← Chapters

အခန်း (၅၂၆)

Vol. 53 Ch. 526

အခန်း (၅၂၆)

Vol. 53 Ch. 526

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

နောက်ဆုံးတွင် လင်းချီနျန်သည် လက်ကို ဝှေ့ယမ်းပြလိုက်ရာ စစ်သည်အများအပြား ရှေ့သို့ တိုးလာပြီး လီစစ်ချောင်ကို ဖမ်းဆီးလိုက်ကြ၏။

လီစစ်ချောင်သည် ခွန်အားသုံး၍ ပြန်လည်ခုခံရန် အချိန်ပင် မရလိုက်ခင်မှာပင် သူ့ဇနီးသည် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်ကာ အသည်းအသန် တောင်းပန်လေတော့သည်။ “ကျွန်မ ယောကျ်ားကို အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါရှင်... ကျွန်မယောကျ်ားက မိုက်မဲခဲ့ပေမဲ့ ဘယ်သူ့အသက်ကိုမှ မသတ်ခဲ့ဖူးပါဘူး... ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ...”

လင်းချီနျန်သည် ထိုအမျိုးသမီးနှင့် ကလေးများကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “အသက်ရှင်ချင်ရင် စစ်တပ်ထဲဝင်ပြီး အပြစ်ကြွေးကို ဆပ်ကြ...”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်...” လီစစ်ချောင်၏ ဇနီးသည် အဆက်မပြတ် ဦးညွှတ်လိုက်ပြီး လီစစ်ချောင်ကို ဆွဲကာ ပြောလိုက်သည်။ “ရှင် ဘာလုပ်နေတာလဲ... ဒူးမထောက်သေးဘူးလား... မသတ်ဘဲ အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောလိုက်လေ...”

“ဖမ်းခေါ်သွား...” လင်းချီနျန်က အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် စစ်သည်အများအပြား ရှေ့သို့ တက်လာကြပြီး လီစစ်ချောင်ကို သံခြေချင်းများဖြင့် တိုက်ရိုက် ချည်နှောင်လိုက်ကြလေသည်။ သူသည် အမှန်တကယ်ပင် ပြန်လည်ခုခံချင်သော်လည်း ကလေးနှင့် ဇနီးသည် သူ့ဘေးနားတွင် ရှိနေသဖြင့် ငြိမ်သက်နေလိုက်ရသည်။

ထိုအချိန်၌ ပိုင်ဆယ်စီရင်စု တစ်ခုလုံးနှင့် ကွမ်ရှီးပြည်နယ်၏ အနောက်ဘက်ခြမ်း တစ်ခုလုံးတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးသည် နေရာတိုင်း၌ ဖြစ်ပျက်နေလေ၏။

ရွှေဇလုံထဲ လက်ဆေးကာ ဒုစရိုက်လောကမှ အနားယူသွားကြသော သိုင်းသမားအများအပြားသည် အိမ်၌ အေးဆေးစွာ စားသောက်နေကြစဉ် ရုတ်တရက် စစ်သည်တစ်ဖွဲ့ အိမ်ထဲသို့ ဝင်ရောက်လာပြီး စကားတစ်ခွန်းမျှပင် မပြောဘဲ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

သူတို့၏ နောက်ကျောတွင် အမျိုးသမီးများ၏ ငိုကြွေးသံများသာ ကျန်ရစ်ခဲ့လေ၏။ တုပိုင်၏ လက်ရွေးစင်တပ်ဖွဲ့သည် မရေမတွက်နိုင်သော ကျေးရွာများ၏ ငြိမ်းချမ်းမှုကို လုံးဝ ဖျက်စီးပစ်လိုက်သည်။ လူအုပ်စုလိုက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ပိုင်ဆယ်မြို့သို့ ပို့ဆောင်လိုက်ကြသည်။

ဤသည်မှာ လီဝမ်ဟွေ့ ဦးဆောင်သော စစ်တပ်ချဲ့ထွင်ရေး အစီအစဉ်ပင် ဖြစ်လေသည်။ ဓားပြများနှင့် လမ်းဘေးဗိုလ်ကျသူများကို နှိမ်နင်းခြင်းဟူသော ခေါင်းစဉ်အောက်တွင် ယွမ်တာဝန်းကျင် လီရာပေါင်းများစွာအတွင်းရှိ ကျေးရွာများအားလုံးကို ရှင်းလင်းခဲ့ပြီး အနားယူသွားသော ဂိုဏ်းသားဟောင်းများအားလုံးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ ခရိုင်များနှင့် စီရင်စုများတွင် ငိုကြွေးသံများနှင့် ပျော်ရွှင်စွာ အော်ဟစ်သံများ တပြိုင်နက် ထွက်ပေါ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းသားဟောင်း သိုင်းသမားများသည် လယ်စိုက်ခြင်းဖြင့် ငြိမ်သက်စွာ မနေနိုင်ကြဘဲ သူတို့၏ သိုင်းပညာကို အသုံးပြု၍ ဗိုလ်ကျလေ့ရှိသဖြင့် လူထု၏ မုန်းတီးမှုကို ခံထားရသောကြောင့် ဖြစ်သည်။

သို့သော် အချို့သော သိုင်းသမားဟောင်းများသည် ရွာကို ကာကွယ်ပေးသူများ ဖြစ်လာကြပြီး ရွာသူရွာသားများ၏ ချစ်ခင်မှုကို ရရှိထားသူများလည်း ရှိကြသည်။ သို့သော် ထိုလူစုမှာ လူနည်းစုသာ ဖြစ်လေ၏။

လက်ရှိအချိန်တွင်တော့ တုပိုင်တို့သည် ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ခွဲခြားမနေဘဲ အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာ ဖြစ်သည်။

လမ်းတိုင်းတွင် မြင်းခွာသံများ ဆူညံနေပြီး မရေမတွက်နိုင်သော လူများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လမ်းဘေးဝဲယာတွင် ဒူးထောက်နေကြရသည်။

ပိုင်ဆယ်မြို့သို့ သွားရာလမ်းမကြီးပေါ်တွင် အကျဉ်းသားများကို ခေါ်ဆောင်လာသော တန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေလေ၏။

တုပိုင်သည် မြို့ရိုးပေါ်တွင် ရပ်လျက် အကျဉ်းသားအုပ်စုများ တစ်သုတ်ပြီးတစ်သုတ် မြို့ထဲသို့ ဝင်ရောက်လာသည်ကို ကြည့်ရှုနေသည်။ ဤလူများသည် သိုင်းပညာ တတ်မြောက်သူများ ဖြစ်ကြသည်။ ထို့နောက်တွင် သူတို့သည် အရက်စက်ဆုံးနှင့် အကြမ်းတမ်းဆုံး လေ့ကျင့်မှုများကို ခံယူကြရမည် ဖြစ်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လက်ရွေးစင် စစ်သည်များက သူတို့ကို လူဖြစ်ရတာ နောင်တရသွားသည်အထိ လေ့ကျင့်ပေးကြပေလိမ့်မည်။

လူအများအပြား၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်များဖြင့် ဖုံးလွှမ်းနေပြီး အချို့ဆိုလျှင် သွေးများပင် ယိုစီးကျနေလေ၏။ ထင်ရှားသည်မှာ သူတို့သည် ဖမ်းဆီးမှုကို ခုခံရန် ကြိုးစားခဲ့သဖြင့် ရိုက်နှက်နှိမ်နင်း ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ပိုင်ဆယ်မြို့ပြင် လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လူခေါင်းပြတ်များ တန်းစီနေလေသည်။ ဤလူများအားလုံးသည် ခုခံရန် ကြိုးစားခဲ့သူများနှင့် အပြစ်အကြီးမားဆုံး ကျူးလွန်ခဲ့သူများ ဖြစ်ကြပြီး နောက်လူများကို သတိပေးသည့်အနေဖြင့် ခေါင်းဖြတ် ကွပ်မျက်ထားခြင်း ဖြစ်သည်။

ပထမအကြိမ် စစ်တပ်ချဲ့ထွင်ရေး အစီအစဉ်ကို မွေးစားအဖေ လီဝမ်ဟွေ့က အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

သူသည် တုပိုင်၏ ရှေ့မှောက်တွင် မေတ္တာတရား ပြည့်ဝသော အဖေကောင်းတစ်ယောက် ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်မူ သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သံမဏိလက်သီးပိုင်ရှင် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သူ၏ နည်းလမ်းများသည် အေးစက်ရုံသာမက ရက်စက်ကြမ်းကြုတ်လှပေသည်။

သူ၏ အမိန့်တစ်ချက်ကြောင့် မိသားစုထောင်ပေါင်းများစွာ ငိုကြွေးရလေမည်။ သို့သော် စစ်ပွဲဆိုသည်မှာ ဧည့်ခံကျွေးမွေးသော ထမင်းစားပွဲ မဟုတ်ပေ။ ထို့ကြောင့် တင့်တယ်လှပနေ၍ မရသလို ၊ အေးဆေးသက်သာနေ၍ မရ ၊ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးနေ၍လည်း မရနိုင်ချေ။

မှတ်တမ်းထိန်းအရာရှိချုပ်ချန်ဖိန်သည် တုပိုင်၏ ဘေးနားသို့ ရောက်လာပြီး သတင်းပို့လိုက်သည်။ “သခင်ကြီး... ကျွန်တော်တို့ရဲ့ ပထမအကြိမ် စစ်တပ်ချဲ့ထွင်မှုက အရမ်း ချောမွေ့ပါတယ်... ဒီအချိန်အထိ တပ်သားသစ် လေးထောင်ကိုးရာ့သုံးဆယ့်ငါးယောက် ဝင်ရောက်လာပြီး ပါပြီဗျ..”

တုပိုင်သည် အောက်ဘက်တွင် ပြည့်ကျပ်နေသော တပ်သားသစ် အကျဉ်းသားများကို ကြည့်ရင်း မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်သည်။

“ဆက်လက်ပြီး... ဒီလူတွေရဲ့ ဇနီးမယား ၊ သားသမီးတွေနဲ့ မိသားစုပိုင်ဆိုင်မှု အားလုံးကိုပါ မြို့ထဲကို ပြောင်းရွှေ့ခိုင်းလိုက်...” တုပိုင်က အမိန့်ပေးလိုက်သည်။

“ဒုန်း... ဒုန်း... ဒုန်း...”

ထိုအချိန်၌ပင် မြေပြင်သည် အနည်းငယ် တုန်ခါသွားလေ၏။ ပြီးနောက် တောင်ဘက် မိုးကုပ်စက်ဝိုင်းဆီမှ စစ်သည်များ၏ စစ်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ သန်မာကြံခိုင်သည့် လူငယ်စစ်သည် သုံးထောင်ဖြစ်၏။ အားလုံးသည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ကာ သေသပ်ညီညာသော ခြေလှမ်းများဖြင့် မြောက်ဘက်သို့ ချီတက်လာကြသည်။

မြို့ရိုးအောက်သို့ ရောက်ရှိလာသောအခါ ဦးဆောင်သူ စစ်သည်က ဒူးတစ်ဖက်ထောက်ကာ ဦးညွှတ်လိုက်သည်။

“မဟာမြို့စားမင်းကို ဂါရဝပြုပါတယ်...”

လူငယ်စစ်သည် သုံးထောင်စလုံးသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး ဟစ်အော်လိုက်ကြ၏။

“မဟာမြို့စားမင်းကို ဂါရဝပြုပါတယ်...”

ဤသူအားလုံးသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရံစစ်သည်များ ဖြစ်ကြသည်။ သူတို့သည် ငယ်ရွယ်ကြသေးပြီး ဝါရင့်စစ်သည်များ မဖြစ်ကြသေးပေ။

တုပိုင်၏ မျက်လုံးများသည် အနည်းငယ် ပူနွေးစိုစွတ်သွားပြီး ပခုံးပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု တင်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုလူငယ်စစ်သည်များသည် တုပိုင်ကို မော့ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိမ်းလန်းသော အရောင်များနှင့် ရူးသွပ်သော အကြည့်များ ပြည့်နှက်နေသည်။ သူတို့သည် အမှန်တကယ်ပင် ကျားကို မကြောက်သော မွေးခါစ နွားပေါက်လေးများ ဖြစ်ကြလေ၏။

တုပိုင်သည် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

“မြို့ထဲကို ဝင်ကြ...”

အရံစစ်သည် သုံးထောင်သည် မတ်တတ်ထရပ်လိုက်ကြပြီး သေသပ်ညီညာစွာဖြင့် မြို့ထဲသို့ ဝင်ရောက်လာကြသည်။

တုပိုင်သည်တော့ စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်မိလေ၏။ ‘ငါ မင်းတို့အများစုရဲ့ အသက်ကို ကယ်တင်နိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဆုံးရအောင် ကာကွယ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်...’

**--**--**--**--**--**--**--**

မင်းနေပြည်တော်၌ မြို့စားမင်း ယွမ်ထိန်သည် အမိန့်တော်ပြန်တမ်းကို ကြားလိုက်ရသောအခါ အလွန် တုန်လှုပ်သွားရလေ၏။ သူကဲ့သို့ ဂုဏ်သရေရှိ မြို့စားမင်းတစ်ပါးကို ရှန်ဟိုင်ကွမ်းဂိတ်အား သွားရောက်စောင့်ကြပ်ခိုင်းသည်မှာ အနည်းငယ် အကြည့်ရဆိုးလှသည်။ သို့သော် ဧကရာဇ်၏ ဆိုလိုရင်းကို သူ နားလည်လေသည်။ ဧကရာဇ်သည် သူ့ကို ဘက်မရွေးစေချင်ဘဲ လုံးဝ ဝေးဝေးနေစေချင်ခြင်း ဖြစ်သည်။

ခဏကြာပြီးနောက် မြို့စားမင်း ယွမ်ထိန်က ပြောလိုက်သည်။ “ဒီဝန်ကြီးက လျောင်တုန်းကို သွားပြီး လျောင်တုန်းဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကိုယ့်သဘောဆန္ဒနဲ့ လျှောက်တင်လိုက်မယ်...”

လျောင်တုန်းဒေသသည် သူ၏ အမာခံနယ်မြေ ဖြစ်သည်။ ယခင်က သူသည် လျောင်တုန်းဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မနှစ်ကမှ ဒဏ်ရာကုသရန် မြို့တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လျောင်တုန်းဘုရင်ခံ နေရာသည် လစ်လပ်နေဆဲဖြစ်ရာ သူသည် မည်သူ့ခုခံမှုမှ မရှိဘဲ ထိုနေရာသို့ တိုက်ရိုက် သွားရောက်နိုင်လေသည်။

ယခုအခါ မြို့တော်သည် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခု ဖြစ်လာတော့မည်။ ဧကရာဇ်နှင့် ဖန်းမိသားစုတို့သည် စစ်ပွဲစတင်တော့မည် ဖြစ်ရာ သူသည် ဘက်မရွေးလိုသဖြင့် ဝေးဝေးသို့ ရှောင်နေလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ တောမီးသည် သူ့အိမ်သို့ ကူးစက်လာမည် မဟုတ်ချေ။

လီလျန်တင်းသည် နားထောင်ပြီးနောက် ပြောလိုက်သည်။ “ကောင်းပါပြီ... ကျွန်တော် အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပေးပါ့မယ်... မကြာခင် အမိန့်တော် ထွက်လာပါလိမ့်မယ်... မြို့စားမင်း အနေနဲ့ အထုတ်အပိုး ပြင်ဆင်ထားလိုက်ပါ...”

မြို့စားမင်း ယွမ်ထိန်သည် အသန်မာဆုံး စစ်ဘုရင်တစ်ပါး၏ ပုံစံအတိုင်း ခြံဝင်းထဲတွင် လမ်းလျှောက်ရင်း နဂါးနှင့် ကျား တိုက်ခိုက်နေကြသည်ကို အေးဆေးစွာ ထိုင်ကြည့်နေလိုက်လေတော့သည်။

စစ်ပွဲဆိုသည်မှာ ဧည့်ခံကျွေးမွေးသော ထမင်းစားပွဲ မဟုတ်သလို ၊ နိုင်ငံရေးတိုက်ပွဲ ဆိုသည်မှာလည်း ထမင်းစားပွဲ မဟုတ်ပေ။

ဤတစ်ကြိမ်တွင် နန်းတော်တွင်းသို့ ဝင်ရောက်ပြီး ဧကရာဇ်အား တုပိုင်ကို သတ်ဖြတ်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိကြောင်း ဝန်ခံရန် ဖိအားပေးနေသူမှာ အိမ်ရှေ့စံ၏ ဆရာသခင် ၊ အစိုးရအဖွဲ့ လက်ထောက်ဝန်ကြီးဟောင်း ဆုချန်ပေါ် ဖြစ်လေ၏။

သူ့သားသည် မြို့ပြင်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပြီး အိမ်တွင် မရှိသော်လည်း သူ့မြေး သုံးယောက်စလုံးသည် အိမ်တွင် ရှိနေကြသည်။ မြေးနှစ်ယောက်မှာ စာမေးပွဲ အောင်မြင်ထားပြီး မြို့တော်၌ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်နေကြကာ တစ်ယောက်က ဟန်လင်းပညာရှိအဖွဲ့တွင် ၊ တစ်ယောက်က အခမ်းအနားဝန်ကြီးဌာနတွင် ဖြစ်သည်။ အငယ်ဆုံးမြေးကမူ တော်ဝင်တက္ကသိုလ်တွင် ပညာသင်ကြားနေလေ၏။

ဆုချန်ပေါ်သည် မင်းဆက်သုံးဆက်စာ ဝါရင့်အမတ်ကြီး တစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့ လက်ထောက်ဝန်ကြီးဟောင်းနှင့် ဧကရာဇ်၏ ဆရာလည်း ဖြစ်သည်။ သူသည် ဝါအရင့်ဆုံး ဖြစ်ပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးထားသူလည်း ဖြစ်သည်။

သူသည် ဧကရာဇ်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ဘယ်နှကြိမ်လောက် ဆဲဆိုခဲ့ဖူးသနည်း။ အကြိမ်တိုင်းတွင် ဧကရာဇ်သည် အံကြိတ်၍သာ သည်းခံခဲ့ရသည်။

ယခုတစ်ကြိမ်တွင် အဘိုးအိုသည် ကိုယ်တိုင် ထွက်လာခဲ့ပြန်ရာ မိသားစုတစ်ခုလုံးက သူတို့ အောင်ပွဲခံနိုင်တော့မည်ဟု ခံစားနေကြလေ၏။

မြေးသုံးယောက်စလုံးသည် အဘိုးဖြစ်သူ ဘာသွားလုပ်မည်ကို သိကြသည်။ ဧကရာဇ်ကို ဖိအားပေးပြီး သင်းကွပ်ထားသော ခွေးကောင်ကို သတ်ဖြတ်ရန် ၊ ထို့နောက် ဧကရာဇ်ကိုယ်တိုင် အပြစ်ရှိကြောင်း ဝန်ခံရန်နှင့် နောက်ဆုံးရည်မှန်းချက်မှာ ဧကရာဇ်ကို ထီးနန်းစွန့်ခိုင်းရန် ဖြစ်သည်။

ဤသည်မှာ ကြီးမားသော ကိစ္စရပ်ကြီး ဖြစ်သော်လည်း အင်ပါယာ၏ မဏ္ဍိုင်ကြီး သုံးခုကတော့ ကြီးကျယ်သည်ဟု မထင်မှတ်ကြပေ။

ယနေ့ခေတ် နန်းတွင်းတွင် အောက်ခြေအထိ လျှို့ဝှက်ချက်ဟူ၍ မရှိတော့ချေ။ ဧကရာဇ်ကို ထီးနန်းစွန့်ခိုင်းမည့် ကိစ္စကို အမြင့်ဆုံး အဆင့်ရှိသူများက လျှို့ဝှက်ထားကောင်း ထားနိုင်သော်လည်း အောက်ခြေအရာရှိများ ၊ အထူးသဖြင့် တော်ဝင်တက္ကသိုလ်မှ ကျောင်းသားများကမူ အုတ်အော်သောင်းတင်း ပြောဆိုနေကြပြီ ဖြစ်လေသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters