အခန်း (၅၁၉)
Vol. 52 Ch. 519
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၁၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
စစ်ပွဲပြီးဆုံးပြီးနောက် ပိုင်ဆယ်မြို့သည် နေ့ရက်တိုင်းလိုလို အလွန်အလုပ်များနေလေ့ရှိသည်။ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ပြီးဆုံးသွားသည့်နောက်တွင် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော မြို့ရိုးသည် နောက်တစ်ကြိမ် အပေါက်အပြဲ ဗရပွဖြစ်ကာ ပျက်စီးသွားပြန်သဖြင့် ထပ်မံ၍ ပြန်လည်တည်ဆောက်ရန် လိုအပ်လာပြန်သည်။
ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း မြှားတိုသန်းပေါင်းများစွာကို အသုံးပြုခဲ့ရသဖြင့် ယခုအခါတွင် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေပြီ ဖြစ်သည်။ ကံကောင်းသည်မှာ အသုံးပြုပြီးသား မြှားတိုများ၏ ဆယ်ပုံသုံးပုံမှ ဆယ်ပုံလေးပုံခန့်ကို ပြန်လည်ကောက်ယူ အသုံးပြုနိုင်ခြင်းပင် ဖြစ်၏။ အချို့မြှားများမှာ ပြန်လည်ပြုပြင်ရန် လိုအပ်နေသော်လည်း အနည်းဆုံး ဆယ်ပုံရှစ်ပုံမှ ဆယ်ပုံကိုးပုံအထိကို ပြန်လည်အသုံးပြုနိုင်လေသည်။
ကျောက်တုံးများနှင့် သစ်လုံးများကိုလည်း အတိုင်းအတာတစ်ခုအထိ ပြန်လည်အသုံးပြုနိုင်သည်။ သို့သော် သစ်လုံးအများစုမှာ မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် သစ်တောထူထပ်သော ကွမ်ရှီးဒေသဖြစ်သည့်အတွက် လိုအပ်သလောက်ကို ခုတ်ယူသုံးစွဲနိုင်လေ၏။
တုပိုင်သည် နေ့စဉ် အချိန်သုံးပုံတစ်ပုံကို ကျင့်ကြံခြင်း၌ အသုံးပြုပြီး အခြားအချိန် သုံးပုံတစ်ပုံကို ဒဏ်ရာရလူနာများထားရှိရာ စခန်းတွင် ကုန်ဆုံးကာ ဒဏ်ရာရစစ်သည်များကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးလေ၏။
ထိုအရာသည် ဟန်ပြသက်သက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သူသည် ဒဏ်ရာရစစ်သည်များ၏ စခန်းတွင် နာရီပေါင်းများစွာ နေထိုင်ပြီး စစ်သည်များ၏ ဒဏ်ရာများကို ကိုယ်တိုင် ချုပ်ပေးလေ့ရှိသည်။ ဒဏ်ရာရောင်ရမ်းကာ နာကျင်နေသော စစ်သည်အချို့ကို စိတ်အာရုံချောက်ခြားစေသော ကျောက်တုံးမှုန့် ပမာဏအနည်းငယ်အား ပေးလိုက်၏။ ထိုအရာသည် အလွန်ကောင်းမွန်သော အကိုက်အခဲပျောက်ဆေး ဖြစ်သော်လည်း စွဲလမ်းစေတတ်သည့် အာနိသင်လည်း ပြင်းထန်လေသည်။
တုပိုင်နှင့် အလွန်ကျွမ်းကျင်သော သမားတော်အဖွဲ့၏ ကုသပြုစုမှုအောက်တွင် ဒဏ်ရာရစစ်သည်များသည် အလွန်လျင်မြန်စွာ ပြန်လည်သက်သာလာကြပြီး မကြာမီအချိန်အတွင်း စစ်မြေပြင်သို့ ပြန်လည်ဝင်ရောက်နိုင်တော့မည်ဟု ယုံကြည်ရသည်။
တုပိုင်သည် ဤစစ်တပ်ကို ဦးစွာပိုင်ဆိုင်ခွင့်ရရှိစဉ်က ဤစစ်သည်များသည် မြို့စားမင်းလေး ငါးပါး၏ အမိန့်ကိုသာ သီးခြားစီ နာခံကြပြီး တုပိုင်၏ စစ်အာဏာကို ကျော်လွန်သွားမည်ကို စိုးရိမ်ခဲ့ဖူးသည်။
သို့သော် ယခုအခါတွင် ထိုစိုးရိမ်မှုများသည် ပိုနေမြဲ ကျားနေမြဲ ဖြစ်သွားလေ၏။ ဤစစ်တပ်သည် ပြိုင်ဘက်ကင်းသော ဂုဏ်သိက္ခာကို တန်ဖိုးထားကြပြီး သစ္စာစောင့်သိမှုသည် ဂုဏ်သိက္ခာ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
တုပိုင်အနေဖြင့် လူထု၏ ဆန္ဒနှင့် ဆန့်ကျင်သော ကိစ္စရပ်များကို မလုပ်ဆောင်သရွေ့ ဤစစ်တပ်သည် သူ့အား ကြီးမြတ်သော မဟာမြို့စားမင်းအဖြစ် အမြဲတမ်း သစ္စာစောင့်သိနေကြမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ... မကြာသေးမီက တုပိုင်ပြုလုပ်ခဲ့သော လုပ်ရပ်တိုင်းသည် သူတို့၏ လေးစားကြည်ညိုမှုကို ရူးသွပ်မတတ် ရရှိစေခဲ့သည်။
သူ၏ မသေနိုင်သော အံ့ဖွယ်ဖြစ်ရပ်နှင့် ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများကြောင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များအားလုံးသည် တုပိုင်အား နဂါးနတ်ဘုရား ပူးကပ်စီးနင်းထားသည်ဟု ယုံကြည်နေကြလေသည်။
ထို့အပြင် နေ့စဉ် ဒဏ်ရာရစစ်သည်များကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးမှုကြောင့် သူသည် စစ်သည်အားလုံးနီးပါး၏ ချစ်ခင်မြတ်နိုးမှုကို ရရှိထားလေ၏။
ဤနေရာသည် ပိုင်ဆယ်မြို့ဖြစ်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော် မဟုတ်ချေ။ ထို့ကြောင့် မြို့စားမင်းလေး ငါးပါး၏ အခန်းကဏ္ဍသည် စစ်တပ်၏ စစ်သူကြီးများအဖြစ်မှ စစ်တပ်၏ တပ်မှူးများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။
ကျန်ရှိသော အချိန်သုံးပုံတစ်ပုံတွင် တုပိုင်သည် စစ်ခုန်းယဲ့၏ စမ်းသပ်ခန်း၌ ရှိနေတတ်သည်။ မကြာသေးမီက စစ်ခုန်းယဲ့သည် စမ်းသပ်မှုများ ပြုလုပ်ခြင်းကို ရပ်တန့်ထားပြီး အကန့်အသတ်မဲ့ လွတ်လပ်သော တွေးခေါ်မှုနယ်ပယ်ထဲသို့ ဈာန်ဝင်စားသကဲ့သို့ နစ်မြုပ်နေတတ်သည်။
သူသည် တွေးတောရင်းဖြင့် တစ်ယောက်တည်း ရေရွတ်နေတတ်ရာ တုပိုင်တစ်ယောက်တည်းသာလျှင် သူ၏ တစ်ကိုယ်တည်းစကားများကို နားလည်နိုင်လေသည်။ ထို့အပြင် တုပိုင်သည် စစ်ခုန်းယဲ့၏ မရေမတွက်နိုင်သော အတွေးများထဲမှ ဉာဏ်ကွန့်မြူးမှု အချို့ကို ရှာဖွေပေးနိုင်ပြီး စစ်ခုန်းယဲ့အတွက် တိကျမှန်ကန်သော ဦးတည်ချက်ကို လမ်းပြပေးနိုင်လေသည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ တုပိုင်ရှိနေသရွေ့ စစ်ခုန်းယဲ့သည် သူ့ကို မှီခိုအားထားလာရပြီး စစ်ခုန်းယဲ့၏ ဦးနှောက်သည် အလွန်တောက်ပလာကာ ပါရမီရှင်ဆန်သော စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်နိုင်လာလေသည်။ တုပိုင် မရှိသည့်အချိန်များတွင်မူ သူ၏ တွေးခေါ်မှုများသည် ဂနာမငြိမ် ဖြစ်လာတတ်လေ၏။
စစ်ခုန်းယဲ့သည် ပါရမီရှင် ပညာရှင်တစ်ဦး ဖြစ်သော်လည်း လုံခြုံမှုမရှိဟု ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသော ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။
တုပိုင်၏ နှစ်သိမ့်ပေးမှုနှင့် လမ်းညွှန်မှုအောက်တွင် သူသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း ရောက်ရှိလာပုံရသည်။ မှန်ကန်စွာ ဆက်လက်လျှောက်လှမ်းပြီး အတွေ့အကြုံများ စုဆောင်းနေသရွေ့ တစ်နေ့တွင် သူသည် အံ့မခန်းဖွယ်ရာ ရလဒ်များကို ရုတ်တရက် ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။
**--**--**--**--**--**--**--**
လက်ရှိတွင်တော့ တုပိုင်သည် အလွန်အရေးကြီးသော အစည်းအဝေးတစ်ခုကို ကျင်းပနေပြီး အဆင့်မြင့်အရာရှိအားလုံး မဖြစ်မနေ တက်ရောက်ကြရလေသည်။
ဆွေးနွေးရန် ခေါင်းစဉ်တစ်ခုတည်းသာ ရှိသည်။ စစ်တပ်ကို ချဲ့ထွင်သင့်သည်လားယ အကယ်၍ စစ်တပ်ကို ချဲ့ထွင်မည်ဆိုပါက မည်သည့်နေရာမှ လူသစ်စုဆောင်းမည်နည်း။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှလား ၊ သို့မဟုတ် ပြင်ပမှလား။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “စစ်တပ်ချဲ့ထွင်ဖို့က မဖြစ်မနေ လုပ်ရမယ့်ကိစ္စလို့ ကျွန်မ ထင်ပါတယ်... ကျွန်မတို့က လီရူဟုရဲ့ စစ်သည် တစ်သိန်းကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လီမိသားစုရဲ့ တာ့ယန်ရုပ်သေးနိုင်ငံမှာ အနည်းဆုံး စစ်သည် လေးသိန်းလောက် ကျန်နေသေးတယ်... ဟုတ်ပါတယ်... သူတို့က စစ်သည် လေးသိန်းလုံးကို ထုတ်သုံးနိုင်မှာ မဟုတ်ပေမဲ့ အနည်းဆုံး စစ်သည် နှစ်သိန်းခွဲလောက်ကိုတော့ ပိုင်ဆယ်မြို့ကို တိုက်ခိုက်ဖို့ အသုံးပြုလာနိုင်ပါတယ်...”
ထိုသည်က အမှန်တရားပင် ဖြစ်လေ၏။
မင်းသမီးယွီကျိန်းက ဆက်ပြောလိုက်၏။ “ရုပ်သေးဘုရင် လီရူဟိုင်က စစ်သည် နှစ်သိန်းခွဲ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အင်အားနဲ့ ပိုင်ဆယ်မြို့ကို လာတိုက်ရင် ကျွန်မတို့ရဲ့ စစ်သည် သုံးသောင်းကျော်က တားဆီးနိုင်ပါ့မလား...”
တားဆီးနိုင်မည် မဟုတ်ကြောင်း သံသယဖြစ်စရာ မလိုပေ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် မည်မျှပင် စွမ်းအားကြီးမားပါစေ တစ်ယောက်လျှင် ဆယ်ယောက်နှုန်းဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
မင်းသမီးယွီကျိန်းက ဆက်ပြောလိုက်သည်။ “ထောက်လှမ်းရေးသတင်းတွေအရ လီမိသားစုရဲ့ ပင်မတပ်မတော်ကြီးက ကွေ့ကျိုးပြည်နယ်ကို သိမ်းပိုက်တဲ့စစ်ပွဲ ပြီးဆုံးသွားပြီလို့ သိရပါတယ်... မကြာခင်မှာ ရုပ်သေးအိမ်ရှေ့စံ လီကျန့်က စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး တပ်ပြန်လှည့်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်... ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး... စစ်တပ်ကို ချက်ချင်း ချဲ့ထွင်ရပါမယ်...”
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “စစ်တပ်ချဲ့ထွင်ဖို့ ကျွန်မ သဘောတူပါတယ်... ကျွန်မအဖေ ပိုင်ဆယ်မြို့မှာ ရှိတုန်းက စစ်သည် တစ်သောင်း စုဆောင်းခဲ့ဖူးပါတယ်... ဒါ့အပြင် အပြာရောင်နဂါးဂိုဏ်းရဲ့ တပည့်အများအပြားကလည်း ဘေးအန္တရာယ်ကို ရှောင်ရှားဖို့ ကျေးလက်ဒေသတွေဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်... ဒါတင်မကသေးဘဲ ဒီပတ်ဝန်းကျင်က မိုင်ရာချီဝေးတဲ့ တောင်တန်းတွေထဲမှာ အလွန်ထူးချွန်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ ပုန်းအောင်းနေတယ်ဆိုတာကိုလည်း ကျွန်မတို့ သိထားပါတယ်...”
ယင်းမှာ မိုမိသားစု၏ အင်အားဟောင်းများ ဖြစ်ကြောင်း တုပိုင် ကောင်းစွာ သိရှိလေသည်။
လွန်ခဲ့သော နှစ်များက မိုမိသားစု ရှုံးနိမ့်ခဲ့ပြီးနောက် လူဦးရေ နှစ်သောင်း ၊ သုံးသောင်းခန့်သည် တောင်တန်းများထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။ ထိုလူများသည် ယခုအခါ တောတောင်များကို အစိုးရသော ဘုရင်များအဖြစ် သီးခြားနေထိုင်နေကြခြင်း ဖြစ်သည်။
ထိုအခိုက် ဖူဟုန်ပင်းက ဝင်မေးလိုက်၏။ “သခင်လေး... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ...”
တုပိုင်က ခေါင်းညိတ်၍ ခွင့်ပြုလိုက်သည်။ “မေးပါ...”
ဖူဟုန်ပင်းက ပြောလိုက်သည်။ “ပထမအချက်က... သခင်လေး စစ်သည်အင်အား ဘယ်လောက် လိုချင်တာလဲ... ဒုတိယအချက်က... နယ်မြေအကျယ်အဝန်း ဘယ်လောက် လိုချင်တာလဲ...”
ဤမေးခွန်းသည် အလွန်တိုက်ရိုက်ဆန်လွန်းလှသည်။ အထူးသဖြင့် ဒုတိယမေးခွန်းကြောင့် တုပိုင် ချက်ချင်း ဖြေကြားရန် အနည်းငယ် ခက်ခဲသွားရလေ၏။
အချိန်ခဏ ကြာပြီးနောက် တုပိုင် ပြန်ဖြေလိုက်သည်။ “ငါ အနည်းဆုံး စစ်သည်အင်အား တစ်သိန်း လိုအပ်တယ်... လီမိသားစုကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ လိုအပ်တယ်... နောက်ဆုံး ရည်မှန်းချက် နယ်မြေကတော့ ပြည်နယ်တစ်ခုစာလောက် ဖြစ်သင့်တယ်... လီမိသားစုရဲ့ နယ်မြေထဲမှာ လျှို့ဝှက်ရွှေတွေ ၊ ဖယောင်းပုဆိုးတွေ နဲ့ တွင်းထွက်ဆားတွေ ရှိတယ်... အဲဒါတွေက ပြည်နယ်တစ်ခုလုံးက ပြည်သူတွေကို ကြွယ်ဝချမ်းသာစေဖို့ လုံလောက်သလို စစ်သည် တစ်သိန်းကို ကျွေးမွေးထားဖို့လည်း လုံလောက်ပါတယ်...”
ဖူဟုန်ပင်းက ပြောလိုက်သည်။ “နှစ်ပေါင်းရာချီ စုဆောင်းထားခဲ့တဲ့အတွက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ သံချပ်ကာတွေ ၊ လက်နက်တွေ ၊ ရိက္ခာတွေနဲ့ ကြီးမားတဲ့ ပစ္စည်းအင်အားတွေ အလုံအလောက် ရှိပါတယ်... ပြီးတော့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က စစ်သည်အင်အား အစားထိုးဖြည့်တင်းမှုကို အမြဲတမ်း အလေးထားခဲ့ပါတယ်... အစက ကျွန်တော်တို့ဆီမှာ အရံတပ်သား သုံးသောင်း အပြည့်ရှိခဲ့ပါတယ်... ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က သားရဲဆန်းတွေ မြေအောက်မြို့တော်ကို ဝင်ရောက်တိုက်ခိုက်တုန်းက အရံတပ်သား တစ်သောင်း ဆုံးရှုံးခဲ့ရပြီး အခုတော့ နှစ်သောင်းပဲ ကျန်ပါတော့တယ်...”
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဖူဟုန်ပင်းက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ဒီစစ်သည်တွေက အရမ်း ငယ်ရွယ်လွန်းပြီး အရွယ်မရောက်ကြသေးပါဘူး... ပြီးတော့ သူတို့အားလုံးက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေပါ...”
တုပိုင် ခေါင်းညိတ်လိုက်၏။
ဖူဟုန်ပင်း၏ ဆိုလိုရင်းမှာ အလွန်ရှင်းလင်းလှသည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရံတပ်သား နှစ်သောင်းကို ထုတ်ပေးနိုင်သော်လည်း အကယ်၍ သူတို့အားလုံးသာ ကျဆုံးသွားခဲ့လျှင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်အတွက် အနာဂတ် ရှိတော့မည် မဟုတ်ပေ။
မွေးစားအဖေ လီဝမ်ဟွေ့က ဝင်ပြောလိုက်၏။ “အရင်တုန်းက ကွမ်ရှီးပြည်နယ်မှာ ၊ အထူးသဖြင့် ပိုင်ဆယ်မြို့ဝန်းကျင်မှာ သိုင်းဂိုဏ်းအများအပြား ရှိခဲ့ဖူးတယ်... ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာက မြေကမ္ဘာအက်ကွဲကြောင်းရဲ့ နက်ရှိုင်းတဲ့အပိုင်းနဲ့ နီးကပ်နေလို့ သိုင်းပညာရှင်တွေ အထူးပေါများကြတာ... ဒါပေမဲ့ လီမိသားစုနဲ့ ထျန်တောက်အဖွဲ့တို့ကြောင့် ဒီနေရာက သိုင်းဂိုဏ်းတွေ ပျက်စီးသွားရတယ်။ ဒါပေမဲ့ အဲဒီသိုင်းသမားတွေ လုံးဝ သေဆုံးသွားတာတော့လည်း မဟုတ်ဘူး... အများစုက သာမန်ပြည်သူတွေလို ဟန်ဆောင်ပြီး လူထုကြားထဲမှာ ပုန်းနေကြတုန်းပဲ..”
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team