← Chapters

အခန်း (၅၂၃)

Vol. 53 Ch. 523

အခန်း (၅၂၃)

Vol. 53 Ch. 523

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထိုအချိန်တွင် ယွမ်ထျန်ကျောက်သည် သူပုန်စစ်တပ်မှ ဘုရင့်တပ်မတော်သို့ တိုက်ရိုက်ကူးပြောင်းသွားမည်ဖြစ်ပြီး ၊ တုပိုင်၏ သူပုန်များကို ဝင်ရောက်စီးနင်းကာ ရှင်းလင်းပစ်မည် ဖြစ်သည်။ ထို့နောက်တွင်မူ ကွမ်ရှီးပြည်နယ်တစ်ခုလုံးကို တရားဝင် သိမ်းပိုက်လိုက်မည် ဖြစ်သည်။

အကယ်၍ ပြီးခဲ့သည့်စစ်ပွဲတွင် တုပိုင်သာ ရှုံးနိမ့်သွားခဲ့ပါက လီမိသားစုသည် ကွမ်ရှီးပြည်နယ်၏ အနောက်ဘက်ခြမ်းကို သိမ်းပိုက်နိုင်မည် ဖြစ်၏။ သို့သော် ယခုအခါတွင် တုပိုင်၏ ပိုင်ဆယ်မြို့သည် ကွမ်ရှီးနှင့် လီမိသားစုကြားတွင် ခံတပ်သဖွယ် တည်ရှိနေသောကြောင့် ကွမ်ရှီးပြည်နယ်တစ်ဝက်ဆိုသည်မှာ သီးခြားဖြစ်နေသော နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေရသည်။

ထို့အပြင် ဖန်းမိသားစုက ထိုနေရာကို သိမ်းပိုက်ထားပြီး ဖြစ်လေရာ လီရူဟိုင်၏ ကမ်းလှမ်းချက်သည် သူတစ်ပါးပစ္စည်းဖြင့် မျက်နှာလုပ်ပြသည့် သဘောသာ ဖြစ်နေတော့သည်။

“ဟားဟား...” တုပိုင် လှောင်ပြုံး ပြုံးလိုက်၏။

“ဟားဟား...” အိပ်မက်စနစ်ကလည်း တုပိုင်၏ စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ ‘မင်းလိုချင်တာက ကွမ်ရှီးပြည်နယ်တစ်ဝက် မဟုတ်ဘူးလေ... မင်းလိုချင်တာက တာ့နင်အင်ပါယာ တစ်ခုလုံးပဲ... တာ့နင်အင်ပါယာက အခုအချိန်မှာ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ... သူက တရုတ်ရဲ့ တရားဝင် အုပ်ချုပ်သူပဲ... ဒီအခွံသက်သက်က မင်းအတွက် တန်ဖိုးမဖြတ်နိုင်ဘူး... ပြီးတော့ ဖန်းမိသားစုကလည်း ဒီအခွံကို လိုချင်နေကြတာ...’

တုပိုင်သည် အိပ်မက်စနစ်ကို ဂရုမစိုက်ဘဲ ထားလိုက်သည်။ ထိုအကောင်၏ စကားလုံးများသည် အမြဲတမ်း ပွင့်လင်းလွန်းသဖြင့် တုပိုင် သိပ်သဘောမကျလှပေ။

လီရူဟိုင်သည် တုပိုင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ‘ဒီခေတ် လူငယ်တွေက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲ ကြသလား...’

ထို့နောက် လီရူဟိုင်က ပြောလိုက်သည်။ “တုပိုင်... အိမ်ရှေ့စံ လီကျန့် မကြာခင် နန်းတော်ကို ပြန်ရောက်လာတော့မယ်... သူက စစ်သည် နှစ်သိန်းကျော်ကို ခေါ်လာလိမ့်မယ်... ယွန်းနန်ပြည်နယ်နဲ့ အရင် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းလိုက်ရင် ငါ့မှာ စစ်သည် လေးသိန်းလောက် စုစည်းနိုင်တယ်... ငါသာ ဆန္ဒရှိမယ်ဆိုရင် ဒီထက်ပိုပြီးတောင် စုစည်းလို့ရသေးတယ်... အနောက်ဘက်ဒေသက မီးနတ်ဘုရားဂိုဏ်းကလည်း ငါ့ကို အင်အားကြီးမားတဲ့ စစ်တပ်နဲ့ ကူညီပေးဖို့ စိတ်အားထက်သန်နေတယ်...”

တုပိုင် ခေါင်းညိတ်လိုက်၏။

လီရူဟိုင်က ဆက်ပြောလိုက်သည်။ “ငါ့မှာ အခု ရွေးချယ်စရာ လမ်းကြောင်း နှစ်ခု ရှိတယ်... ပထမလမ်းကြောင်းက စိချွမ်းပြည်နယ်ကို သိမ်းပိုက်တာပဲ... ဒါက ငါ့ရဲ့ တာ့ယန်တိုင်းပြည်အတွက် အကြီးမားဆုံး မဟာဗျူဟာမြောက် အကျိုးစီးပွားပဲ... စိချွမ်းကို ရမှသာ ငါ့ရဲ့ တာ့ယန်တိုင်းပြည်က ပြီးပြည့်စုံမှာ... နောက်လမ်းကြောင်းတစ်ခုကတော့ စစ်တပ်အားလုံးကို စုစည်းပြီး မင်းကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ပဲ... နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စိချွမ်းကို တိုက်ခိုက်တာက ပိုအရေးကြီးတာပေါ့... ဒါပေမဲ့ မင်းကို အမြစ်ပြတ် မရှင်းလင်းနိုင်ရင် ငါ့ရဲ့ တာ့ယန်တိုင်းပြည် ဂုဏ်သိက္ခာက အကြီးအကျယ် ထိခိုက်လိမ့်မယ်... ဒါကြောင့် ကိစ္စက အရမ်းရိုးရှင်းတယ်... အခု မင်း ငါ့ဆီမှာ ဒူးထောက်အညံ့ခံမလား ၊ ဒါမှမဟုတ် တာ့နင်အင်ပါယာကို ပုန်ကန်ပြီး ငါနဲ့ မဟာမိတ်ဖွဲ့မလား... မဟုတ်ရင်တော့... ငါက စစ်သည် သိန်းချီကို ဦးဆောင်ပြီး မင်းကို အမြစ်ပြတ် သုတ်သင်ပစ်ရလိမ့်မယ်...”

တုပိုင် တိတ်ဆိတ်သွားလေ၏။

လီရူဟိုင်က မေးလိုက်သည်။ “တုပိုင်... မင်းရဲ့ လက်ရှိအင်အားနဲ့ ငါ့ရဲ့ စစ်သည် နှစ်သိန်းခွဲ ၊ သုံးသိန်းလောက် ပိုင်ဆယ်မြို့ကို လာတိုက်ရင် ရလဒ်က ဘယ်လိုဖြစ်မယ် ထင်သလဲ...”

သေချာသည်မှာ တုပိုင်၏ စစ်သည် သုံးသောင်းကျော်သည် ခေါင်းဖြတ် အသတ်ခံရမည်ဖြစ်ပြီး တစ်ယောက်မကျန် သေဆုံးသွားကြပေလိမ့်မည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် မည်မျှပင် စွမ်းအားကြီးမားပါစေ တစ်ယောက်လျှင် ဆယ်ယောက်နှုန်းဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

သို့သော်... အကယ်၍ တုပိုင်တွင် စစ်သည် တစ်သိန်း ရှိလာလျှင်ကော... ထိုသို့ဆိုလျှင် ဤစစ်ပွဲသည် ရှုံးနိမ့်ချင်မှ ရှုံးနိမ့်ပေလိမ့်မည်။

အကယ်၍ တုပိုင်တွင် နောက်ထပ် စစ်သည် တစ်သိန်း ထပ်ရှိလာပြီး စစ်ခုန်းယဲ့၏ လျှို့ဝှက်လက်နက်ဆန်းကြီးများ အောင်မြင်စွာ တီထွင်နိုင်ခဲ့လျှင်ကော... ထိုအခါတွင် တုပိုင်သည် လီရူဟိုင်၏ တိုက်ခိုက်မှုကို ပိုင်ဆယ်မြို့တွင် လိမ်လိမ်မာမာဖြင့် ထိုင်စောင့်နေစရာ မလိုတော့ဘဲ မိမိဘက်က စတင်တိုက်ခိုက်ကာ နယ်မြေချဲ့ထွင်နိုင်ပေလိမ့်မည်။

လီရူဟိုင်က မေးလိုက်သည်။ “တုပိုင်... မင်း ငါ့ဆီမှာ အညံ့ခံပြီး ငါ့သမီးနဲ့ လက်ထပ်မလား... ဒါမှမဟုတ် တာ့နင်အင်ပါယာကို ပုန်ကန်ပြီး သီးခြားရပ်တည်မလား...”

တုပိုင်က ပြန်ဖြေလိုက်၏။ “မလုပ်နိုင်ပါဘူး... ကျွန်တော်က အရှင်မင်းကြီးနဲ့ အင်ပါယာအပေါ် သစ္စာစောင့်သိနေတုန်းပါပဲ...”

လီရူဟိုင်က မေးလိုက်သည်။ “မင်း သေချာလို့လား...”

တုပိုင်က ပြန်ပြောလိုက်သည်။ “သေချာပါတယ်...”

လီရူဟိုင်က ပြောလိုက်၏။ “ကောင်းပြီလေ... ဒါဆိုရင် မင်း သေဖို့သာ ပြင်ထားလိုက်ပေတော့... ငါ စိချွမ်းကို ခဏမတိုက်သေးဘူး... ငါ့ရဲ့ စစ်တပ်အားလုံးကို စုစည်းပြီး မင်းလို မျောက်ကလေးကို ရိုက်နှက်ဆုံးမပစ်မယ်... မင်းရဲ့ စစ်တပ်ကို အမြစ်ပါမကျန် တစ်ယောက်မှ အရှင်မထားဘဲ ရှင်းလင်းပစ်မယ်...”

ထို့နောက် လီရူဟိုင်သည် ဘာမျှ ထပ်မပြောတော့ဘဲ အဖွဲ့ကို ဦးဆောင်ကာ တာ့ယန်မြို့တော်သို့ ပြန်သွားလေတော့၏။

တုပိုင်သည်လည်း အဖွဲ့ကို ဦးဆောင်၍ မြို့ထဲသို့ ပြန်ဝင်လာပြီး ပထမဆုံး စကားတစ်ခွန်း ပြောလိုက်လေ၏။ “စစ်တပ်ချဲ့ထွင်မယ့် စီမံကိန်းကို တရားဝင် စတင်မယ်...”

စစ်သည်အင်အား တစ်သိန်းအထိ ချဲ့ထွင်နိုင်မှသာ မရှုံးနိမ့်နိုင်သော အခြေခံအုတ်မြစ်ကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

အကယ်၍ ဘုရားသခင်က သူ့ဘက်တွင် ရှိနေပြီး စစ်ခုန်းယဲ့သာ လက်နက်ဆန်းကြီးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့လျှင် ထိုအခါ ပြောစရာစကားပင် မရှိတော့ပေ။ တုပိုင်သည် ကောင်းကင်ဘုံကိုပင် အာခံနိုင်သော အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပေလိမ့်မည်။

**--**--**--**--**--**--**--**

နန်းတော်အတွင်း၌...

“ဖြောင်း... ဖြောင်း... ဖြောင်း...”

နန်းတွင်းရိုက်ဒဏ် ပေးခြင်းသည် ဆက်လက် ပြုလုပ်နေဆဲပင်။ အသားစများနှင့် သွေးများ လွင့်စင်နေပြီး အော်ဟစ်သံများလည်း မရပ်မနား ထွက်ပေါ်နေလေ၏။

ဆဲရေးတိုင်းထွာသံများနှင့်အတူ နာကျင်စွာ အော်ဟစ်ညည်းညူသံများ ရောထွေးနေသည်။ “အာဏာရှင်... အာဏာရှင်... ဘုရားသခင်က မင်းကို အပြစ်ပေးလိမ့်မယ်...”

“သစ္စာဖောက်တွေကို သတ်ပစ်... ဒီဧကရာဇ်က ရှေးဟောင်းကျယ်မင်းဆိုးမင်းညစ်လိုပဲ... တိုင်းပြည်နဲ့ မထိုက်တန်ဘူး...”

“ဖြောင်း...”

သို့သော် ငါးချက် ၊ ခြောက်ချက်ခန့် ရိုက်ပြီးသောအခါ သူတို့၏ အသံများ တိုးသွားကြလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျောပြင်နှင့် တင်ပါးများမှ နာကျင်မှု ပျောက်ကွယ်သွားသည်ကို ထိတ်လန့်စွာ သတိထားမိလိုက်ကြသောကြောင့် ဖြစ်သည်။

အစပိုင်းတွင် တုတ်ချက်များသည် အလွန် နာကျင်စေသော်လည်း ကိစ္စမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တုတ်ချက်များသည် တိုက်ရိုက် မထိမှန်ဘဲ တင်ပါးကို ပွတ်ဆွဲရိုက်နှက်ခြင်းမျိုး ဖြစ်သောကြောင့်ပင်။ ထိုသို့ရိုက်ခြင်းက အပေါ်ယံ အရေပြားများ စုတ်ပြတ်သွားသော်လည်း အတွင်းပိုင်း အရိုးများကို လုံးဝ မထိခိုက်စေပေ။

သို့သော် ယခုအခါတွင် တုတ်ချက်များသည် နာကျင်မှု မရှိတော့ချေ။ ထိုအရာသည် တုတ်ချက်များသည် အသားကို ရိုက်နှက်ခြင်း မဟုတ်တော့ဘဲ အတွင်းကလီစာများနှင့် အရိုးများကို ရိုက်နှက်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဧကရာဇ်က သူတို့ကို သတ်တော့မည်။

ရုတ်တရက် သူတို့အားလုံး အဆုံးမဲ့ ကြောက်ရွံ့မှုများကို ခံစားလိုက်ရလေတော့၏။

ဤဝါရင့်အမတ်ဟောင်းကြီး အချို့သည် အသက် ခုနစ်ဆယ်ကျော် အရွယ်များ ဖြစ်ကြသော်လည်း ၊ အချို့မှာ အသက် ခြောက်ဆယ်ကျော် အရွယ်သာ ရှိကြသေးသည်။ သူတို့သည် ကောင်းမွန်စွာ နေထိုင်စားသောက်ပြီး ကျန်းမာရေး လိုက်စားထားသဖြင့် ငယ်ရွယ်နုပျိုပုံ ပေါက်နေကြပြီး အလှပဂေးလေးများနှင့်ပင် ပျော်ပါးနိုင်စွမ်း ရှိကြသေးသည်။ အနည်းဆုံးတော့ နောက်ထပ် ဆယ်နှစ်ခန့် စည်းစိမ်ယစ်မျိုး ခံစားနိုင်သေး၏။ ထို့ကြောင့် သေရမှာကို နှမြောတသ ဖြစ်နေကြသည်။

“အရှင်မင်းကြီး... အသက်ချမ်းသာပေးပါ...”

“တစ်ယောက်ယောက်က ကျွန်တော်မျိုးကို အတင်းအကျပ် ခိုင်းလို့ လာခဲ့ရတာပါ... တစ်ယောက်ယောက်က အတင်းအကျပ် ခိုင်းလို့ပါ...”

နောက်ဆုံးတွင်တော့ သူတို့သည် အသက်ကို မက်မောပြီး သေရမှာ ကြောက်ရွံ့ကြသဖြင့် ငိုယိုကာ အသနားခံကြလေတော့သည်။

“ပါးစပ်ပိတ်ထားကြစမ်း... အရှက်မရှိလိုက်တာ... အာဏာရှင်ဆီမှာ အသနားခံရတယ်လို့... ပညာရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားလဲ...” အမတ်ဟောင်းကြီးတစ်ယောက်က အော်ဟစ်လိုက်၏။ သူသည် တစ်ချိန်က ဧကရာဇ်၏ ဆရာဖြစ်ခဲ့ဖူးသဖြင့် နန်းတွင်းရိုက်ဒဏ် ပေးရာတွင် ညှာတာမှု ရရှိခဲ့သည်။ ထို့ကြောင့် သူသည် ဒဏ်ရာမရရုံသာမက နာကျင်မှုပင် သိပ်မရှိခဲ့ပေ။

ထို့ကြောင့် ဧကရာဇ်၏ ဆရာဟောင်းသည် မိမိကိုယ်ကို အလွန် ကြီးမြတ်သည်ဟု ခံစားနေရပြီး နန်းတွင်းရိုက်ဒဏ်၏ နာကျင်မှုကို လုံးဝ လစ်လျူရှုထားနိုင်ခြင်း ဖြစ်လေသည်။ သို့သော် ထိုစကားကို ပြောလိုက်သည်နှင့် လီလျန်တင်း၏ မျက်လုံးများ အေးစက်သွားပြီး လက်ဝါးကို ဝှေ့ယမ်းပြလိုက်၏။

“ဘုန်းးး...” အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်၏ တုတ်ချက်သည် ပြင်းထန်စွာ ကျရောက်သွားလေတော့သည်။

“ဂျွတ်...”

ခဏချင်းမှာပင် ခါးရိုးဆစ်များ တစ်စစီ ကြေမွသွားပြီး သူသည် တစ်သက်လုံး မေ့မြောသွားစေလောက်သည့် နာကျင်မှုဖြင့် အော်ဟစ်ကာ သတိလစ်သွားတော့သည်။

“ဘုန်းးး...”

ဒုတိယတုတ်ချက် ကျရောက်သွားပြီးနောက် ပွဲချင်းပြီး သေဆုံးသွားရလေ၏။

လီလျန်တင်းက ပြောလိုက်သည်။ “အမှားကို သိပြီး အရှင်မင်းကြီးဆီမှာ အပြစ်ဝန်ခံချင်တဲ့သူ ၊ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ချင်တဲ့သူ လက်ထောင်လိုက်ကြ...”

ဝါရင့်အမတ်ဟောင်းကြီး ဆယ်နှင့်ချီသော လူအုပ်သည် ရုတ်တရက် လက်ထောင်လိုက်ကြလေ၏။

လီလျန်တင်းက ပြောလိုက်သည်။ “လာကြစမ်း... ဒီအမတ်မင်းတွေကို နှိပ်စက်တာ ရပ်လိုက်ပြီး ကောင်းကောင်းမွန်မွန် ကုသပေးလိုက်ကြ...”

အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော အမတ်ဟောင်းကြီး ဆယ်နှင့်ချီသော လူစုကို ဆွဲထုတ်သွားကြပြီး သူတို့၏ အသက်များ ပြန်လည်ရရှိသွားကြလေသည်။

ထိုအချိန်တွင် မြေကြီးပေါ်၌ ခေါင်းမာသော ဝါရင့်အမတ်ဟောင်းကြီး အယောက် နှစ်ဆယ်ကျော် ကျန်ရှိနေသေးရာ လီလျန်တင်းက အေးစက်စွာ ပြောလိုက်၏။ “အမတ်မင်းတို့... ဒါက နောက်ဆုံးအခွင့်အရေးပဲ... အဆုံးထိ တိုက်ခိုက်ချင်ကြသေးတာလား...”

အမတ်ဟောင်းကြီးတစ်ယောက်က လီလျန်တင်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ဒီအခြေအနေ ရောက်နေမှတော့ ငါတို့မှာ ပြန်လှည့်စရာ လမ်းရှိသေးလို့လား... ငါတို့ရဲ့ သားသမီး မြေးမြစ်တွေအတွက် ဆက်ပြီး တောင့်ခံထားရမှာပဲ...”

လီလျန်တင်းက ပြောလိုက်သည်။ “အမှန်အတိုင်း ပြောစမ်းပါ...”

အမတ်ဟောင်းကြီးက ပြောလိုက်သည်။ “မိန်းမစိုးချုပ်... ပြီးတော့ အတွင်းထဲက အာဏာရှင်... မင်းတို့ ဂုဏ်ယူမနေနဲ့... အခြေအနေက သတ်မှတ်ပြီးသားပဲ... မင်းတို့က ရှုံးနိမ့်သူတွေ ဖြစ်ဖို့ ကံပါလာပြီးသား... ခေတ်ရေစီးကြောင်းကို မင်းတို့ တားဆီးလို့ မရဘူး... မင်းတို့က သေရာပါမြေမရှိဘဲ သေဆုံးကြရမှာ... ဟုတ်တယ်... တုပိုင်က ဒီစစ်ပွဲကို နိုင်ခဲ့တယ်... ဒါပေမဲ့ ဒါက ခဏတာပဲ... လီမိသားစုမှာ စစ်သည် သိန်းချီ ရှိနေသေးတယ်... တုပိုင်က ပျက်စီးဖို့ ကံပါလာပြီးသား... သူက အတွင်းထဲက အာဏာရှင်ကို ခဏတာ အသက်ရှူပေါက် ပေးလိုက်တာပဲ ရှိတယ်...”

လီလျန်တင်းသည် ထိုအမတ်ဟောင်းကြီး၏ ရှေ့တွင် ထိုင်ချလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။ “ကျွန်တော် မေးပါရစေ... ခေတ်ရေစီးကြောင်းဆိုတာ ဘာလဲ... ခင်ဗျားတို့က ခေတ်ရေစီးကြောင်းကို ကိုယ်စားပြုတာလား...”

အမတ်ဟောင်းကြီးက ပြောလိုက်သည်။ “ရွှေတွေ ၊ အဆုံးမဲ့ နယ်မြေတွေ ၊ ရွှေတောင် ငွေပင်လယ်တွေ ၊ ဂုဏ်သိက္ခာနဲ့ ကြွယ်ဝချမ်းသာမှုတွေ ၊ မိုးထိအောင် မြင့်မားတဲ့ အကျိုးစီးပွားတွေ... ဒါတွေက ခေတ်ရေစီးကြောင်း မဟုတ်ဘူးလား... မင်း တားဆီးနိုင်လို့လား... ဘယ်သူကများ ဟန့်တားရဲလို့လဲ... သင်းကွပ်ထားတဲ့ မြင်းသိုးလေးကို အားကိုးပြီး တားဆီးမလို့လား... သူလည်း မကြာခင် သေတော့မှာပါ...”

လီလျန်တင်း တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်မိသည်။ “ထင်တဲ့အတိုင်းပါပဲ... ဒုတိယအဆင့် စာမေးပွဲအောင်ခဲ့ဖူးတဲ့ ပညာရှင်ပီသပါပေတယ်... အမြင်အာရုံက တကယ်ကို ထက်မြက်တာပဲ...”

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၂၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters