မဟာဧကရီ၏ အမတေ
Vol. 28 Ch. 406
ရှန်းထူနန်ထျန်း၏ စိတ်ဝိညာဥ် ဒဏ်ရာရသွားခြင်းနှင့် ရှန်းထူဖုန်း ၊ ရှန်းထူဟိုင်တို့ ဒဏ်ရာရသွားခဲ့၍ မူလက နေချိန်ဝင်ချိန်မှသာ အဆုံးသတ်မည်ဖြစ်သော ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော် ပထမရက်သည် စောစီးစွာပင် ပြီးစီးသွားခဲ့လေ၏။
ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ရှန်းထူနန်ထျန်းက ကြယ်တစ်ပွင့် ဖြစ်လာရမည်ဖြစ်၏။ ရှန်းထူမိသားစုသည် လက်ဖက်ရည်ပွဲတော်ကို အသုံးချပြီး ရှန်းထူနန်ထျန်းအား လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများနှင့် ရင်းနှီးစေလိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှန်းထူနန်ထျန်း၏ ကျွမ်းကျင်မှုများကို ထုတ်ပြစေပြီး လင်မိသားစုမှ အဖိုးကြီးများအား သူ၏အံ့ဩဖွယ်ကောင်းပုံကို နားလည်စေမည်ဟု သူတို့က စီစဥ်ထားခဲ့သည်။
သို့သော် အခြေအနေက ယခုကဲ့သို့ ဖြစ်သွားလေသောကြောင့် စင်မြင့်အတွက် စီစဥ်ထားခဲ့သည့် သီချင်းနှင့် အကများအားလုံး ပျက်စီးသွားခဲ့ရသည်။ ရှန်းထူမိသားစုမှာ ဝင့်ကြွားနိုင်ခြင်းမရှိတော့ပေ။
စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သော လူကြီးမျိုးဆက်များ၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲသည်လည်း နောက်သုံးရက်အကြာသို့ ပြောင်းရွှေ့ခဲ့ရသည်။
လက်ဖက်ရည်ပွဲတော် ပြီးဆုံးသောအခါတွင် ရှန်းထူမိသားစုမှ အကြီးအကဲအချို့ စုစည်းကာ ရှန်းထူနန်ထျန်း၏ ပုံရိပ်လေးခုချိတ်တံဆိပ်က နောက်ဆုံးအခိုက်အတန့်တွင် မည်သည့်အရာ မှားယွင်းသွားခဲ့ကြောင်းကို အသေးစိတ်စီစစ်ခဲ့ကြသည်။ သို့သော် တစ်ရက်လုံး အသေးစိတ်စီစစ်ပြီးနောက်တွင် သူတို့ မည်သည့်အရာကိုမျှ ရှာမတွေ့ပေ။
လက်တစ်ထောင်ဖွားဖွားမှလွဲ၍ အခြားသူများက ပုံရိပ်လေးခုချိတ်တံဆိပ်နှင့် ထိတွေ့ဖူးခြင်း မရှိလေသောကြောင့် ဤကိစ္စက သူတို့အတွက် အတော်ပင် စိတ်ရှည်ပေးရပေမည်။
ထို့အပြင် တိုက်ရိုက်ပါဝင်ပတ်သတ်ခဲ့သည့် ရှန်းထူနန်ထျန်းက အဖြစ်အပျက်များကို ဝိုးတဝါးမျှသာ ဖြေနိုင်လေသည်။
ယင်းအဖြစ်ကြောင့် လက်တစ်ထောင်ဖွားဖွား၏ မျက်နှာအိုကြီး မဲ့ရှုံ့နေရလေ၏။ သူမ အကြောက်ဆုံးမှာ အမွေအနှစ်တွင် ပြဿနာရှိနေမည်ကိုပင်။
ဆန်းကြယ်နယ်မြေတစ်ခုထဲမှ သူတို့ ရရှိလာခဲ့သည့် ပုံရိပ်လေးခုချိတ်တံဆိပ်က ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်မှာ သေချာလေသည်။ သို့သော် လက်တစ်ထောင်ဖွားဖွား ကြောက်နေသည်မှာ ပုံရိပ်လေးခုချိတ်တံဆိပ်က အခြားသော ပျက်စီးခြင်းကောင်းကင်ပညာရပ်များနှင့် ပူးတွဲအသုံးပြုရန် လိုအပ်နေမည်ကိုပင်။
သိုင်းကမ္ဘာကြီးထဲတွင် အခြားသော ကျင့်စဥ်နည်းစနစ်များကို အခြေခံအုတ်မြစ် လိုအပ်သော ကျင့်စဥ်နည်းစနစ်များစွာ ရှိလေသည်။ အခြေခံအုတ်မြစ် မရှိပါက လူတစ်ဦး၏ ယွမ်ချီများ ထကြွထိခိုက်လာကာ ချီကုန်းလမ်းလွဲမှုကို ခံစားရနိုင်သည်။
အခြားတစ်ဦးကြောင့် ရှန်းထူနန်ထျန်း၏ ပုံရိပ်လေးခုချိတ်တံဆိပ် ကျရှုံးသွားရသည်လားကိုမူ လက်တစ်ထောင်ဖွားဖွားက အပျင်းပြေပင် မတွေးမိပေ။ လက်ဖက်ရည်ပွဲတော်တွင် လူပေါင်းများစွာ ကြည့်နေခဲ့ကြသည်။ မြောက်မြားစွာသော မျက်လုံးများနှင့် စိတ်စွမ်းအားများက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်ဖြစ်ပြီး မည်သူကများ လူအားလုံး၏ အာရုံခံနိုင်စွမ်းများကို ဖြတ်ကျော်ကာ ဒုက္ခပေးနိုင်ပါမည်နည်း။
.....................
ရှန်းထူမိသားစု၏ အကြီးအကဲများက ပုံရိပ်လေးခုချိတ်တံဆိပ်တွင် မည်သည့်အရာ မှားယွင်းနေကြောင်း အဖြေရှာရန် ခေါင်းပူနေကြချိန်တွင် တရားခံယီယွင်က လင်မိသားစု၏ ပိုးသားတောင်ထွတ်ပေါ်တွင် အောင်ပွဲအခမ်းအနား တက်ရောက်နေလေ၏။
ယီယွင်၏စရိုက်အရ ဤကဲ့သို့ အခမ်းအနားမျိုးကို တက်ရောက်မည်မဟုတ်ပေ။ အချိန်များကို ကျင့်ကြံရင်း အသုံးပြုသည်က ပိုကောင်းလေသည်။
သို့သော် အဖွားတော်က ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ကြောင့် အခမ်းအနားကျင်းပရသည်ဟု စုကျဲက ရှင်းလင်းစွာ ပြောထားလေသည်။ ယီယွင်က ထိုပွဲတွင် ကြယ်ပွင့် ဖြစ်လေ၏ ကြယ်ပွင့် ပါမလာပါက အခမ်းအနားပွဲသည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ယီယွင်က လင်မိသားစုတွင် လူသစ်တစ်ဦးသာ ဖြစ်လေသောကြောင့် သိုသိပ်ကာနေလျှင် အကောင်းဆုံးဖြစ်သည်။ ယီယွင်သာ အဖွားတော်၏ ဖိတ်ကြားချက်ကို ငြင်းလိုက်မည်ဆိုပါက ကျေးဇူးတရားကို နားလည်ခြင်းမရှိဟု ကျယ်ပြန့်စွာ ဝေဖန်ခံရပေလိမ့်မည်။
ပိုးသားတောင်ထွတ်သည် လင်မိသားစု၏ တောင်ထွတ် ၁၈ လုံးထဲတွင် မပါဝင်ပေ။ ယင်းက ပင်မတောင်ထွတ်များ၏ အကြားတွင်ရှိနေသည့် တောင်ငယ်တစ်လုံး ဖြစ်သည်။ ပိုးသားတောင်ထွတ်က ပင်မတောင်ထွတ်များ၏ တစ်ဝက်ခန့်သာ ရှိသော်ငြားလည်း စိတ်ဝိညာဥ်ပန်းပင်များစွာ ရှိလေသည်။ ထိုပန်းပင်များက ပိုးသားပမာ နူးညံ့ကြလေသောကြောင့် ပိုးသားတောင်ထွတ်ဟု အမည်တွင်နေခြင်း ဖြစ်လေ၏။
လက်ရှိအချိန်၌ ပိုးသားတောင်ထွတ်၏ တောင်စောင်းပေါ်ရှိ နန်းတော်တစ်ခုထဲတွင် ရာချီသောလူများ စုစည်းနေကြလေ၏။ ထိုအထဲတွင် လင်မိသားစု၏ အကြီးအကဲအချို့ ပါဝင်လေသည်။ အခြားဂျူနီယာများက ယီယွင်နှင့် အသက်တူခန့် ဖြစ်ကြသည်။
အကြီးအကဲများအကြားတွင် ယီယွင်၏ ဈေးပေါသောဆရာ စုကျဲနှင့် အဖွားတော်တို့ ရှိနေလေ၏။
အဖွားတော်က နဂါးခေါင်းတောင်ဝှေးကို ကိုင်ထားလေပြီး ဆံပင်ဖြူများ နောက်ပြန်စည်းကာ ထုံးဖွဲ့ထားသည်။ သူမ၏ဆံထုံးကို ကျောက်စိမ်းဆံထိုးအချို့ တန်ဆာဆင်ထားသည်။ သူမက ယီယွင်ကို ပြုံးပြနေလေ၏။
" မိတ်ဆွေလေးယွင်... လင်မိသားစုက ကြိုဆိုပါတယ်။ မင်းရဲ့ဆရာက လင်မိသားစုရဲ့ ဧည့်သည်အကြီးအကဲဆိုတော့ မင်းက လင်မိသားစုထဲမှာ ချုပ်တည်းမနေဘဲ ကိုယ့်အိမ်ကိုယ့်ယာလို့ရတယ် "
အဖွားတော်၏ ရိုးရှင်းသော စကားများကြောင့် ဘေးပတ်လည်မှ ဂျူနီယာများက ယီယွင်ကို မနာလိုဖြစ်သွားကြရသည်။
လင်မိသားစုတွင် တပည့်ပေါင်းများစွာရှိပြီး အများစုက တိုက်ရိုက်သွေးမျိုးဆက်များ ဖြစ်ကြသော်လည်း အဖွားတော်ထံမှ တိုက်ရိုက်စကားကို မည်သည့်အခါကမျှ မရဖူးကြပေ။
" ဒီဂျူနီယာက အဖွားတော်ကို ကျေးဇူးတင်ပါတယ်။ အဖွားတော်ရဲ့မေတ္တာကြောင့် ဒီဂျူနီယာက ဝမ်းသာဂုဏ်ယူမိပါတယ် " ယီယွင်က ရိုကျိုးစွာဖြင့် ဂါရဝပြုလိုက်ရာ အဖွားတော်၏ အပြုံးများ ပိုမိုတောက်ပသွားလေသည်။
" ဒါက မင်းတို့လို လူငယ်တွေအတွက် အခမ်းအနားပွဲတစ်ခုပါပဲ။ ဒီအရိုးအိုကြီးက မနေတော့ပါဘူး " အဖွားတော်က စကားအချို့ဆိုကာ ထွက်ခွာသွားပြီး..." ရှင်းထုံက... ပျော်ခဲ့နော် "
အဖွားတော်က ခေါင်းငဲ့ကာ နောက်တွင်ရှိနေသည့် လင်ရှင်းထုံကို ပြောလိုက်လေသည်။
လင်ရှင်းထုံက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲသာ ဖြစ်သော်လည်း ဆံပင်များထက်တွင်မူ ကျောက်စိမ်းတန်ဆာများ ရှိနေသည်။ ယင်းက သူမကို ပိုမိုလှပသွားစေလေ၏။
" ဟုတ်ကဲ့... သမီး အဖွားကို ကူညီပေးမယ် "
လင်ရှင်းထုံက ယီယွင်ကို ပြုံးပြီးနောက် အဖွားတော်ကို ကူညီပေးလေသည်။
အခမ်းအနားပွဲသည် အကြီးအကဲများ မပါတော့ဘဲ စတင်ခဲ့လေပြီး ပိုမိုလွတ်လပ်သွားကြသည်။
" စီနီယာအစ်ကိုယွင်... ငါ့အမည် လင်ချိုက်ယွင်ပါ။ ငါလည် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်နေတာလေ။ သင်နေတာ နှစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ငါက အရမ်းညံ့တာကြောင့် အဆင့်အနိမ့်ဆုံး အရိုးအမတေကိုပဲ သန့်စင်နိုင်သေးတယ် " ခန္ဓာကိုယ်သေးသွယ်ပြီး မျက်ဝန်းကျယ်သော ၁၄ ၊ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက ယီယွင်ကို မမှိတ်မသုန်ကြည့်ကာ..." စီနီယာအစ်ကိုယွင်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အရမ်းကို အံ့ဩဖို့ကောင်းတယ်။ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေလား။ စီနီယာအစ်ကိုယွင်မှာ အချိန်ရှိခဲ့မယ်ဆိုရင် ငါ့ကို သင်ကြားပေးပါဦး "
" အမ်... ငါလည်း ပျက်စီးခြင်းကောင်းကင်ပညာရပ်မှာ လက်သင်တစ်ဦးပါပဲ။ ငါ သင်ယူနေရတဲ့ အယူအဆပိုင်းတွေ အများကြီးရှိနေသေးတယ်။ ငါ သိထားတဲ့ နည်းစနစ်တွေက မင်းထက်တောင် ပိုနည်းလောက်မယ် "
ထို့နောက်တွင်မူ သူက မိန်းကလေးများအကြားတွင် ရေပန်းစားနေကြောင်း နားလည်သွားလေ၏။ မိန်းကလေးများ တစ်ဦးပြီးတစ်ဦးပင် အကြောင်းအရင်းမျိုးစုံဖြင့် စိတ်အားထက်သန်စွာ ရောက်လာကြသည်။ ဟုတ်သည်။ အများစုက ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ဆွေးနွေးလိုကြခြင်း မဟုတ်ပေ။
မျက်ဝန်းကျယ်သော မိန်းကလေး ထွက်ခွာသွားပြီးနောက်တွင် သူမ၏နေရာတွင် အသက် ၁၈ ၊ ၁၉ အရွယ် ခန္ဓာကိုယ်ပြည့်ပြီး အရပ်ရှည်သော မိန်းကလေးတစ်ဦး ရောက်ရှိလာသည်။
" မောင်လေးယွင်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာက တကယ်ကို မဆိုးဘူး။ ဒါပေမဲ့ စစ်သည်တစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ နည်းလမ်းရှိသင့်တယ်။ မင်း ဓားပညာသင်ဖို့ စိတ်ဝင်စားလား။ ဒီအစ်မကြီးက မင်းကို သင်ပေးနိုင်ပါတယ် " ထိုမိန်းကလေး၏ အသံက တေးသံတစ်ခုပမာ ချိုသာလေသည်။
" မလိုတော့ပါဘူး။ ကျုပ်က အခြားသူတွေဆီကနေ ဓားပညာသင်ဖို့ စိတ်မဝင်စားဘူး " ယီယွင် ငြင်းလိုက်သည်။ ဓားလမ်းစဥ်တွင် သူ၏အောင်မြင်မှုက ထူးခြားသည်။
" ဂျူနီယာမောင်လေးယွင် "
ထိုစဥ် ယီယွင်၏နားထဲတွင် လန်းဆန်းစေသော အသံတစ်ခုကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်ရာ နတ်မိမယ်ပမာ လင်ရှင်းထုံကို မြင်လိုက်ရလေ၏။
လင်ရှင်းထုံ ပေါ်လာသောအခါတွင် ယီယွင်၏ နံဘေးမှ မိန်းကလေးအချို့ နောက်ဆုတ်သွားကြ၏။ လင်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် လင်ရှင်းထုံ၏ အဆင့်အတန်းက အလွန်ပင်ထူးခြားသည်။
လင်ရှင်းထုံက ပြုံးပြကာ အသံပို့လွှတ်လိုက်သည်... " ဒီအခမ်းအနားပွဲကို ကျင်းပပေးတဲ့ ရည်ရွယ်ချက်က လူငယ်မျိုးဆက် ကောင်လေးတွေနဲ့ ကောင်မလေးတွေ ရည်းနှီးသွားစေဖို့အတွက်ပဲ။ အဖွားတော်က နင့်ကို လင်မိသားစုထဲမှာ ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ပြီးသွားပြီ "
ယီယွင် မှင်တက်မိသွားသည်။ လင်ရှင်းထုံ၏ ဆိုလိုရင်းကို သူ နားလည်သည်။ အောင်ပွဲခံအခမ်းအနားက ဟန်ပြသာဖြစ်ပြီး ဘလိုင်းဒိတ်ဟုခေါ်လျှင် ပိုမိုသင့်တော်လောက်သည်။
သူ၏ပါရမီနှင့် တောက်ပသောအနာဂတ်ကို ပြသပြီးနောက် လင်မိသားစုအတွက် သူက ရှားပါးပါရမီရှင်တစ်ဦး ဖြစ်နေကြောင်းကို သူ သိသည်။
လင်မိသားစုမှ မိန်းကလေးများစွာက ယီယွင်ကို လက်ထပ်လိုကြသည်။ ယီယွင်က ရုပ်ရည်ချောမောပြီး ပါရမီကောင်းလေသောကြောင့် မိန်းကလေးငယ်များ၏ နှလုံးသားများကို သိမ်းပိုက်ရန်အတွက် အလွန်လွယ်ကူသည်။
ထို့အပြင် ဤကဲ့သို့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးနှင့် လက်ထပ်ရလျှင် အရင်းအမြစ်များ မရှားပါးလေသောကြောင့် အနာဂတ်သည် ချောမွေ့နေလိမ့်မည် ဖြစ်လေ၏။
" အဖွားတော်က နင့်ကို မိသားစုထဲက မိန်းကလေးတစ်ဦးနဲ့ လက်ထပ်စေချင်နေတယ်။ ဒီလိုပတ်သတ်မှုမျိုးက ပိုပြီးတော့ တည်ငြိမ်တယ်လေ။ မကြာခင်မှာ နင့်ကို လပ်ထပ်ပေးမဲ့ အောင်သွယ်တော်တွေ ရှိလာလိမ့်မယ်။ တစ်ခါတစ်လေမှာ မိသားစုထဲမှာရှိတဲ့ ကလေးတွေက လက်ထပ်တာ နောက်ကျကြပေမဲ့ စေ့စပ်ကြောင်းလမ်းတာကိုတော့ စောစောစီးစီး လုပ်ထားကြတယ် "
လင်ရှင်းထုံ၏ အမူအရာက ပြုံးခြင်းနှင့် မပြုံးခြင်း နှစ်ခုစလုံး ဖြစ်နေသည်။ သူမ မည်သည့်အရာအား တွေးနေကြောင်းကို ပြောရခက်လေ၏။
ယီယွင်မှာ အနည်းငယ်ခန့် ပြောစရာမဲ့နေပြီး မျက်မှောင်ကုတ်မိသည်။ ယင်းက ကျိုးကြောင်းသင့်သည်။ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် မိသားစုများ၏ အင်အားသည် သူတို့၏ကလေးများထံမှ ရရှိခြင်းဖြစ်ပြီး လက်ထပ်ခြင်းက တည်ငြိမ်သော ဆက်ဆံရေးတစ်ခု ဖြစ်လေ၏။
" ထားလိုက်ပါ... ဘာမှမဟုတ်တော့ပါဘူး " လင်ရှင်းထုံက ရုတ်တရက်ပင် စကားခေါင်းစဥ် ပြောင်းလဲခဲ့ပြီး သူမ၏အသံက လေးနက်သွားကာ..." ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်မှာ ရှန်းထူမိသားစုက ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရတယ်။ ဒါပေမဲ့ လင်မိသားစုထဲမှာ ရှန်းထူမိသားစုကို ထောက်ခံတဲ့ အကြီးအကဲအရေအတွက်က တိုးလာတယ် "
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ ဤသည်က သတင်းကောင်းတစ်ခု မဟုတ်ပေ။ လင်မိသားစုက လင်ရှင်းထုံ၏ ကံကြမ္မာကို လျစ်လျူရှုကာ ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့လိုက်ပါက သူ၏သရုပ်မှန်ကို ထာဝရဖုံးကွယ်နိုင်မည် မဟုတ်တော့ပေ။
ယင်းကြောင့်ပင် လင်ရှင်းထုံက သူ့ကို ပြောပြနေရခြင်း ဖြစ်လေသည်။
လင်ရှင်းထုံ၏ လက်ထပ်ပွဲက မဝေးလှသော အနာဂတ်တွင် အမှန်တကယ် ဖြစ်လာမည်။ သို့သော် လင်မိသားစုနှင့် ရှန်းထူမိသားစုတို့ မဟာမိတ်ဖွဲ့သည်ကမူ စောစီးမြန်ဆန်စွာ ဖြစ်လာပေလိမ့်မည်။ ယင်းက ယီယွင် မြင်လိုနေသည့်အရာ မဟုတ်ပေ။
" ရှန်းထူမိသားစုက ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာရပ်တွေ ထုတ်ပြခဲ့တာကြောင့်လား " ယီယွင်က မေးလိုက်သည်။
" အဲ့ဒါက အသေးအဖွဲ့ အကြောင်းပြချက်ပါ " လင်ရှင်းထုံက အသာခေါင်းယမ်းကာ..." အဓိကအကြောင်းအရင်းကတော့ ရှန်းထူမိသားစုက နောက်ဆုံးမှာ ပြိုင်စံရှားမဟာဧကရီရဲ့ ရှေးဟောင်းအညွှန်းထဲက အမတေကို ငါ ကြိုးစားကြည့်ဖို့အတွက် သန့်စင်ပေးဖို့ သဘောတူလိုက်တာပဲ။ ရှေးဟောင်းအညွှန်းတွေကနေ ဖန်တီးရတဲ့ အမတေတိုင်းက ကုန်ကျမှုများတာကြောင့် အရင်ကတော့ ရှန်းထူမိသားစုက သန့်စင်ပေးချင်စိတ် မရှိခဲ့ဘူးလေ "
ယီယွင် မှင်တက်မိသွားသည်။ ရှန်းထူမိသားစုက မဟာဧကရီ၏ အမတေကို သန့်စင်ပေးရန် သဘောတူလိုက်ပြီတဲ့လား။