← Chapters

အခန်း (၅၁၇)

Vol. 52 Ch. 517

အခန်း (၅၁၇)

Vol. 52 Ch. 517

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထို့အပြင် တုပိုင် မသေဆုံးသေးဟူသော အချက်သည် တာ့ယန်တိုင်းပြည်၏ အရှိန်အဟုန်ကို ကြီးမားစွာ ထိခိုက်စေလေ၏။

လီရူဟိုင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး အမိန့်ပေးလိုက်သည်။ “ပြင်ဆင်ထားကြ... ငါကိုယ်တိုင် ပိုင်ဆယ်မြို့ကို သွားမယ်... အခုချက်ချင်း ပြင်ဆင်ကြ...”

ထိုစကားကို ကြားလိုက်ရသောအခါ လီရူဟု တုန်လှုပ်သွားပြီး မေးလိုက်မိသည်။ “ခမည်းတော်...”

လီရူဟိုင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။ “ဘာမှ ထပ်မပြောနဲ့တော့...”

**--**--**--**--**--**--**--**

တာ့နင်နေပြည်တော် ၊ နန်းတော်အတွင်း၌ ဝါရင့်အမတ်ဟောင်း ဆယ်နှင့်ချီသော လူအုပ်ကြီးသည် ဧကရာဇ်၏ စာကြည့်ဆောင်ရှေ့တွင် ဒူးထောက်နေကြသည်မှာ ရက်အတော်ကြာမြင့်နေပြီ ဖြစ်လေ၏။

အချိန်ကို တွက်ချက်ကြည့်မည်ဆိုပါက တုပိုင်နှင့် လီမိသားစု၏ စစ်သည်တစ်သိန်းတို့၏ မဟာတိုက်ပွဲကြီးသည် စတင်နေပြီဖြစ်ပြီး ရလဒ်သည်လည်း မကြာမီ ထွက်ပေါ်လာတော့မည်ဟု ယုံကြည်ရပေသည်။

ထို့ကြောင့်ပင် ဤရက်ပိုင်းအတွင်း ဝါရင့်အမတ်ဟောင်းများအားလုံးသည် အလှည့်ကျစနစ်ဖြင့် စာကြည့်ဆောင်ရှေ့တွင် ဒူးထောက်နေကြခြင်း ဖြစ်လေသည်။

တုပိုင် စစ်ရှုံးပြီး သေဆုံးသွားပြီဟူသော သတင်းရောက်လာသည်နှင့် တစ်ပြိုင်နက် ဤအမတ်ဟောင်းများသည် ဧကရာဇ်ကို ကိုယ့်အပြစ်ကိုယ် ဖော်ထုတ်ကြေညာရန် ချက်ချင်း ဖိအားပေးကြပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် နေပြည်တော်တစ်ခုလုံးတွင် လျှို့ဝှက်လှိုင်းတံပိုးများ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေလေ၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မြို့တော်တံခါးကိုးပေါက်ရှိ တပ်မှူးအချို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် လဲလှယ်ထားလိုက်ပြီ ဖြစ်သည်။

မြောက်ဘက်စခန်းနှင့် တောင်ဘက်စခန်းမှ အရာရှိများကိုလည်း မကြာခဏဆိုသလို နေရာရွှေ့ပြောင်းနေကြသည်။

မကြာမီမှာပင် စစ်တပ်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ နေပြည်တော်ထဲသို့ ဝင်ရောက်လာကြလေ၏။

လွန်ခဲ့သော နှစ်ရက်ခန့်က မင်းသမီးနင်းရွှဲ့သည် အမိန့်တစ်ခုဖြင့် သူမ၏ လက်အောက်ရှိ စစ်သည်တစ်သောင်းတပ်မှူးကို စေလွှတ်လိုက်ပြီး စစ်သည်ငါးထောင်ကို ဦးဆောင်ကာ နေပြည်တော်သို့ ဝင်ရောက်စေခဲ့သည်။

ထိုမျှသာမက ဘိုးဘေးလီလျန်တင်း၏ အမိန့်အောက်တွင် နယ်ပယ်အသီးသီးမှ အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်ပညာရှင်များသည်လည်း နေပြည်တော်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြကာ နန်းတော်ထဲသို့ ဝင်ရောက်နေရာယူလိုက်ကြသည်။

ရက်အနည်းငယ်အတွင်းမှာပင် နန်းတော်အတွင်း၌ အစောင့်တပ်သား ခြောက်ထောင်ခန့် ပိုမိုများပြားလာခဲ့လေ၏။

စုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိသော နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ကြီးသည် နန်းတော်တစ်ခုလုံးကို သံတံတိုင်းကြီးဖြင့်ကာထားသကဲ့သို့ လုံခြုံအောင် စောင့်ကြပ်ထားလိုက်ကြသည်။

ဉာဏ်ပညာထက်မြက်သော လူတိုင်းသည် လေပြင်းမုန်တိုင်းမကျရောက်မီ အသက်ရှူကျပ်မတတ် ဖိစီးမှုမျိုးကို ခံစားနေကြရသည်။

မြို့တော်ရှိ ပြည်သူများသည် လမ်းလျှောက်သွားလာနေရလျှင်ပင် အသံကျယ်ကျယ် မထွက်ရဲကြဘဲ အပြင်မထွက်ဘဲ နေနိုင်ပါက အတတ်နိုင်ဆုံး အိမ်ထဲမှာပင် နေထိုင်ကြလေ၏။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

စစ်ချီသံများမှာ မိုးခြိမ်းသံပမာ ဆူညံလျက် နောက်ထပ် စစ်တပ်တစ်တပ် နေပြည်တော်ထဲသို့ ဝင်ရောက်လာပြန်သည်။ တာဝန်ကျတပ်ဖွဲ့ နေရာချိန်းပြောင်းခြင်း ဖြစ်သည့်အတွက် မြို့တော်သို့ ဝင်ရောက်ခြင်းမှာ လုံးဝ တရားဝင်လေသည်။

သို့သော် မကြာသေးမီက မြို့တော်သို့ ဝင်ရောက်လာသော စစ်တပ်များသည် လုံးဝ ကွာခြားနေပြီး ယခင်က စစ်တပ်များထက် မည်မျှပင် ပိုမိုထူးချွန်ထက်မြက်နေသနည်း ဆိုသည်ကို လူတိုင်း အထင်းသား မြင်တွေ့နေကြရ၏။

စစ်သည်တိုင်းသည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားကြ၏။ လမ်းမကြီးကို ဖြတ်သန်းသွားသောအခါ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အံ့မခန်းဖွယ်ရာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လမ်းမကြီးတစ်ခုလုံး တုန်ခါသွားသယောင် ထင်ရပေသည်။

ခဏအကြာတွင် နောက်ထပ် စစ်တပ်တစ်တပ်သည် မြို့တော်၏ တောင်ဘက်တံခါးမှ ဝင်ရောက်လာပြန်သည်။ သိသာထင်ရှားသည်မှာ ဤစစ်တပ်သည် ယခင်စစ်တပ်လောက် ထူးချွန်ထက်မြက်ခြင်း မရှိပေ။ အရေအတွက်အားဖြင့် လေးထောင်မျှသာရှိပြီး ထုန်းကျိုးစခန်းမှ လာခြင်းဖြစ်လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တပ်နေရာချိန်းပြောင်းသည်ဟူသော ခေါင်းစဉ်ဖြင့် မြို့တော်ထဲသို့ စစ်သည်အင်အား မည်မျှ ဝင်ရောက်လာသည်ကို စစ်ဘက်ဌာနကသာ သိရှိပေလိမ့်မည်။

ဧကရာဇ်ကို သစ္စာစောင့်သိသော စစ်တပ်များ ရှိသကဲ့သို့ ဖန်းမိသားစုကို သစ္စာစောင့်သိသော စစ်တပ်များလည်း ရှိနေကြသည်။ တစ်ချိန်တည်းတွင် စစ်ဘက်ခေါင်းဆောင်များသည် ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေကြလေ၏။

စွမ်းအင်အားလုံးသည် စုစည်းနေပြီး ပေါက်ကွဲရန် တာစူနေကြသည်။ တုပိုင်၏ စစ်ပွဲရလဒ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤစွမ်းအင်များသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ကမ္ဘာမြေကို တုန်လှုပ်ချောက်ခြားဖွယ် အပြောင်းအလဲကြီးများ ဖြစ်ပေါ်လာနိုင်ပေသည်။

**--**--**--**--**--**--**--**

အိမ်ရှေ့စံမင်းသား၏ အိမ်တော်အတွင်း၌ အိမ်ရှေ့စံသည် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားပြီး အေးစက်သော အသံဖြင့် မေးလိုက်၏။ “နေပြည်တော် အတွင်းနဲ့ အပြင်မှာ ခမည်းတော်ဘက်က သစ္စာရှိတဲ့ စစ်သည် ဘယ်လောက်ရှိသလဲ...”

စစ်ဗိုလ်ချုပ်တစ်ဦးက ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။ “နန်းတော်ထဲက ကိုယ်ရံတော်တပ်ဖွဲ့ အပါအဝင်ဆိုရင် အရှင်မင်းကြီးအပေါ် သစ္စာရှိတဲ့ စစ်သည် ငါးသောင်းငါးထောင် ရှိပါတယ်...”

အိမ်ရှေ့စံက မေးလိုက်သည်။ “ဟိုဘက်ကို သစ္စာရှိတဲ့ စစ်သည်က ဘယ်လောက်ရှိလဲ...”

စစ်ဗိုလ်ချုပ်က ဖြေလိုက်သည်။ “သုံးသောင်းငါးထောင်ပါ... ဒါပေမဲ့ သူတို့က ပိုပြီး လက်ရွေးစင် ဆန်ပါတယ်...”

အိမ်ရှေ့စံက ထပ်မေးလိုက်၏။ “ကျင်းပေနယ်စားမင်း ယွမ်ထိန်ရဲ့ သဘောထားက ဘယ်လိုရှိလဲ... မြို့တော်ပတ်လည်က စစ်တပ်သုံးခုမှာ နှစ်ခုက သူ့လူတွေလေ...”

စစ်ဗိုလ်ချုပ်က ဖြေလိုက်သည်။ “ကြားနေပါ... ဒါပေမဲ့ ဖန်းအုပ်စုဘက်ကို ယိမ်းနေတဲ့ပုံပါပဲ... သူတို့ကို အခွင့်အရေးတွေ အများကြီး ပေးထားပါတယ်... သူ့လက်ထဲက စစ်သည်တစ်သိန်းက ငြိမ်းချမ်းရေးအတွက် အရမ်း အရေးပါပါတယ်...”

အိမ်ရှေ့စံသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ပြောလိုက်လေ၏။ “ငါနဲ့အတူ နန်းတော်ထဲ ဝင်ကြမယ်... ခမည်းတော်ကို အသက်ပေး ကာကွယ်ကြမယ်...”

**--**--**--**--**--**--**--**

မြို့တော်ရှိ အိမ်တော်ကြီးတစ်ခု၏ ရှေးဆန်သော စာကြည့်ခန်းတစ်ခုအတွင်း၌ လူသုံးယောက် ထိုင်နေကြလေ၏။

ကျင်းပေနယ်စားမင်း ယွမ်ထိန် ၊ အမတ်ချုပ်ကြီး ဖန်းကျိုးနှင့် နန်းတွင်းအာဏာပိုင်အဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး တုဟွေးတို့ ဖြစ်ကြသည်။

ဤလူသုံးယောက်သည် လက်ရှိ နန်းတွင်းအာဏာပိုင်အဖွဲ့နှင့် အတိုက်အခံလောကတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် အာဏာအရှိဆုံး ထိပ်သီးခေါင်းဆောင်ကြီး သုံးဦးဖြစ်ပေသည်။

အမတ်ချုပ်ကြီးက လျစ်လျူရှုထားသောလေသံဖြင့် ပြောလိုက်သည်။ “နယ်စားမင်းယွမ်... ဒီလို အရေးကြီးတဲ့အချိန်မှာ မောင်မင်းရဲ့ ရပ်တည်ချက်က ခိုင်မာဖို့ လိုတယ်နော်...”

ယွမ်ထိန်က ပြောလိုက်၏။ “ကျုပ်ရဲ့ ယွမ်မိသားစုက နင်းမိသားစုအပေါ် သစ္စာစောင့်သိလာတာ ကြာလှပြီ... ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုတာ ခက်ခဲတယ်...”

ဖန်းကျိုးက ပြောလိုက်သည်။ “နယ်စားမင်းယွမ်... မောင်မင်းရဲ့ လက်အောက်က စစ်သည်သိန်းချီအတွက် နန်းတော်ကနေ နှစ်စဉ် ငွေဘယ်လောက် ရနေလို့လဲ... ကျုပ်တို့သခင်ဆီကနေ ငွေဘယ်လောက် ရနေသလဲ... ထျန်ကျင်းဆိပ်ကမ်း ၊ ချွမ်ကျိုးနဲ့ ကျန်းဆူး ၊ ကျဲ့ကျန်း ပြည်နယ်တွေက ဆိပ်ကမ်းတွေ ၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေ ၊ ရွှေတောင်ငွေတောင်တွေထဲမှာ ယွမ်မိသားစုက ဘယ်လောက်အချိုးအစား ပါဝင်နေသလဲ... ခင်ဗျားကျွေးတဲ့ ထမင်းစားနေရတဲ့သူအတွက် တစ်ခုခုတော့ လုပ်ပေးသင့်တယ်လေ... ဒီအချက်ကို နယ်စားမင်းယွမ် ရှင်းရှင်းလင်းလင်း သိထားသင့်တယ်...”

ယွမ်ထိန်က ပြောလိုက်သည်။ “အမတ်ချုပ်ကြီးဖန်း... ခင်ဗျားတို့ဆီက ငွေယူထားတာ ဟုတ်ပါတယ်... ဒါပေမဲ့ ကျုပ်ရဲ့ စစ်တပ်ထဲကို လက်လှမ်းတာ အရမ်းလွန်နေပြီ... အခုဆိုရင် အဲဒီ ဗိုလ်ချုပ်တွေ ၊ စစ်သူကြီးတွေက ခင်ဗျားတို့ငွေနဲ့ ကြီးပွားနေကြတာ... ကျုပ်စကား နားထောင်ပါ့မလားဆိုတာတောင် မသေချာတော့ဘူး... တကယ်လို့ အခြေအနေတစ်ခုခု ဖြစ်လာရင် ကျုပ်စကားကို နားထောင်ဦးမလားဆိုတာ မပြောတတ်တော့ဘူး...”

ရုတ်တရက် အပြင်ဘက်မှ ဖန်းကျန်ကျစ်၏ အသံ ထွက်ပေါ်လာလေ၏။

“နယ်စားမင်းယွမ်... ကျုပ်တစ်ခုလောက် မေးမယ်ဗျာ... တုပိုင်ဆိုတဲ့ သင်းကွပ်ထားတဲ့ခွေးကောင် စစ်ရှုံးပြီဆိုတဲ့ သတင်းထွက်လာပြီးတာနဲ့ ဧကရာဇ်က ထီးနန်းမစွန့်ဘူးဆိုရင် ၊ အာဏာသိမ်းမှု ဖြစ်လာခဲ့ရင်... ကျုပ်တို့စစ်တပ်နဲ့ ဧကရာဇ်ရဲ့ စစ်တပ် တိုက်ခိုက်ကြတဲ့အခါ ခင်ဗျားရဲ့ စစ်သည်တစ်သိန်းက ဘယ်ဘက်က ရပ်တည်မှာလဲ...”

ရုတ်တရက် တုဟွေးက ချောင်းဟန့်လိုက်သည်။

ထို့နောက် သူက တိုးညှင်းစွာ ပြောလိုက်၏။ “အမတ်ချုပ်ကြီးဖန်း... ကျွန်တော် ဘယ်တော့များ အားမလဲ မသိဘူး... နယ်စားမင်းယွမ်ကို သူ့သားသမီးတချို့ ပင်လယ်ရပ်ခြားကို လွှတ်ပြီး သွားကြည့်ခိုင်းတာ ပိုကောင်းမယ်... အရှင်သခင်ရဲ့ ပင်လယ်ရပ်ခြားအင်ပါယာကို သွားကြည့်ပါစေ... အရှင်သခင်ရဲ့ စစ်တပ်ကို သွားကြည့်ပါစေ... တာ့နင်အင်ပါယာလောက် နီးပါး ကျယ်ဝန်းတဲ့ မြေကြီး ၊ ကောင်းကင်အပြည့် သံသတ္တုတွင်းတွေ ၊ ရွှေတွင်းတွေကို သွားကြည့်ခိုင်းလိုက်ပါလား...”

အမတ်ချုပ်ကြီး ဖန်းကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အင်း... လူငယ်တွေကို ကမ္ဘာလောကကြီးကို သွားကြည့်ခိုင်းလိုက်... ကောင်းကင်ဘယ်လောက်မြင့်လဲ ၊ ကမ္ဘာကြီး ဘယ်လောက်ကျယ်လဲဆိုတာ သိရအောင်လို့လေ... ဒါမှ စိတ်သဘောထား မကျဉ်းမြောင်းတော့မှာ...”

ထို့နောက် တုဟွေးက ဆက်ပြောလိုက်သည်။ “ကျွန်တော့်သား တုယန် သေဆုံးသွားတာ ကြာပြီ... လျန်ယီက ပေမင်ဓားဂိုဏ်းမှာ ရှိနေတုန်းပဲလား... ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလပြီးရင် သူ့မင်္ဂလာပွဲကို အမြန်ဆုံး စီစဉ်သင့်တယ်... သူ့အနာဂတ်ကို မနှောင့်နှေးစေရဲပါဘူး...”

အမတ်ချုပ်ကြီး ဖန်းကျိုးက ပြောလိုက်သည်။ “ဒီတစ်ခေါက် ကိစ္စတွေ အဆင်ပြေသွားပြီး ဧကရာဇ်သာ ချောချောမွေ့မွေ့ ထီးနန်းစွန့်ပေးမယ်ဆိုရင် လျန်ယီရဲ့ မင်္ဂလာပွဲကို တကယ်ပဲ အမြန်ဆုံး ကျင်းပရမှာပေါ့...”

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters