အခန်း (၅၂၅)
Vol. 53 Ch. 525
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ပိုင်ဆယ်စီရင်စု ၊ ကျေးလက်ဒေသ တစ်နေရာ၌။
လီစစ်ချောင်သည် ယခုနှစ်တွင် အသက် သုံးဆယ် ရှိပြီဖြစ်သည်။
သူသည် အသက် တစ်ဆယ့်နှစ်နှစ် အရွယ်ကတည်းက ကောင်းကင်ဝံပုလွေဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ပြီး သိုင်းပညာ လေ့ကျင့်ရင်း တရားမဝင် ဆားရောင်းဝယ်ခြင်းများ ပြုလုပ်ခဲ့သည်။ အသက် တစ်ဆယ့်ကိုးနှစ် အရွယ်တွင် ကောင်းကင်ဝံပုလွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်လာခဲ့လေ၏။
မိုစော်ဘွား ပုန်ကန်ထကြွစဉ်က ကောင်းကင်ဝံပုလွေဂိုဏ်းသည်လည်း အနည်းငယ် ပါဝင်ကူညီခဲ့သည်။ နောက်ပိုင်းတွင် မိုစော်ဘွား ချေမှုန်းခံရသောအခါ ကောင်းကင်ဝံပုလွေဂိုဏ်းသည် ကြောက်ရွံ့သွားပြီး သူတို့ပါ ရောနှော အရေးယူခံရမည်ကို စိုးရိမ်သဖြင့် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်ရန်ပင် ပြင်ဆင်ခဲ့ကြသည်။
သို့သော် မျှော်လင့်မထားသည်မှာ နန်းတွင်းအာဏာပိုင်များသည် သူတို့ကို လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ပေ။ ထို့အပြင် လီမိသားစု စော်ဘွားသည် ကောင်းကင်ဝံပုလွေဂိုဏ်းနှင့် ပူးပေါင်းကာ တရားမဝင် ဆားများကို အရပ်မျက်နှာပေါင်းစုံသို့ ရောင်းချခဲ့လေသည်။
ထိုအချိန်က နေ့ရက်များသည် တကယ့်ကို သာယာလှပလွန်းခဲ့သည်။ ဂိုဏ်းခေါင်းဆောင်ငယ် အနေဖြင့် လီစစ်ချောင်သည် အရက်သမားဘဝဖြင့် အိပ်မက်ပမာ ဘဝမျိုးကို စံစားခဲ့ရသည်။ နေ့စဉ် ကောင်းမွန်သော အစားအသောက်များကို စားသောက်ရပြီး နေ့စဉ် မတူညီသော မိန်းမပျိုလေးများနှင့် ပျော်ပါးခဲ့ရသည်။ ပန်းအရက်သောက်စားပြီး ငွေဆယ်တုံးကျော် သုံးစွဲရလျှင်ပင် နှမြောခြင်း မရှိခဲ့ချေ။
သို့သော် သာယာသော အချိန်များသည် ကြာရှည်မခံခဲ့ပေ။
တရားမဝင် ဆားနှင့် သတ္တုတွင်းများအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်နိုင်ရန်အတွက် လီမိသားစုသည် မီးနတ်ဘုရားဂိုဏ်းကို အသုံးပြုကာ အနောက်တောင်ပိုင်းရှိ ဂိုဏ်းအဖွဲ့အားလုံးကို သတ်ဖြတ်ရှင်းလင်းခဲ့လေသည်။
ထိုအထဲတွင် ကောင်းကင်ဝံပုလွေဂိုဏ်းလည်း အပါအဝင် ဖြစ်လေ၏။
ထိုညက လီစစ်ချောင်သည် အရက်နာကျနေပြီး တံခါးတစ်ဝက်ဖွင့်ထားသော အိမ်မှ အမျိုးသမီးတစ်ဦးနှင့် အချိန်ဖြုန်းနေသဖြင့် နောက်ကျမှ ပြန်ရောက်လာခဲ့သည်။ သူ ကောင်းကင်ဝံပုလွေဂိုဏ်းသို့ ပြန်ရောက်သောအခါ နေထွက်ပြီးချိန်ပင် ရောက်နေပြီ ဖြစ်သည်။
ထိုအချိန်က မြင်ကွင်းကို သူ ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ပေ။ ကြမ်းပြင်ပေါ်တွင် ပြည့်နှက်နေသော သွေးများနှင့် အလောင်းများကို သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။
ကောင်းကင်ဝံပုလွေဂိုဏ်းသား ရာပေါင်းများစွာတွင် ထက်ဝက်ခန့် အသတ်ခံလိုက်ရပြီး ကျန်ထက်ဝက်ခန့်မှာ ထွက်ပြေးလွတ်မြောက်သွားကြသည်။
လီစစ်ချောင်သည် ထိုအချိန်က ဒူးများ ပျော့ခွေသွားသော်လည်း အသက်ဘေးကြောင့် အသည်းအသန် ထွက်ပြေးခဲ့လေသည်။ သူသည် တစ်လမ်းလုံး အပြေးအလွှား ပြေးလာခဲ့ပြီး စီရင်စုမြို့မှ ကျေးလက်ဒေသရှိ သူ့ဇာတိရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။
ထိုအချိန်မှစ၍ အာဏာပိုင်များနှင့် လီမိသားစုတို့သည် တရားမဝင် ဆားရောင်းဝယ်မှု ပြစ်မှုဖြင့် ကောင်းကင်ဝံပုလွေဂိုဏ်းသားများကို လိုက်လံရှာဖွေနေခဲ့ကြသည်။
လီစစ်ချောင်သည် လူလုံးထွက်မပြရဲသဖြင့် ကျေးလက်ဒေသရှိ သူ့ဇာတိရွာတွင် ပုန်းခိုနေခဲ့ပြီး ကျန်ရှိသော ငွေဆယ်တုံးကို အသုံးပြုကာ မိန်းမယူ၍ အိမ်သစ်တစ်လုံး ဆောက်လုပ်ခဲ့သည်။
အစပိုင်းတွင် သူသည် စိုးရိမ်ပူပန်နေခဲ့သော်လည်း သမီးတစ်ယောက်နှင့် သားတစ်ယောက် မွေးဖွားပြီးသောအခါ သူ၏စိတ်သည် လုံးဝ တည်ငြိမ်သွားခဲ့လေ၏။
သေချာသည်မှာ လယ်လုပ်ခြင်းသည် သူ့အတွက် မဖြစ်နိုင်သလို တစ်သက်လုံး လယ်လုပ်စားရန်လည်း မဖြစ်နိုင်ပေ။ အိမ်ရှိ လယ်မြေဧက အနည်းငယ်ကို သူ့အဖေအား စိုက်ပျိုးခိုင်းထားပြီး သူကမူ နှစ်တိုင်း ဟိုနားဒီနား လျှောက်သွားကာ စားသောက်ပျော်ပါးနေခဲ့သည်။
နောက်ပိုင်းတွင် အခြေအနေများ ငြိမ်သက်သွားသောအခါ သူသည် ရွာအနည်းငယ်ကို လှည့်လည်သွားလာပြီး ယခင်က ဂိုဏ်းသားဟောင်းများကို ပြန်လည်စုစည်းခဲ့ပြီး လူအင်အား လေးဆယ် ၊ ငါးဆယ်ခန့်ပင် ရှိလာခဲ့၏။ သူသည် ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီး ပတ်ဝန်းကျင် ကျေးရွာများတွင် ဗိုလ်ကျစိုးမိုးသူ တစ်ဦး ဖြစ်လာခဲ့သည်။
ကျေးရွာများအကြား အငြင်းပွားမှုများ ဖြစ်ပွားလျှင် သူ့ကို ဖိတ်ကြား၍ ဖြေရှင်းခိုင်းရသည်။ တစ်စုံတစ်ယောက်က စီးပွားရေး လုပ်ချင်လျှင်ပင် သူ့ကို ဆက်ကြေးပေးရ၏။ နောက်ပိုင်းတွင် ရွာထဲ၌ မင်္ဂလာဆောင် ကိစ္စများ ရှိလျှင်ပင် သူ့ကို အသိပေး အကြောင်းကြားရသည်အထိ ဖြစ်လာခဲ့သည်။
သူဌေးမဖြစ်လာသော်လည်း ကောင်းမွန်သော အစားအသောက်များကို စားသောက်နိုင်ရုံ ရှိလေ၏။
သို့သော် လီမိသားစု ပုန်ကန်ထကြွပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
လီစစ်ချောင်သည် ယခင်က ငွေရှာရသည်မှာ နှေးကွေးလွန်းသည်ဟု ခံစားမိပြီး လုယက်ခြင်းကသာ ပို၍ မြန်ဆန်သည်ဟု ထင်မြင်လာခဲ့သည်။ ထို့ကြောင့် သူ့အဖွဲ့သည် တစ်ပိုင်းတစ်စ ဓားပြအဖွဲ့အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ အစိုးရဟူသည်လည်း မရှိတော့ပြီ မဟုတ်ပါလား။ ဘယ်ကောင်ကိုမှ ဂရုစိုက်စရာမလိုတော့ချေ။
မနေ့ညက လီစစ်ချောင်သည် ချမ်းသာသော မိသားစုကြီးတစ်ခုကို ထပ်မံဖောက်ထွင်းဝင်ရောက်ပြီး ငွေတုံး နှစ်ရာကျော် ဓားပြတိုက် လုယက်လာခဲ့သည်။
“အစ်ကိုကြီး... ဒီနေ့ခေတ်က ကစဉ့်ကလျား ဖြစ်နေတာပဲ... ဘာလို့ အမြင့်တစ်နေရာကို တက်ပြီး လူထောင်ပေါင်းများစွာကို စုစည်း ၊ စီရင်စုမြို့ကို သွားမသိမ်းပိုက်တာလဲ...” တပည့်တစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တာပေါ့... ကုန်းကုန်းတုပိုင်နဲ့ လီမိသားစုဘုရင်က အသေအလဲ တိုက်ခိုက်နေကြတာ... အောက်ခြေက စီရင်စုတွေကို ဂရုစိုက်ဖို့ အားမရှိကြတော့ဘူး... စီရင်စုတချို့မှာ အရာရှိ ဆယ်ချီလောက်ပဲ ရှိပြီး စစ်သားတစ်ယောက်တောင် မရှိဘူး...” နောက်ထပ် တပည့်တစ်ယောက်က ပြောလိုက်သည်။
“တုပိုင်အကြောင်း ပြောရရင်... ပိုင်ဆယ်မြို့လေး တစ်မြို့တည်းကို သိမ်းပိုက်ထားတဲ့ ကုန်းကုန်းလေး တစ်ယောက်ပဲ... အစ်ကိုကြီးလီက သူရဲကောင်းတစ်ယောက်ပဲလေ... ဘာဖြစ်လို့ စီရင်စုမြို့တစ်မြို့ကို သိမ်းပိုက်ပြီး မစိုးမိုးနိုင်ရမှာလဲ...”
“တုပိုင်နှင့် လီဘုရင် ဘယ်သူနိုင်မယ် ထင်သလဲ...”
“ဒါပေါ့... လီဘုရင် နိုင်မှာပေါ့... သူ့မှာ စစ်သည် သိန်းချီ ရှိတာပဲ... တုပိုင်ဆိုတဲ့ မိန်းမစိုးလေးမှာ စစ်သား ဘယ်နှယောက် ရှိလို့လဲ...”
“ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက တုပိုင်က လီဘုရင်ရဲ့ စစ်သည် သိန်းချီကို သတ်ပစ်လိုက်တယ်လေ... နေရာတိုင်းမှာ အလောင်းတွေ ပြည့်နေတာပဲ... အခု ပိုင်ဆယ်မြို့က ညတိုင်း သရဲခြောက်နေတယ်တဲ့...” လီစစ်ချောင်သည် တပည့်များ ပြောနေသည်ကို စိတ်ဝင်တစား နားထောင်နေမိသည်။
သူသာ ဟိန်းဟောက်လိုက်ပါက လူထောင်ပေါင်းများစွာကို စုစည်းနိုင်ဆဲဖြစ်ပြီး စီရင်စုမြို့တစ်မြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ပေလိမ့်မည်။ ထို့နောက် ဤစီရင်စုမြို့ကို လီဘုရင်ထံ ဆက်သလိုက်ပါက သူသည် တိုက်ရိုက် အရာရှိ ဖြစ်မလာနိုင်ပေဘူးလား။ အနည်းဆုံးတော့ တပ်မှူးငယ်ရာထူးလောက်တော့ ရနိုင်ပေမည်။
ထိုအချိန်၌ သူ့ဘေးနားရှိ စာတတ်ပေတတ်တစ်ယောက်က ပြောလိုက်၏။ “အစ်ကိုကြီး... ညီအစ်ကိုတွေ ပြောတာ အဓိပ္ပာယ်ရှိတယ်... ကစဉ့်ကလျား ခေတ်ကာလက မကြာခင် ရောက်လာတော့မှာ... ဒါက သူရဲကောင်းတွေ ပေါ်ထွက်လာဖို့ အခွင့်ကောင်းပဲ... ဟန်ဧကရာဇ် လျူပန်းတောင်မှ အစ်ကိုကြီးလောက် အခြေအနေ မကောင်းခဲ့ဘူး... နောက်ဆုံးကျတော့ သူ ကမ္ဘာလောကကြီးကို သိမ်းပိုက်နိုင်ခဲ့တာပဲ...”
လီစစ်ချောင်သည် ကမ္ဘာလောကကြီးကို သိမ်းပိုက်ရန် မဝံ့ရဲသော်လည်း ၊ သူ၏ အဆင့်ခြောက် သိုင်းပညာရှင် စွမ်းရည်နှင့် ညီအစ်ကို ထောင်ပေါင်းများစွာ၏ အကူအညီဖြင့် အနာဂတ်တွင် ဘွဲ့ထူးဂုဏ်ထူး ရရှိရန် မျှော်လင့်ချက် ရှိနေသည်။
တုပိုင်ထံ ခိုလှုံရန်အတွက်မူတော့ သူ ဘယ်သောအခါမှ မစဉ်းစားခဲ့ပေ။ တုပိုင်ဆိုသော ကုန်းကုန်းလေးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲနေပြီး ဦးနှောက်ထဲ ရေဝင်နေမှသာ သူ့ထံ သွားရောက်ခိုလှုံမိပေလိမ့်မည်။
ရွာအဝင်ဝတွင် အားလုံး လူစုခွဲလိုက်ကြသည်။ လီစစ်ချောင်သည် သားသတ်သမားအိမ်သို့ သွားရောက်ကာ အသားတစ်တုံး တောင်းယူပြီး ယိုင်တိယိုင်တိုင်ဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် အဘိုးအိုက လယ်ထဲသို့ ဆင်းရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။
“အလုပ်မလုပ်ဘဲ နေနေတယ်... ကောင်းတာလည်း ဘာမှ မလုပ်ဘူး... ဘုရားသခင်က ဘာလို့ မင်းလို တိရစ္ဆာန်မျိုးကို ပြန်မယူသွားတာလဲ မသိဘူး...” အဘိုးအိုက သူ့ကို ကြည့်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“ဆဲချင်ရင်လည်း ဆဲပါဗျာ... ခင်ဗျားက ဆဲတာပဲ တတ်တာကိုး... ကျွန်တော်သာ အပြင်မှာ ပိုက်ဆံမရှာရင် ခင်ဗျား ဘာတွေ စားသောက်နေရမှာလဲ...” လီစစ်ချောင်က ပြန်ပြောလိုက်သည်။
အဘိုးအိုသည် ပေါက်ပြားဖြင့် သူ့ကို တိုက်ရိုက် ရိုက်နှက်တော့မလို ရွယ်လိုက်ပြီး ဟိန်းဟောက်လိုက်၏။ “ငါ မင်းရဲ့ အရက်ကို သောက်ဖူးလို့လား... အသားတစ်တုံး စားဖူးလို့လား... ငါ စိုက်ပျိုးထားတာကိုပဲ ငါစားတာ... မင်းရဲ့ မည်းညစ်တဲ့ ပိုက်ဆံတွေကို ငါ မလိုချင်ဘူး... မင်း ဝယ်လာတဲ့ အသားကလည်း နံစော်နေတယ်...”
လီစစ်ချောင်သည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူသည် သိုင်းပညာ တတ်မြောက်သော်လည်း သူ့အဖေ၏ ရိုက်နှက်မှုကို အလကားသက်သက် ခံရလေ့ရှိသည်။
“အဖေ...”
“ဖေဖေ...”
ကလေးနှစ်ယောက် ၊ သားလေးတစ်ယောက်နှင့် သမီးလေးတစ်ယောက်သည် ယိုင်တိယိုင်တိုင် ပြေးထွက်လာပြီး လီစစ်ချောင်၏ ပေါင်များကို တစ်ဖက်တစ်ချက်စီ ဖက်တွယ်လိုက်ကြသည်။
အဘိုးအိုသည် မြေးနှင့် မြေးမလေးကို မြင်လိုက်ရသောအခါ ပေါက်ပြားကို အမြန် ပြန်ရုတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် လယ်ထဲသို့ ထွက်သွားလေတော့သည်။
“ယာယာ ၊ တန်တန်... အိမ်မှာ လိမ္မာကြရဲ့လား... မေမေစကား နားထောင်ကြလား...” လီစစ်ချောင်သည် ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးနှစ်ယောက်နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
ကလေးနှစ်ယောက်က သူ့ခြေထောက်များကို ဖက်ထားကြလေ၏။ သူသည် သတိထား၍ အိမ်ထဲသို့ ဝင်သွားပြီး အလုပ်ရှုပ်နေသော ဇနီးသည်၏ ကျောပြင်ကို ကြည့်ကာ ကြင်နာစွာ ပြောလိုက်သည်။ “မနေ့ညက လူတချို့ အငြင်းပွားနေကြလို့ ကိုယ့်ကို လာဖြေရှင်းခိုင်းကြတယ်... တခြားတစ်ယောက်က ကိုယ့်ကို အသားတစ်တုံး ပေးလိုက်တယ်... နေ့လယ်ကျရင် ချက်ပြီး ကလေးတွေကို ကျွေးလိုက်ပါ...”
ဇနီးသည်က အေးစက်သော မျက်နှာထားဖြင့် သူ့ကို လစ်လျူရှုထားလိုက်သည်။
“ဘာဖြစ်လို့လဲ...” လီစစ်ချောင်က မေးလိုက်၏။ “ကိုယ် တခြားမိန်းမ သွားရှာတာလည်း မဟုတ်ဘဲနဲ့... နေ့တိုင်း ဒီလိုမျက်နှာထား လုပ်ပြနေရလား...”
ဇနီးသည်က အေးစက်စွာ ပြောလိုက်သည်။ “ရှင် ဘာလုပ်ခဲ့လဲ ရှင်သိပါတယ်... နေ့တိုင်း ရွာသားတွေက အဘိုးနဲ့ ကျွန်မရဲ့ ကျောရိုးကို လက်ညှိုးထိုးနေကြပြီ... တခြားလူတွေရဲ့ ကလေးတွေတောင် ယာယာနဲ့ တန်တန်ကို မကစားရဲကြတော့ဘူး... ရှင်က မကောင်းမှုတွေပဲ လုပ်နေတာကိုး...”
လီစစ်ချောင်က ပြောလိုက်သည်။ “ငါ ဘာမှားလို့လဲ... ငါ နေ့တိုင်း အိမ်မှာထိုင်ပြီး လယ်စိုက်နေရင် မင်း ပျော်မှာလား... ငါသာ အပြင်မှာ ပိုက်ဆံမရှာရင် မိသားစုက လူကြီးတွေ ဘာစားကြမလဲ... မင်းတို့ ဘာစားကြမလဲ...”
ဇနီးသည်က လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အိမ်မှာ လယ်တွေယာတွေ ရှိတာပဲ... သူများတွေလည်း ရောင့်ရဲတင်းတိမ်ပြီး နေနိုင်ကြတာပဲ မဟုတ်လား...”
လီစစ်ချောင်က ဒေါသတကြီး ပြောလိုက်သည်။ “မင်း နေ့တိုင်း ထမင်းဖြူ မစားရဘဲ ပြောင်းဖူးထမင်းပဲ စားရမယ်... ဒီလိုဘဝမျိုး မင်း နေနိုင်လို့လား...”
“ဘာလို့ မနေနိုင်ရမှာလဲ...” ဇနီးသည်က ပြောလိုက်သည်။ “ဘယ်မိသားစုကများ မနေနိုင်ကြလို့လဲ...”
ထို့နောက် သူမသည် အသားတုံးကို အပြင်သို့ လွှင့်ပစ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ရှင့်ရဲ့ အသားကို မစားဘူး... မကောင်းမှုလုပ်ပြီး ရလာတဲ့ ရှင့်ပိုက်ဆံကို မသုံးဘူး...”
“ဒုန်း... ဒုန်း... ဒုန်း...”
ထိုအချိန်၌ပင် အပြင်ဘက်မှ ပြင်းထန်သော မြင်းခွာသံများ ထွက်ပေါ်လာလေ၏။ ထို့နောက် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်မှူးတစ်ဦး ဦးဆောင်သော စစ်သည်တစ်သိုက်သည် အိမ်ထဲသို့ ဝင်ရောက်လာကြသည်။
“ကျုပ်က ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး လင်းချီနျန်ပဲ... ခင်ဗျားက လီစစ်ချောင်လား...” လင်းချီနျန်က အေးစက်စွာ မေးလိုက်သည်။
လီစစ်ချောင်သည် အဆင့်ခြောက် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် လက်သီးဖြင့် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သူ့ဘေးနားရှိ ဇနီးနှင့် ကလေးများကို မြင်လိုက်ရသောအခါ ရုတ်တရက် စိတ်လျှော့လိုက်မိသည်။
လင်းချီနျန်က အော်ဟစ်လိုက်သည်။ “လီစစ်ချောင်... ခင်ဗျားက ဘေးဒုက္ခရောက်နေချိန်မှာ ဇာတိမြေကို ဓားပြတိုက် လုယက်ခဲ့တယ်... ပိုင်ဆယ်မြို့စားမင်း ၊ ပိုင်ဆယ်စီရင်စုမှူး နဲ့ သခင်လေးတုပိုင်တို့က ကျေးလက်ဒေသကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်တယ်... အခု စစ်ပွဲကာလ ရောက်နေပြီမို့ ခင်ဗျားတို့လို လူရမ်းကားတွေကို စစ်ဆေးမေးမြန်းနေစရာ မလိုဘူး... ချက်ချင်း ကွပ်မျက်လိုက်...”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team