← Chapters

အခန်း (၅၁၈)

Vol. 52 Ch. 518

အခန်း (၅၁၈)

Vol. 52 Ch. 518

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုဟွေးက ပြောလိုက်သည်။ “ဒီတစ်ကြိမ်တော့... ကျုပ်တို့က နယ်စားမင်းယွမ်ကို ဖိအားပေးမှာ မဟုတ်ပါဘူး... ကျုပ် ဧကရာဇ်အကြောင်း ကောင်းကောင်းနားလည်တယ်... တုပိုင် စစ်ရှုံးပြီး သေဆုံးသွားပြီဆိုတဲ့ သတင်းရောက်လာတာနဲ့ အင်ပါယာရဲ့ အနောက်တောင်ပိုင်းဒေသတစ်ခုလုံး ပြိုလဲသွားမှာဖြစ်တဲ့အတွက် ဧကရာဇ်က သေချာပေါက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားလိမ့်မယ်... မြို့တော်တွင်း တိုက်ပွဲတို့ ၊ အာဏာသိမ်းပွဲတို့ ဆိုတာတွေက ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေရဲ့ စိတ်ကူးယဉ်သက်သက်ပဲ... ဧကရာဇ်က နွားမကြီးက နွားပေါက်လေးကို လျှာနဲ့ လျက်သလိုမျိုး အိမ်ရှေ့စံမင်းသားကို ချစ်လွန်းလို့ လမ်းဆုံးကို အရောက်ပို့မယ့်အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး...”

ယွမ်ထိန်က ပြုံးလိုက်သော်လည်း မည်သည့်မှတ်ချက်မျှ ဝင်မပေးတော့ချေ။

အမတ်ချုပ်ကြီး ဖန်းကျိုးက ပြောလိုက်၏။ “ဒါဆိုရင် စောင့်ကြတာပေါ့... တုပိုင် စစ်ရှုံးပြီဆိုတဲ့ သတင်းကို စောင့်ကြမယ်... မကြာခင် ရောက်လာသင့်ပြီ...”

တုဟွေးက ပြောလိုက်သည်။ “မကြာခင် ရောက်လာတော့မှာပါ...”

ရုတ်တရက် အပြင်ဘက်မှ ဖန်းကျန်ကျစ်က ပြောလိုက်၏။ “အမတ်မင်းတု... ခင်ဗျားရဲ့သားက တကယ်ပဲ အံ့မခန်းပါပဲဗျာ... ခင်ဗျား သူ့ကို စွန့်ပစ်တုန်းက တစ်နေ့ကျရင် သူက ကျုပ်တို့ရဲ့ ရင်ဘတ်ထဲက ဆူးတစ်ချောင်း ဖြစ်လာမယ်လို့ တွေးမိခဲ့ဖူးသလား...”

တုဟွေးက အေးစက်စွာ ပြောလိုက်သည်။ “စိုးရိမ်စရာ ဘာမှမရှိပါဘူး...”

သူ့လေသံသည် အလွန်ပြေပြစ်ပြီး တုပိုင်အကြောင်းပြောနေသည့်အခါ လုံးဝ သူစိမ်းတစ်ယောက်အကြောင်း ပြောနေသကဲ့သို့ ခံစားရစေသည်။

ထို့နောက် တုဟွေးက ဆက်ပြောလိုက်သည်။ “အမတ်ချုပ်ကြီးဖန်း... ချွေ့ယန်က ရန်ကျိုးစီရင်စုမှူးအဖြစ် တာဝန်ထမ်းဆောင်တာ နှစ်နှစ်ရှိပြီ မဟုတ်လား... သူ ရာထူးတိုးသင့်ပြီလေ... ရန်ကျိုးစီရင်စုမှူးနေရာကို ဖန်းကျန်ကျစ်ကို ပေးလိုက်ရင်ရော...”

အမတ်ချုပ်ကြီး ဖန်းကျိုးက ဆိုလိုက်၏။ “ဖန်းကျန်ကျစ်လား... သူက အခုမှ အသက် နှစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ... ရန်ကျိုးစီရင်စုမှူး ဖြစ်ဖို့ ငယ်လွန်းမနေဘူးလား...”

“မငယ်ပါဘူး... သူက စီရင်စုနယ်ပိုင်အဖြစ် တာဝန်ထမ်းဆောင်တာ နှစ်နှစ်ရှိပြီပဲ... အဆင့်ငါးကနေ အဆင့်လေး ရာထူးတိုးတယ်ဆိုတာ ပုံမှန်ပါပဲ...” တုဟွေးက ပြန်ပြောလိုက်သည်။

ဖန်းကျန်ကျစ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်၏။ “တုပိုင်ဆိုတဲ့ နွားပေါက်လေးတောင် အသက် တစ်ဆယ့်ကိုးနှစ်နဲ့... မဟာစစ်သူကြီးရာထူးပါ ပူးတွဲယူထားပြီး အင်ပါယာရဲ့ မြို့စားဘွဲ့တောင် ရထားသေးတယ်... အမတ်မင်းတုဟွေး... ခင်ဗျားမှာတောင် မြို့စားဘွဲ့ မရှိဘူးနော်...”

တုဟွေးက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “တန်းပေါ်မှာ ခုန်ပေါက်နေတဲ့ လူရွှင်တော်တစ်ကောင်ပါပဲ... ဧကရာဇ်က သူ့ကို ကောက်ရိုးတစ်မျှင်လို ဆွဲဆုပ်ထားတာ... သေခါနီးလူတစ်ယောက်အကြောင်းကို ထပ်ပြောနေဖို့ မလိုတော့ပါဘူး...”

ဖန်းကျိုးက ပြောလိုက်သည်။ “ကောင်းပြီလေ... စောင့်ကြတာပေါ့... ဒီနေ့ သတင်းရောက်လာလောက်ပါတယ်...”

**--**--**--**--**--**--**--**

နန်းတော်အတွင်း၌ အိမ်ရှေ့စံမင်းသားသည် သံချပ်ကာဝတ်စုံ ပြည့်ဝတ်ဆင်လျက် လက်ထဲတွင် ဓားကိုကိုင်ဆောင်ကာ ဧကရာဇ်၏ စာကြည့်ဆောင်ရှေ့သို့ ခံ့ညားထည်ဝါစွာ ရောက်ရှိလာလေ၏။

ဤသည်မှာ ဥပဒေနှင့် မညီညွတ်ပေ။ အိမ်ရှေ့စံမင်းသား ဖြစ်လျှင်ပင် လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်ခွင့်မရှိချေ။

သို့သော် သူ၏ သဘောထားကြောင့် ဧကရာဇ် ၊ ဧကရီ ၊ လီလျန်တင်းနှင့် အခြားသူများ အလွန်ကျေနပ်အားရ သွားကြသည်။

အိမ်ရှေ့စံ ရောက်လာပြီးနောက် ဘာစကားမျှမပြောဘဲ ဧကရာဇ်၏ တံခါးဝတွင် ရပ်စောင့်နေလိုက်၏။ အဓိပ္ပာယ်မှာ အလွန်ရှင်းလင်းလှသည်။ ‘ဒီနေ့ ခမည်းတော်ကို ထီးနန်းစွန့်ခိုင်းရဲတဲ့သူ ဘယ်သူမဆို ငါ့အလောင်းကို အရင်ကျော်သွားရမယ်’ ဟူသော သဘောပင်။

**--**--**--**--**--**--**--**

စာကြည့်ဆောင်အတွင်း၌ ဧကရီသည် ပိတ်သားအဝတ်အစားများကို ဝတ်ဆင်ထားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သစ်သားငါးခေါင်းကို တိတ်ဆိတ်စွာ ခေါက်နေလေ၏။

သူမသည် နေ့တိုင်း ရေချိုးသန့်စင်ကာ အမွှေးတိုင်ထွန်းပြီး ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် သူမ၏ ခင်ပွန်းအတွက် ဆုတောင်းပေးနေသည်မှာ တစ်လတိတိ ရှိပြီဖြစ်လေသည်။

ကောင်းကင်ဘုံမှ တန်ခိုးပြပြီး သူမ၏ ခင်ပွန်းကို ကယ်တင်ပေးရန် ဆုတောင်းနေခြင်း ဖြစ်သည်။

ဘိုးဘေးလီလျန်တင်းသည် ဘေးတစ်ဖက်တွင် ဒူးထောက်နေပြီး မဟာဆရာသခင် နင်ဇောင်ဝူသည် ဧကရာဇ်နှင့် စစ်တုရင် ကစားနေလေ၏။

ယခုအချိန်တွင် ဧကရာဇ်သည် အလွန်တိတ်ဆိတ် ငြိမ်သက်နေပုံရသည်။ ပုံမှန်အချိန်များတွင်မူ သူသည် နင်ဇောင်ဝူကို နိုင်အောင်မကစားနိုင်သော်လည်း ယခုရက်ပိုင်းတွင်မူ နင်ဇောင်ဝူ၏ စိတ်အာရုံများ လုံးဝ ပြန့်ကျဲနေသဖြင့် ဧကရာဇ်က မကြာခဏ အနိုင်ရနေလေသည်။

အိမ်ရှေ့စံမင်းသား ဘာလုပ်နေသလဲ ၊ လီလျန်တင်း ဘာလုပ်နေသလဲ ၊ မင်းသမီးနင်းရွှဲ့ ဘာလုပ်နေသလဲ ဆိုသည်ကို ဧကရာဇ် သိရှိလေသည်။

သူ အလွန်စိတ်ထိခိုက် ခံစားရသည်။

သို့သော် သူသည် အာဏာသိမ်းပွဲကို ဖြစ်ခွင့်ပေးမည် မဟုတ်သလို မြို့တော်အတွင်း စစ်ပွဲဖြစ်ပွားခြင်းကိုလည်း ခွင့်ပြုမည် မဟုတ်ပေ။

ထိုသို့ဖြစ်ပွားပါက အင်ပါယာသည် ကပ်ဘေးဆိုက်ရောက်သွားမည်ဖြစ်ပြီး အိမ်ရှေ့စံသည်လည်း လမ်းဆုံးသို့ ရောက်သွားပေလိမ့်မည်။

သူသည် တုပိုင်အပေါ်တွင်ပင် ဤမျှ သံယောဇဉ်ကြီးမားနေပါက သူ၏ သားအရင်းအပေါ်တွင် ဆိုလျှင် ပြောစရာပင်လိုမည် မဟုတ်ပေ။

လီမိသားစု၏ စစ်သည်တစ်သိန်းသည် ပိုင်ဆယ်မြို့ကို ဝိုင်းရံထားပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သူသိသည်။

မကြာမီ ရလဒ်ထွက်ပေါ်လာတော့မည်။

တုပိုင် စစ်ရှုံးပြီး သေဆုံးသွားပြီဟူသော သတင်းရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မည် ဖြစ်သည်။

သေတမ်းစာကိုလည်း ကြိုရေးပြီးသား ဖြစ်လေ၏။

အိမ်ရှေ့စံထံသို့ ထီးနန်းလွှဲပြောင်းပေးမည့် အမိန့်တော်အပြင် တုပိုင်နှင့် ပတ်သက်သော အပိုင်းလည်း ပါဝင်လေ၏။

တုပိုင် စစ်ရှုံးပြီး သေဆုံးသွားလျှင်ပင် ဧကရာဇ်သည် တုပိုင်၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတင်နေဦးမည် ဖြစ်သည်။ ရက်မျကြာလာသည်နှင့် သူ့စိတ်နှလုံးသည် တဖြည်းဖြည်းနှင့် ပို၍ ငြိမ်သက်လာလေ၏။

‘လာပါစေ... ဘယ်လောက်ပဲ ဆိုးရွားတဲ့သတင်း ဖြစ်နေပါစေ... လာခဲ့ပါစေ...’

‘ငါ အရာအားလုံးအတွက် ပြင်ဆင်ထားပြီးသားပါ...’

အပြင်ဘက်တွင် အငြိမ်းစား အမတ်ဟောင်းကြီးများသည် စီတန်းကာ ဒူးထောက်နေကြဆဲဖြစ်ပြီး နောက်ဆုံးအချိန် ရောက်လာမည့်အရေးကို စောင့်မျှော်နေကြလေသည်။

ရုတ်တရက် အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာ၏။

စကားလုံးအချို့ကို ဝိုးတဝါး ကြားလိုက်ရသည်။ ‘ပိုင်ဆယ်မြို့စားမင်း တုပိုင်... စစ်တပ်တစ်ခုလုံး ပျက်စီးသွားပြီ...’

ရုတ်တရက် ဒူးထောက်နေကြသော ဆယ်နှင့်ချီသော ဝါရင့်အမတ်ဟောင်းကြီးများသည် တုန်လှုပ်သွားကြပြီး အော်ဟစ်ငိုကြွေးကာ အသည်းအသန် ဦးခိုက်လိုက်ကြတော့သည်။

“ဒုန်း... ဒုန်း... ဒုန်း...”

“ဧကရာဇ်ထိုက်ကျူ... ဧကရာဇ်ထိုက်ကျုံး နဲ့ ကွယ်လွန်သွားတဲ့ ဧကရာဇ်အပေါင်းတို့... မြင်ကြပါရဲ့လား... မြင်ကြရဲ့လား... အရှင်မင်းကြီးက အဲဒီလို လူရွှင်တော်တစ်ယောက်ကို မျက်နှာသာပေးပြီး တိုင်းပြည်ပြုပြင်ရေးကို တားဆီးဖို့အတွက် အဲဒီလို မိန်းမစိုးဂိုဏ်းဝင် ကောင်လေးကို ပြန်လည်အသုံးပြုခဲ့လို့ အခုတော့ အင်ပါယာရဲ့ အနောက်တောင်ပိုင်းဒေသတစ်ခုလုံး ကျဆုံးသွားရပါပြီ...”

“နင်းမျိုးနွယ်စုရဲ့ ဘိုးဘေးတို့... ကောင်းကင်ဘုံကနေ မြင်ကြပါရဲ့လား... အရှင်မင်းကြီးက ဘိုးဘွားပိုင် ထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်ဘဲ မိန်းမစိုးတစ်ယောက်ကို မြို့စားဘွဲ့ ပေးသနားခဲ့ပါတယ်... ပြီးတော့ အသက် နှစ်ဆယ်မပြည့်သေးတဲ့ မိန်းမစိုးလေးတစ်ယောက် လက်ထဲကို အင်ပါယာရဲ့ အနောက်တောင်ပိုင်းတစ်ခုလုံး အပ်နှင်းခဲ့လို့ အခုတော့ ပျက်စီးခြင်း ကပ်ဘေးဆိုက်ရောက်ရပါပြီ...”

“မိန်းမစိုးတွေက ကိစ္စတွေကို ပြောင်းလဲပစ်တယ်... တိုင်းပြည်နဲ့ လူထုကို ဒုက္ခပေးတယ်... တော်ဝင်မိသားစုကို အပြစ်ပေးတယ်... အာဏာကို လက်တစ်လုံးခြား လုပ်တယ်... ပြီးတော့ အင်ပါယာရဲ့ အနောက်တောင်ပိုင်းကို ကျဆုံးစေခဲ့တယ်... အဲဒီလို သစ္စာဖောက်မျိုးကို ဓားတစ်ထောင်နဲ့ မွှန်းပြီး သတ်သင့်ပါတယ်... ထိုက်ကျူ... ထိုက်ကျုံး... ဘိုးဘေးတို့... ကောင်းကင်ဘုံမှာ ဝိညာဉ်ရှိရင် မိုးကြိုးပစ်ချပြီး ဒီမိန်းမစိုးဆိုးကို နှိမ်နင်းပေးတော်မူကြပါ...”

နန်းရင်းဝန် ကျန်းရှီကျစ်သည် ချက်ချင်း ရိုသေစွာ ခေါင်းငုံ့လိုက်ပြီး လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုး တုပိုင်ကို စွဲချက်တင် လျှောက်ထားပါတယ်... သူက တော်ဝင်မိသားစုကို အပြစ်ပေးပြီး တိုင်းပြည်နဲ့ လူထုကို ဒုက္ခပေးခဲ့ပါတယ်... သူ့ကို တရားဥပဒေအတိုင်း စီရင်ပြီး အရှင်လတ်လတ် အရေခွံခွာ ကွပ်မျက်ပေးတော်မူပါ...”

“အရှင်မင်းကြီး... ကျွန်တော်မျိုး တုပိုင်ကို စွဲချက်တင် လျှောက်ထားပါတယ်... သူက တော်ဝင်မိသားစုကို သတ်ဖြတ်ပြီး တိုင်းပြည်နဲ့ လူထုကို ဒုက္ခပေးခဲ့ပါတယ်... သူ့ကို တရားဥပဒေအတိုင်း စီရင်ပြီး ကွပ်မျက်ပေးတော်မူပါ...”

“အရှင်မင်းကြီး... ကျွန်တော်မျိုး တုပိုင်ကို စွဲချက်တင် လျှောက်ထားပါတယ်...”

ပို၍ များပြားသော အမတ်မင်းများသည် ဒူးထောက်ချလိုက်ကြပြီး လက်ထဲတွင် အသနားခံစာများကို ကိုင်ဆောင်လျက် တုပိုင်ကို စွဲချက်တင် လျှောက်ထားကြလေတော့သည်။

ဧကရာဇ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ‘နောက်ဆုံးအချိန် ရောက်လာပြီလား...’

ထို့နောက် သူသည် အင်္ကျီလက်စထဲသို့ လက်နှိုက်လိုက်၏။ ထိုအထဲတွင် သူ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့သော အဆိပ်ရှိနေပြီး စားလိုက်သည်နှင့် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။

သူသည် သူ၏ ဇနီးသည်ကို လွမ်းဆွတ်စွာ ကြည့်လိုက်သည်... တံခါးပေါက်မှတစ်ဆင့် အိမ်ရှေ့စံမင်းသား၏ ကျောပြင်ကို ကြည့်လိုက်သည်... လီလျန်တင်းကို ကြည့်လိုက်သည်... နင်ဇောင်ဝူကို ကြည့်လိုက်သည်...။ ဤသူများသည် သူ့အရင်းနှီးဆုံး လူများပင် ဖြစ်ကြချေ၏။

‘တုပိုင်... ငါတို့ သားအဖနှစ်ယောက်က ကံပါလာပြီးသားပဲ... အတူတူ သွားကြစို့...’ ဧကရာဇ်သည် စိတ်ထဲတွင် ပြုံးလိုက်လေသည်။

သို့သော် ထိုအချိန်၌ပင်... မိန်းမစိုးယွမ်ကျူးသည် ရူးသွပ်မတတ် အော်ဟစ်ကာ အခန်းထဲသို့ ပြေးဝင်လာပြီး အသံဝင်လုနီးပါး ဟိန်းဟောက်လိုက်လေတော့သည်။

“အရှင်မင်းကြီး... မိုးကောင်းကင်က ပေးတဲ့ မဟာသတင်းကောင်းကြီးပါ... မိုးကောင်းကင်က ပေးတဲ့ မဟာသတင်းကောင်းကြီးပါ... ပိုင်ဆယ်မြို့စားမင်း ၊ ပိုင်ဆယ်စီရင်စုမှူး ၊ မဟာစစ်သူကြီး တုပိုင်က စစ်သည် သုံးသောင်းကို ဦးဆောင်ပြီး လီမိသားစုရဲ့ စစ်သည် တစ်သိန်းကို တိုက်ခိုက်ခဲ့ရာမှာ အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်... လီမိသားစုရဲ့ တာ့ယန်ရုပ်သေးတော်ဝင်မိသားစု စစ်သည် တစ်သိန်းလုံး လုံးဝ ချေမှုန်းခံလိုက်ရပါတယ်...”

ထို့နောက် သူက အကျဉ်းချုံး၍ ထပ်ပြောလိုက်သည်။

“မြို့စားမင်းတုပိုင်က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လီမိသားစုရဲ့ စစ်သည်တစ်သိန်းလုံး နီးပါး သေဆုံးခဲ့ပါတယ်... ကျွန်တော်တို့ နိုင်ပါပြီ... ဒါဟာ ပြိုင်ဘက်ကင်းပြီး ခမ်းနားကြီးကျယ်တဲ့ အောင်ပွဲပါ... အရှင်မင်းကြီး... ဒါဟာ တာ့နင်အင်ပါယာရဲ့ မဟာကံကောင်းခြင်းပါပဲ...”

ထိုစကားများ ထွက်ပေါ်လာသောအခါ ခန်းမဆောင်တစ်ခုလုံးသည် သင်္ချိုင်းမြေကဲ့သို့ တိတ်ဆိတ်သွားလေသည်။

ဧကရာဇ်သည် သူ့နားသူပင် မယုံနိုင်အောင် ဖြစ်နေပြီး တစ်ကိုယ်လုံး ရေခဲရိုက်ထားသကဲ့သို့ တောင့်တင်းသွားကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ပေ။

ဤသတင်းက တကယ်ကို ကြီးကျယ်လွန်းလှသည်။ သူ အိပ်မက်မက်ခဲ့သော အကောင်းဆုံးရလဒ်ထက်ပင် များစွာ သာလွန်နေလေသည်။ ဤသတင်းကောင်းက ကြီးမားလွန်းလှသဖြင့် သူ့ကို မူးမေ့လဲကျသွားစေမတတ် ဖြစ်သွားစေသည်။

ထို့ကြောင့် အရာအားလုံးသည် အိပ်မက်တစ်ခု မက်နေသကဲ့သို့ ခံစားနေရသည်။ မိဖုရားခေါင်ကြီး၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး သစ်သားငါးခေါင်း ခေါက်နှုန်းမှာ ပိုမိုမြန်ဆန်လာကာ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာတော့သည်။

“ကျေးဇူးတင်ပါတယ် ဘုရားဘုရား... တုပိုင်လေးကို ကောင်းချီးပေးလို့ ကျေးဇူးတင်ပါတယ် ဘုရား...”

“ကျေးဇူးတင်ပါတယ် နတ်မင်းကြီးတို့... သားလေးတုပိုင်ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံ...”

ရုတ်တရက် အပြင်ဘက်တွင် ဒူးထောက်နေသော ဆယ်နှင့်ချီသော ဝါရင့်အမတ်ဟောင်းကြီးများသည် ဟိန်းဟောက်လိုက်ကြသည်။

“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...”

“တုပိုင်က တိုင်းပြည်နဲ့ လူထုကို ဒုက္ခပေးတဲ့ ကုန်းကုန်းအငယ်စားလေးပဲ... သူက လီမိသားစုရဲ့ စစ်သည်တစ်သိန်းကို ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ...”

“မဖြစ်နိုင်ဘူး... ဒါက တုပိုင် စစ်ရေးသတင်းကို အတုလုပ်ထားတာပဲ... ကျေးဇူးပြုပြီး အမိန့်ချပေးပါ...”

“တုပိုင်ဆိုတဲ့ မိန်းမစိုးဂိုဏ်းက အကောင်က စစ်ရေးသတင်း အတုလုပ်ပြီး ဧကရာဇ်ကို လှည့်စားတယ်... သူ့ကို အရှင်လတ်လတ် အရေခွံခွာ ကွပ်မျက်ပေးပါ...” အပြင်ဘက်ရှိ ဝါရင့်အမတ်ဟောင်းများသည် ဦးခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်ကာ အော်ဟစ်နေကြလေ၏။

“ဒုန်း... ဒုန်း... ဒုန်း...”

သူတို့သည် ထိုသတင်းကို လုံးဝ မယုံကြည်နိုင်ကြချေ။ တုပိုင်က မည်သို့ အနိုင်ရနိုင်မည်နည်း။ ထိုသတင်းက အတု ဖြစ်ရလေမည်။

ဧကရာဇ်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူ၏ မျက်လုံးများ နီရဲနေပြီး ရင်ဘတ်ထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters