အခန်း (၅၃၀)
Vol. 53 Ch. 530
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
အမတ်ချုပ်ကြီး ဖန်းကျိုး၏ အိမ်တော်။
“ရူးနေပြီ... ရူးနေပြီ... လုံးဝ ရူးနေပြီ...”
“လီလျန်တင်း ရူးသွားပြီ... သူ အသက်ဆက်မရှင်ချင်တော့ဘူး... သေချင်နေပြီ...”
အမတ်ချုပ်ကြီး ဖန်းကျိုးသည် တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ လီလျန်တင်းသည် ယနေ့ တစ်ရက်တည်းမှာပင် လူနှစ်ထောင်ကို ကွပ်မျက်လိုက်သည်။ လူနှစ်ထောင် ၊ လူနှစ်ထောင်တိတိပင် ဖြစ်လေ၏။
ဤကဲ့သို့ ကြီးမားသော သတ်ဖြတ်မျိုး မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ ဧကရာဇ်ထိုက်ကျူ လက်ထက်တွင် စစ်သူကြီးများ ပုန်ကန်မှုကြောင့် လူပေါင်းသောင်းနှင့်ချီ သတ်ဖြတ်ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကျင်းမင်းသား အာဏာသိမ်းစဉ်ကလည်း လူပေါင်းသောင်းနှင့်ချီ သတ်ဖြတ်ခဲ့ဖူးသည်။
သို့သော် ထိုအချိန်မှစ၍ ဤကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။ လီလျန်တင်းက ရူးသွပ်မတတ် သတ်ဖြတ်နေသဖြင့် ဖန်းမိသားစု၏ ဂုဏ်သိက္ခာသည်လည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဖန်းမိသားစုကြောင့် အသတ်ခံနေရခြင်း ဖြစ်သော်လည်း အရေးကြီးသော အချိန်တွင် ဖန်းမိသားစုသည် ဝင်ရောက်ကယ်တင်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ သူ့ကို ဒီတိုင်း ဆက်လက်သတ်ဖြတ်ခွင့် ပေးထားပါက နောက်နောင်တွင် မည်သူက ဖန်းမိသားစုအပေါ် သစ္စာစောင့်သိရဲပါတော့မည်နည်း။ ထို့အပြင် ယနေ့ လီလျန်တင်း သတ်ဖြတ်လိုက်သော လူနှစ်ထောင်ထဲတွင် ဖန်းမိသားစုနှင့် လက်ထပ်ထားသော အမျိုးသမီးများလည်း ပါဝင်နေလေ၏။
ဧကရာဇ်သည် ဤနည်းလမ်းကို အသုံးပြု၍ ဖန်းမိသားစုကို အလျော့ပေးလာအောင် ဖိအားပေးနေခြင်း ဖြစ်သည်။
အင်ပါယာအာဏာ ပြန်လည်မြင့်တက်လာသည့် ပုံရိပ်ကို ဖော်ပြရန် အကောင်းဆုံးနည်းလမ်းမှာ အကြီးမားဆုံး ရန်သူ၏ ခေါင်းကို နင်းချေပြလိုက်ခြင်းပင် မဟုတ်ပါလော။
ဧကရာဇ်၏ ဤလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် အလွန်ပြင်းထန်လှပြီး အင်ပါယာတစ်ခုလုံး ချက်ချင်း ပြိုကွဲသွားနိုင်သည်။
သို့သော် ဧကရာဇ်သည် ဂရုစိုက်ပုံမရတော့ပေ။ သူ၏ အမိန့်တော်အာဏာစက်သည် နန်းတော်တံတိုင်းကို ကျော်လွန်နိုင်ခြင်း မရှိတော့ချေ။ ဖန်းမိသားစု၏ စစ်တပ်သည်လည်း ကွမ်တုံနှင့် ကွမ်ရှီးပြည်နယ်များသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ လူတိုင်းကလည်း ဧကရာဇ်သည် သူ့ဝန်ကြီး ကျန်းရန်မင်နှင့် ကွေ့မင်းသားကို သတ်ခဲ့သည်ဟု သိနေကြသည်။ ဤအခြေအနေတွင် ဧကရာဇ်သည် အင်ပါယာ ပြိုကွဲမည်ကို ဂရုစိုက်နေဦးမည်လား။
သို့သော် လီလျန်တင်းက ဤသို့ ဆက်လက်သတ်ဖြတ်နေပါက ဖန်းမိသားစုသည် အင်အားတောင့်တင်းနေဆဲ ဖြစ်သော်လည်း အမတ်ချုပ်ကြီး ဖန်းကျိုးမှာမူ ကျဆုံးတော့မည် ဖြစ်သည်။
တုဟွေးက အေးစက်စွာ ပြောလိုက်သည်။ “စောင့်နေ... ဆက်စောင့်နေလိုက်... လီလျန်တင်းနဲ့ တုပိုင်ဆိုတဲ့ ဓားနှစ်လက်က မကြာခင် ကျိုးပဲ့တော့မှာ... အဲဒီအချိန်ရောက်ရင် ဧကရာဇ်ဆိုတာ အစွယ်နဲ့ လက်သည်း မရှိတဲ့ ကျားတစ်ကောင် ဖြစ်သွားပြီး အနင်းခံရတော့မှာ...”
ဖန်းကျန်ကျစ်က လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ပြီးတော့ အပေါ်ယံကြည့်ရင် ဧကရာဇ်က ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ ထင်ရပေမဲ့... သေသွားတဲ့သူတွေက အမတ်ဟောင်းတွေနဲ့ အရာရှိငယ်တွေပဲ ရှိသေးတယ်... သူက ကျွန်တော်တို့ရဲ့ အမာခံလူတွေကို လုံးဝ မထိရဲသေးဘူး... ဒါကြောင့် သူက ဟန်ပြသက်သက် လုပ်နေတာပဲ...”
လူသားတို့သည် မည်သည့်အခါမျှ မာနကြီး၍ မရနိုင်ပေ။
**--**--**--**--**--**--**--**
နန်းရင်းဝန် ၊ အခမ်းအနားဝန်ကြီး ကျန်းရှီကျစ်သည် အိမ်တော်အတွင်း၌ ဒေါသတကြီး စာရေးသားနေလေသည်။
စာသားအကြောင်းအရာများသည် တုပိုင်အကြောင်းမှ လီလျန်တင်းအကြောင်းသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် ဧကရာဇ်အား မိုက်မဲပြီး ရက်စက်ကြမ်းကြုတ်သူဟု ဆဲဆိုထားပြီး ၊ မိန်းမစိုးဂိုဏ်းဝင် လီလျန်တင်းကို အပြစ်မဲ့ပြည်သူများအား ရမ်းကားသတ်ဖြတ်ခွင့် ပေးထားသည်ဟု စွပ်စွဲရေးသားနေလေ၏။
သို့သော် လက်ဖက်ရည်တစ်အိုးတည်ချိန်ခန့် အကြာတွင်...
သူ့စာထဲတွင် ဓားခုတ်ရာထောင်ချီဖြင့် သတ်ဖြတ်သင့်သည်ဟု ရေးသားထားသော လီလျန်တင်းသည် အိမ်ထဲသို့ ဝင်ရောက်လာလေသည်။ ထို့နောက် အပြင်ဘက်တွင် သရဲတစ္ဆေများနှင့် ဝံပုလွေများ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် ထောင်ပေါင်းများစွာသည် အိမ်ထဲသို့ အတင်းဝင်ရောက်လာကြသည်။
“နန်းရင်းဝန် ၊ အခမ်းအနားဝန်ကြီး ကျန်းရှီကျစ်... ခင်ဗျားကို ပုန်ကန်မှုနဲ့ သံသယရှိလို့ လာဖမ်းတာ... ခင်ဗျားရဲ့ ဆွေမျိုးသားချင်း တစ်သိုက်လုံးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပါမယ်... ကြွပါ...”
ရုတ်တရက် နန်းရင်းဝန် ကျန်းရှီကျစ်သည် လုံးဝ ကြောင်အသွားရလေသည်။ ဧကရာဇ်သည် လီလျန်တင်းကို ကြက်ကလေး သတ်ပြီး မျောက်လန့်အောင် လုပ်ခိုင်းခြင်း မဟုတ်ပါလော။ ကြက်ကလေးများအားလုံးကို သတ်ပြီးမှ သူက မျောက်ဖြစ်နေမှန်း သိလိုက်ရသည်။ ယခင်က ဖန်းမိသားစု၏ အမာခံလူများကို ဧကရာဇ်က လုံးဝ မထိခဲ့ပေ။
“ဖမ်းလိုက်...” လီလျန်တင်းက အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် ဝံပုလွေများ ကျားများကဲ့သို့သော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် နန်းရင်းဝန် ကျန်းရှီကျစ်ကို ဖမ်းချုပ်လိုက်ကြသည်။ ထိုအချိန်၌ လူငယ်သိုင်းသမားတစ်ဦး ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “ငါက ပေမင်ဓားဂိုဏ်းက ကျန်းကျစ်ဖုန်းပဲ... ဘယ်သူက ငါ့အဘိုးကို ဖမ်းရဲတာလဲ...”
ထို့နောက် သူသည် ကျန်းရှီကျစ်ကို ဖမ်းချုပ်ထားသော စစ်သည်နှစ်ဦးအား ဓားဖြင့် ခုတ်ပိုင်းလိုက်လေ၏။
လီလျန်တင်း ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ဘဲ သူ့ဘေးနားရှိ တပ်ရင်းမှူးတစ်ဦးသည် လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွားပြီး ရန်သူ၏ ဓားကို လက်ဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။ ဂျွတ်ခနဲ အသံမြည်ကာ ဓားကျိုးသွားလေ၏။ သူ၏ လက်တွင် လျှို့ဝှက်ရွှေလက်အိတ်ကို ဝတ်ဆင်ထားလေသည်။
“ဖူးးး...”
ကျိုးသွားသော ဓားပိုင်းသည် ပေမင်ဓားဂိုဏ်း၏ တပည့် ကျန်းကျစ်ဖုန်း၏ လည်ချောင်းထဲသို့ တိုက်ရိုက် စိုက်ဝင်သွားလေတော့သည်။ ကျန်းရှီကျစ်သည် သူ့မြေးဖြစ်သူ သူ့မျက်စိရှေ့တွင် အသေဆိုးဖြင့် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး မေ့လဲလုနီးပါး ဖြစ်သွားသည်။
ထိုသို့ဖြင့် နန်းရင်းဝန် ကျန်းရှီကျစ်၏ မိသားစုဝင် ရာပေါင်းများစွာ အားလုံးကို အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ထောင်ထဲသို့ ပို့ဆောင်လိုက်ကြသည်။
ဤသတင်းကြောင့် မြို့တော်တစ်ခုလုံး လုံးဝ တုန်လှုပ်သွားရ၏။ အဆင့်မြင့် အရာရှိကြီး အများအပြားသည် ကောင်းကင်ပြိုကျလာသကဲ့သို့ ခံစားလိုက်ကြရသည်။
ယခင်က ဧကရာဇ်သည် ဖန်းမိသားစု၏ အကြီးတန်းအရာရှိများကို မဖမ်းဆီးခဲ့သလို ၊ အဆင့်သုံးနှင့် အထက် အရာရှိများကိုလည်း မဖမ်းဆီးခဲ့ပေ။
ထို့ကြောင့် ဧကရာဇ်သည် ဖန်းမိသားစုနှင့် အဆက်အဆံ လုံးဝ ဖြတ်တောက်ချင်ပုံ မရဘဲ ဟန်ပြခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်ဟု သူတို့ သုံးသပ်ခဲ့ကြသည်။
သို့သော် နန်းရင်းဝန် ကျန်းရှီကျစ် အဖမ်းခံရမှုသည် ထိုထင်ယောင်ထင်မှား ဖြစ်မှုများကို လုံးဝ ချိုးဖျက်ပစ်လိုက်လေ၏။
ဤသည်မှာ ပထမအဆင့် အရာရှိကြီးတစ်ဦး ဖြစ်ပြီး ဖန်းမိသားစု၏ ထိပ်တန်း ခေါင်းဆောင်ပိုင်းထဲမှ တစ်ဦးလည်း ဖြစ်လေသည်။ ဖန်းကျိုးနှင့် တုဟွေးတို့သည် သတင်းကြားလိုက်ရသောအခါ လုံးဝ တုန်လှုပ်သွားကြလေသည်။
“ဧကရာဇ် ရူးသွားပြီလား...”
ကျန်းရှီကျစ်ကိုတောင် ဖမ်းရဲသည်လား။ သူက တကယ်ပဲ တစ်ဖက်အုပ်စုကို အတင်းအကျပ် တွန်းပို့ချင်နေတာလား။
မြို့တော်ဝန်းကျင်တွင် ဖန်းမိသားစု၏ လက်ရွေးစင်တပ်သား သုံးသောင်း ရှိနေသည်ကို သိထားရပေမည်။
“မဖြစ်မနေ အခြေအနေ မဟုတ်ရင် ပုန်ကန်မှု မလုပ်ရဘူး...” တုဟွေးက ပြောလိုက်သည်။ “မြို့တော်မှာ စစ်ပွဲစတင်လိုက်တာနဲ့ အခြေအနေက ထိန်းချုပ်မရ ဖြစ်သွားလိမ့်မယ်... ဒါက သခင်လေးရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားနိုင်သလို တာ့နင်အင်ပါယာရဲ့ အခွံကိုပါ တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်...”
ဖန်းကျိုးက ပြောလိုက်သည်။ “အကယ်၍ ဧကရာဇ်က ကျန်းရှီကျစ်ကို သတ်လိုက်မယ်ဆိုရင်... ဒါက ကိစ္စကြီးပဲ... တစ်လောကလုံးက အရာရှိတွေ ကျွန်တော်တို့ကို ဘယ်လိုထင်ကြမလဲ... သူတို့အားလုံးက ဖန်းမိသားစုဆီမှာ ငွေရှာနေကြပေမဲ့ သေမှာကိုလည်း ကြောက်ကြတယ်... ကျန်းရှီကျစ်ရဲ့ ခေါင်းပြတ်ကျသွားတာနဲ့ မရေမတွက်နိုင်တဲ့ အရာရှိတွေ နန်းတော်ထဲဝင်ပြီး ဧကရာဇ်ကို ဦးခိုက်ကာ သစ္စာရှိကြောင်း အော်ဟစ်ကြလိမ့်မယ်... အားလုံးက သေမှာ ကြောက်ကြတာကိုး...”
ထင်ရှားသည်မှာ ဧကရာဇ်သည် ငါ့ဘက်ပါရင် အသက်ချမ်းသာမယ် ၊ ဆန့်ကျင်ရင် သေမယ်ဆိုသည့် ကစားပွဲကို ကစားနေခြင်း ဖြစ်သည်။
တုဟွေးက ပြောလိုက်သည်။ “စောင့်နေ... ကောင်းပြီ... မကြာခင်... လီလျန်တင်းနဲ့ တုပိုင်ဆိုတဲ့ ဓားနှစ်လက် ကျိုးပဲ့တော့မယ်...”
**--**--**--**--**--**--**--**
“ငါက အာဏာရှိတဲ့ ဝန်ကြီး မဟုတ်ဘူး... ငါက ဓားတစ်လက် ၊ ထက်မြက်တဲ့ ဓားတစ်လက်ပဲ...”
ညအမှောင်အောက်ရှိ ခြံဝင်းအတွင်း၌ လီလျန်တင်းသည် ဓားသိုင်း လေ့ကျင့်နေလေ၏။
သူသည် မဟာဆရာသခင်တစ်ပါး ၊ ကမ္ဘာ့ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် ယခု သူလေ့ကျင့်နေသော ဓားသိုင်းတွင် ကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဟုန် မပါဝင်ဘဲ သာမန်ရိုးကျ ပုံစံသာ ဖြစ်နေသည်။
ဓားသိုင်း လေ့ကျင့်ပြီးနောက် သူ တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။
“အရှင်မင်းကြီးက သတ်ဆိုရင် သတ်မယ်... အရှင်မင်းကြီးက မသတ်ခိုင်းရင်တောင် သူ့စိတ်ထဲမှာ သတ်ချင်နေတဲ့သူဆိုရင် ငါသတ်ပေးမယ်... သူ့စိတ်ထဲမှာ သတ်ချင်စိတ် မရှိရင်တောင် အရှင်မင်းကြီးရဲ့ အကျိုးစီးပွားအတွက် သေသင့်တဲ့သူဆိုရင် ငါသတ်ပေးမယ်...”
“ရွှီးးး... ရွှီးးး... ရွှီးးး...”
နောက်ဆုံးတွင် သူသည် ဓားကို သုံးကြိမ်ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။ ထို့နောက် ဓားကို ကိုင်လျက် ငြိမ်သက်စွာ ရပ်နေလိုက်၏။
“အရှင်မင်းကြီးအတွက်... ဝမ်ဟွေ့အတွက်... လီယွမ်အတွက်... တုပိုင်အတွက်...”
လီလျန်တင်းသည် နောက်ဆုံးတွင် သူ့နှင့် အရင်းနှီးဆုံး လူလေးယောက်၏ နာမည်ကို ရွတ်ဆိုလိုက်ပြီး သူ့စိတ်ထဲမှ မိစ္ဆာစိတ်ကို ဖိနှိပ်လိုက်လေသည်။
သူသည် သူတော်စင် မဟုတ်သလို သံမဏိလူသားလည်း မဟုတ်ပေ။ နေ့စဉ် လူအများအပြားကို သတ်ဖြတ်နေရသဖြင့် လုံးဝ လစ်လျူရှုထား၍ မရနိုင်ပေ။
ထို့ကြောင့် သူ၏ စိတ်နှလုံးကို တည်ငြိမ်စေရန်အတွက် ဤအရင်းနှီးဆုံး လူလေးယောက်ကို လိုအပ်ခြင်း ဖြစ်သည်။
ထိုအချိန်၌ပင် လေတစ်ချက် တိုက်ခတ်သွားလေပြီး ခြံဝင်းထဲသို့ လူနှစ်ယောက် ရောက်ရှိလာ၏။ အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းသော မဟာဆရာသခင်အဆင့် ပညာရှင် နှစ်ယောက် ဖြစ်လေသည်။
တစ်ယောက်မှာ လျှို့ဝှက်ဆန်းကြယ်သော ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ ဖြစ်သည်။ နောက်တစ်ယောက်မှာ အသက်သုံးဆယ် မပြည့်သေးသော ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူး။
လီလျန်တင်း အံ့အားသင့်သွားရလေ၏။ သူ့ကို သတ်ဖြတ်ရန်အတွက် ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးကို စေလွှတ်လိုက်သည်လား။
ပေမင်ဓားဂိုဏ်း၏ ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လီလျန်တင်း... ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အမိန့်အရ မင်းကို သေဒဏ်ချမှတ်လိုက်တယ်...”
အန်ချိုကျွန်းသားများကို သတ်ဖြတ်မှုဖြင့် စွဲချက်တင်ထားသော်လည်း ၊ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီအတွက် စွဲချက်တင်ရန်ပင် မလိုအပ်ချေ။
ထို့နောက် မဟာဆရာသခင်အဆင့် ငွေရောင်ဝတ်ရုံ တရားစီရင်ရေးမှူးသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်လေ၏။ မဟာဆရာသခင်အဆင့် ပညာရှင် လီတောက်ယွဲ့သည်လည်း သူမ၏ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
“ရွှီးးး...”
မဟာဆရာသခင်အဆင့် ပညာရှင်နှစ်ဦးသည် လီလျန်တင်းကို သတ်ဖြတ်ရန် ရှေ့သို့ တိုးလာကြ၏။
သူ့ကို မဖြစ်မနေ သေဒဏ်ပေးရမည်။
ရုတ်တရက် လီတောက်ယွဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားရလေ၏။ ‘လီလျန်တင်း ဟုတ်လား... အဲတာက အချစ်ကလေးတုပိုင်လေးရဲ့ မွေးစားအဘိုး မဟုတ်ဘူးလား...’
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team