အခန်း (၅၂၀)
Vol. 52 Ch. 520
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထို့နောက် လီဝမ်ဟွေ့က အေးစက်သော အကြည့်ဖြင့် ပြောလိုက်သည်။ “စစ်တပ်ချဲ့ထွင်ချင်တယ်ဆိုရင် ဒီလူတွေအားလုံးကို အတင်းအကျပ် ဆွဲထုတ်ဖို့ လိုအပ်တယ်...”
အတင်းအကျပ် ဆွဲထုတ်မည်လား။
တုပိုင်က မေးလိုက်၏။ “မွေးစားအဖေ... ဆက်ပြောပေးပါ...”
လီဝမ်ဟွေ့က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “ဖမ်းရမယ်... တိုက်ရိုက်ကို ဖမ်းရမယ်... အဲဒီသိုင်းသမားတွေရဲ့ မိသားစုဝင်အားလုံးကို ဖမ်းဆီးရမယ်... မိသားစုဝင်တွေကို ပိုင်ဆယ်မြို့မှာ ခေါ်ထားပြီး သူတို့ကို လုံလောက်တဲ့ ဘဝတစ်ခု ပေးထားမယ်... ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့က ဓားစာခံတွေ ဖြစ်နေလိမ့်မယ်...”
တုပိုင်သည် လွတ်မြောက်ရေးစစ်ပွဲမှ ဆရာသခင်များကို မတွေးမိဘဲ မနေနိုင်တော့ချေ။
သို့သော် ဤနည်းလမ်းသည် တုပိုင်၏ ဂုဏ်သိက္ခာကို ကောင်းမွန်စေမည် မဟုတ်ပေ။ သူသည် အိမ်ထဲသို့ အတင်းဝင်ရောက်ပြီး သိုင်းသမားများ၏ မိသားစုကို ဖမ်းဆီးကာ စစ်ထဲဝင်ရန် အတင်းအကျပ် ဖိအားပေးခြင်း ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် အချိန်မရှိတော့ချေ။ တုပိုင်အနေဖြင့် လူထု၏ စိတ်နှလုံးကို သိမ်းပိုက်ရန် ဟန်ဆောင်နေဖို့ အချိန်မရှိတော့ချေ။ လီမိသားစုကို သတ်ဖြတ်ပြီးသောအခါမှသာ လူထု၏ စိတ်နှလုံးကို ဝယ်ယူရန် အချိန်ရှိပေလိမ့်မည်။
တုပိုင်က မေးလိုက်သည်။ “မွေးစားအဖေ... အဖေက ကွမ်ရှီးအရှေ့ဘက်ကွပ်ကဲရေးရုံးကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တော့ ဒီနေရာက သိုင်းဂိုဏ်းတွေအကြောင်း ကောင်းကောင်း သိမှာပါ... သိုင်းသမား ဘယ်လောက်လောက်ကို စစ်တပ်ထဲ ဝင်အောင် ဖမ်းဆီးနိုင်မယ်လို့ ထင်သလဲ...”
လီဝမ်ဟွေ့က မေးလိုက်သည်။ “နယ်စပ်ဖြတ်ကျော်မှာလား...”
ထိုစကားထွက်လာသည်နှင့် တုပိုင်သည် သူ့ကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။
နယ်စပ်ဖြတ်ကျော်ခြင်း ဆိုသည်မှာ ကိုယ်ခန္ဓာကျော်ဖြတ်ခြင်း သက်သက်မဟုတ်ဘဲ အခြားတိုင်းပြည်များအတွင်းသို့ပါ နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ဆိုလိုသည်။
တုပိုင်က ပြောလိုက်၏။ “နယ်စပ်ဖြတ်ကျော်ရတာ ကိစ္စမရှိပါဘူး... ကျွန်တော်တို့စစ်တပ်ရဲ့ ဩဇာအာဏာ သက်ရောက်နိုင်သရွေ့ လုပ်လို့ရပါတယ်...”
“တစ်သောင်းခွဲ...” လီဝမ်ဟွေ့က တဲ့တိုးပင် ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလူတွေက သိုင်းဂိုဏ်းက သိုင်းသမားတွေ ဖြစ်ပြီး စစ်သားတွေ မဟုတ်ကြဘူး... စစ်တပ်ထဲကို ဖမ်းခေါ်လာပြီးရင် သူတို့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးရလိမ့်မယ်...”
ဖူဟုန်ပင်းက ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး... ကျွန်မတို့ရဲ့ စစ်သည်တိုင်းက အကောင်းဆုံး နည်းပြတွေပါပဲ...”
လီဝမ်ဟွေ့က ခေါင်းညိတ်၍ မေးလိုက်သည်။ “ငွေကြေး ၊ ရိက္ခာ ၊ လက်နက်နဲ့ သံချပ်ကာ... အားလုံး အသင့်ရှိရဲ့လား...”
ဖူဟုန်ပင်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်ဖး။ “သခင်ကြီးလီ... ကျွန်မတို့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ နှစ်တိုင်း ပိုလျှံနေတဲ့ ပစ္စည်းတွေ ရှိပါတယ်... ဒါပေမဲ့ အောက်ခြေလူတန်းစားတွေရဲ့ လုပ်အားခွန်အားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူတို့ရဲ့ ဘဝတွေကို အမြဲတမ်း ကြပ်မတ်ထားခဲ့ပါတယ်... ဒါကြောင့် ကျွန်မတို့ဆီမှာ စစ်ပစ္စည်းတွေ တောင်လိုပုံနေပေမဲ့ အရပ်သားတွေအတွက်ကတော့ စားဝတ်နေရေး ဖူလုံရုံလောက်ပဲ ရှိပါတယ်...”
ဤသည်မှာ တကယ့်ကို ထိပ်သီးအစည်းအဝေးပင် ဖြစ်ချေ၏။ ပွင့်လင်းလွန်းသဖြင့် ကြောက်စရာပင် ကောင်းလှသည်။ ဟန်ဆောင်မှု တစ်ဝက်မျှပင် မပါဘဲ အုပ်စိုးသူလူတန်းစား၏ အစစ်မှန်ဆုံး စကားများသာ ဖြစ်ပေသည်။
မွေးစားအဖေက လူတွေနှင့် တခြားသူတွေရဲ့ မိသားစုတွေကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ဖို့ ပြောနေ၏။ ဖူဟုန်ပင်းသည်လည်း အမြင့်ဆုံး ကုန်ထုတ်စွမ်းအား ရရှိရန် အရပ်သားများအား မည်သို့ ခေါင်းပုံဖြတ်ထားသည်နည်း ဆိုသည်ကို ပြောနေပြန်သည်။
“ဒါကြောင့်...” ဖူဟုန်ပင်းက ဆက်ပြောလိုက်သည်။ “သခင်လေးဆီမှာ စစ်သည် တစ်သိန်း ရှိလာရင်တောင် ကျွန်မတို့ သိုလှောင်ထားတဲ့ ရိက္ခာနဲ့ ပစ္စည်းတွေက ဒီစစ်တပ်ကို နှစ်နှစ် ၊ သုံးနှစ်လောက် ထောက်ပံ့ထားဖို့ လုံလောက်ပါတယ်...”
‘သောက်ကျိုးနည်း...’
တုပိုင် ပြောလိုက်သည်။ “ကောင်းပြီ... စစ်တပ်ချဲ့ထွင်ဖို့အတွက် လူသစ်စုဆောင်းနိုင်တဲ့ လမ်းကြောင်း သုံးခု ရှိတယ်...”
“ပထမအချက်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က အရံတပ်သားတွေ... ဒုတိယအချက်က လီမိသားစု ဖျက်ဆီးလိုက်တဲ့ သိုင်းဂိုဏ်းတွေကနေ ပြန့်ကျဲသွားတဲ့ သိုင်းသမားတွေ... တတိယအချက်ကတော့ မိုစော်ဘွားရဲ့ လက်ကျန်အင်အားစုတွေ ၊ တစ်နည်းအားဖြင့် တောင်တန်းတွေထဲမှာ ပြန့်ကျဲနေတဲ့ ဓားပြဂိုဏ်းခေါင်းဆောင်တွေပဲ...”
တုပိုင်က မေးလိုက်သည်။ “အရင်ဆုံး တတိယ လမ်းကြောင်းဖြစ်တဲ့ မိုမိသားစုရဲ့ လူဟောင်းတွေ ၊ အဲဒီ တောင်ပေါ်ဓားပြတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ...”
ပြိုင်ဘက်ကင်း မြေအောက်မြို့တော် သခင်လေးက ပြောလိုက်သည်။ “တိုက်ခိုက်သိမ်းပိုက်မယ်...”
လီဝမ်ဟွေ့က ပြောလိုက်သည်။ “တိုက်ခိုက်သိမ်းပိုက်မယ်...”
ဖူဟုန်ပင်းက ပြောလိုက်သည်။ “တိုက်ခိုက်သိမ်းပိုက်မယ်...”
ဤအုပ်စိုးသူလူတန်းစား အုပ်စုသည် ရက်စက်လွန်းလှပေသည်။ မည်သူကမျှ စည်းရုံးသိမ်းသွင်းမည်ဟု မပြောကြ ၊ မည်သူကမျှ ရိက္ခာနှင့် ရွှေများကို အသုံးပြုပြီး ဝယ်ယူမည်ဟု မပြောကြဘဲ တိုက်ခိုက်မည်ဟုသာ တိုက်ရိုက် ပြောဆိုကြလေသည်။
လီဝမ်ဟွေ့က ပြောလိုက်သည်။ “အဲဒီ ဓားပြခေါင်းဆောင်တွေကို သတ် ၊ စစ်သားတွေ စုဆောင်း ၊ ပြီးတော့ စစ်တပ်ထဲသွင်းပြီး အရည်အချင်းပြည့်မီတဲ့ စစ်သားတွေ ဖြစ်လာတဲ့အထိ ရူးသွပ်မတတ် ပြောင်းလဲပစ်ရမယ်...”
“သဘောတူတယ်...”
“သဘောတူတယ်...”
“သဘောတူတယ်...”
တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ... စစ်တပ်ချဲ့ထွင်မယ့် စီမံကိန်းကတော့ ဒါပါပဲ...”
ဤသည်မှာ စည်းလုံးညီညွတ်သော အစည်းအဝေးတစ်ခု ဖြစ်သလို အောင်ပွဲခံသော အစည်းအဝေးတစ်ခုလည်း ဖြစ်လေ၏။
မင်းသမီးယွီကျိန်းသည် သဘာဝအတိုင်း ဖြောင့်မတ်သူဖြစ်၍ ဤအခြေအနေကို အမှန်တကယ်ပင် နေသားမကျ ဖြစ်နေသည်။ သခင်ကြီး လီဝမ်ဟွေ့ ၊ သခင်မ ဖူဟုန်ပင်း ၊ မြို့စားမင်းလေး ကျီ နှင့် တုပိုင်တို့သည် အပြင်ပန်းတွင် အလွန်ဖြောင့်မတ်ပုံ ရသော်လည်း လက်တွေ့ လုပ်ဆောင်သည့် နည်းလမ်းများကမူ ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
ထိုအချိန်၌ပင် အပြင်ဘက်မှ စစ်သည်တစ်ဦး၏ အသံ ထွက်ပေါ်လာလေ၏။
“သခင်လေး... မြို့ပြင်မှာ လူတစ်ယောက် ရောက်နေပါတယ်... ကြည့်ရတာ... တာ့ယန်ဘုရင် လီရူဟိုင်နဲ့ တူပါတယ်...” သူ့အသံသည် အနည်းငယ် တုန်ယင်နေလေသည်။
တုပိုင် အံ့အားသင့်သွားပြီး မြို့ရိုးပေါ်သို့ လမ်းလျှောက်သွားလိုက်ရာ မြို့ပြင် လီအနည်းငယ်ခန့် အကွာတွင် မြင်းစီးသမား ဆယ်နှင့်ချီသော လူစုကို တွေ့လိုက်ရလေသည်။
ဦးဆောင်သူသည် မီးကဲ့သို့ နီရဲနေသော ဝတ်ရုံနှင့် ရွှေရောင်သရဖူကို ဝတ်ဆင်ထားပြီး တောင်ကြီးတစ်လုံး ၊ ဓားတစ်စင်းကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါ ရှိလေသည်။
သူ့နောက်မှ လူအများအပြားသည်လည်း ထိပ်တန်းကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပြီး သူတို့ ကိုင်ဆောင်ထားသော အလံမှာ တာ့ယန်ဘုရင်၏ အလံတော် ဖြစ်လေသည်။
သူ ချက်ချင်း မှင်သက်သွားရလေ၏။
တာ့ယန်တိုင်းပြည်၏ ဘုရင် လီရူဟိုင်သည် လူအနည်းငယ်ဖြင့် သူ့ပိုင်ဆယ်မြို့ပြင်သို့ ဤမျှ ခမ်းနားစွာ ရောက်ရှိလာခဲ့သည်တဲ့လား။
တုပိုင် မေးလိုက်သည်။ “အိပ်မက်စနစ်... ငါ့ဘက်က စစ်သည်အင်အားတွေအားလုံးကို စုစည်းလိုက်ရင် အခု လီရူဟိုင်ကို သတ်လို့ရမလား...”
အိပ်မက်စနစ်က ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး... သူ့ရဲ့ သိုင်းပညာက မင်း စိတ်ကူးလို့မရနိုင်တဲ့ အဆင့်ကို ရောက်နေပြီ...”
ဆိုလိုသည်မှာ လီရူဟိုင်သည် လူတစ်သောင်းကို အနိုင်တိုက်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ အကယ်၍ သူထွက်သွားချင်ပါက မည်သူကမျှ တားဆီး၍ မရနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
တုပိုင် တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “ဘာလို့လဲဟ... အရင်တုန်းက သူက မဟာဆရာသခင်ကြီးနင်ရဲ့ ပြိုင်ဘက်တောင် မဟုတ်တာကို...”
အိပ်မက်စနစ်က တိတ်ဆိတ်နေလေသည်။
တုပိုင်က မေးလိုက်သည်။ “အင်း... အိပ်မက်စနစ်... မင်းကြောင့်များလား...”
အိပ်မက်စနစ်သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး စကားပြန်ပြောမည့် အရိပ်အယောင် မရှိတော့ပေ။
ထိုအချိန်၌ပင်...
“ဂျိမ်းးး... ဂျိမ်းးး...”
ပိုင်ဆယ်မြို့တစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေ၏။
‘သောက်ကျိုးနည်း... သူ့သိုင်းပညာက ဒီလောက်တောင် မြင့်မားနေတာလား...’
“တုပိုင်... လာခဲ့... ငါကိုယ်တော်နဲ့ စကားပြောရအောင်...” လီရူဟိုင်က ပြောလိုက်သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် တာ့နင်နန်းတော်အတွင်း၌... ဝါရင့်အမတ်ဟောင်းကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ဦးခိုက်နေကြပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေကြလေသည်။
“အရှက်မဲ့တဲ့ တုပိုင်က မတိုက်ဘဲ ထွက်ပြေးသွားတာ သေချာတယ်... ပြီးတော့ စစ်ရေးသတင်းကို လိမ်ညာတင်ပြတာပဲ... စစ်ရှုံးသွားခဲ့ပေမဲ့ အနိုင်ရတယ်လို့ ပြောတယ်... သူ့စစ်တပ်တစ်ခုလုံး ပျက်စီးသွားပေမဲ့ လီမိသားစုရဲ့ စစ်တပ်တစ်ခုလုံး ပျက်စီးသွားတယ်လို့ ပြောနေတယ်...”
“တုပိုင်ဆိုတဲ့ သင်းကွပ်ထားတဲ့ သူခိုးကောင်က တိုင်းပြည်နဲ့ လူထုကို ဒုက္ခပေးတယ်... ဧကရာဇ်ကို လှည့်စားတယ်... ဒီသူခိုးကောင်ကို မရှင်းလင်းရင် ကောင်းကင်ဘုံက ခွင့်လွှတ်မှာ မဟုတ်ဘူး...”
“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုနဲ့ လိုက်လျောမှုတွေကြောင့် တုပိုင်ဆိုတဲ့ ဒီသူခိုးကောင်က ဒီလောက်ထိ ရူးသွပ်လာရတာပါ...”
ဤဝါရင့်အမတ်ဟောင်းကြီးများသည် တုပိုင်ကို အလွန်အမင်း ဒေါသထွက်နေကြပြီး နှုတ်ဖျားမှ အဆိပ်လူးမြှားများ ပစ်လွှတ်နေသကဲ့သို့ ပက်ပက်စက်စက် ရစရာမရှိအောင်ကို ပြောဆိုနေကြလေ၏။
မည်သို့ပင်ဆိုစေကာမူ တုပိုင်ဆိုသော သင်းကွပ်ထားသည့် ခွေးငယ်လေးက လီမိသားစု၏ စစ်သည် တစ်သိန်းကို အနိုင်ယူနိုင်သည် ဆိုတာကို သူတို့ လုံးဝ မယုံကြည်နိုင်ကြပေ။ အသက် ဆယ့်ကိုးနှစ်အရွယ် မိန်းမစိုးလေး ရှောင်က အခြေအနေကို ပြောင်းလဲပစ်နိုင်သည်လား။ လာနောက်နေသည်လား။
ထို့နောက် ထိုဝါရင့်အမတ်ဟောင်းကြီးများသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ကြပြီး အတွင်းသို့ အတင်းဝင်ရောက်သွားကြလေသည်။
“ဘိုးဘေးတို့နဲ့ မိသားစု ဥပဒေတွေကို ဖိတ်ခေါ်ပါတယ်... မိန်းမစိုးတုပိုင်ကို အပြစ်ပေးတော်မူပါ...”
“အရှင်မင်းကြီး... သစ္စာဖောက်တွေကို အပြစ်ပေးပါ...”
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၂၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team