← Chapters

အခန်း (၅၁၆)

Vol. 52 Ch. 516

အခန်း (၅၁၆)

Vol. 52 Ch. 516

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“လီရှစ်ရာ အရေးပေါ် စစ်သတင်း...”

“လီရှစ်ရာ အရေးပေါ် စစ်သတင်း...”

“ပိုင်ဆယ်မြို့စားမင်း တုပိုင်က ပိုင်ဆယ်တိုက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး... လီမိသားစုရဲ့ တာ့ယန်စစ်သည်တစ်သိန်း လုံးဝ ချေမှုန်းခံလိုက်ရပါတယ်...”

ထိုကဲ့သို့သော သတင်းစကားများကို သယ်ဆောင်လာသည့် မြင်းသည်တော် ရာပေါင်းများစွာသည် အင်ပါယာ၏ အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာပြီး သတင်းများကို ဖြန့်ဝေနေကြသည်။

သတင်းစကား ဖြတ်သန်းသွားရာ နေရာတိုင်း၌ တုန်လှုပ်ချောက်ခြားမှုများ ဖြစ်ပေါ်ကျန်ရစ်ခဲ့ရလေသည်။

ထိုသတင်းကို ကြားသိလိုက်ရသောအခါ လူတိုင်းသည် ဦးစွာ၌ မယုံနိုင်အောင် ဖြစ်သွားကြရကုန်၏။

ပိုင်ဆယ်မြို့စားမင်း တုပိုင်ဟူသည် မည်သူနည်း။ ထိုသူ၏ အကြောင်းကို တစ်ခါမျှပင် မကြားဖူးခဲ့ကြချေ။

သို့သော် လီမိသားစု၏ တာ့ယန်တိုင်းပြည်အကြောင်းကိုမူ သူတို့ ကောင်းစွာ သိရှိထားကြလေ၏။ လွန်ခဲ့သည့် လအနည်းငယ်ကပင် လီမိသားစုသည် စတင်ပုန်ကန်ခဲ့ကြပြီး ဒေါသထွက်နေသော ကျားကြီးတစ်ကောင်ကဲ့သို့ နယ်မြေများကို ဝါးမြိုသိမ်းပိုက်ခဲ့ကြသည်။

လက်ရှိအချိန်အထိ လီမိသားစု၏ ပင်မတပ်မတော်ကြီးသည် ဝါးလုံးကို ဓားအဖြင့် ခွဲလိုက်သကဲ့သို့ အတားအဆီးမရှိ နယ်မြေများကို ချဲ့ထွင်လျက်ရှိသည်။

လအနည်းငယ်အတွင်းမှာပင် လီမိသားစု၏ တာ့ယန်တိုင်းပြည်သည် သုံးဆကျော်တိုင်အောင် ကျယ်ပြန့်လာခဲ့လေသည်။ ယခုအခါတွင် ယူနန် ၊ ကွေ့ကျိုးနှင့် ကွမ်ရှီးပြည်နယ် အများစုကို လီမိသားစုက သိမ်းပိုက်ထားပြီး ဖြစ်လေသည်။ တာ့ယန်တိုင်းပြည်သည် အနောက်တောင်ပိုင်း၏ ဆယ်ပုံ ခုနစ်ပုံခန့်ကို သိမ်းပိုက်ထားပြီး စိချွမ်းပြည်နယ်တစ်ခုသာ ကျန်ရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

လူတိုင်း၏ အမြင်တွင် အင်ပါယာ၏ အနောက်တောင်ပိုင်း၌ သီးခြားအုပ်ချုပ်ရေးဒေသတစ်ခု ပေါ်ပေါက်လာခြင်းမှာ လက်တွေ့အမှန်တရား ဖြစ်လာခဲ့ပြီး ပြန်လမ်းမဲ့နေပြီဖြစ်သော အခြေအနေဟု သတ်မှတ်ထားကြသည်။

တာ့နင်အင်ပါယာသည်ပင်လျှင် အတိတ်မှာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ပြီး မည်သူမျှ ကယ်တင်နိုင်တော့မည် မဟုတ်ဟု ယူဆထားကြလေ၏။

ထိုမျှလောက် အင်အားကြီးမားပြီး နေဝန်းနီကြီးတစ်ခုအလား ထွန်းတောက်လာသော တာ့ယန်တိုင်းပြည်သည် စစ်ရှုံးသွားခဲ့သည်လား။ ထို့အပြင် စစ်သည်တစ်သိန်းလုံး ချေမှုန်းခံလိုက်ရသည်လား။

အဓိကအချက်မှာ ဤတိုက်ပွဲသည် နန်နင်းစီရင်စုတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်သလို ၊ ကွန်းမင်းစီရင်စုတွင်လည်း မဟုတ်ဘဲ ပိုင်ဆယ်စီရင်စုကဲ့သို့ မြို့ငယ်လေးတစ်မြို့၌ ဖြစ်ပွားခဲ့ခြင်းက ပို၍ အံ့ဩစရာ ကောင်းနေလေသည်။

သို့သော် ယင်းမှာ လီရှစ်ရာ အရေးပေါ် စစ်ရေးသတင်းဖြစ်ပြီး သတင်းမှား ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ မရေမတွက်နိုင်သော လူများသည် နာမည်တစ်ခုကို စတင်မှတ်မိသွားကြလေတော့သည်။ ထိုနာမည်ကား ပိုင်ဆယ်မြို့စားမင်းတုပိုင် ပင်ဖြစ်လေ၏။

ထျန်ပေါင်စီရင်စုခွဲသည် အလွန်သေးငယ်လွန်းလှသဖြင့် ယွမ်ထျန်ကျောက်၏ စစ်သည်အင်အား ၃၅,၀၀၀ သည် တစ်ရက် ၊ နှစ်ရက်ခန့်သာ နေထိုင်နိုင်ပြီး ရေရှည်တပ်စွဲထားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် ယွမ်ထျန်ကျောက်၏ တပ်သည် ထျန်ပေါင်စီရင်စုခွဲတွင် တစ်ရက်သာ နေထိုင်ခဲ့ပြီးနောက် နန်နင်းစီရင်စုသို့ ပြန်လည်ဆုတ်ခွာသွားခဲ့လေသည်။

**--**--**--**--**--**--**--**

နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ဂိတ်တံခါးဝ၌။

လီမိသားစု၏ ပုန်ကန်မှုကြောင့် နန်နင်းစီရင်စုသည် သိမ်းပိုက်ခံခဲ့ရဖူးသဖြင့် ယခုအချိန်၌ နန်ဟိုင်သိုင်းသင်တန်းကျောင်းကြီးသည် ခြောက်ကပ်ကာ တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ကွမ်ရှီးဘုရင်ခံ တုကျန်းသည် တံခါးပေါက်ကို လှမ်းကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“လီဝမ်ဟွေ့က ဒီနေရာမှာ လီမိသားစုရဲ့ အင်အားစုတွေနဲ့ ကွမ်ရှီးက အကျင့်ပျက်အရာရှိတွေကို သတ်ဖြတ်ရှင်းလင်းပြီး... ပြိုင်ဘက်ကင်းတဲ့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးခဲ့တယ်... ငါတို့အဖွဲ့ကလည်း အဲဒီ ဟာကွက်ကို အခွင့်ကောင်းယူပြီး မိန်းမစိုးတွေကို လှည့်စားပြီးတော့ ယာယီ မဟာမိတ်ဖွဲ့ခဲ့တယ်... ပြီးတော့မှ ပြန်လှည့်ပြီး မိန်းမစိုးတွေကို ရောင်းစားပစ်လိုက်တာ... လီယွီထန်ကို သတ်တယ်... ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင်ကို သတ်တယ်... ကွေ့မင်းသားကို ဖျက်ဆီးပြီး ကျန်းနန်နယ်စားမင်းရဲ့ သားကိုလည်း ရိုက်ချိုးပစ်ခဲ့တယ်... ကွမ်ရှီးမှာရှိတဲ့ မိန်းမစိုးဂိုဏ်းနဲ့ အခြားအင်အားစုတွေကို ရှင်းလင်းပြီးမှ လီမိသားစုနဲ့ ပူးပေါင်းပြီးတော့ ကွမ်ရှီးပြည်နယ်ကို ခွဲထွက်ဖို့ ကြံစည်ခဲ့ကြတာ...”

ယွမ်ထျန်ကျောက်က လျှောက်တင်လိုက်သည်။ “အဲကိစ္စတွေ အားလုံးက ဘုရင်ခံမင်းရဲ့ ဆရာသခင် လက်ရာတွေပါပဲ... သူ မပါဘဲ မဖြစ်နိုင်ပါဘူး...”

တုကျန်းက ဆက်ပြောလိုက်သည်။ “လီမိသားစု ပုန်ကန်ပြီး လအနည်းငယ်အတွင်းမှာပဲ အင်ပါယာရဲ့ အနောက်တောင်ပိုင်းကို သိမ်းပိုက်လိုက်နိုင်တယ်... ဧကရာဇ်က ကိုယ့်အပြစ်ကို ကြေညာပြီး ထီးနန်းစွန့်ရမယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရမယ်... ပြီးတော့ အိမ်ရှေ့စံက ဧကရာဇ်အဖြစ် နန်းတက်လာတယ်... ဒါတွေအားလုံးက အရှင်သခင်ရဲ့ မဟာဗျူဟာတွေပဲ... ခြေလှမ်းတစ်လှမ်းမှ မှားလို့မရဘူး...”

ယွမ်ထျန်ကျောက်သည် နှုတ်ဆိတ်နေလိုက်၏။

ကွမ်ရှီးဘုရင်ခံ တုကျန်းက ဆက်ပြောသည်။ “ဒါပေါ့... မင်း ပိုင်ဆယ်မြို့ကို မတိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်...”

ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တုကျန်းက ညည်းတွားလိုက်လေ၏။

“ငါ ဒီလိုဖြစ်လာမယ်လို့ ထင်မှတ်မထားခဲ့မိဘူး... တုပိုင်ဆိုတဲ့ မြွေငယ်လေးကနေ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားမယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး... အခုတော့ ငါတို့ ဒုက္ခရောက်ပြီ...”

ယွမ်ထျန်ကျောက်က ထောက်ခံလိုက်သည်။ “မှန်လှပါ... တကယ့်ကို ပြဿနာအကြီးကြီးပါပဲ...”

ကွမ်ရှီးဘုရင်ခံ တုကျန်းက ပြောလိုက်သည်။ “ဧကရာဇ်ရဲ့ တန်ပြန်တိုက်စစ်ကို စောင့်ကြည့်ရမယ်... သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ရမယ်...”

ယွမ်ထျန်ကျောက်က ပြောလိုက်၏။ “လီမိသားစုမှာ စစ်သည် သိန်းချီ ကျန်နေသေးတယ်... ပြီးတော့ တုပိုင်ရဲ့ ကံကြမ္မာကလည်း မသေချာသေးဘူး...”

တုကျန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဆက်စောင့်နေလို့ မဖြစ်တော့ဘူး... ကဗျာတစ်ပုဒ်ရဲ့ အနှစ်သာရက စာသားအပြင်ဘက်မှာ ရှိတယ်... ငါတို့အနေနဲ့ တုပိုင်ဆိုတဲ့ ဒီတိရစ္ဆာန်လေးကို အမြန်ဆုံး ရှင်းပစ်ရမယ်...”

**--**--**--**--**--**--**--**

တာ့ယန်တိုင်းပြည်၏ နန်းတော်အတွင်း၌ ဘုရင်လီရူဟိုင်သည် ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး လီရူဟုသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေလေ၏။

သူတို့နှစ်ဦးစလုံး၏ မျက်နှာများသည် ဖြူဖျော့နေကြသည်။ လီရူဟုက စစ်ပွဲအခြေအနေ တစ်ခုချင်းစီကို တင်ပြနေသည်ကို နားထောင်ပြီးနောက် လီရူဟိုင်သည် အတော်ကြာသည်အထိ အသံထွက်မလာတော့ပေ။

အချိန်အတော်ကြာပြီးနောက်မှ လီရူဟိုင်က ပြောလိုက်သည်။

“အဲဒီလိုဆိုရင် ဒီတိုက်ပွဲမှာ မင်းအမှားလုပ်ခဲ့တာ မရှိပါဘူး... ဒီတိုက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ရခြင်းရဲ့ အဓိကအကြောင်းရင်းက ရန်သူ့စစ်တပ်ရဲ့ အင်အားက ငါတို့ထင်ထားတာထက် အများကြီး ပိုသာလွန်နေလို့ပဲ...”

“မှန်လှပါ” လီရူဟုက ပြန်လည်လျှောက်တင်လိုက်သည်။

လီရူဟိုင်က ဆက်ပြောလိုက်သည်။ “အိမ်ရှေ့စံက ကွေ့ကျိုးပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးပြီ... တာ့နင်အင်ပါယာရဲ့ အနောက်တောင်ပိုင်းမှာ စိချွမ်းပြည်နယ်တစ်ခုပဲ ကျန်တော့တယ်”

“ကွေ့ကျိုးမှာရှိတဲ့ မြို့စောင့်တပ်တွေ ၊ စော်ဘွားတွေနဲ့ သိုင်းဂိုဏ်းတွေအားလုံးက လက်နက်ချကုန်ပြီ... အခုဆိုရင် အိမ်ရှေ့စံဆီမှာ စစ်သည်အင်အား ၂ သိန်း ရှိနေပြီ... လီရူဟု... မင်းဆီမှာလည်း စစ်သည် ၆ သောင်းကျော် ရှိနေသေးတယ်... ပြီးတော့ ငါတို့ရဲ့ ပင်မတပ်စခန်းကလည်း နောက်ထပ် စစ်သည်တစ်သိန်းလောက် ထပ်ပြီး စုဆောင်းလို့ ရနိုင်သေးတယ်...”

စစ်တပ်ဆိုသည်မှာ တိုက်ပွဲမဖြစ်မီအချိန်တွင် စစ်သည်အင်အား နည်းပါးတတ်သည်။ သို့သော် စစ်ပွဲစတင်လိုက်သည်နှင့် တပြိုင်နက် စစ်တပ်အင်အားသည် တိုးပွားလာလေ့ရှိ၏။ အထူးသဖြင့် ပုန်ကန်သူများအတွက် ဘဏ္ဍာနှင့် ရိက္ခာထောက်ပို့ ဖိအားများကို ဂရုမစိုက်ဘဲ စစ်တပ်ကို ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ချဲ့ထွင်လေ့ရှိကြသည်။

လီမိသားစုသည် ငွေကြေးမပြတ်လပ်သလို ရိက္ခာနှင့် မြက်ခြောက်များကိုလည်း ပင်လယ်ရပ်ခြားအင်ပါယာများမှ စဉ်ဆက်မပြတ် သယ်ယူပို့ဆောင်ပေးနေသဖြင့် ရိက္ခာပြတ်လပ်ခြင်း မရှိပေ။ လက်ရှိအချိန်တွင် တာ့ယန်တိုင်းပြည်၏ အုပ်ချုပ်မှုအောက်၌ ရှိသော လူဦးရေသည် သန်း ၂၀ မှ ၃၀ အထိ ရှိလေသည်။ လီရူဟိုင်သာ ဆန္ဒရှိပါက စစ်တပ်ကို ထပ်မံချဲ့ထွင်နိုင်သော်လည်း လက်ရွေးစင်တပ်ဖွဲ့များ ရရှိရန်မှာမူ အလွန်ခက်ခဲပေလိမ့်မည်။

လီရူဟိုင်က မေးလိုက်သည်။ “ငါတို့လက်ထဲမှာ စစ်သည်အင်အား ၄ သိန်း ရှိတယ်... မင်းအမြင်အရ ငါတို့ ဘယ်ကို ဆက်သွားသင့်သလဲ... အိမ်ရှေ့စံ လီကျန့်ကို ပင်မတပ်ဖွဲ့ကြီး ဦးဆောင်စေပြီး စိချွမ်းကို ဝင်တိုက်ခိုင်းမလား... ဒါမှမဟုတ် သူ့ကို ပြန်လှည့်ခိုင်းပြီး စစ်သည်သိန်းချီနဲ့ တုပိုင်ရဲ့ ပိုင်ဆယ်မြို့ကို ဝင်တိုက်ခိုင်းရမလား...”

လီရူဟု မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်က ချက်ချင်း ဆုံးဖြတ်ချက်ချရန် ခက်ခဲသော ကိစ္စပင်။

အနောက်တောင်ပိုင်း ပြည်နယ်များတွင် စိချွမ်းပြည်နယ်သည် တိုက်ခိုက်ရန် အခက်ခဲဆုံး ဖြစ်လေသည်။

ပထမဦးစွာ ရှုဒေသ၏ အလယ်ဗဟိုတွင် ကျန့်ကော်နယ်စား ရှိနေပြီး သူ၏ လက်အောက်တွင် စစ်သည် ၆ သောင်း ရှိလေသည်။ သူသည် ဧကရာဇ်ကို ဆန့်ကျင်နေသော်လည်း စိချွမ်းကိုမူ သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် စိချွမ်းပြည်နယ်ရှိ ဒုတိယတန်းစား ကာကွယ်ရေးတပ်ဖွဲ့များသည် စုစုပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ မမြင့်မားသော်လည်း ကွေ့ကျိုးနှင့် ယူနန်ပြည်နယ်တို့မှ အသုံးမကျသော ဆန်ကုန်မြေလေးတပ်ဖွဲ့များထက်တော့ ပို၍ သာလွန်သေး၏။

အရေးကြီးဆုံးအချက်မှာ မီးနတ်ဘုရားဘာသာသည် ကွေ့ကျိုးနှင့် ယူနန်ပြည်နယ်များသို့ အားကောင်းမောင်းသန် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း စိချွမ်းသို့ ထိုးဖောက်ဝင်ရောက်မှုမှာမူ ချောမွေ့ခြင်း မရှိခဲ့ပေ။

စိချွမ်းပြည်နယ်တစ်ခုလုံး၏ သိုင်းလောကတွင်လည်း ထျန်တောက်အဖွဲ့နှင့် ကြာပန်းမိစ္ဆာဂိုဏ်းတို့ တိုက်ခိုက်နေကြသည်။

သို့သော် မည်မျှပင် တိုက်ခိုက်ရခက်ခဲပါစေ စစ်သည် ၂ သိန်းလောက် စေလွှတ်လိုက်လျှင် စိချွမ်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်ပေလိမ့်မည်။ ထိုအချိန်ရောက်မှသာ တာ့ယန်တိုင်းပြည်သည် အမှန်တကယ် ပြည့်စုံသွားမည်ဖြစ်ပြီး အားနည်းချက်မရှိ တိုက်စစ်ဆင်နိုင် ခံစစ်ဆင်နိုင် ဆုတ်ခွာနိုင်သော အခြေအနေသို့ ရောက်ရှိပေလိမ့်မည်။

စိချွမ်းကို မသိမ်းပိုက်နိုင်သရွေ့ တာ့ယန်တိုင်းပြည်၏ မဟာဗျူဟာသည် ဘယ်သောအခါမျှ အောင်မြင်မည် မဟုတ်ချေ။

ထို့ကြောင့် လက်ရှိအခြေအနေမှာ စိချွမ်းကို တိုက်ခိုက်ခြင်းက ကြီးမားသော အကျိုးအမြတ်များကို ရရှိစေနိုင်သော်လည်း တုပိုင်ကို ဆက်လက်သောင်းကျန်းခွင့် ပေးထားရမည့်သဘော ဖြစ်နေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ တုပိုင်သည် နောက်ကျောဘက်မှနေ၍ နယ်မြေချဲ့ထွင်လာနိုင်ပြီး တာ့ယန်တိုင်းပြည်၏ ပင်မတပ်စခန်းကို တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ခြင်းပင် ဖြစ်၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၆ ပြီး

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters