← Chapters

အခန်း (၅၂၂)

Vol. 53 Ch. 522

အခန်း (၅၂၂)

Vol. 53 Ch. 522

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီရူဟိုင်က ပြောလိုက်သည်။ “တုပိုင်... ရှေ့ထွက်ခဲ့စမ်း... ငါကိုယ်တော်နဲ့ စကားပြောရအောင်...”

တုပိုင်က ပြန်ပြောလိုက်၏။ “လီမင်းကြီး... ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ပြောစရာ ဘာစကားမှ မရှိတော့ဘူး မဟုတ်လား...”

လီရူဟိုင်က ပြောလိုက်သည်။ “လာခဲ့စမ်းပါ...”

ထို့နောက် သူက တုပိုင်ကို လက်ယပ်ခေါ်လိုက်၏။ “မင်းသာ စကားလာမပြောရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပိုပြီး ဆိုးရွားသွားလိမ့်မယ်...”

ထို့ကြောင့် တုပိုင်သည် ဧရာမဝံပုလွေကြီးကို စီးနင်းလျက် မြို့ထဲမှ ထွက်လာခဲ့လေသည်။ သူ့နောက်တွင် သိုင်းပညာရှင် ဆယ်နှင့်ချီသော လူအုပ်စု လိုက်ပါလာကြပြီး လီရူဟိုင်နှင့် ခြေလှမ်းငါးရာခန့်အကွာတွင် ရပ်တန့်လိုက်ကြ၏။

ခြေလှမ်းငါးရာ အကွာအဝေးသည် လုံလောက်သော ဘေးကင်းမှုရှိသည်ဟု ဆိုရပေမည်။ အကယ်၍ အနည်းငယ် ပိုနီးကပ်သွားပါက အန္တရာယ်ရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် လီရူဟိုင်၏ သိုင်းပညာသည် မြင့်မားလွန်းလှသောကြောင့် ဖြစ်၏။

တုပိုင်က ပြောလိုက်သည်။ “လီမင်းကြီး... ပြောပါတော့...”

လီရူဟိုင်သည် စကားမပြောဘဲ တိတ်ဆိတ်နေလိုက်၏။ တုပိုင်သည်လည်း စကားမပြောဘဲ လီရူဟိုင်ကို စောင့်ဆိုင်းနေလိုက်သည်။

လီရူဟိုင်က မေးလိုက်၏။ “တုပိုင်... မင်းက ဘာဖြစ်လို့ နင်မိသားစုအပေါ် သစ္စာစောင့်သိချင်ရတာလဲ...”

ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ဟုတ်ပါတယ်... ဧကရာဇ်ထျန်ယွင်က ဧကရာဇ်ကောင်းတစ်ပါး ဖြစ်တယ်ဆိုတာကို ငါကိုယ်တော် ဝန်ခံပါတယ်... သူက ဉာဏ်ပညာကြီးမားပြီး အစွမ်းထက်တဲ့သူ မဟုတ်ပေမဲ့ သူ့လူတွေအပေါ်မှာတော့ အရမ်းကောင်းတယ်... ဒါပေမဲ့ မင်းက ဧကရာဇ်တစ်ပါးကြောင့်နဲ့ တာ့နင်အင်ပါယာအပေါ် သစ္စာစောင့်သိရလောက်အောင် အပေါ်ယံဆန်တဲ့သူ မဟုတ်ဘူးလို့ ငါ ထင်တယ်...”

တုပိုင်က ပြန်ဖြေလိုက်၏။ “အကြောင်းရင်းက ရိုးရှင်းပါတယ်... ဘာဖြစ်လို့လဲဆိုတော့ တာ့နင်အင်ပါယာက အခုအချိန်မှာ မပျက်စီးသင့်သေးလို့ပါပဲ... အရင်ဧကရာဇ်တွေရဲ့ ညံ့ဖျင်းမှုကြောင့် တာ့နင်အင်ပါယာက အခုလို အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ရတယ်... ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် နေပြည်တော်ကို သွားတုန်းက လမ်းတစ်လျှောက်မှာ မြင်ခဲ့ရတယ်... သားကွဲမယားကွဲ ဖြစ်ပြီး အိုးအိမ်မဲ့ ဒုက္ခရောက်နေကြတဲ့သူတွေ အများကြီးပဲ... တာ့နင်အင်ပါယာရဲ့ အလယ်ပိုင်းနဲ့ အနောက်ဘက်ဒေသတစ်ခုလုံးက မီးတောင်ပေါက်ကွဲတော့မယ့်အလား အခြေအနေတွေ ဆိုးရွားပြင်းထန်နေပါပြီ... ဒါကြောင့် တာ့နင်အင်ပါယာရဲ့ အခြေအနေက သိပ်မဆိုးဘူးလို့ ပြောလို့မရဘဲ လုံးဝကို ရှုပ်ထွေးပွေလီနေပြီလို့ ပြောရမယ်...”

လီရူဟိုင်က မေးလိုက်သည်။ “ဒီလို တာ့နင်အင်ပါယာမျိုးကို မင်းက သစ္စာစောင့်သိဖို့ ထိုက်တန်သေးလို့လား...”

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ပြောပြီးပါပြီ... တာ့နင်အင်ပါယာက အခုအချိန်မှာ မပျက်စီးသင့်သေးပါဘူးလို့... တကယ်လို့သာ တာ့နင်အင်ပါယာ ပျက်စီးသွားခဲ့ရင် ကျွန်တော်တို့ရဲ့ ဟွာရှာတိုင်းပြည်ကြီး တစ်ခုလုံး ပြိုကွဲသွားလိမ့်မယ်... မြောက်ဘက်မှာ ရွှေမိသားစုရဲ့ အကြွင်းအကျန်တွေ ၊ အရှေ့မြောက်ဘက်မှာ ဂျာချင်အင်ပါယာ ၊ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖန်းမိသားစု ၊ အနောက်တောင်ဘက်မှာ ခင်ဗျားတို့ လီမိသားစု... စသဖြင့် အပိုင်းပိုင်း ကွဲသွားလိမ့်မယ်... စည်းလုံးညီညွတ်တဲ့ အင်ပါယာတစ်ခုက ဘယ်လောက်ပဲ ဆိုးရွားပါစေ... အပိုင်းပိုင်း အကွဲကွဲအပြားပြား ဖြစ်သွားတာထက်တော့ ပိုကောင်းပါတယ်...”

ဤအချက်ကို သမိုင်းတစ်လျှောက် မရေမတွက်နိုင်အောင် သက်သေပြခဲ့ပြီး ဖြစ်၏။ မင်းဆက်တစ်ခုသည် မည်မျှပင် ပုပ်သိုးဆွေးမြည့်နေပါစေ အနည်းဆုံးတော့ ပြည်သူအများစု အသက်ရှင်နေနိုင်သေးသည်။ ဥပမာအားဖြင့် အရှေ့ဟန်မင်းဆက် ခေတ်ကုန်ပိုင်းတွင် အင်ပါယာတစ်ခုလုံး၌ လူဦးရေ သန်းနှင့်ချီ ကျန်ရှိနေသေးသည်။ သို့သော် သုံးပြည်ထောင်ခေတ် ကုန်ဆုံးချိန်တွင်မူ စုစုပေါင်း လူဦးရေသည် တစ်သန်းပင် မပြည့်တော့ဘဲ ဆယ်ပုံရှစ်ပုံသော ပြည်သူများသည် စစ်ပွဲများနှင့် ကပ်ရောဂါဘေးများကြောင့် သေဆုံးခဲ့ကြရသည်။

ထို့နောက်တွင် မင်းဆက်ငါးဆက် ၊ တိုင်းပြည်တစ်ဆယ် ခေတ်ကာလများ ရောက်ရှိလာခဲ့သည်။ ထိုအချိန်များသည် ဟွာရှာလူမျိုးစုအတွက် ကပ်ဘေးဆိုးကြီးများ မဟုတ်ပါလော။ လူဦးရေ ဆယ်ပုံခြောက်ပုံ ၊ ဆယ်ပုံခုနစ်ပုံခန့် သေဆုံးခြင်းမရှိသော စစ်ပွဲဟူ၍ မရှိချေ။

အကယ်၍ သာမန် မင်းဆက်အပြောင်းအလဲ ဆိုပါက ပြဿနာမရှိပေ။ သို့သော် ယခုအခါတွင် တာ့နင်အင်ပါယာသည် ပြည်ပရန်စွယ်များ၏ ကျူးကျော်မှုကို ရင်ဆိုင်နေရပြီး အဓိက တိုင်းတစ်ပါးရန်သူ သုံးဖွဲ့၏ ကျူးကျော်မှုကို ခံနေရခြင်း ဖြစ်လေသည်။

လီရူဟိုင်က ပြောလိုက်သည်။ “တာ့နင်က အားနည်းနေပြီပဲ... ငါ့ရဲ့ လီမိသားစုနဲ့ အစားထိုးလိုက်မယ်... ဒါက သာမန် မင်းဆက်အပြောင်းအလဲတစ်ခု ဖြစ်မလာနိုင်ဘူးလား...”

တုပိုင်က ပြောလိုက်သည်။ “လီမင်းကြီး... ခင်ဗျားရဲ့ နောက်ကွယ်မှာ အနောက်ဘက်ဒေသက မီးနတ်ဘုရားဘာသာ ရှိနေတယ်လေ... ခင်ဗျားသာ ကမ္ဘာလောကကို ပိုင်ဆိုင်သွားခဲ့ရင် ဟွာရှာယဉ်ကျေးမှုတစ်ခုလုံး အပြီးတိုင် ပျက်စီးသွားလိမ့်မယ်...”

လီရူဟိုင်က ဒေါသတကြီး ဆိုလိုက်သည်။ “ငါနဲ့ အနောက်ဘက်ဒေသက မီးနတ်ဘုရားဂိုဏ်းချုပ်ကြားက ဆက်ဆံရေးက ဟန်ဆောင်မှုသက်သက်ပဲ ဆိုတာကို မင်း မမြင်ဘူးလား... ငါ မွေးမြူထားတဲ့ မီးနတ်ဘုရားဂိုဏ်းက သီးခြားပုံစံတစ်မျိုး ဖြစ်ပြီး အနောက်ဘက်ဒေသက မီးနတ်ဘုရားဂိုဏ်းချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတာကို မင်း မမြင်ဘူးလား...”

တုပိုင်က ပြောလိုက်သည်။ “ဒါပေါ့... ကျွန်တော် သိတာပေါ့... ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်... နောက်ဆက်တွဲ ကိစ္စတွေကို ခင်ဗျား တားဆီးနိုင်မှာ မဟုတ်ဘူး... ခင်ဗျားက မီးနတ်ဘုရား နာမည်ကို အသုံးပြုခဲ့ပြီးပြီ... မီးနတ်ဘုရားဂိုဏ်းရဲ့ စိမ့်ဝင်ထိုးဖောက်မှုကို ခင်ဗျား တားဆီးနိုင်မှာ မဟုတ်ဘူး... ဒါက ကံတရားပဲ...”

လီရူဟိုင်သည် ခေတ္တမျှ တိတ်ဆိတ်နေသော်လည်း ထိုစကားကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ခဏကြာပြီးနောက် လီရူဟိုင်က ပြောလိုက်သည်။

“တကယ်တော့ ငါ မီးနတ်ဘုရားဂိုဏ်းနဲ့ အဆက်အသွယ် ဖြတ်လိုက်လို့ ရပါတယ်... တာ့ယန်တိုင်းပြည်ထဲက မီးနတ်ဘုရားဂိုဏ်းခွဲကိုတောင် ဖျက်ဆီးပစ်လိုက်လို့ ရတယ်...”

ထိုစကားထွက်လာသည်နှင့် တုပိုင် အနည်းငယ် မှင်သက်သွားရလေ၏။ သမိုင်းထဲက မင်ဧကရာဇ် ကျူးယွမ်ကျန်းသည်လည်း အစပိုင်းတွင် ကြာဖြူဂိုဏ်းဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့နောက်တွင် သူသည် ဂိုဏ်းနှင့် အဆက်အသွယ်ဖြတ်ရုံသာမက ကြာဖြူဂိုဏ်းကိုပါ ပြန်လည်သတ်ဖြတ် ချေမှုန်းခဲ့ဖူးသည်။

လီရူဟိုင်က ဆက်ပြောလိုက်သည်။ “မင်းသာ ငါ့လက်အောက်ကို ဝင်မယ်ဆိုရင် ငါ မီးနတ်ဘုရားဂိုဏ်းနဲ့ အဆက်အသွယ် အပြီးတိုင် ဖြတ်တောက်လိုက်မယ်... ပြီးခဲ့တဲ့ စစ်ပွဲတုန်းက မင်းက မီးနတ်ဘုရားဂိုဏ်းသား နှစ်သောင်းရဲ့ ဆယ်ပုံရှစ်ပုံလောက်ကို သတ်ဖြတ်ချေမှုန်းခဲ့ပြီးပြီပဲ...”

ထို့နောက် လီရူဟိုင်က ကမ်းလှမ်းလိုက်ပြန်သည်။ “မင်း ငါ့ဆီမှာ ခိုလှုံလိုက်... ပြီးရင် လီဝမ်ဝမ်နဲ့ လက်ထပ်ပေးမယ်... ဘယ်လိုလဲ...”

လီရူဟိုင်၏ စကားကြောင့် တုပိုင် မှင်သက်သွားရသော်လည်း သိပ်ပြီးတော့ အံ့သြမသွားခဲ့ပေ။

လီရူဟိုင်က ပြောလိုက်သည်။ “ငါ အခု နောက်ပြောင်နေတာ မဟုတ်ဘူး... တကယ်ကို လေးလေးနက်နက် ပြောနေတာပါ...”

တုပိုင်သည် သူ့စကားကို ယုံကြည်လေသည်။ လီရူဟိုင်သည် မီးနတ်ဘုရား စုန်းမကြီး လီဝမ်ဝမ်ကိုပင် လျှော့တွက်ထားပုံရသည်။ အစပိုင်းတွင် သူသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို စုစည်းရန် မီးနတ်ဘုရားဂိုဏ်းကို လိုအပ်ခဲ့သော်လည်း ယခုအခါ နယ်မြေများ ကျယ်ပြန့်လာပြီး စစ်တပ်အင်အား တောင့်တင်းလာသည့်အတွက် မီးနတ်ဘုရားဂိုဏ်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။

တုပိုင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ “လီမင်းကြီး... ဒါက မဖြစ်နိုင်ဘူးဆိုတာ ခင်ဗျား သိသင့်ပါတယ်...”

‘လီဝမ်ဝမ်ကို လက်ထပ်ပြီး လီရူဟိုင်ဆီမှာ ခိုလှုံရမယ် ဟုတ်လား... နောက်နေတာလား...’

ပထမအချက်အနေဖြင့် တုပိုင်နှင့် လီဝမ်ဝမ်သည် လုံးဝ ရန်ဘက်များ ဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ချင်နေကြသူများ ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အကယ်၍ တုပိုင်နှင့် လီဝမ်ဝမ်သာ ပေါင်းဖက်သွားခဲ့လျှင် အိမ်ရှေ့စံ လီကျန့်က တုပိုင်ကို သတ်ဖြတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလာပေလိမ့်မည်။ လီမိသားစုသည် ရှားလုံရွှိုကိုပင် သည်းမခံနိုင်ခဲ့ရာ တုပိုင်ကို သည်းခံနိုင်မည်လား။

လီရူဟိုင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင်ရော... ဒီလိုလုပ်ရင် ဘယ်လိုနေမလဲ... မင်း တာ့နင်အင်ပါယာကို ပုန်ကန်ပြီး သီးခြားတိုင်းပြည် ထူထောင်ကြောင်း လူသိရှင်ကြား ကြေညာလိုက်... ပြီးတော့ အသုံးမဝင်တော့တဲ့ ဒီပိုင်ဆယ်မြို့လွတ်ကြီးကို ငါ့ဆီ ပေးလိုက်... အပြန်အလှန်အနေနဲ့ လျူကျိုးစီရင်စု အနောက်ဘက်က စီရင်စုငါးခုနဲ့ ခရိုင်သုံးဆယ်ကို မင်းအတွက် ပေးမယ်...”

ဤတစ်ကြိမ်တွင်တော့ တုပိုင် လုံးဝ မှင်သက်သွားရလေ၏။ လီရူဟိုင်၏ ရက်ရောချက်က တကယ်ကို ကြီးမားလွန်းလှသည်။

တုပိုင်အနေဖြင့် တာ့နင်အင်ပါယာကို ပုန်ကန်ပြီး သီးခြားတိုင်းပြည် ထူထောင်ကြောင်း ကြေညာလိုက်ရုံဖြင့် ကွမ်ရှီးပြည်နယ်၏ ထက်ဝက်ဖြစ်သော လျူကျိုးစီရင်စုနှင့် နန်နင်းစီရင်စုတို့ကို ရရှိမည်ဖြစ်သည်။ ထိုနေရာများသည် လူသူကင်းမဲ့နေသော ပိုင်ဆယ်မြို့ထက် ဆယ်ဆမက သာလွန်လေ၏။

မည်သူမဆို ဤမျှကြီးမားသော နတ်သုဒါပွဲကြီးကို မြင်လိုက်ရလျှင် ချက်ချင်းပင် မှင်သက်သွားကြပေလိမ့်မည်။ တုပိုင်ပင်လျှင် ကြောင်အသွားရလေ၏။ အဘယ်ကြောင့်ဆိုသော် ပေးဆပ်ရမှုနှင့် ပြန်ရလိုက်မှုသည် လုံးဝ မမျှတသောကြောင့်ပင် ဖြစ်သည်။

တုပိုင်သည် စစ်သည်တစ်ယောက်မျှ အသုံးပြုစရာ မလိုဘဲ တာ့နင်အင်ပါယာကို ပုန်ကန်ကြောင်း ကြေညာလိုက်ရုံဖြင့် ကွမ်ရှီးပြည်နယ်၏ တစ်ဝက်ကို ရရှိမည်ဖြစ်သည်။

သို့သော် ဤအရာသည် အဆိပ်ခတ်ထားသော နတ်သုဒါပွဲဖြစ်ပြီး ဘေးဒုက္ခရောက်စေမည့် လှည့်ကွက်တစ်ခု ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်လေသည်။

ပထမအချက်အနေဖြင့် လက်ရှိအချိန်တွင် နန်နင်းစီရင်စု ဝန်းကျင်ကို ဖန်းမိသားစုက အပြည့်အဝ သိမ်းပိုက်ထားပြီး ဖြစ်သည်။ အကယ်၍ တုပိုင်က ထိုနေရာကို လိုချင်လျှင် ယွမ်ထျန်ကျောက်နှင့် စစ်တိုက်ရပေလိမ့်မည်။

တုပိုင်က တာ့နင်အင်ပါယာကို ပုန်ကန်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ဧကရာဇ်သည် ထီးနန်းကို စွန့်လွှတ်ရတော့မည် ဖြစ်ပြီး အိမ်ရှေ့စံက နန်းတက်လာပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဖန်းရှဲ့၏ ကြိုးကိုင်မှုအောက်တွင် တုပိုင်နှင့် ဧကရာဇ်သည် တစ်သားတည်း ဖြစ်နေသောကြောင့် ဖြစ်၏။ တုပိုင် ပုန်ကန်လိုက်သည်နှင့် ဧကရာဇ်သည် တွင်းနက်ထဲသို့ တွန်းချခံရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၂၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters