အခန်း (၅၂၉)
Vol. 53 Ch. 529
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သို့သော် အံ့အားသင့်ဖွယ် ကောင်းသည်မှာ ကျွန်းသခင်ကြီး ဟယ်ကျင်းသည် ထိုသူအား အမှန်တကယ်ပင် ဦးညွှတ်အရိုအသေ ပြုလိုက်ခြင်းပင်။
“အရှင်မင်းသားက ကျွန်တော့်ကို လွှတ်လိုက်ပါတယ်... ကိစ္စနှစ်ခု ရှိပါတယ်...” ရှောင်မူကျစ်က ပြောလိုက်သည်။
ထိုအရှင်မင်းသား ဆိုသူမှာ တာ့နင်အင်ပါယာ၏ အိမ်ရှေ့စံမင်းသား မဟုတ်ဘဲ ပင်လယ်ရပ်ခြား အင်ပါယာကြီးတစ်ခု၏ အိမ်ရှေ့စံမင်းသား ဖြစ်လေသည်။
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်၏။ “ပြောပါ...”
ရှောင်မူကျစ်က ပြောလိုက်သည်။ “ပထမကိစ္စကတော့ လီလျန်တင်းကို သတ်ဖို့ပါ...”
ကျွန်းသခင်ကြီး ဟယ်ကျင်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ “လီလျန်တင်းက ပေမင်ဓားဂိုဏ်းရဲ့ တပည့်တစ်ဝက် ဖြစ်နေပါတယ်...”
ရှောင်မူကျစ်သည် သူ့စကားကို လစ်လျူရှုလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒုတိယကိစ္စကတော့ တုပိုင်ကို သတ်ဖို့ပါ...”
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “တုပိုင်က ကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပြီး မသေခဲ့ပါဘူး... ကျွန်တော်တို့ အန်ချိုကျွန်းအနေနဲ့ သူ့ကို သတ်ပိုင်ခွင့် မရှိပါဘူး...”
ရှောင်မူကျစ်က ပြောလိုက်သည်။ “ဒါက အရှင်မင်းသားရဲ့ အမိန့်ပါ... လုပ်တာ မလုပ်တာက ခင်ဗျားအပိုင်းပါ...”
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “ကျွန်တော် အထက်လူကြီးတွေကို တင်ပြလိုက်ပါ့မယ်... အထက်လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်...”
ရှောင်မူကျစ်က ယဉ်ကျေးစွာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်...”
ကျွန်းသခင်ကြီး ဟယ်ကျင်းသည် ဤကိစ္စကို ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီသို့ တင်ပြလိုက်၏။
ရက်ဝက်ခန့် ကြာပြီးနောက်... အကြီးအကဲများကောင်စီ၏ အမိန့်စာ ရောက်ရှိလာလေတော့သည်။
**--**--**--**--**--**--**--**
အန်ချိုကျွန်းပေါ်ရှိ အထူးအကျဉ်းထောင်တစ်ခု အတွင်း၌... ပြိုင်ဘက်ကင်း အလှပိုင်ရှင် လီတောက်ယွဲ့သည် ဤနေရာတွင် အကျဉ်းချခံထားရလေသည်။
သူမ၏ အပြစ်မှာ ရိုးရှင်းလှသည်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို သိရှိပြီးနောက် အထက်သို့ မတင်ပြဘဲ ကိုယ်ကျိုးအတွက် သိမ်းဆည်းထားခြင်း ၊ နောက်ဆုံးတွင် တုပိုင်ကိုပါ တိတ်တဆိတ် သင်ပေးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် မူလက သူမသည် အန်ချိုကျွန်း အကြီးအကဲများကောင်စီသို့ ဝင်ရောက်ခွင့် ရတော့မည် ဖြစ်သော်လည်း ယခုအခါတွင်မူ အထူးအကျဉ်းထောင်ထဲသို့ ရောက်နေရ၏။
ထိုအခိုက် ကျွန်းသခင်ကြီး ဟယ်ကျင်း ဝင်ရောက်လာပြီး ၊ သူ့နောက်တွင် ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော တရားစီရင်ရေးမှူးတစ်ဦး လိုက်ပါလာ၏။
လီတောက်ယွဲ့ ရင်ထဲတွင် တုန်လှုပ်သွားရလေ၏။ သူမ၏ အပြစ်က ပေမင်ဓားဂိုဏ်း၏ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး ကိုယ်တိုင် လာရောက်ရလောက်အောင် ကြီးလေးနေသည်လား။
ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး ဆိုသည်မှာ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီ၏ အမြင့်ဆုံး အင်အားစု ဖြစ်သည်။ အလွန် အစွမ်းထက်သော ရန်သူတော်များ ပေါ်ပေါက်လာမှသာ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးကို စေလွှတ်လေ့ရှိသည်။ သာမန်ကိစ္စများအတွက်ဆိုလျှင် အန်ချိုကျွန်း၏ သံတမန်ကိုသာ စေလွှတ်လေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်များက မိစ္ဆာခေါင်းဆောင် ကျီယင်ယင်ကို ချေမှုန်းရန်အတွက် ပေမင်ဓားဂိုဏ်းသည် ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးကို စေလွှတ်ခဲ့ဖူးသည်။
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “လီတောက်ယွဲ့... ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်က ပေမင်မဟာအတတ်ရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဆိုတာ မင်း သိသင့်ပါတယ်... ဒါက ပေမင်ဓားဂိုဏ်းရဲ့ ရတနာပဲ... မင်းက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို တွေ့ရှိခဲ့ပြီးနောက် အထက်ကို မတင်ပြဘဲ တုပိုင်ကို တိတ်တဆိတ် သင်ပေးခဲ့တယ်... ဒါက သေဒဏ်ပေးထိုက်တဲ့ အပြစ်ပဲ...”
လီတောက်ယွဲ့ တိတ်ဆိတ်နေလိုက်၏။
ဟယ်ကျင်းက မေးလိုက်သည်။ “မင်း အပြစ်ကို ကုစားပြီး လွတ်လပ်ခွင့် ပြန်လိုချင်သလား...”
လီတောက်ယွဲ့က ဖြေလိုက်သည်။ “လိုချင်ပါတယ်...”
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “ဒါဆိုရင် မင်းက အန်ချိုကျွန်းနဲ့ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး ကိုယ်စား လူတစ်ယောက်ကို သွားသတ်ပေးရမယ်...”
လီတောက်ယွဲ့က မေးလိုက်သည်။ “ဘယ်သူ့ကို သတ်ရမှာလဲ...”
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “မေးစရာ မလိုဘူး... ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးနောက်ကို လိုက်သွား... အဲဒီလူကို မြင်တာနဲ့ မင်း ဘယ်သူ့ကို သတ်ရမလဲဆိုတာ သိလာလိမ့်မယ်...”
လီတောက်ယွဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ...”
ကျွန်းသခင်ကြီး ဟယ်ကျင်းက ပြောလိုက်သည်။ “အဲဒီလူကို သတ်ပြီးတာနဲ့ မင်း အန်ချိုကျွန်းကို ပြန်လာခဲ့... စွဲချက်တွေအားလုံး ပျက်ပြယ်ပြီး မင်းကို အန်ချိုကျွန်း အကြီးအကဲအဖြစ် ရာထူးတိုးပေးမယ်...”
လီတောက်ယွဲ့က ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ...”
အချိန်အတော်ကြာပြီးနောက်... မဟာဆရာသခင်အဆင့် ရှိသော လီတောက်ယွဲ့နှင့် ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီမှ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးတို့သည် ပေမင်ဓားဂိုဏ်းမှ ထွက်ခွာသွားကြလေသည်။
**--**--**--**--**--**--**--**
မင်းနေပြည်တော် ၊ မွန်းတည့်တံခါးဝ၌ အရာရှိ ရာပေါင်းများစွာသည် အကျဉ်းသားဝတ်စုံများကို ဝတ်ဆင်ထားပြီး မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်နေကြရသည်။
ဤအရာရှိများသည် အဆင့်လေးမှ အဆင့်ခုနစ်အထိ ပါဝင်ကြသည်။ ရာထူးမကြီးသော်လည်း သူတို့၏ နေရာများသည်တော့ အလွန် အရေးပါလှသည်။ သူတို့သည် ဝန်ကြီးဌာန ခြောက်ခုတွင် တာဝန်ထမ်းဆောင်သူများနှင့် ဟန်လင်းပညာရှိအဖွဲ့မှ အရာရှိများ ဖြစ်ကြလေ၏။
အိမ်ရှေ့စံ၏ ဆရာသခင်ဟောင်း ဆုချန်ပေါ်၏ အကြီးဆုံးမြေးသည်လည်း ထိုအထဲတွင် ပါဝင်ပြီး ယခုအချိန်၌ မြေပြင်ပေါ်တွင် ဒူးထောက်နေရလေ၏။
“အမတ်ချုပ်ကြီး... ကယ်ပါဦး...”
“နန်းရင်းဝန်တုဟွေး... ကယ်ပါဦး...”
“ကျွန်တော် ဒီနေ့ ဒီအခြေအနေ ရောက်ရတာက ဖန်းမိသားစုအတွက် အသက်ပေးခဲ့လို့ပါ... ဘာလို့ ဖန်းမိသားစုက ကျွန်တော့်ကို မကယ်တာလဲ...”
မည်သူကမျှ မသေချင်ကြပေ။ သေခါနီးအချိန်တွင် မပြောနိုင်သော စကား၊ မလုပ်နိုင်သော အရာဟူ၍ မရှိတော့ချေ။ ကွပ်မျက်ခြင်းကို ကြည့်ရှုနေသော ပြည်သူသောင်းပေါင်းများစွာ ရှိနေလေ၏။
ဧကရာဇ်ထျန်ယွင်အပေါ် သူတို့၏ သဘောထားမှာ ဝေခွဲမရ ဖြစ်နေသည်။ ပထမဦးစွာ သူသည် ကြင်နာတတ်သော မင်းကောင်းတစ်ပါး ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
သို့သော် မကြာသေးမီက ကောလာဟလများအရ ဧကရာဇ်ထျန်ယွင်သည် တုပိုင်ဟုခေါ်သော ကုန်းကုန်းလေး တစ်ယောက်ကို မျက်နှာသာပေးပြီး အစွမ်းထက်သော စစ်သည်များနှင့် မြင်းများကို ပေးအပ်ခဲ့သဖြင့် အင်ပါယာ၏ အနောက်တောင်ပိုင်း ကျဆုံးခဲ့ရသည်ဟု ဆိုကြသည်။ ထို့ကြောင့် သူသည် မိုက်မဲသော ဧကရာဇ်တစ်ပါး ဖြစ်သည်ဟု ယူဆကြသည်။
သို့သော် မကြာသေးမီက တုပိုင်သည် စစ်ရှုံးခဲ့ခြင်း မရှိဘဲ ကြီးမားသော အောင်ပွဲ ရရှိခဲ့ကြောင်း ၊ သစ္စာဖောက်များ၏ စစ်သည် တစ်သိန်းလုံးကို သတ်ဖြတ်ချေမှုန်းနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြန်ရာ ဧကရာဇ်သည် ဉာဏ်ပညာကြီးမားသော မင်းတစ်ပါး ဖြစ်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ အရာရှိများကို သတ်ဖြတ်ခြင်းသည် အမြဲတမ်း ကောင်းမွန်သော ကိစ္စရပ်ပင် ဖြစ်သည်။
မြို့တော်ရှိ ပြည်သူများ၏ စိတ်ထဲတွင် လာဘ်မစားသော အရာရှိဟူ၍ မရှိဟု ယူဆထားကြသည်။ အားလုံးကို သတ်ပစ်လျှင် မှားယွင်းကောင်း မှားယွင်းနိုင်သော်လည်း ၊ တစ်ယောက်ချင်းစီကို ရွေးသတ်နေပါက လွတ်မြောက်သွားသူများ ရှိနေပေလိမ့်မည်။
အရေးအကြီးဆုံးကတော့ ပွဲကြည့်ရတာ မဟုတ်ပါလော။
လီလျန်တင်းသည် အောက်ဘက်ရှိ လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်နေပြီး အမတ်ချုပ်ကြီး ဖန်းကျိုး၏ လူယုံနှင့် နန်းရင်းဝန်တုဟွေး၏ လူယုံများကို တစ်ချက်တည်းနှင့် မြင်တွေ့လိုက်ရသည်။
ဧကရာဇ်က ဘာအတွက်ကြောင့် လူသတ်နေရသနည်း။
အမိန့်မနာခံသော စစ်ဘက်ခေါင်းဆောင်များကို ခြိမ်းခြောက်ရန်နှင့် အရှိန်အဟုန် တည်ဆောက်ရန် ဖြစ်သည်။ အရှိန်အဟုန်ကို မည်သို့ တည်ဆောက်မည်နည်း။ သတ်ဖြတ်ခြင်းဖြင့် ခေါင်းများ လှိမ့်ဆင်းစေပြီး ဖန်းမိသားစုကို အလျော့ပေးလာအောင် ၊ နောက်ဆုတ်သွားအောင် ဖိအားပေးခြင်း ဖြစ်သည်။
ဖန်းမိသားစု အုပ်စုသာ နောက်ဆုတ်သွားပြီး အလျော့ပေးလိုက်ပါက ၊ ထိုစစ်ဘက်ခေါင်းဆောင်များသည် ဧကရာဇ်၏ အမိန့်တော်ကို လေတိုက်သလို လစ်လျူရှုရဲကြတော့မည် မဟုတ်ပေ။ သို့မဟုတ်ပါက အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များ အမိန့်တော်နှင့်အညီ လာရောက်ဖမ်းဆီးသောအခါ ပုန်ကန်ခြင်းမှလွဲ၍ အခြားနည်းလမ်း ရှိတော့မည် မဟုတ်ပေ။
“အမတ်ချုပ်ကြီးဖန်းကျိုး... နန်းရင်းဝန်တုဟွေး... ခင်ဗျားတို့ အရှင်မင်းကြီးကို လာမတွေ့ကြသေးဘူးလား...” လီလျန်တင်းက အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် သူသည် လက်ထဲမှ အမိန့်တော်ပြားကို ပစ်ချလိုက်ပြီး အမိန့်ပေးလိုက်၏။ “ကွပ်မျက်...”
ဤသည်မှာ အလွန် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ တရားစီရင်ရေးဝန်ကြီးဌာန၏ ဝန်ကြီးသည် အရာရှိများကို ကွပ်မျက်ခြင်းအား ကြီးကြပ်နိုင်သော်လည်း လီလျန်တင်းသည် မကြီးကြပ်နိုင်ပေ။ ထို့အပြင် ယခုအချိန်တွင် သူသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲ ရာထူးပင် မရှိတော့ချေ။ သူ့တွင် ရှိသော တစ်ခုတည်းသော ရာထူးမှာ ကိုယ်ရံတော်ဝန်ကြီး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော် သူ၏ အမိန့်ကြောင့် ရာပေါင်းများစွာသော ကွပ်မျက်သူများသည် ဓားများကို မြှောက်လိုက်ပြီး ခုတ်ချလိုက်ကြလေသည်။
“ရွှီးးး...”
အရာရှိ တစ်ရာကျော်၏ ခေါင်းများ ပြုတ်ကျသွားပြီး သွေးများ ပြင်းထန်စွာ ပန်းထွက်လာလေ၏။
“အိုးးး...” ကြည့်ရှုနေသော ပြည်သူသောင်းပေါင်းများစွာ အာမေဋိတ် သံများ ထွက်ပေါ်လာသည်။
အချို့ကမူ ကျယ်လောင်စွာ လက်ခုပ်တီး အားပေးကြသည်။ လူအုပ်ထဲရှိ တုဟွေးနှင့် ဖန်းကျိုး၏ လူယုံများသည် မျက်နှာများ ရှုံ့မဲ့သွားကြသော်လည်း ဆက်လက်၍ ခံစားချက်မရှိသလို ဟန်ဆောင်နေကြသည်ကို လီလျန်တင်း တွေ့လိုက်ရသည်။
လီလျန်တင်းက အမိန့်ပေးလိုက်သည်။ “နောက်တစ်သုတ် ခေါ်ထုတ်ခဲ့...”
နောက်ထပ် လူတစ်စုကို ခေါ်ထုတ်လာပြန်သည်။ လူတစ်ရာခန့် ရှိလေ၏။ ဤလူများအားလုံးသည် ဧကရာဇ်အား ထီးနန်းစွန့်ရန် ဖိအားပေးခဲ့သော အရာရှိများ၏ မိသားစုဝင်များ ဖြစ်ကြသည်။ ဆံပင်ဖြူနေသော လူကြီးများ ၊ လူလတ်ပိုင်းများ ၊ အမျိုးသား ၊ အမျိုးသမီးများ စုံလင်စွာ ပါဝင်လေ၏။
ထိုအထဲတွင် အမတ်ချုပ်ကြီး ဖန်းကျိုး၏ မိသားစုဝင်များနှင့် နန်းရင်းဝန်တုဟွေး၏ မိသားစုဝင်များလည်း ပါဝင်ကြသည်။
“ကွပ်မျက်...”
လီလျန်တင်း လက်ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ကြိမ် ဓားချက်များ ကျရောက်သွားပြီးနောက် လူတစ်ရာကျော်၏ ခေါင်းများ ပြုတ်ကျသွားပြန်လေ၏။
“နောက်တစ်သုတ်...”
နောက်ထပ် လူတစ်စုကို ခေါ်ထုတ်လာပြန်သည်။ လူတစ်ရာကျော် ရှိသည်။
“ကွပ်မျက်...”
လီလျန်တင်း လက်ဝှေ့ယမ်းလိုက်သည်။
ဓားချက်များ ကျရောက်သွားပြီးနောက် နောက်ထပ် ခေါင်းတစ်ရာကျော် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြန်လေ၏။
“နောက်တစ်သုတ်...”
“နောက်တစ်သုတ်...”
“နောက်တစ်သုတ်...”
ကြည့်ရှုနေသော ပြည်သူများသည် မကြည့်ရဲတော့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ကြရသည်။ ဖန်းကျိုးနှင့် တုဟွေး၏ လူယုံများသည် မျက်နှာများ ဖြူဖျော့သွားကြရသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၂၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team