံးထိခိုက်မှု အချိုးအစားမှာ သုံးချိုး နှစ်ချိုး (၃:၂) ဖြစ်နေပြီး တုပိုင်က မြို့ကို ခံစစ်အနေအထားဖြင့် ကာကွယ်ခဲ့ရခြင်း ဖြစ်သည်။
မီးနတ်ဘုရားစစ်တပ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ကံကောင်းသည်မှာ သူတို့၏ အင်အား သိပ်မများဘဲ နှစ်သောင်းကျော်သာ ရှိခြင်းပင်။ ထို့အပြင် တုပိုင်၏ မသေမျိုးအံ့ဖွယ်ဖြစ်ရပ်ကြောင့် သူတို့၏ စိတ်ဓာတ်များ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး ထိတ်ခန့်သွားခဲ့ရခြင်း ဖြစ်သည်။
သို့မဟုတ်ပါက တုပိုင်၏ စစ်သည် တစ်သောင်းကျော်သည် မီးနတ်ဘုရားစစ်သည် နှစ်သောင်းကျော်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည် မဟုတ်ချေ။
ထိုစဉ် လီဝမ်ဝမ်က လျှောက်တင်လိုက်သည်။
“ဒါပေမဲ့ သတင်းကောင်းလည်း ရှိပါသေးတယ်... ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ စစ်သည်တော်တွေက အကောင်းဆုံး လက်နက်ကိရိယာတွေ တပ်ဆင်ထားပြီး ၊ တစ်ကိုယ်လုံးနီးပါး ကာကွယ်ထားလို့ပါ... ထိခိုက်သူ ကိုးထောင်နီးပါး ရှိပေမဲ့ တကယ်တမ်း သေဆုံးသူက နှစ်ထောင်လောက်ပဲ ရှိပါတယ်... ကျန်တဲ့ ခုနစ်ထောင်က ဒဏ်ရာရရုံပဲ ရှိတာပါ... ကုသပြီးရင် စစ်မြေပြင်ကို ပြန်ဝင်နိုင်ပါတယ်... သံချပ်ကာတွေက သေချာကာကွယ်ထားလို့ ခြေပြတ်လက်ပြတ် ဖြစ်ပြီး မသန်မစွမ်းဖြစ်သွားတဲ့သူ အရမ်းနည်းပါတယ်...”
တုပိုင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ “ဟူးးး...”
ယခုတစ်ခေါက်တွင် မြို့စားမင်းလေး ကျီချန်သည် ရိက္ခာပို့ဆောင်ရင်း စစ်သည် လေးထောင် ခေါ်ဆောင်လာခဲ့သလို ၊ စစ်သမားတော် နှစ်ရာကျော်လည်း ပါလာခဲ့သည်။ ထိုသမားတော်များသည် ဒဏ်ရာရစစ်သည် ခုနစ်ထောင်ကို ကုသပေးရန် လုံလောက်ပေသည်။
ထိုအခိုက် မွေးစားအဖေလီဝမ်ဟွေ့က ဝင်ရောက်ပြောကြားလိုက်သည်။
“ကံကောင်းတာက လီရူလုံရဲ့ တပ်ဖွဲ့ပြိုကွဲသွားလို့ မီးနတ်ဘုရားစစ်တပ် ဆုတ်ခွာချိန်မှာ အနှောင့်အယှက် ဖြစ်သွားတာပါ... ပြီးတော့ အရေးကြီးချိန်မှာ လီဝမ်ဝမ် သတိမေ့သွားတာကလည်း မီးနတ်ဘုရားစစ်တပ်ရဲ့ စိတ်ဓာတ်ကို အသေအလဲ ရိုက်ခတ်သွားစေခဲ့တယ်... ဒါမှမဟုတ်ရင် မီးနတ်ဘုရားစစ်သည် တစ်သောင်းကျော် လွတ်မြောက်သွားပြီး ၊ နောက်ပိုင်း ဝမ်ရှန်းမြို့တိုက်ပွဲကျရင် ငါတို့အတွက် ကြီးမားတဲ့ ဒုက္ခတွေ ပေးလာလိမ့်မယ်...”
မှန်ပေသည်။ လီရူလုံ၏ တပ်ပျက်များသည် ကြီးမားသော အကျိုးပြုမှု လုပ်ဆောင်ပေးခဲ့သည်။ နောက်ဆုံးတွင် တုပိုင်သည် မြင်းတပ် လေးထောင်ကို ဦးဆောင်ကာ ခရီးတာ လီပေါင်းများစွာအထိ လိုက်လံချေမှုန်းခဲ့ရာ ၊ မီးနတ်ဘုရားစစ်သည် လေးငါးထောင်နှင့် လီရူလုံ၏ တပ်ပျက်သောင်းချီကို သတ်ဖြတ်နိုင်ခဲ့သည်။
ဤတိုက်ပွဲ၏ အောင်မြင်မှုသည် တောက်ပသော်လည်း ရင်တထိတ်ထိတ် ဖြစ်စရာလည်း ကောင်းလှပေသည်။
လီဝမ်ဝမ်၏ မီးနတ်ဘုရားစစ်တပ်သည် အမှန်တကယ်ပင် အားကောင်းလွန်းလှ၏။
“အစီရင်ခံစာ ပို့ပါတယ်...”
ရုတ်တရက် အိမ်တော်ပြင်ပမှ အဘိုးအိုတစ်ဦး၏ အသံထွက်ပေါ်လာသည်။ သူသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သားရဲထိန်းသိမ်းရေးသမားဖြစ်ပြီး စာပို့ကျီးကန်းများနှင့် ကောင်းကင်မှ စောင့်ကြည့်သော သိန်းငှက်များကို တာဝန်ယူထားသူ ဖြစ်လေသည်။
“ဝင်ခဲ့...”
တုပိုင် ခွင့်ပြုလိုက်သည်။ သားရဲထိန်းသိမ်းရေးသမား ဝင်ရောက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။
“အရှင်သခင်ကို လျှောက်တင်ပါတယ်... သိန်းငှက်တွေက အရှေ့ဘက် လီ တစ်ရာ့ငါးဆယ်လောက်မှာ စစ်တပ်ကြီးတစ်တပ်ကို တွေ့ရှိခဲ့ပါတယ်... အင်အား သုံးသောင်း ဒါမှမဟုတ် အဲထက်ပိုများနိုင်ပါတယ်...”
တုပိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပြန်၏။
ထိုစစ်တပ်ကြီးမှာ ယွမ်ထျန်ကျောက်၏ စစ်တပ်ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။
“မွေးစားအဖေ... ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြားအင်ပါယာ လက်ရွေးစင်တပ်ဖွဲ့က လီမိသားစုနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ...”
တုပိုင် မေးမြန်းလိုက်သည်။
လီဝမ်ဟွေ့က ပြန်လည်ဖြေကြားလိုက်၏။ “ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြားအင်ပါယာ လက်ရွေးစင်တပ်ဖွဲ့က သူတို့ရဲ့ ဖဲချပ်တစ်ချပ်ပဲ... ကောင်းကင်မိစ္ဆာ သွေးစစ်တပ်နဲ့ တူညီတယ်... ဒါမှမဟုတ် ကောင်းကင်မိစ္ဆာ သွေးစစ်တပ်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ပုံစံသစ်လို့တောင် ပြောလို့ရတယ်...”
တုပိုင် နားလည်သွားသည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်၏ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် စမ်းသပ်ချက်တစ်ခုသာ ဖြစ်သည်။ ယခုအချိန်တွင် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် အောင်မြင်နေပြီဖြစ်သော စစ်တပ်တစ်ခု ဖြစ်နေဖြစ်သည်။
လီဝမ်ဟွေ့က ဆက်ပြောလိုက်သည်။ “ဒါကြောင့် ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြားအင်ပါယာ လက်ရွေးစင်တပ်ဖွဲ့က လီဝမ်ဝမ်ရဲ့ မီးနတ်ဘုရားစစ်တပ်ထက် ပိုသန်မာလိမ့်မယ်... ဒါပေမဲ့ ကွမ်တုံနဲ့ ကွမ်ရှီးကို ဆင်းသက်လာတဲ့ ဒီလက်ရွေးစင်တပ်ဖွဲ့မှာ ဖန်းမိသားစုရဲ့ လျှို့ဝှက်လက်ရွေးစင် သိုင်းပညာရှင်တွေ မပါလာဘူး... ဒါကြောင့် ယွမ်ထျန်ကျောက် စစ်တပ်ရဲ့ တိုက်ခိုက်စွမ်းရည်က မီးနတ်ဘုရားစစ်တပ်ထက် နည်းနည်း နိမ့်နိုင်ပေမဲ့ ၊ လီရူလုံ ဦးဆောင်တဲ့ လီမိသားစု လက်ရွေးစင်တပ်ဖွဲ့ထက်တော့ သာလွန်တယ်... အင်အားကလည်း သုံးသောင်းခွဲလောက် ရှိတယ်...”
တုပိုင် မျက်မှောင်ကြုတ်လိုက်မိ၏။ ယခုအချိန်၌ ယွမ်ထျန်ကျောက်နှင့် တကယ် မတိုက်ခိုက်လိုသေးပေ။
သူသည် ယွမ်ထျန်ကျောက်နှင့် တုကျန်းကို သေချာပေါက် သတ်ဖြတ်မည် ဖြစ်သည်။ သို့သော် လီမိသားစုကို သတ်ပြီးမှ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စစ်သည် သုံးသောင်းခြောက်ထောင် အနက် လေးပုံတစ်ပုံသည် ယနေ့တိုက်ပွဲတွင် ထိခိုက်သေဆုံးခဲ့ရပြီး ၊ ယခုအချိန်တွင် တိုက်ပွဲဝင်နိုင်သော စစ်သည် နှစ်သောင်းခုနစ်ထောင် ခန့်သာ ကျန်ရှိတော့သည်။
ထို့အပြင် သစ်တုံးကြီးများ ကုန်သွားသလို ကျောက်တုံးများ ၊ ရေနံဆီများနှင့် မြှားများပင် ဆယ်ပုံရှစ်ပုံခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။
အကယ်၍ ယွမ်ထျန်ကျောက်၏ စစ်သည် သုံးသောင်းငါးထောင် နှင့် စတင်တိုက်ခိုက်ပါက ၊ အနိုင်ရခဲ့လျှင်ပင် အသေအပျောက် များပြားပေလိမ့်မည်။ သို့ဆိုလျှင် နောင်လာမည့် ပြင်းထန်သော တိုက်ပွဲများကို မည်သို့ရင်ဆိုင်မည်နည်း။
လီမိသားစုကို မည်သို့ချေမှုန်းမည်နည်း။
သို့သော် ပြတ်သားသော တိုက်ခိုက်လိုစိတ် ရှိမှသာ အခြေအနေကို အသာစီးရယူနိုင်မည်ဟု တုပိုင် သိနားလည်ထားသည်။
ရုတ်တရက် တုပိုင် အမိန့်ပေးလိုက်သည်။
“စစ်တပ်တစ်ခုလုံး... အနားယူကြ... အိပ်ကြ... မနက်ဖြန် တိုက်ပွဲအတွက် ပြင်ဆင်ကြ...”
သူ၏ အမိန့်သည် လျင်မြန်စွာ ပြန့်နှံ့သွားလေ၏။
“ယွမ်ထျန်ကျောက်... ငါက မတိုက်ချင်ဘူး... ဒါပေမဲ့ မင်းက တိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့...”
တုပိုင် ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
အမိန့်ရရှိပြီးနောက် အောင်ပွဲခံနေကြသော စစ်သည်များသည် ချက်ချင်း ရပ်တန့်လိုက်ကြပြီး ၊ အတန်းလိုက် စုရုံးကာ အမြန်ဆုံး စားသောက်ကြသည်။ ထို့နောက် အိပ်ရာသို့ ဝင်ကာ မျက်လုံးမှိတ်လိုက်ကြ၏။
လက်ဖက်ရည်တစ်အိုး ကုန်ချိန်ခန့် အကြာတွင် သူတို့အားလုံး အိပ်ပျော်သွားကြလေသည်။ မနက်ဖြန် ဖြစ်လာနိုင်သော စစ်ပွဲကို အကောင်းဆုံး အခြေအနေဖြင့် ရင်ဆိုင်နိုင်ရန်အတွက် ဖြစ်သည်။ သူတို့အားလုံးသည် အမှန်တကယ်ပင် စစ်သွေးကြွနေကြပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
နောက်တစ်နေ့ နံနက်စောစော ၊ မိုးမလင်းမီ အချိန်၌ နံနက်ခင်း လေပြည်သည် အေးစက်စက် တိုက်ခတ်နေသည်။
စစ်သည် နှစ်သောင်းခုနစ်ထောင်သည်လည်း အားအင်အပြည့်ဖြင့် မြို့ရိုးပေါ်တွင် စီတန်းနေကြပြီ ဖြစ်သည်။
ယမန်နေ့က တိုက်ပွဲမှ ပင်ပန်းနွမ်းနယ်မှုများကို မည်သူ့ဆီတွင်မှ မမြင်တွေ့ရဘဲ ၊ စိတ်ဓာတ်တက်ကြွမှုနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
ထိုမျှသာမက လူတိုင်း၏ ကိုယ်ပေါ်ရှိ သံချပ်ကာများသည်လည်း အစွန်းအထင်းမရှိ ၊ အသစ်ကဲ့သို့ တောက်ပနေလေ၏။ အဘယ်ကြောင့်ဆိုသော် နံနက်တိုင်း အိပ်ရာထသည်နှင့် ပထမဆုံး လုပ်ဆောင်ရသည့်အလုပ်မှာ သံချပ်ကာများကို တိုက်ချွတ်ခြင်း ၊ ဓားများကို သွေးခြင်းနှင့် လှံများကို သွေးခြင်းပင် ဖြစ်သည်။
စစ်သည်တိုင်းသည် လက်နက်အပြည့်အစုံကို တပ်ဆင်ထားကြသည်။ မြှားတိုများ ၊ စစ်ဓားများ ၊ ကျိုးပဲ့နေသော ဓားများ ၊ လက်ကိုင်လေးများ စသည့် လက်နက်ကိရိယာများ အားလုံး အဆင်သင့် ဖြစ်နေသည်။
ထို့အပြင် စစ်သည်တိုင်းတွင် မြှားအိတ်တစ်အိတ်စီ အပြည့်ပါရှိသည်။ အပြင်ဘက် စစ်မြေပြင်ကိုလည်း သေသပ်စွာ ရှင်းလင်းထားပြီး ဖြစ်လေသည်။
ယမန်နေ့က တုပိုင်၏ ခေါင်းဆောင်ပိုင်းကြားတွင် အငြင်းပွားမှုတစ်ခု ဖြစ်ပေါ်ခဲ့သေးသည်။
ပထမအမြင်မှာ စစ်မြေပြင်ကို မူလအတိုင်းထားရှိပြီး ၊ ယွမ်ထျန်ကျောက်အား အလောင်းပုံကြီးများကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေကာ ကြောက်ရွံ့သွားစေရန် ဖြစ်သည်။
ဒုတိယအမြင်မှာ သေဆုံးသွားသော လီမိသားစု စစ်သည်သောင်းချီ၏ ခေါင်းများကို ဖြတ်ကာ ပိရစ်မစ်ကဲ့သို့ ဦးခေါင်းပုံအဖြစ် ပုံထားပြီး ၊ ယွမ်ထျန်ကျောက်၏ စစ်တပ်ကို တုန်လှုပ်ခြောက်ခြားသွားစေရန် ဖြစ်သည်။
အမြင်နှစ်ခုစလုံးသည် ကျိုးကြောင်းဆီလျော်မှု ရှိကြသည်။ သို့သော် တုပိုင်က စကားတစ်ခွန်း ပြောလိုက်လေ၏။
“စစ်မြေပြင်ကို မူလအတိုင်းထားပြီး အလောင်းတွေ ပုံထားတာပဲဖြစ်ဖြစ် ၊ သေဆုံးသူသောင်းချီရဲ့ ခေါင်းတွေကို ဖြတ်ပြီး ဦးခေါင်းပုံ ပုံတာပဲဖြစ်ဖြစ်... ဒါက ဟန့်တားမှုတစ်မျိုးပါပဲ... ရည်ရွယ်ချက်က ဘာလဲ... ယွမ်ထျန်ကျောက်ရဲ့ စစ်တပ်ကို ကြောက်ရွံ့ပြီး မတိုက်ရဲအောင် လုပ်ဖို့ပဲ မဟုတ်လား...”
အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team