အခန်း (၅၁၅)
Vol. 52 Ch. 515
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်က မေးမြန်းလိုက်၏။ “အဲဒါဆိုရင်... ယွမ်ထျန်ကျောက်အနေနဲ့ ငါတို့က ဒီတိုက်ပွဲကို မတိုက်ချင်ဘူး ၊ သူနဲ့တိုက်ရမှာကို ကြောက်နေတယ်လို့ ထင်မြင်သွားစေနိုင်တယ် မဟုတ်ဘူးလား...”
တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ လီဝမ်ဟွေ့သည် သူ၏သား ကြီးပြင်းရင့်ကျက်လာပြီဖြစ်၍ အလွန်ကျေနပ်အားရသွားသည်။
တုပိုင်က ဆက်လက် ပြောကြားလိုက်သည်။ “ဟုတ်တယ်... ငါတို့ ဒီတိုက်ပွဲကို မတိုက်ချင်ဘူး... ဘာလို့လဲဆိုတော့ ငါတို့မှာ ရိက္ခာနဲ့ လက်နက်ကိရိယာတွေ ကုန်လုနီးပါး ဖြစ်နေပြီ... ပြီးတော့ ငါတို့စစ်တပ်မှာလည်း အသေအပျောက် များပြားလာနိုင်တယ်... ဒါပေမဲ့ ဒီလိုအခြေအနေ ဖြစ်လေ ၊ ငါတို့က ပိုပြီးတော့ တိုက်ချင်သလိုလုပ်ပြရလေပဲ...”
ထို့နောက် တုပိုင် အမိန့်ပေးလိုက်သည်။ “စစ်မြေပြင်ကို ချက်ချင်း သန့်ရှင်းရေး သွားလုပ်ကြ... ရန်သူ့အလောင်းတွေအားလုံးကို စုစည်းပြီး ၊ ကြီးမားတဲ့ ကျင်းကြီးတွေတူးကာ မြေမြှုပ်ပစ်လိုက်ကြ... စစ်မြေပြင်မှာ အလောင်းတစ်လောင်းမှ မကျန်စေနဲ့... သွေးစွန်းနေတာကိုပဲ မြင်စေရမယ်...”
ထို့ကြောင့် ယမန်နေ့ညက လူထောင်ပေါင်းများစွာ လှုပ်ရှားခဲ့ကြလေသည်။ စစ်မြေပြင်ရှိ အလောင်းများအားလုံးကို စုပုံပြီး ၊ မီးရှို့ကာ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြ၏။ ထို့အတွက်ကြောင့် ယနေ့ နံနက်စောစောအချိန်တွင် စစ်မြေပြင်၌ အလောင်းတစ်လောင်းမျှပင် မကျန်တော့ဘဲ ၊ အဆုံးအစမဲ့ သွေးစွန်းနေသော မြေပြင်ကျယ်ကြီးကိုသာ တွေ့မြင်နေရတော့သည်။
**--**--**--**--**--**--**--**
“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”
မွန်းတည့်ချိန်သို့ ရောက်သောအခါ ယွမ်ထျန်ကျောက်၏ စစ်သည် သုံးသောင်းငါးထောင် သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်လေ၏။ လီမိသားစု၏ စစ်သည်တစ်သိန်းလောက် အရေအတွက် မများသော်လည်း ၊ အလွန်ထက်မြက်ပြီး စစ်ကြောင်းများ သပ်ရပ်စွာ စီတန်းထားလေသည်။ လှုပ်ရှားမှုများ တစ်သားတည်း မကျသော်လည်း ၊ သိပ်မကွာလှပေ။
ချီတက်လာစဉ် စစ်တပ်ကြီးသည် မည်သည့်အသံမျှ မထွက်ပေါ်ချေ။ စိတ်ဓာတ်ကျစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ၊ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
စစ်တပ်က ပိုပြီး ထူးချွန်လေ ၊ ဤကဲ့သို့သော အငွေ့အသက်မျိုး ပိုရှိလေ ဖြစ်သည်။ ဤသည်မှာ ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာ စစ်တပ်ဖြစ်ပြီး ၊ စစ်မှန်သော ကြေးစားစစ်တပ်လည်း ဖြစ်ပေသည်။
စစ်တပ်ကြီးသည် မရပ်မနား ချီတက်လာနေပြီး ပိုင်ဆယ်မြို့ရိုးနှင့် လီနှစ်လီခန့် အကွာအဝေးတွင် သူတို့ ရပ်တန့်လိုက်ကြ၏။
စစ်သည် သုံးသောင်းငါးထောင် ၊ စစ်ကြောင်းများစွာတို့သည် သပ်ရပ်ညီညာစွာဖြင့် မည်သည့် ဖရိုဖရဲဖြစ်မှုမျှ မရှိချေ။ ထိုသည်သာမက စစ်သည်တိုင်းသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာသည် ဝေးလံသောဒေသတွင် အလွန်ကြီးမားသော သံသတ္တုသိုက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး ၊ ယင်းမှာ မြေမျက်နှာပြင်ပေါ်တွင် ရှိသော သတ္တုသိုက်ဖြစ်သောကြောင့်ပင်။ ထိုနေရာမှ သံမဏိများကို အသုံးပြုပြီး သံချပ်ကာနှင့် လက်နက်များ ပြုလုပ်မည်ဆိုပါက ၊ နှစ်ပေါင်းတစ်ထောင်တိုင်အောင် သုံးစွဲ၍ ကုန်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တာ့နင်အင်ပါယာနှင့် ယှဉ်လိုက်လျှင် သူ့စစ်သည်များ၏ သံချပ်ကာများသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ခမ်းနားထည်ဝါလွန်းလှသည်။
တစ်ချိန်တည်းတွင် တုပိုင်၏ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်တပ်ကဲ့သို့ပင် စစ်သည်တိုင်း၏ ခန္ဓာကိုယ်ကို သံချပ်ကာများဖြင့် ကာကွယ်ထားသည်။
နေရောင်အောက်တွင် သံချပ်ကာများမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေလေ၏။ ပင်လယ်ရပ်ခြားအင်ပါယာ စစ်တပ်သည် တုပိုင်ထင်ထားသည်ထက်ပင် များစွာ ပို၍သန်မာနေသည်။
တကယ်တမ်းတွင် ဖန်းမိသားစု၏ ပင်လယ်ရပ်ခြားအင်ပါယာသည် သံသတ္တုသိုက်သာမက အလွန်ကြီးမားသော ရွှေတွင်းကြီးတစ်ခုကိုပါ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်သည်။
ရေကြောင်းကုန်သွယ်ရေး အကျိုးအမြတ်များ ၊ ရွှေတောင်ငွေပင်လယ်များနှင့် မိုးထိအောင် ချမ်းသာကြွယ်ဝမှုတို့ဖြင့် တာ့နင်အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအုပ်စုကို လုံးဝ ဝယ်ယူထားခြင်း ဖြစ်သည်။
အစစ်အမှန် အကျိုးအမြတ်မရှိဘဲနှင့် အခြားသူများက မည်သည့်အတွက်ကြောင့် သစ္စာဖောက်ကာ ဧကရာဇ်ကို ဆန့်ကျင်ကြမည်နည်း။ ဧကရာဇ်ကို ထီးနန်းပေါ်မှ ဆွဲချနိုင်ရန် ကူညီပေးနိုင်လောက်သည့် အကျိုးအမြတ်များ ရှိနေသောကြောင့်သာ လောဘ၏ သားကောင်များက အတူတူလှုပ်ရှားနေကြခြင်းဖြစ်သည်။
ပြင်ပကမ္ဘာကို ဖန်းမိသားစုအုပ်စုဟု အမြဲခေါ်ဝေါ်နေခြင်းမှာ မှားယွင်းပြီး ၊ ဖန်းမိသားစုအုပ်စုသည် သူတို့၏ အကျိုးစီးပွားအတွက် မျက်နှာဖုံးသက်သက်သာ ဖြစ်သည်။
**--**--**--**--**--**--**--**
ကွမ်ရှီးရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်သည် စစ်မြေပြင်တစ်ခုလုံးကို ကြည့်ရှုရန် ထွက်လာလိုက်သည်။
စစ်မြေပြင်တွင် အလောင်းတစ်လောင်းမျှပင် မရှိတော့ဘဲ ၊ ကောင်းကင်အထိ ဟပ်နေသော သွေးစွန်းကွက်များကိုသာ ဆေးကြော၍ မရအောင် ကျန်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရလေသည်။
ဤသည်က မည်သည်ကိုဆိုလိုသည်နည်း။ ယမန်နေ့က တိုက်ပွဲမှာ အလောင်းတွေ မရေမတွက်နိုင်အောင် ကျန်ခဲ့မှာ သေချာသည်။ အကယ်၍ တုပိုင်က မတိုက်လိုပါက ခေါင်းတွေကို ဖြတ်ပြီး ဦးခေါင်းပုံ ၊ ပုံကာ ၊ ယွမ်ထျန်ကျောက်၏ စစ်တပ်ကို ဟန့်တားရန် ကြိုးစားလိမ့်မည်။
သို့သော် တုပိုင် ထိုသို့မလုပ်ခဲ့ပေ။ ထိုအစား သူသည် ယွမ်ထျန်ကျောက်၏ စစ်တပ် လာရောက်တိုက်ခိုက်မည်ကို စောင့်ဆိုင်းနေသကဲ့သို့ စစ်မြေပြင်ကို ရှင်းလင်းထားလိုက်သည်။
မြို့ရိုးပေါ်ကို ပြန်ကြည့်လိုက်တော့ တုပိုင်၏ စစ်သည် နှစ်သောင်း ၊ သုံးသောင်းခန့်သည် သပ်ရပ်စွာ စီတန်းနေကြပြီး ၊ တမင်တကာ အော်ဟစ်ခြင်း သို့မဟုတ် တမင်တကာ သတ်ဖြတ်လိုစိတ် ပြသခြင်းများ မရှိကြပေ။
ယွမ်ထျန်ကျောက်သည် ဤကဲ့သို့သော အငွေ့အသက်မျိုးနှင့် အလွန်ရင်းနှီးနေလေသည်။ ဖန်းမိသားစု၏ လက်ရွေးစင်တပ်ဖွဲ့သည် ဤကဲ့သို့ပင် မာန်မာနကြီးခြင်း ၊ ဂရုမစိုက်ခြင်း ၊ အထင်သေးခြင်းနှင့် အကြွင်းမဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေတတ်သည်။
‘တုပိုင်ရဲ့ စစ်တပ်က ဒီလောက်တောင် ထူးချွန်တာလား...’
‘သူတို့ဝတ်ထားတဲ့ သံချပ်ကာတွေက ငါ့နောက်က စစ်တပ်ထက်တောင် ပိုပြီး ခမ်းနားထည်ဝါနေသေးတယ်။ ပိုပြီး တက်ကြွပြီး ပိုပြီးတောင် လှပနေသေးတယ်။’
‘တုပိုင်ရဲ့ စစ်သည်တွေရဲ့ အရပ်အမောင်းက တော်တော်ကြီးကို မြင့်ပြီး ခန္ဓာကိုယ်ကလည်း တောင့်နေတာပဲ...’
ယွမ်ထျန်ကျောက် ခေါင်းနားပန်းကြီးသွားပြီး မြို့ရိုးပေါ်ရှိ တုပိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤသည်မှာ တုပိုင်နှင့် ယွမ်ထျန်ကျောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ၊ ယွမ်ထျန်ကျောက်အနေဖြင့်လည်း တုပိုင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်သည်။
ယွမ်ထျန်ကျောက်သည် တုပိုင် စိတ်ကူးထားသကဲ့သို့ပင် ရက်စက်ခြင်း ၊ ယုတ်မာခြင်း ၊ အေးစက်ခြင်းနှင့် အားကောင်းမောင်းသန် ဖြစ်ခြင်းတို့ ရှိလေသည်။
တုပိုင်နှင့် ယွမ်ထျန်ကျောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ကူးထားသည့်အတိုင်းပင် ဖြစ်နေကြသည်။ ခန့်ညားသည် ၊ ငယ်ရွယ်သည် ၊ တည်ငြိမ်သည်။
သူတို့နှစ်ဦးသည် လေထုထဲတွင် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
တုပိုင် တွေးလိုက်မိသည်။ ‘ငါက လီမိသားစုကို သတ်ချင်လို့ မတိုက်ချင်တာ... ဒါပေမဲ့ မင်း ယွမ်ထျန်ကျောက်က တိုက်ချင်တယ်ဆိုရင်တော့ ၊ ငါက အသေအပျောက်များလည်း ဂရုမစိုက်ဘဲ အဆုံးထိ တိုက်သွားရုံပဲ ရှိတော့တယ်...’
ယွမ်ထျန်ကျောက်လည်း တွေးလိုက်မိသည်။ ‘ငါက မင်းကို အမြစ်ပြတ် ချေမှုန်းပစ်ချင်ပေမဲ့ ၊ အဲလိုလုပ်လိုက်ရင် လီမိသားစုအတွက်ပဲ အကျိုးရှိသွားလိမ့်မယ်...’
သူ့စစ်သည် သုံးသောင်းငါးထောင် က ပိုင်ဆယ်မြို့ကို သိမ်းပိုက်နိုင်လျှင်ပင် ၊ သူ၏စစ်တပ်က ကုန်သလောက် ဖြစ်သွားလိမ့်မည်ဟု သူ တွက်ချက်ထားသည်။
ဤစစ်တပ်သည် ယွမ်ထျန်ကျောက်၏ အသက်သွေးကြော ဖြစ်သည်။ တုပိုင်နှင့် လက်ဖက်ရည်တစ်အိုးစာ အချိန်ခန့်ကြာအောင် အေးစက်စွာ အကြည့်ချင်း ဖလှယ်ပြီးနောက် ယွမ်ထျန်ကျောက် ပြောလိုက်သည်။
“ရှေ့တန်းစစ်သည်တွေ နောက်တန်းကို ပြောင်း... စစ်တပ်တစ်ခုလုံး ဆုတ်ခွာမယ်...”
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် မုန်တိုင်းမလာမီ လေငြိမ်သက်နေသကဲ့သို့ တင်းမာနေခဲ့ရာမှ ၊ ယွမ်ထျန်ကျောက်၏ စစ်တပ်သည် သပ်ရပ်စွာ ဆုတ်ခွာသွားခဲ့လေသည်။
ထို့အပြင် လုံးဝ ဆုတ်ခွာသွားခြင်း ဖြစ်သည်။ လီပေါင်း ရာချီဝေးသော ထျန်ပေါင်စီရင်စုခွဲသို့ တန်းတန်းမတ်မတ် ပြန်သွားခြင်း ဖြစ်၏။
တုပိုင် စစ်တပ်၏ အင်အားသည် ယွမ်ထျန်ကျောက်ကို လုံးဝ တုန်လှုပ်သွားစေသည်။
**--**--**--**--**--**--**--**
တာ့ယန်မင်းဆက် နန်းတော်အတွင်း၌ လီရူဟိုင်သည် ထီးနန်းပလ္လင်ပေါ်တွင် တစ်ညလုံး မအိပ်ဘဲ ၊ မျက်လုံးမမှိတ်ဘဲ စောင့်ဆိုင်းနေခဲ့သည်။ သူ စေလွှတ်လိုက်သော သံတမန်ထံမှ ပြန်ကြားချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ၊ စစ်မြေပြင်တွင် တကယ်တမ်း မည်သည်တို့ဖြစ်ခဲ့သလဲဆိုတာကို သိချင်နေခြင်း ဖြစ်သည်။
ဤညတွင် သူ၏ စိုးရိမ်ပူပန်မှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ သူ၏ ဒန်တျန်နှင့် သွေးကြောများပင် ဂနာမငြိမ်ဖြစ်နေပြီး ၊ ဝါးမြိုထားသော ရွှမ်းချီစွမ်းအင်များပင် မတည်မငြိမ်ဖြင့် စတင်ပြီးလှုပ်ရှားလာလေသည်။
သို့သော် သူစေလွှတ်လိုက်သော သံတမန်ထံမှ ပြန်ကြားချက်ကို စောင့်ဆိုင်းစရာ မလိုတော့ပေ။ မိုးလင်းပြီး မကြာမီမှာပင် လီဝမ်ဝမ်၏ ယုံကြည်ရသော ဘုန်းတော်ကြီးအကြီးအကဲတစ်ပါးသည် အမြန်ဆုံး အရှိန်ဖြင့် ရောက်ရှိလာလေသည်။
သူသည် နန်းတော်ထဲသို့ မြင်းဖြင့် ဝင်ရောက်လုနီးပါး ဖြစ်ခဲ့ပြီး ၊ မြင်းပေါ်မှ လှိမ့်ဆင်းလိုက်သည်။ သူသည် ခန်းမဆောင်ထဲသို့ ပြေးဝင်သွားပြီး လီရူဟိုင်၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်တို့ ရှုံးနိမ့်သွားပါပြီ... ကျွန်တော်တို့ ရှုံးနိမ့်သွားပါပြီ...”
ထိုသည်ကိုကြားသည်နှင့် လီရူဟိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။ ထို့နောက် အတော်ကြာသည်အထိ သူ ဘာမှပြန်မပြောနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် အလွန်ရယ်စရာကောင်းနေဆဲဟု သူ ထင်မြင်နေသောကြောင့် ဖြစ်သည်။
မီးနတ်ဘုရား ဘုန်းတော်ကြီးက ဆက်ပြောလိုက်သည်။
“အရှင်မင်းကြီး... ကျွန်တော်တို့ရဲ့ စစ်သည်တစ်သိန်း လုံးဝ ချေမှုန်းခံလိုက်ရပါပြီ... လူနှစ်သောင်းအောက်ပဲ ထွက်ပြေး လွတ်မြောက်လာပါတယ်...”
‘လုံးဝ ချေမှုန်းခံလိုက်ရတယ်...’
‘စစ်သည်အင်အား တစ်သိန်းမှာ နှစ်သောင်းအောက်ပဲ ပြန်ပြေးလာနိုင်တယ်တဲ့လား...’
ဘုရင်လီရူဟိုင်သည် နှုတ်ဆိတ်နေပြီး ၊ သူ့ခန္ဓာကိုယ်မှာ သံတုံးကဲ့သို့ တောင့်တင်းနေလေသည်။ သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး နန်းတော်၏ နောက်ဘက်သို့ လှမ်းသွားလိုက်သည်။
မည်သူမျှ အနားမကပ်ရန် လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းပြလိုက်၏။ နန်းတော်၏ နောက်ဘက်အခန်းတွင် မည်သူမျှ မရှိချေ။
လီရူဟိုင်သည် သူ့အတွင်းကလီစာများထဲတွင် ဆူပွက်နေသော ရွှမ်းချီစွမ်းအင်များကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။
“ဖူးးးး” နီရဲနေသည့် သွေးများသည် လီရူဟိုင်၏ ပါးစပ်ထဲမှ ရုတ်တရက်ဆိုသလိုပင် ရေပန်းကဲ့သို့ ပန်းထွက်လာတော့သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင်...
မြင်းသည်တော် တစ်ယောက်ပြီးတစ်ယောက်သည် မြို့တော်ဆီသို့ ရူးသွပ်မတတ် ဒုန်းဆိုင်းစီးနင်းလာကြ၏။
သူတို့သည် ဒုန်းဆိုင်းစီးနင်းရင်း တစ်ချိန်တည်းမှာပင် အသည်းအသန်အော်ဟစ်နေကြလေ၏။
“လီ ၈၀၀ အရေးပေါ်သတင်း...”
“လီ ၈၀၀ အရေးပေါ်သတင်း...”
“အရေးပေါ် စစ်ရေးသတင်း... မြို့စားမင်းတုပိုင်က ပိုင်ဆယ်တိုက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ၊ လီမိသားစုရဲ့ စစ်သည်တစ်သိန်း လုံးဝ ချေမှုန်းခံလိုက်ရပါတယ်...”
“အရေးပေါ် စစ်ရေးသတင်း... မြို့စားမင်းတုပိုင်က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၊ လီမိသားစုရဲ့ စစ်သည်တစ်သိန်း လုံးဝ ချေမှုန်းခံလိုက်ရပါတယ်...”
ထိုသတင်းများကြောင့် ချက်ချင်းပင် ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားရလေတော့၏။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team