ညဘက်စကားဝိုင်း
Vol. 28 Ch. 407
ထျန်းယွမ်ကမ္ဘာကြီးထဲရှိ မျိုးဆက်တိုင်းတွင် မဟာဧကရာဇ်အချို့ ရှိခဲ့လေသည်။ ဥပမာဆိုရသော် ရှန်းထူမိသားစုနှင့် လင်မိသားစုတို့ကဲ့သို့ ထိပ်တန်းမိသားစုကြီးများတွင် မဟာဧကရာဇ် အရေအတွက်က တစ်ဦးမကပေ။
လမ်းပြလူငယ်၏လက်ချက်ဖြင့် သေခဲ့ရသည့် တစ်သောင်းဧကရာဇ်ဘုရင်ကလည်း မဟာဧကရာဇ်များအကြားတွင် သာမန်စွမ်းအားသာ ရှိသည်ဟု ဆိုနိုင်လေသည်။
ရှန်းထူဘိုးဘေး ပိုင်ဆိုင်ထားသည့် စွမ်းအားကမူ ကြောက်မက်ဖွယ်ကောင်းသည်။ လမ်းပြလူငယ် အထွတ်အထိပ်တွင် ရှိခဲ့စဥ်က တမလွန်လောက ပျက်စီးခြင်းနတ်ဘုရား၏ နတ်ခြင်္သေ့တစ်ကောင်ကို ငှားရမ်းအသုံးပြုခဲ့သော်လည်း အဆုံးသတ်တွင် သူက ရှန်းထူဘိုးဘေးကို ဒဏ်ရာရရုံသာ လုပ်နိုင်ခဲ့ပြီး သတ်နိုင်ခြင်းမရှိခဲ့ပေ။
လမ်းပြလူငယ်ကမူ ရှန်းထူဘိုးဘေး၏ မရဏကောင်းကင်ပြောင်းလဲခြင်း လက်ဝါးချက် မိသွားခဲ့ပြီး ယနေ့အချိန်အထိ ဒဏ်ရာမပျောက်သေးပေ။
သို့သော် စာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည့် ပြိုင်စံရှားမဟာဧကရီနှင့် နှိုင်းယှဥ်လျှင်မူ ရှန်းထူဘိုးဘေးက ဘာမျှမဟုတ်ပေ။
ရှန်းထူဘိုးဘေးသည် ထျန်းယွမ်ကမ္ဘာကြီးထဲရှိ မျိုးဆက်တိုင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြသည့် လူများထဲမှ တစ်ဦးသာ ဖြစ်လေ၏။ သို့သော် ယင်းက " တစ်ဦး " အဆင့်သာ ရှိလေသည်။
တူညီသောမျိုးဆက်တွင် ရှန်းထူဘိုးဘေးကို ယှဥ်နိုင်သူများ တစ်ဒါဇင်ကျော်ခန့်ရှိပြီး တံခါးပိတ်နေကြသည့် မွန်းစတားအိုကြီးများကို ထည့်တွက်မည်ဆိုပါက ပိုများလာနိုင်သည်။
ယင်းက လူသားမျိုးနွယ်အတွက်သာ ဖြစ်လေ၏။ ပျက်စီးခြင်းမျိုးနွယ်တွင် ရှန်းထူဘိုးဘေးကို ယှဥ်နိုင်ကြသူများ များစွာပင်ရှိသည်။
ထိုကဲ့သို့ လူပေါင်းများစွာ ရှိနေခြင်းကြောင့် ရှန်းထူဘိုးဘေးအဖို့ သူ၏အမည်ကို နှစ်ပေါင်းဆယ်သန်းခန့် ကြာသည်အထိ ချန်ထားနိုင်မည်မဟုတ်ပေ။ အကြောင်းကမူ ရှန်းထူဘိုးဘေးနှင့် ပြိုင်စံရှားမဟာဧကရီတို့ အကြားတွင် ကြီးမားလှသော ကွာဟချက်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်လေသည်။
ရှေးဟောင်းမဟာဧကရီက သမိုင်းတွင် ပိတ်ဆို့နေသောသွေးကြောများကို ပြန်ဆက်ပေးနိုင်သည့် ဒဏ္ဍာရီလာ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ အဆုံးမဲ့သော သမိုင်းကြောင်းမြစ်ထဲတွင် သူမ ချန်ထားခဲ့သော ဒဏ္ဍာရီများကို ဆက်လက်၍ ထိန်းသိမ်းခဲ့ကြသည်။
မဟာဧကရာဇ်နယ်ပယ်၏ အထက်တွင် မည်သည့်အဆင့်ရှိကြောင်း ယီယွင် မသိပေ။
သို့သော် မဟာဧကရာဇ်နယ်ပယ်ကို ကျော်လွန်သွားကြသူများတွင် ကြီးမားလှသော စွမ်းအားကွာခြားမှု ရှိနေလိမ့်မည်ကို သူ သိသည်။ မဟာဧကရာဇ်ဆိုသည်မှာ တိကျသော နယ်ပယ်တစ်ခုသို့ ရောက်သွားသူများကို ခေါ်ဆိုကြသည့် အများဆိုင်အမည်တစ်ခု ဖြစ်လေသည်။
ထို့ကြောင့် တစ်သောင်းဧကရာဇ်ဘုရင်ကို ပြိုင်စံရှားမဟာဧကရီနှင့် နှိုင်းယှဥ်ပါက ပိုးစုန်းကြူးနှင့် တောက်ပသောလမင်းကဲ့သို့ပင် ကွာခြားနေပေလိမ့်မည်။
ပြိုင်စံရှားမဟာဧကရီ၏ စွမ်းအားက ထျန်းယွမ်ကမ္ဘာကြီးထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များ မျှော်မှန်းထားသည့် အကန့်အသတ်ထက်ပင် များစွာကျော်လွန်နေလောက်သည်။
" ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်က တကယ်ပဲ အဲ့ဒီအဆင့်အထိ ရောက်နေပြီလား "
ယီယွင် မယုံကြည်နိုင် ဖြစ်နေသည်။ မဟာဧကရီ၏ အမတေကို မည်သူက သန့်စင်မည်နည်း။ လက်တစ်ထောင်ဖွားဖွား ဖြစ်လေသလော။
" ငါလည်း သေချာမသိဘူး " လင်ရှင်းထုံက ခေါင်းယမ်းကာ..." ရှေးဟောင်းအညွှန်းက သန့်စင်ဖို့အတွက် မခက်ခဲတာလဲ ဖြစ်နိုင်တာပဲ။ ရှေးဟောင်းမဟာဧကရီက သန်မာတယ်ဆိုပေမဲ့ သူ ချန်ထားခဲ့တဲ့ အညွှန်းက ခက်ခဲမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ ဒီအရာနှစ်ခုက မပတ်သတ်လောက်ပါဘူး "
ယီယွင် ခေါင်းညိတ်လိုက်၏။ ယင်းက ကျိုးကြောင်းသင့်သည်။
လင်ရှင်းထုံက ဆက်ပြောသည်...." ဘာပဲဖြစ်ဖြစ် ရှန်းထူမိသားစုက ဒီတစ်ကြိမ်မှာ အမတေတစ်ခု ထောက်ပံ့ပေးလိမ့်မယ်။ သူတို့က အဲ့ဒါကို လူသိရှင်ကြားလုပ်ထားပြီး သူတို့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ မိသားစုအချို့ကိုလည်း ဖိတ်ခေါ်ထားတယ်။ သူတို့က ဒီကိစ္စကို အတုအယောင် လုပ်မှာမဟုတ်ဘူး။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့က စကားမတည်သလို ဖြစ်သွားလိမ့်မယ်။ ဒါက သူတို့အတွက် ဘယ်လိုမှ အကျိုးရှိမှာမဟုတ်ဘူး "
" ဒါ့အပြင် သူတို့က အမတေနဲ့ပတ်သတ်ပြီး အရမ်းကို ယုံကြည်ချက်ရှိနေပုံပဲ။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့တွေ ဝေဖန်ခံရလိမ့်မယ်။ အဲ့ဒီလိုသာဆိုရင် ရှန်းထူမိသားစုနဲ့ လင်မိသားစုတို့ မဟာမိတ်ဖွဲ့တာက အလိုလိုပျက်ပြယ်သွားလိမ့်မယ် "
" လင်မိန်းကလေး ပြောတာ မှန်တယ် " ယီယွင် ခေါင်းညိတ်လိုက်၏။ ရှန်းထူမိသားစုက မဟာဧကရီ၏အမတေကို သန့်စင်နိုင်ခြင်းရှိသည်မှာ အရေးမကြီးပေ။ ထိုကဲ့သို့ ထောက်ပံ့ပေးမှသာ လင်မိသားစုနှင့် လက်ထပ်ပွဲ ကမ်းလှမ်းမှုကို ရှေ့ဆက်နိုင်ပေမည်။
မြင်ရသရွေ့အရ ရှန်းထူမိသားစုက ယုံကြည်ချက်ရှိနေပုံပင်။
သူတို့က မဟာဧကရီ၏အမတေကို သန့်စင်နိုင်ခြင်းရှိသည်မှာ ဆန်းကြယ်နယ်မြေကို ရှာဖွေခဲ့ခြင်းကြောင့် ဖြစ်လေသလော။ ရှန်းထူမိသားစုက ဆန်းကြယ်နယ်မြေထဲတွင် ပျက်စီးခြင်းကောင်းကင်ပညာရပ်တစ်ခု ရှာတွေ့ခဲ့ခြင်းကြောင့် မဟာဧကရီ၏ အမတေကို သန့်စင်နိုင်ခဲ့ခြင်း ဖြစ်လေသလော။
သို့သော် ထိုမျှအဆင့်ရှိသည့် ဆန်းကြယ်နယ်မြေက သူ စူးစမ်းရှာဖွေနိုင်သည့် အရာမျိုး မဟုတ်ဖို့ရာများသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယီယွင်က ရုတ်တရက်ပင် လင်ရှင်းထုံကို ကြည့်လိုက်သည်။
" လင်မိန်းကလေး "
" အင်း " လင်ရှင်းထုံက ပြန်ကြည့်လာသည်။ သူမ၏ မျက်နှာက အစစ်အမှန်ဟု မထင်ရလောက်အောင် လှနိုင်လွန်းနေသည်။
" ငါပြောချင်တာက... မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ဖို့နည်းလမ်း ရှာမတွေ့တော့ဘူးဆိုရင် မင်းရဲ့မိသားစုက စီစဥ်ပေးတာကို လက်ခံလိုက်မှာလား "
လင်ရှင်းထုံ မျက်မှောင်ကုတ်ကာ ယီယွင်ကို နက်နဲစွာကြည့်လိုက်သည်။
" နင် ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးရတာလဲ။ အနာဂတ်အကြောင်း ထင်ကြေးပေးနေတာက ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ နင် မထင်မိဘူးလား။ ဥပမာဆိုရရင် နင်ပေါ့... ငါ နင့်ကို တိမ်ရိုင်းနယ်မြေထဲမှာ တွေ့ခဲ့တုန်းက နှစ်နှစ်အတွင်းမှာ နင် ဒီလောက်အထိ ခရီးပေါက်နိုင်ခဲ့လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "
" မင်းမှန်တယ် " ယီယွင် ခေါင်းညိတ်ကာ..." လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပျက်စီးခြင်းလူသားတောင်ကြားထဲက ကိစ္စကို ငါ မေးချင်တယ်။ မင်းရဲ့ခန္ဓာကိုယ်က ငါနဲ့ထိမိချိန်မှာ မင်းရဲ့သွေးကြောတွေ စွမ်းအင်စီးဆင်းမှု ခပ်ဖျော့ဖျော့ဖြစ်လာပုံရတယ်လို့ မင် ပြောခဲ့တယ်မလား "
" ဒါကြောင့် ငါ့မှာ ဟာသဆန်တဲ့ အကြံတစ်ခုရှိတယ်။ မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ငါ ပြန်ဆက်ပေးချင်တယ် "
" ဒါပေမဲ့ ငါ့ရဲ့အတွေးက အောင်မြင်မလားဆိုတာကို အာမမခံဘူး။ လက်ရှိမှာ ရှန်းထူမိသားစုက မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ဖို့အတွက် နည်းလမ်းရှာတွေ့ထားပုံပဲ။ အဲ့ဒီနည်းလမ်းက အကျိုးရှိမလားဆိုတာ ငါသိပေမဲ့ အနည်းဆုံးတော့ ငါ့ရဲ့ခေါင်းထဲက အခြေအမြစ်မရှိတဲ့ အတွေးတွေထက်စာရင် ပိုပြီးတော့ လက်ခံနိုင်စရာရှိလောက်ပုံပါပဲ "
" ငါ မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကိည တကယ်ပဲ ပြန်ဆက်ပေးချင်ပေမဲ့ ငါ့ရဲ့ဆန္ဒနဲ့ လက်တွေ့မဆန်တဲ့ အတွေးတွေကြောင့် မင် အန္တရာယ်ဖြစ်ရမှာကို ငါ မလိုချင်ဘုး။ ပြီးတော့ မင်းကို ကုသပေးနိုင်ခြေကလည်း သေးငယ်တယ် "
" ငါတွေးထားတာက... မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ဖို့အတွက် နည်းလမ်းမရှိတော့ဘဲ လူတွေ ဘာလုပ်ရမှန်းမသိ ဖြစ်သွားချိန်ကျရင် အဖွားတော်နဲ့ စီနီယာစုကျဲကတောင် မင်းကိူ ရှန်းထူနန်ထျန်းနဲ့ လက်ထပ်စေချင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ အနည်းဆုံးတော့ အဲ့ဒီနည်းလမ်းနဲ့ဆိုရင် မင်း အသက်ဆက်ရှင်နိုင်မှာပါ "
ယီယွင် ထိုစကားများကို ဖြည်းညင်းစွာ ဆိုလိုက်သည်။ ယင်းက သူ၏စိတ်ထဲတွင် ရစ်ဝဲနေသည့် အတွေးများဖြစ်ပြီး သူ လင်မိသားစုတွင် ဆက်နေရန်အတွက် ဘေးကျပ်နံကျပ်လည်း ဖြစ်နေရသည်။
ခံစားချက်ရှုထောင့်အရဆိုလျှင် ရှန်းထူနန်ထျန်းက လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုသပေးပြီး ထိုကိစ္စနှင့်အကျပ်ကိုင်ကာ လက်ထပ်ခိုင်းမည်ကို သူ မလိုလားပေ။
ယုတ္တိဗေဒရှုထောင့်အရဆိုလျှင်မူ ထိုသည်က လင်ရှင်းထုံအတွက် အကောင်းဆုံးရလဒ် ဖြစ်လာပေလိမ့်မည်။
" ကျေးဇူးတင်ပါတယ် "
လင်ရှင်းထုံက ယီယွင်ကိုကြည့်ကာ တည်ငြိမ်စွာဆိုသည်။ ယီယွင်က သူမ၏ ပိတ်ဆို့နေသောသွေးကြောများ၏ ပျောက်ကင်းစေရန် ဆန္ဒရှိနေကြောင်းကို သူမ တစ်ခါမျှပင် မသိခဲ့ပေ။ လင်မိသားစု သို့မဟုတ် ရှန်းထူမိသားစုကသာ ယီယွင်၏ အတွေးများကို သိသွားကြပါက ရယ်မောလှောင်ပြောင်နိုင်လောက်သော်လည်း သူမကမူ ယီယွင်က အဓိပ္ပါယ်မရှိသည်များ ပြောနေသည်ဟု မထင်မိပေ။
" ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ကံကြမ္မာအတွက် တိုက်ခိုက်သွားမှာပဲ။ ပြီးတော့ အနာဂတ်ကို ဘယ်သူက ပြောနိုင်လို့လဲ။ ငါ နင့်ကို အာမခံနိုင်တာက လင်မိသားစုက မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့ရင်တောင် ငါက နင် အတင်းအကျပ် ထွက်သွားရတာမျိုး ဖြစ်မလာအောင် ကာကွယ်ပေးမယ် "
လင်ရှင်းထုံက အလေးအနက် ဆိုလိုက်သည်။
" ကောင်းပြီ ဒီကိစ္စကို ဆက်မပြောနဲ့တော့။ အဖွားတော်က နင့်အတွက် ဒီပွဲကျင်းပပေးဖို့ အတော်လေး အားစိုက်ထားရတာနော် "
လင်ရှင်းထုံ အပြုံးရေးရေး ဖြစ်ပေါ်လာသည်။
ယီယွင်က သူမ၏စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်လေ၏။ အဖွားတော်က သူ့အတွက် သင့်တော်သော မိန်းကလေးတစ်ဦး ရှာဖွေရန်အတွက် မိသားစုထဲမှ အကြီးအကဲအချို့ကို အောင်သွယ်တော် လုပ်ခိုင်းထားသည်ပင် ဖြစ်နိုင်လောက်သည်။
ယီယွင် အနည်းငယ်ခန့် ခေါင်းငဲ့ကာ ကြည့်လိုက်လေရာ သူ့အား ဓားပညာ သင်ပေးလိုသော မိန်းကလေးက အခြားတစ်ယောက်နှင့် စကားပြောနေရင်း သူ့အား မကြာခဏပင် ကြည့်နေသည်ကို မြင်လိုက်ရသည်။
စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်နှင့် ထိုမိန်းကလေးက လင်ရှင်းထုံ ထွက်ခွာသွားလျှင် သူနှင့် ဓားပညာအကြောင်း ဆက်လက်ဆွေးနွေးချင်ပုံ ရလေသည်။
ယီယွင် ရှက်ရွံ့စွာဖြင့် မျက်မှောင်ကုတ်လိုက်၏။ သူ၏ ယခင်ဘဝနှင့် ယခုဘဝများတွင် ထိုကိစ္စမျိုး၌ သူက အတွေ့အကြုံနည်းသည်။
..................
ပွဲသည် ခြောက်နာရီခန့် ကြာမြင့်ခဲ့ပြီး မိုးချုပ်ချိန်မှသာ သိမ်းခဲ့ကြသည်။
အဆုံးသတ်တွင် ယီယွင်ကို လာကပ်ကြသည့် မိန်းကလေးများ ထင်သလောက်မများခဲ့ပေ။ အကြောင်းကမူ ထိုညအချိန်အများစုတွင် သူ၏နံဘေး၌ လင်ရှင်းထုံ ရှိနေလေသောကြောင့် ဖြစ်လေသည်။ အစပိုင်းတွင် လင်မိသားစုနှင့် ရှန်းထူမိသားစုတို့က လုပ်ငန်းစကားများသာ ပြောခဲ့ကြလေ၏။
နောက်ပိုင်းတွင်မူ သူတို့က ရောက်တတ်ရာရာများ ပြောခဲ့ကြသည်။
အစပိုင်းတွင် လင်ရှင်းထုံသည် ယီယွင်၏ သိမြင်နားလည်မှုက ချို့တဲ့လိမ့်မည်ဟု ထင်မိကာ စကားများစွာ မပြောခဲ့ပေ။ သူမက ယီယွင်ကို ထျန်းယွမ်ကမ္ဘာကြီး၏ လက်ရှိအခြေအနေများနှင့် စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများကို ပြောပြမည်ဟု စီစဥ်ထားခဲ့သည်။
သို့သော် သူမတို့ စကားပြောကြချိန်တွင် အချိန်အများစု၌ ယီယွင်က စကားပြောသူ ဖြစ်နေခဲ့ပြီး သူမက နားထောင်သူ ဖြစ်နေခဲ့ရသည်။
ယီယွင်၏ခေါင်းထဲတွင် အဆုံးမသတ်နိုင်သော စိတ်ဝင်စားစရာများ ရှိနေပုံရလေ၏။ ယီယွင်က ဤလောကကြီးအကြောင်းကို အလွန်နည်းပါးစွာ သိထားသည်။
သို့သော် သူ၏ယခင်ဘဝ၌ သတင်းများ ပေါက်ကွဲသောခေတ်တွင် နေထိုင်ခဲ့ရပြီး သူ၏လက်ထဲတွင် နတ်ကိရိယာတစ်ခုဟု တွေးနိုင်သော အင်တာနက် ရှိနေလေသောကြောင့် ယခင်ဘဝတွင် သူ သိရှိခဲ့သော အရာများက ယခုဘဝထက် များစွာသာလွန်နေသည်။
သူက ကို့ရို့ကားယား အဖြစ်အပျက်အချို့ကို နောက်ခံသမိုင်းကြောင်း ပြောင်းလဲပစ်ပြီး ဤလောကအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုဖြစ်အောင် ပြောင်းလဲခဲ့သည်။ အထူးသဖြင့် အင်တာနက်ပေါ်တွင် ရယ်စရာဟာသများ ရေတွက်၍မကုန်နိုင်အောင် ရှိလေသည်။ ကျင့်ကြံခြင်းကို ဦးစားပေးသည့် ဤလောကကြီးထဲမှ စစ်သည်များ၏ ကန့်သတ်ချက်ထက် လုံးဝသာလွန်နေလေ၏။
အစပိုင်းတွင် လင်ရှင်းထုံက ယီယွင်ကို စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းအချို့ ပြောပြနေခဲ့သော်လည်း သူမ ပြောပြနေသည့် အကြောင်းအရာများက ယီယွင်၏စကားများနှင့် ယှဥ်ကြည့်လျှင် ပျင်းစရာကောင်းနေကြောင်းကို နားလည်သွားခဲ့သည်။
နောက်ပိုင်းတွင် လင်ရှင်းထုံက တိတ်ဆိတ်စွာ နားထောင်နေရင်း အလွန်ပျော်ရွှင်နေခဲ့သည်။ မကြာခဏပင် သူမ၏ပါးစပ်ကို အုပ်ကာ ရယ်မောနေခဲ့ရ၏။ သူမက မျက်လုံးအပြူးသားဖြင့် " ဒါက မဖြစ်နိုင်ဘူးမလား " ၊ " နင် ဒါကို ဘယ်ကကြားခဲ့တာလဲ " ၊ " ဒါက စိတ်ဝင်စားဖို့ကောင်းတယ် " ဟုသော စကားများကိုပင် ထုတ်ပြောခဲ့သည်။
ဘေးပတ်လည်ရှိ လင်မိသားစု၏ ဂျူနီယာများမှာ ယီယွင်က လင်ရှင်းထုံနှင့် စကားပြောနေသည်ကို တအံ့တဩ ကြည့်နေကြလေ၏။ သူတို့၏အမြင်တွင် လင်ရှင်းထုံက တည်ငြိမ်အေးဆေးသူဖြစ်ပြီး ရယ်မောခြင်း သို့မဟုတ် စကားပြောခြင်းများ နည်းလေသည်။
လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သူတို့ လင်ရှင်းထုံ ရယ်မောသည်ကို မြင်ဖူးခဲ့သည့် အကြိမ်ရေသည် ယနေ့ညထက် နည်းပါးသည်ဟု ခံစားမိကြလေ၏။