← Chapters

အခန်း (၅၂၄)

Vol. 53 Ch. 524

အခန်း (၅၂၄)

Vol. 53 Ch. 524

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“အကျိုးစီးပွား... ကြီးမားတဲ့ အကျိုးစီးပွားတစ်ခုတည်းကသာ လူပေါင်းများစွာကို သူ့လက်အောက်မှာ စုစည်းနိုင်စေတာ... မြေပေါ်က ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးနိုင်ပြီး တာ့နင်အင်ပါယာရဲ့ အုတ်မြစ်ကို ဝါးမြိုပစ်နိုင်တာ...”

“မင်းအမြင်က သိပ်ကို ကျဉ်းမြောင်းလွန်းတယ်... တာ့နင်အင်ပါယာဆိုတာ သုံးပုံတစ်ပုံပဲ ကျန်တော့တာ... ဒါကြောင့် မင်းတို့က ပျက်စီးဖယ်ရှားခံရဖို့ ကံပါလာပြီးသားပဲ... ငါ့လို အမတ်ဟောင်းတစ်ယောက်ရဲ့ ပါးစပ်က ဒီလိုစကားမျိုး ထွက်လာတာ ထူးဆန်းနေသလား... ငါ ပင်လယ်ရပ်ခြားကို ရောက်ဖူးတယ်... ရွှေတောင်ငွေပင်လယ်တွေကို မြင်ဖူးသလို ကျယ်ပြောလှတဲ့ နယ်မြေတွေကိုလည်း မြင်ဖူးတယ်... ဒါက သခင်လေး ငါ့ကို ကိုယ်တိုင် ပြောပြခဲ့တာ... မင်းတို့က ခေတ်နောက်ကျ ကျန်ရစ်နေသူတွေကို ကိုယ်စားပြုနေတာမို့ ခေတ်ရေစီးကြောင်းအောက်မှာ ကြိတ်ချေခံရဖို့ ကံပါပြီးသား... တုပိုင်ဆိုတဲ့ ကောင်လေးကတော့ ရထားလုံးကို လက်မောင်းနဲ့ တားဆီးဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်သာသာပဲ...”

လီလျန်တင်းက ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျား မြေအောက်ရောက်တဲ့အခါ ကျိန်းဆန်းရင်ဟိုင် (ရွှေတောင်ငွေပင်လယ်) ကို သွားကြည့်လိုက်ဦး... ဘိုးဘေးတွေကို သွားမတွေ့နဲ့... ခင်ဗျားမှာ မျက်နှာရှိမှာ မဟုတ်ဘူး...”

ထို့နောက် လီလျန်တင်းသည် သစ်သားတုတ်ကို မြှောက်လိုက်ပြီး ပင်လယ်ရပ်ခြား ရောက်ဖူးသည်ဆိုသော ထိုအမတ်ဟောင်းကြီးအား ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။

“ဖူးးး...”

ရုတ်တရက် သွေးမြူများ ပြင်းထန်စွာ ပန်းထွက်လာလေ၏။ အမတ်ဟောင်းကြီး၏ အတွင်းကလီစာများအားလုံး တစ်စစီ ကြေမွသွားပြီး လုံးဝ သေဆုံးသွားရလေတော့၏။

ထို့နောက် လီလျန်တင်းသည် သူ၏ လက်ဝါးကို မြင့်မားစွာ မြှောက်လိုက်ပြီးနောက် ရုတ်တရက် ရိုက်ချလိုက်ပြန်သည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ရိုက်နှက်လိုက်သော သစ်သားတုတ်သည် သစ်သားသံကဲ့သို့ အသံမျိုးသာ ထွက်ပေါ်လာ၏။ အသားစများနှင့် သွေးများ လွင့်စင်ခြင်း မရှိဘဲ စုတ်ပြတ်နေသော အိတ်ကြီးတစ်လုံးကို ရိုက်နှက်နေသကဲ့သို့ပင် ဖြစ်နေသည်။

အော်ဟစ်သံများ မရှိတော့သလို ညည်းညူသံများလည်း မရှိတော့ချေ။

ခဏအကြာတွင်...

“ဖူးးး... ဖူးးး...”

သွေးများ တစ်ပွက်ပြီးတစ်ပွက် ပန်းထွက်လာလေ၏။

ကျန်ရှိနေသော အမတ်ဟောင်းကြီး အယောက် နှစ်ဆယ်လုံး ပွဲချင်းပြီး သေဆုံးသွားကြရသည်။

လီလျန်တင်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ဒီအလောင်းတွေကို နန်းတော်တံခါးပြင်ကို လွှင့်ပစ်လိုက်ပြီး သူတို့ရဲ့ မိသားစုဝင်တွေကို လာကောက်ခိုင်းလိုက်...”

လီလျန်တင်းသည် စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်လာပြီး ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး... ဘက်ပြောင်းခိုလှုံပြီး သတင်းပေး ဖော်ထုတ်ချင်တဲ့သူ ဆယ့်သုံးယောက် ရှိပါတယ်... ကျန်တဲ့သူတွေကတော့ အရမ်းကို ခေါင်းမာလွန်းတာကြောင့် အားလုံးကို ကွပ်မျက်လိုက်ပါပြီ...”

ဧကရာဇ်ထျန်ယွင်၏ မျက်လုံးများ နီရဲနေလေ၏။

ဤသည်မှာ သူဧကရာဇ်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။ ဤခံစားချက်သည် နေရထိုင်ရ အလွန် ခက်ခဲစေပြီး လုံးဝ မပျော်ရွှင်ရပေ။

အကယ်၍ သူသာ အသက် နှစ်ဆယ်ခန့် ငယ်ရွယ်နေဦးမည်ဆိုပါက ဤလုပ်ရပ်ကို အလွန် ကျေနပ်စရာကောင်းသည်ဟု ခံစားမိနိုင်ပြီး စွဲလမ်းနှစ်သက်မိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ သူသည် လက်မလွှတ်နိုင်သော ခံစားချက်နှင့် ရွံရှာဖွယ်ရာ ခံစားချက်များသာ ဖြစ်ပေါ်နေမိသည်။

“လေးတင်ပြီးမှတော့ မြှားကို ပစ်လွှတ်လိုက်ရုံပဲ ရှိတော့တယ်...” ဧကရာဇ်က ပြောလိုက်သည်။ “လီလျန်တင်း... လီရူဟိုင်ဆီမှာ စစ်သည်အင်အား ဘယ်လောက်ရှိသလဲ...”

လီလျန်တင်းက ပြန်ဖြေလိုက်၏။ “အနည်းဆုံးတော့ လေးသိန်းလောက် ရှိပါတယ်... တကယ်လို့ အနောက်ဘက်ဒေသက မီးနတ်ဘုရားဂိုဏ်းသာ ကူညီလိုက်မယ်ဆိုရင် ဒီထက်မက ပိုများလာနိုင်ပါတယ်...”

ဧကရာဇ်က ပြောလိုက်သည်။ “တုပိုင်ဆီမှာက နှစ်သောင်း ၊ သုံးသောင်းလောက်ပဲ ရှိတာ... လုံးဝ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး...”

လီလျန်တင်းက ထောက်ခံလိုက်သည်။ “မှန်လှပါ... တားဆီးနိုင်မှာ မဟုတ်ပါဘူး...”

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ကျန့်ကော်နယ်စားမင်းကို စိချွမ်းကနေ ထွက်ခွာပြီး လီရူဟိုင်ရဲ့ ရုပ်သေး တာ့ယန်တိုင်းပြည်ကို တိုက်ခိုက်ဖို့ အမိန့်ထုတ်လိုက်... ပြီးတော့ ရွှမ်ချန်နယ်စားမင်းရဲ့ စစ်တပ်ကို တောင်ဘက်ဆင်းပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ အပြောင်းအလဲတွေကို တန်ပြန်ဖို့ အမိန့်ထုတ်လိုက်...”

ရွှမ်ချန်နယ်စားမင်း၏ ပိုင်နက်နယ်မြေသည် အန်းဟွေးပြည်နယ်တွင် ရှိသော်လည်း သူသည် စစ်ဘက်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူ၏စစ်တပ်သည် မြောက်ဘက်မှ ဝါးနားခန်းနိတ်နိုင်ငံကို ကာကွယ်ရန်အတွက် ရှန်ရှီးပြည်နယ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျာချင်အင်ပါယာသည် ရူးသွပ်မတတ် အင်အားကြီးထွားလာနေပြီး ၊ အနောက်ဘက်ရှိ ကျွန်းကော်ခန်းနိတ်နိုင်ငံသည်လည်း ပြန်လည်ဦးမော့လာနေသည်။ ဝါးနားခန်းနိတ်နိုင်ငံသည် ယုန်သေမှ မြေခွေးဝမ်းနည်း ဆိုသကဲ့သို့ ခံစားနေရသဖြင့် တာ့နင်အင်ပါယာနှင့် ငြိမ်းချမ်းရေး ရယူထားလေသည်။

လီလျန်တင်းက ပြောလိုက်သည်။ “အရှင်မင်းကြီး... ရွှမ်ချန်နယ်စားမင်းဆီကို အမိန့်တော် အစောင် နှစ်ဆယ်ကျော် ပို့ခဲ့ပေမဲ့ သူက ပြန်မကြားခဲ့ပါဘူး...”

“ဒီလေကို ရှူရှိုက်ရတာ မွန်းကြပ်လွန်းလှတယ်... ပြန်ပြီး တိုက်ခိုက်ရမယ့်အချိန် ရောက်ပြီ...” ဧကရာဇ်က ပြောလိုက်သည်။ “မြို့တော်မှာ အရှိန်အဟုန်တစ်ခု တည်ဆောက်မယ်... ကြီးလေးတဲ့ အမှုကြီးတစ်ခုကို ဖော်ထုတ်ပြီး အင်ပါယာအာဏာ ပြန်လည်မြင့်တက်လာပြီဆိုတာကို တစ်လောကလုံး သိအောင် လုပ်ရမယ်... ရွှမ်ချန်နယ်စားမင်းက စစ်ဘုရင်တစ်ယောက်ရဲ့ စံပြပဲ... မဖြစ်မနေ ရွေးချယ်ရမယ့် အခြေအနေ မရောက်မချင်း သူက ဘက်ရွေးမှာ မဟုတ်ဘူး... အမိန့်ကို မနာခံရင် သူ့ခေါင်းပေါ် မီးပုံရှို့ပေးလိုက်ကြ...”

လီလျန်တင်းက ပြောလိုက်သည်။ “ဒါဆိုရင် အရှိန်အဟုန် အကြီးကြီး လိုအပ်ပါလိမ့်မယ်...”

ဧကရာဇ်က မေးလိုက်၏။ “ငါတို့ မြို့တော်မှာ ရှိတဲ့ အင်အားတွေအကုန်လုံးကို စုစည်းလိုက်ရင် ဒီအရှိန်အဟုန်ကို ဖန်တီးဖို့ လုံလောက်မလား...”

လီလျန်တင်းက ပြန်ဖြေလိုက်သည်။ “ဖန်းမိသားစုရဲ့ အရာရှိတွေက ကောင်းကင်ကို ဖုံးအုပ်ထားပါတယ်... ဒါပေမဲ့ သူ့ရဲ့ ငွေကြေးတွေက အရှေ့တောင်ဘက် ပြည်နယ်တွေမှာ ရှိပြီး ၊ သူ့ရဲ့ စစ်တပ်ကလည်း အရှေ့တောင်ဘက်မှာပါ... ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စစ်တပ်က တဖြည်းဖြည်းချင်း စိမ့်ဝင်လာခဲ့ပေမဲ့ မြို့တော်ဝန်းကျင်မှာ ရှိတဲ့ တကယ့်စစ်တပ်အင်အားက သုံးသောင်းလောက်ပဲ ရှိပါတယ်... စစ်တပ်အများဆုံး ပိုင်ဆိုင်ထားတဲ့ မြို့စားမင်း ယွမ်ထိန်ကတော့ အိုမင်းပြီး ကောက်ကျစ်စဉ်းလဲသူမို့ ဒီအချိန်မှာ ဘက်ရွေးမှာ မဟုတ်ပါဘူး...”

ဧကရာဇ်က ပြောလိုက်သည်။ “ဒါဆိုရင် စမ်းကြည့်ရတာပေါ့...”

“မြို့စားမင်း ယွမ်ထိန်ကို ထုန်းကျိုးစခန်းကနေ ဦးဆောင်ပြီး မင်းသမီးနင်းရွှဲ့ရဲ့ နေရာမှာ ဝင်ရောက်တာဝန်ယူခိုင်းပြီး ရှန်ဟိုင်ကွမ်းဂိတ်ကို စောင့်ကြပ်ဖို့ အမိန့်ထုတ်လိုက်... မင်းသမီးနင်းရွှဲ့ကိုတော့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ထုန်းကျိုးစခန်းကို လာခဲ့ဖို့ ပြောလိုက်... စမ်းကြည့်ရအောင်... ယွမ်ထိန်က အမိန့်နာခံမလား ၊ မနာခံဘူးလား ဆိုတာ...”

လီလျန်တင်းက မေးလိုက်သည်။ “အမိန့်တော်အတိုင်းပါ... ပြီးရင် ဘာဆက်လုပ်ရမလဲ...”

ဧကရာဇ်က ပြောလိုက်သည်။ “အခုနက ဘက်ပြောင်းလာတဲ့ အမတ်ဟောင်း ဆယ်ချီ ရှိတယ် မဟုတ်လား... သူတို့ကို သတင်းပေး ဖော်ထုတ်ခိုင်းလိုက်... အမှုကြီးတစ်ခု ၊ ပုန်ကန်မှု ကြီးကြီးမားမား အမှုကြီးတစ်ခု စတင်လိုက်... ပြီးရင် ဆွေမျိုးကိုးဆက် မျိုးဖြုတ်သတ်ပစ်မယ်...”

လီလျန်တင်းက မေးလိုက်သည်။ “လူဘယ်နှယောက်လောက် သတ်ရမလဲ...”

ဧကရာဇ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပြောလိုက်သည်။ “သတ်သင့်သလောက် အကုန်သတ်ပစ်... ဖန်းမိသားစုက မကယ်တင်နိုင်ဘူးလား ၊ ဒါမှမဟုတ် လုံးဝ ပုန်ကန်ထကြွလာမလား ဆိုတာကို စောင့်ကြည့်ရအောင်...”

“အမိန့်တော်အတိုင်းပါ...” လီလျန်တင်း ပြောလိုက်သည်။

ဧကရာဇ်သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေ၏။ ‘တုပိုင်... မင်းက အင်ပါယာအတွက် တိုက်ခိုက်နေတာ... ငါက မြို့တော်မှာရှိတဲ့ ဖန်းမိသားစု အုပ်စုကို တိုက်ခိုက်ပြီး မင်းအတွက် အရှိန်အဟုန် တည်ဆောက်ပေးမယ်...’

**--**--**--**--**--**--**--**

လက်ရှိအချိန်မတိုင်မီ နာရီအနည်းငယ်ခန့်ဆီသို့ ပြန်သွားကြည့်မည်ဆိုလျှင်... လျှို့ဝှက်အိမ်တော် စာကြည့်ဆောင်အတွင်း၌ ဖြစ်သည်။

အင်ပါယာ၏ အဓိကမဏ္ဍိုင်ကြီး သုံးခုဖြစ်သော ယွမ်ထိန် ၊ ဖန်းကျိုး နှင့် တုဟွေးတို့သည် တုပိုင်နှင့် ပိုင်ဆယ်မြို့၏ နောက်ဆုံး စစ်ပွဲသတင်းကို စောင့်မျှော်နေကြလေသည်။

ဖန်းကျန်ကျစ်သည် တံခါးပြင်ပတွင် ရပ်နေပြီး တုပိုင်ကို စောင့်ကြည့်ရင်း တုဟွေးအား နောက်ပြောင်ကျီစယ်လိုက်သည်။

“အမတ်မင်းတု... တစ်နေ့ကျရင် ခင်ဗျားနဲ့ တုပိုင် စစ်မြေပြင်မှာ တွေ့ဆုံခဲ့ရင် ဘာလုပ်မလဲ...” ဖန်းကျန်ကျစ်က ရယ်မောရင်း မေးလိုက်၏။

တုဟွေးက ပြန်ဖြေလိုက်သည်။ “ပုန်ကန်တဲ့သားတစ်ယောက်... အဖေက သားကို သေစေချင်ရင် သားက သေရမှာပေါ့...”

ဖန်းကျိုးက ဝင်ပြောလိုက်သည်။ “ကဲပါ... အမတ်မင်းတုကို နောက်မနေပါနဲ့... တုပိုင်ကို သတ်ဖို့အတွက် သူလို အစိုးရအဖွဲ့ဝန်ကြီးတစ်ယောက်က ကိုယ်တိုင် သတ်စရာ မလိုပါဘူး... တုပိုင်က မကြာခင် သေတော့မှာပါ...”

ထိုအချိန်၌ပင် လူရိပ်မည်းတစ်ခု လျင်မြန်စွာ ဝင်ရောက်လာပြီး လျှို့ဝှက်စာတစ်စောင်ကို အစိုးရအဖွဲ့မှူး ဖန်းကျိုး၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။

ဖန်းကျိုးသည် စာကို ဖွင့်ဖတ်လိုက်ရာ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး စာထဲမှ စာလုံးများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

စာထဲရှိ ရေးသားထားသည်မှာတော့ တုပိုင်က စစ်ပွဲကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး လီမိသားစု၏ စစ်သည် တစ်သိန်းနီးပါး ချေမှုန်းခံလိုက်ရသည် ဟူ၍ ဖြစ်လေသည်။

တုဟွေးက မေးလိုက်သည်။ “သတင်းက မကောင်းဘူးလား...”

ဖန်းကျိုးက စာရွက်ကို ကမ်းပေးလိုက်ရာ တုဟွေး တစ်ချက်ကြည့်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး ရုတ်တရက် ရှုံ့မဲ့သွားပြီး သွေးရောင် လုံးဝ မကျန်တော့ချေ။

စစ်ဘက်အကြီးအကဲ မြို့စားမင်း ယွမ်ထိန်သည် ရှေ့သို့ တိုးလာပြီး လျှို့ဝှက်စာကို ယူကြည့်လိုက်ရာ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” မြို့စားမင်း ယွမ်ထိန် ရေရွတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟားဟား... အမတ်မင်းတု... ခင်ဗျားက သားကောင်းတစ်ယောက် မွေးထားတာပဲ...”

ထို့နောက် မြို့စားမင်း ယွမ်ထိန်သည် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “အမတ်မင်းနှစ်ယောက်... ခွင့်ပြုပါဦး...”

စာကြည့်ဆောင်အတွင်း၌ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ရုတ်တရက် တုဟွေးက ပြောလိုက်သည်။ “ဧကရာဇ်ရဲ့ တန်ပြန်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားလိုက်တော့... ရိုးသားတဲ့သူတွေ ရူးသွပ်လာရင် ပိုကြောက်စရာ ကောင်းတယ်...”

ထိုအချိန်၌ပင် လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး အပြင်ဘက်တွင် ဒူးထောက်လျက် ပြောလိုက်သည်။ “သခင်ကြီး... ဧကရာဇ်ရဲ့ နန်းတော်ရှေ့မှာ အမတ်ဟောင်း ဆယ်ချီထဲက တစ်ကျိပ်ကျော်လောက် အသက်ဘေး လွတ်ဖို့ တောင်းပန်ခဲ့ကြပြီး ကျန်တဲ့ အယောက် နှစ်ဆယ်လုံး အသတ်ခံလိုက်ရပါတယ်...”

တုဟွေးက ပြောလိုက်သည်။ “လာပြီ... ဒါက အစပဲ ရှိသေးတယ်...”

**--**--**--**--**--**--**--**

ထိုအခိုက် လီလျန်တင်းသည် မြို့စားမင်း ယွမ်ထိန်၏ အိမ်တော်သို့ ရောက်ရှိလာပြီး အမိန့်တော် ပြန်တမ်းကို ဖတ်ကြားလိုက်လေသည်။

“အမိန့်တော်အတိုင်း... ဧကရာဇ်က အမိန့်ပေးလိုက်တယ်... မြို့စားမင်း ယွမ်ထိန်သည် ထုန်းကျိုးစခန်းမှ တပ်ဖွဲ့ကို ဦးဆောင်ပြီး မြောက်ဘက်သို့ ချီတက်ကာ မင်းသမီးနင်းရွှဲ့နှင့် နေရာလဲလှယ်၍ ရှန်ဟိုင်ကွမ်းဂိတ်တွင် တပ်စွဲရမည်...”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် နေပြည်တော် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လူများသည် ခမ်းနားထည်ဝါစွာ ထွက်ခွာလာကြလေ၏။ သူတို့၏ လက်ထဲတွင် တပ်ရင်းမှူးများနှင့် တပ်စုမှူးများ၏ နာမည်စာရင်း အများအပြား ပါရှိလေသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ခမ်းနားထည်ဝါသော အိမ်တော်ကြီးများ၏ တံခါးမကြီးများသည် တစ်ခုပြီးတစ်ခု ရိုက်ချိုးဖွင့်လှစ်ခြင်း ခံလိုက်ရလေသည်။

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းသမားများသည် ဒီရေအလား ဝင်ရောက်လာကြပြီး ရူးသွပ်မတတ် ဖမ်းဆီးမှုများကို စတင်ပြုလုပ်ကြတော့သည်။

နေပြည်တော်၌ ကြီးမားသော အပြောင်းအလဲကြီး စတင်နေပြီ ဖြစ်သည်။ ဧကရာဇ်၏ တန်ပြန်တိုက်ခိုက်မှု တရားဝင် စတင်လိုက်ပြီဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ပုန်ကန်မှုကြီးတစ်ခုကို ဖော်ထုတ်လိုက်ခြင်းပင်။

ဤသည်ကို တင်စားရလျှင် သွေးစွန်းသော ကန့်လန့်ကာကြီးကို တရားဝင် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်လေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters