← Chapters

အခန်း (၅၂၁)

Vol. 53 Ch. 521

အခန်း (၅၂၁)

Vol. 53 Ch. 521

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အစိုးရအဖွဲ့ဝန်ကြီး ကျန်းရှီကျစ်သည် မိန်းမစိုးယွမ်ကျူး၏ စကားကို ကြားလိုက်သောအခါ မူးမေ့လဲကျလုနီးပါး ဖြစ်သွားလေ၏။

သူသည် ဤဝါရင့်အမတ်ဟောင်းကြီးများနှင့် မတူပေ။ ဤစစ်ရေးသတင်းသည် အမှန်တကယ် ဖြစ်နိုင်သည်ဟု ယုံကြည်သည်။ သူသည် တုပိုင်ကို မည်မျှ အစွမ်းထက်ကြောင်း ယုံကြည်၍ မဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်ပါက တုပိုင်အနေဖြင့် ဤမျှကြီးမားသော မုသားစကားကို ပြောရန် အဓိပ္ပာယ်မရှိသောကြောင့် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဤဝါရင့်အမတ်ဟောင်းကြီးများသည် အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားနေကြသည်ကို မြင်လိုက်ရ၏။

ရုတ်တရက်ဆိုသလိုပင် သူ၏ အတွေးအမြင်များ နုံအခဲ့ကြောင်း နားလည်လိုက်လေသည်။

ထင်ရှားသည်မှာ ဤဝါရင့်အမတ်ဟောင်းကြီးများသည် တုပိုင်ဆိုသော သင်းကွပ်ထားသည့် ခွေးငယ်လေးက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး လီမိသားစု၏ စစ်သည် တစ်သိန်းကို ချေမှုန်းနိုင်သည်ဟု မယုံကြည်ကြသော်လည်း ဤစစ်ရေးသတင်းမှာ လုံးဝ အတုမဟုတ်နိုင်ကြောင်း ၊ တုပိုင် အမှန်တကယ် အနိုင်ရခဲ့သည်ကို ရိပ်မိကောင်း ရိပ်မိကြပေလိမ့်မည်။

သို့သော် ဤဝါရင့်အမတ်ဟောင်းကြီးများသည် ပြတ်သားစွာ ငြင်းဆန်ကြလေသည်။ တုပိုင် အမှန်တကယ် အနိုင်ရခဲ့နိုင်သည်ကို သူတို့ စိတ်ထဲတွင် သိနေကြလျှင်ပင် စစ်ရေးသတင်းမှာ အတုဖြစ်သည်ဟူ၍သာ အတင်းအကျပ် စွပ်စွဲကာ တုပိုင်သည် ဧကရာဇ်ကို လှည့်စားမှုဖြင့် အပြစ်ကျူးလွန်ခဲ့သည်ဟုသာ ဇွတ်ငြင်းဆိုနေကြလေသည်။

ထို့နောက် သူတို့သည် ဧကရာဇ်ကို လက်လျှော့အရှုံးပေးလာစေရန် ဖိအားပေးသည့်အနေဖြင့် အတွင်းသို့ အတင်းဝင်ရောက်လာကြလေတော့သည်။

သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော အဖြစ်အပျက်များစွာ ရှိခဲ့ဖူးသည်။ အရပ်ဘက်အရာရှိများသည်လည်း လူမိုက်များကဲ့သို့ ရမ်းကားတတ်ကြပြီး အလွန်လည်း ရက်စက်ကြမ်းကြုတ်တတ်ကြလေသည်။

အိမ်ရှေ့စံမင်းသားသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "ဘယ်သူကများ ဒီတံခါးကို ခြေတစ်လှမ်း ကျော်ရဲလို့လဲ... ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့..."

ဝါရင့်အမတ်ဟောင်းကြီး တစ်ယောက်သည် သူ့အင်္ကျီရင်ဘတ်ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။ "လာပါ... အိမ်ရှေ့စံ... ဒီနေရာကို ဓားနဲ့ ထိုးလိုက်ပါ... ကျွန်တော်မျိုးက ဧကရာဇ်နှစ်ဆက်တိုင်တိုင် အမှုထမ်းခဲ့တဲ့ မင်းဆက်သုံးဆက်စာ ဝါရင့်အမတ်ကြီး တစ်ယောက်ပါ... ဒီနေ့ အိမ်ရှေ့စံရဲ့ ဓားအောက်မှာ သေဆုံးရတာ ဂုဏ်ရှိပါတယ်... မိန်းမစိုးတစ်ယောက်ကြောင့် အင်ပါယာရဲ့ အနောက်တောင်ပိုင်းဒေသ ကျဆုံးခဲ့ရပြီ... အခု တုပိုင်က စစ်ရေးသတင်းအတု လုပ်တယ်... အနိုင်ရတယ်လို့ လိမ်ညာပြောတယ်... ဧကရာဇ်ကို လှည့်စားမှုနဲ့ အပြစ်ကျူးလွန်တယ်... ဒါပေမဲ့ အရှင်မင်းကြီးက သူ့ကို အပြစ်မပေးသေးဘူး..."

"မိတ်ဆွေတို့... တာ့နင်အင်ပါယာက ကျွန်တော်တို့ကို နှစ်ပေါင်း နှစ်ရာကျော် ထောက်ပံ့ပေးခဲ့ပြီးပြီ... အခုအချိန်က တိုင်းပြည်အတွက် အသက်ပေးရမယ့်အချိန်ပဲ... ကျွန်တော့်နောက်က လိုက်ခဲ့ကြ..."

"တာ့နင်မင်းဆက်ရဲ့ ဘိုးဘေးတွေ အထက်မှာ ရှိနေကြတယ်... ကျွန်တော်တို့က အင်ပါယာအတွက် ဘိုးဘေးတွေအတွက် လုပ်ဆောင်နေကြတာ..."

"ကျွန်တော်မျိုးရဲ့ သွေးနဲ့ ဧကရာဇ်ကို အကြံပြုပါရစေ... မိန်းမစိုးတွေကို ရှင်းလင်းပြီး တိုင်းပြည်ကို ကယ်တင်ကြ..."

အိမ်ရှေ့စံသည် ဓားကို ကိုင်ထားရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ ဤအမတ်ဟောင်းကြီးများကို ကြည့်ရင်း သူ အမှန်တကယ်ပင် လက်မရွယ်ရက်ပေ။ ဤသူများသည် မင်းဆက်သုံးဆက်စာ အမတ်ဟောင်းကြီးများ ဖြစ်ကြသလို တော်ဝင်မိသားစု၏ လူကြီးသူမများလည်း ဖြစ်ကြလေသည်။

အကယ်၍ အာဏာသိမ်း ပုန်ကန်မှုတစ်ခု ဖြစ်ခဲ့လျှင် ရန်သူဗိုလ်ချုပ်တစ်ဦးက စာကြည့်ဆောင်ထဲသို့ ဝင်ရောက်ပြီး သူ့ဖခင်ကို လုပ်ကြံရန် ကြိုးစားခဲ့လျှင် သူသည် တွေဝေခြင်းမရှိဘဲ ဓားဆွဲထုတ်ပြီး တိုက်ခိုက်မိပေလိမ့်မည်။ သို့သော် ဤလူများမှာမူ ကြက်ကလေးတစ်ကောင်ကိုပင် ဖမ်းရန် အားမရှိသော အိုမင်းရင့်ရော်နေသည့် ဝါရင့်အမတ်ကြီးများ ဖြစ်နေကြသည်။

စာကြည့်ဆောင်ထဲသို့ အတင်းဝင်ရောက်ပြီးနောက် ဝါရင့်အမတ်ဟောင်းကြီးများသည် ဒူးထောက်နေကြဆဲ ဖြစ်သော်လည်း ဧကရာဇ်ကို ဝိုင်းရံထားလိုက်ကြသည်။

အစိုးရအဖွဲ့ဝန်ကြီး ကျန်းရှီကျစ်သည် အစိုးရအဖွဲ့မှ ရေးဆွဲထားသော အမိန့်တော်လွှာတစ်ခုကို ထုတ်လိုက်လေ၏။ ထိုအထဲတွင် မိန်းမစိုးတုပိုင်သည် တော်ဝင်မိသားစုဝင် နင်းချုံးယောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ရာထူးဘွဲ့ထူးအားလုံးကို ရုပ်သိမ်းပြီး နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင်ကာ အရှင်လတ်လတ် အရေခွံခွာ ကွပ်မျက်ရမည်ဟု အတိအလင်း ရေးသားထားလေသည်။ အကယ်၍ ငြင်းဆန်ခဲ့ပါက ချက်ချင်း သတ်ဖြတ်ရမည်ဟုလည်း ပါရှိသည်။

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး တော်ဝင်တံဆိပ်တော် ထုပေးတော်မူပါ..."

ဝါရင့်အမတ်ဟောင်းကြီး အများအပြားကလည်း ဟစ်အော်လိုက်ကြသည်။ "ကျေးဇူးပြုပြီး တော်ဝင်တံဆိပ်တော် ထုပေးတော်မူပါ..."

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး တော်ဝင်တံဆိပ်တော် ထုပေးတော်မူပါ..."

ရှန်ကျွမ်၏ ဓားအကသည် ပိုင်ကုန်းကို ရည်ရွယ်ခဲ့သကဲ့သို့ပင် သူတို့သည် ရည်မှန်းချက် ပေါက်မြောက်ရန်အတွက် ဤမျှရူးသွပ်သော နည်းလမ်းများကို အသုံးပြုရန် ကြိုးစားနေကြသည်။ သူတို့၏ အဓိကရည်မှန်းချက်မှာ တုပိုင်မဟုတ်ဘဲ ဧကရာဇ်ကိုယ်တိုင်သာ ဖြစ်လေ၏။

သို့သော် ဤမြင်ကွင်းသည် အလွန်ရင်းနှီးနေပြန်သည်။ သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဘယ်နှကြိမ် ဖြစ်ပျက်ခဲ့ဖူးသနည်း။ အကြိမ်ပေါင်းများစွာပင်။

ထိုအချိန်၌ပင် အပြင်ဘက်မှ အသံများ ထပ်မံထွက်ပေါ်လာပြန်လေ၏။

"ယူနန်အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လီရှစ်ရာ အရေးပေါ် စစ်သတင်း... အရေးပေါ်စစ်ရေးသတင်း... ပိုင်ဆယ်တိုက်ပွဲမှာ တုပိုင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လီမိသားစုရဲ့ စစ်သည် တစ်သိန်းလုံးနီးပါး ချေမှုန်းခံလိုက်ရပါတယ်..."

ခဏအကြာတွင် ဒုတိယလှိုင်း ရောက်ရှိလာပြန်သည်။

"ဟူပေအရှေ့ဘက်ကွပ်ကဲရေးရုံးမှ လီရှစ်ရာ အရေးပေါ် စစ်သတင်း... အရေးပေါ်စစ်ရေးသတင်း... ပိုင်ဆယ်တိုက်ပွဲမှာ တုပိုင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လီမိသားစုရဲ့ စစ်သည် တစ်သိန်းလုံးနီးပါး ချေမှုန်းခံလိုက်ရပါတယ်..."

ထို့နောက် တတိယလှိုင်း ရောက်ရှိလာပြန်သည်။ "စိချွမ်းပြည်နယ် ကျန့်ကော်နယ်စားမင်းဆီကနေ လီရှစ်ရာ အရေးပေါ် စစ်သတင်း... အရေးပေါ်စစ်ရေးသတင်း... ပိုင်ဆယ်တိုက်ပွဲမှာ တုပိုင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လီမိသားစုရဲ့ စစ်သည် တစ်သိန်းလုံးနီးပါး ချေမှုန်းခံလိုက်ရပါတယ်..."

ပြည်နယ်တစ်ခုထက်မကသော အင်အားစုတစ်ခုထက်မကသော ထောက်လှမ်းရေးသတင်းများ အားလုံးသည် အတူတူပင် ဖြစ်နေကြသည်။ သတင်းတိုင်းသည် တုပိုင် အနိုင်ရရှိခဲ့သည်ဟူ၍သာ ဖြစ်လေ၏။

ဝါရင့်အမတ်ဟောင်းကြီး အများအပြား၏ မျက်နှာများသည် မြေကြီးကဲ့သို့ မည်းမှောင်သွားသော်လည်း မကြားချင်ယောင်ဆောင်ကာ ဧကရာဇ်၏ ခြေထောက်များကို ဖက်တွယ်ပြီး လက်နှစ်ဖက်ဖြင့် တောင်းပန်နေကြဆဲပင်။ "ကျေးဇူးပြုပြီး တော်ဝင်တံဆိပ်တော် ထုပေးတော်မူပါ... သစ္စာဖောက်တွေကို အပြစ်ပေးပြီး လောကကြီးရဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးပါ..."

"ဟားဟားဟားဟား..." ဧကရာဇ်သည်တော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အမတ်ဟောင်းကြီးတို့... မင်းတို့ ငါ့ကို တကယ် နားလည်ကြတာပဲ... ငါက သဘောထားကြီးတဲ့ မင်းတစ်ပါး ဖြစ်တယ်... ရာထူးမှာရှိနေတဲ့ အမတ်တွေကိုတောင် ငါ မသတ်ခဲ့ဖူးဘူး... အငြိမ်းစားယူသွားတဲ့ အမတ်ဟောင်းကြီးတွေ ဆိုရင် ပြောစရာတောင် မလိုတော့ဘူးပေါ့... မင်းတို့တစ်ယောက်ချင်းစီက အသက် ခုနစ်ဆယ် ၊ ရှစ်ဆယ် အရွယ်တွေ ဖြစ်နေကြပြီ... မင်းတို့အားလုံးက မင်းဆက်သုံးဆက်စာ အမတ်ဟောင်းကြီးတွေ ၊ ငါတို့ရဲ့ ဆရာတွေ ၊ ကွယ်လွန်သွားတဲ့ ဧကရာဇ်ရဲ့ ဆရာတွေ ဖြစ်ခဲ့ကြတယ်..."

"ငါက မင်းတို့ကို အပြစ်ပေးလိုက်တာနဲ့ ငါက မင်းဆိုးမင်းညစ် အာဏာရှင်တစ်ယောက် ဖြစ်သွားပြီး သမိုင်းစာအုပ်ထဲမှာ နာမည်ဆိုးနဲ့ ကျန်ရစ်တော့မှာ..."

"ဒါကြောင့် မင်းတို့ အမတ်ဟောင်းကြီးတွေက မိုက်ရူးရဲဆန်ပြီး ဒီလို ရယ်စရာကောင်းတဲ့ ပြဇာတ်မျိုးကို ကပြရဲကြတာပဲ... တကယ်ကို အံ့ဩစရာ ကောင်းပါပေတယ်..."

ဧကရာဇ်ထျန်ယွင်သည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ငါက သဘောထားကြီးတဲ့ မင်းတစ်ပါး ဖြစ်ရတဲ့ အကြောင်းရင်းက တိုင်းပြည်အတွက် သည်းခံခွင့်လွှတ်ပေးခဲ့လို့ပဲ... ငါ့နောက်ကွယ်က နာမည်ဂုဏ်သတင်းအတွက်လား... ငါ ဂရုမစိုက်ဘူး... မင်းတို့ ငယ်ငယ်တုန်းက နန်းတွင်းရိုက်ဒဏ် ခံရတာကို သဘောမကျခဲ့ကြဘူးလား... ဧကရာဇ်ရဲ့ နန်းတွင်းရိုက်ဒဏ် ခံရတဲ့ အရပ်ဘက်အရာရှိ ဘယ်သူမဆို တစ်လောကလုံး ကျော်ကြားသွားပြီး ဘယ်နေရာသွားသွား ပညာရှင်တွေရဲ့ စံပြအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား..."

"ဒီနေ့တော့ မင်းတို့ဆန္ဒ ပြည့်ဝစေရမယ်..." ဧကရာဇ်ထျန်ယွင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ "လာကြစမ်း... ဒီသစ္စာဖောက်တွေကို အပြင်ဆွဲထုတ် ၊ အားလုံးရှေ့မှာ ဘောင်းဘီကို ဆွဲချွတ်ပြီး နန်းတွင်းရိုက်ဒဏ် ဆယ့်သုံးချက်စီ ရိုက်ပေးလိုက်ကြ..."

"အမိန့်တော်အတိုင်းပါ..." လီလျန်တင်း တုန်လှုပ်သွားသည်။

ထို့နောက် ဝံပုလွေများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော နန်းတွင်းကိုယ်ရံတော် အများအပြားသည် အတွင်းသို့ ဝင်ရောက်လာပြီး ဤဝါရင့်အမတ်ဟောင်းကြီးများကို ကြက်ကလေးများကဲ့သို့ ဆွဲထုတ်သွားကြလေတော့သည်။

ထိုဝါရင့်အမတ်ဟောင်းကြီးများသည် သူတို့ရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ ငေးကြည့်နေမိကြသည်။

ဧကရာဇ်က ဤကဲ့သို့သော အလုပ်မျိုးကို မည်သို့ လုပ်နိုင်ရသနည်း။ ဧကရာဇ်သည် သဘောထားကြီးသူ မဟုတ်ပါလော။ ယခင်ကဆိုလျှင် အမတ်မင်းများကို အမိန့်ပေးဖို့ နေနေသာသာ ဆိုးဆိုးရွားရွား စကားတစ်ခွန်းပင် မပြောခဲ့ဖူးချေ။

ဝါရင့်အမတ်ဟောင်းကြီး အချို့၏ တံတွေးများ သူ့မျက်နှာပေါ်သို့ စင်ခဲ့လျှင်ပင် ကိုယ့်ဘာသာကိုယ်သာ သုတ်ပစ်ခဲ့သူ ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဝန်ကြီးများ၏ ဆဲဆိုမှုကိုသာ ခံခဲ့ရသည့် ဧကရာဇ်ကျန့်တယ်ကဲ့သို့ပင် ဧကရာဇ်ထျန်ယွင်ကဲ့သို့ ရိုးသားဖြောင့်မတ်သူ တစ်ယောက်က ပို၍ပင် သည်းခံတတ်သူ မဟုတ်ပါလော။

ယခုအခါ ဤရိုးသားသော ဧကရာဇ်သည် ဝါရင့်အမတ်ဟောင်းကြီးများကို နန်းတွင်းရိုက်ဒဏ် ပေးနေသည်လား။ တကယ့်ကို မယုံနိုင်စရာပင်။

"အာဏာရှင်... အာဏာရှင်..."

"တိုင်းပြည်ပျက်မယ့် မင်း... တိုင်းပြည်ပျက်မယ့် မင်း..."

"ဘုရားသခင်... မျက်လုံးဖွင့်ပြီး ကြည့်ပါဦး..."

"တာ့နင်အင်ပါယာရဲ့ ဘိုးဘေးတို့... ကောင်းကင်ဘုံကနေ မိုးကြိုးပစ်ချပေးပါ... တာ့နင်အင်ပါယာ ပျက်စီးတော့မယ်..."

နန်းတွင်းကိုယ်ရံတော်များသည် ဤအရာများကို နားမလည်ကြပေ။ သူတို့သည် အမိန့်အတိုင်းသာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ဧကရာဇ်သည် သူ့နောက်ကွယ်မှ နာမည်ဂုဏ်သတင်းကို လုံးဝ ဂရုမစိုက်တော့ဘဲ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် သူတို့သည် ဝါရင့်အမတ်ဟောင်းကြီးများကို တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်သို့ ဖိချလိုက်ကြပြီး ဘောင်းဘီများကို ကြမ်းတမ်းစွာ ဆွဲချွတ်လိုက်ကြသည်။

"ဖြောင်း... ဖြောင်း... ဖြောင်း..."

သစ်အယ်သား တုတ်ချောင်းများသည် အမတ်ဟောင်းကြီးများ၏ တင်ပါးများကို ပြင်းထန်စွာ ရိုက်နှက်လိုက်ကြလေ၏။ နူးညံ့သိမ်မွေ့ခြင်း မရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတော့ချေ။ ရုတ်တရက် အရေပြားများ ကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။

သရဲတစ္ဆေများ ၊ ဝံပုလွေများ အော်ဟစ်ငိုကြွေးသကဲ့သို့ အသံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၂၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters