← Chapters

တစ်နှစ် အချိန်အကန့်အသတ်

Vol. 28 Ch. 408

တစ်နှစ် အချိန်အကန့်အသတ်

Vol. 28 Ch. 408

သုံးရက်ကြာပြီးနောက် ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ကို ပြန်လည်စတင်ခဲ့သည်။ ဤတစ်ကြိမ်က စုကျဲတို့ကဲ့သို့ လူကြီးမျိုးဆက်များ၏ စင်မြင့် ဖြစ်လေ၏။

ရှန်းထူနန်ထျန်း ရောက်မလာပေ။ သူ၏ဝိညာဥ် ထိခိုက်သွားသည်ကို ဥပေက္ခာပြုထားပြီး ဒဏ်ရာအားလုံး ပျောက်သွားလျှင်ပင် သူ့အဖို့ လက်ဖက်ရည်ပွဲတော်တွင် ထပ်မံကာ မျက်နှာပြရဲမည်မဟုတ်ပေ။

သူကဲ့သို့ မာနကြီးသူတစ်ဦးက ဤကဲ့သို့ အရေးကြီးသော ပွဲတော်တစ်ခုတွင် ကိုယ့်အတတ်ကိုယ်စူးကာ အရှက်ကွဲခဲ့ရသည်မှာ လူနည်းစုသာ နားလည်နိုင်သည့် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လေသည်။

လူကြီးမျိုးဆက်များအတွက် လက်ဖက်ရည်ပွဲတော်တွင် ယီယွင်က အစမှ အဆုံးအထိ ထိုင်ကြည့်ခဲ့လေ၏။ သူ ကြည့်နေချိန်တွင် စွမ်းအင်မြင်ကွင်းကို ဖွင့်ထားပြီး လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ အကြီးအကဲများ အသုံးပြုသည့် ချိတ်တံဆိပ်နည်းစနစ်များကို အာရုံစိုက်နေခဲ့ပြီး ထိုသူများ၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အနှစ်သာရများကို လေ့လာနေခဲ့သည်။ ထိုသို့ကြည့်နေချိန်တွင် ယီယွင်က ခရမ်းရောင်သလင်းကျောက် အသုံးပြုကာ အနှောင့်အယှက်ပေးခြင်း မပြုခဲ့ပေ။

ထို့အပြင် ဤသည်က ပျက်စီးခြင်းကောင်းကင်သခင် အကြီးအကဲများ ဖြစ်ကြလေ၏။ ထိုသူများ၏ စွမ်းအင်ထိန်းချုပ်မှုက အကန့်အသတ်တွင်ရှိနေသည့် ရှန်းထူနန်ထျန်းကဲ့သို့ မဟုတ်ကြပေ။ ရှန်းထူနန်ထျန်းက အကန့်အသတ်သို့ ရောက်နေခြင်းကြောင့်သာ ယီယွင်အဖို့ ခရမ်းရောင်သလင်းကျောက် အသုံးပြုရန် လွယ်ကူသွားခဲ့ခြင်း ဖြစ်လေသည်။

ပျက်စီးခြင်းကောင်းကင်သခင် အသက်ကြီးပိုင်းများနှင့် ရင်ဆိုင်ရချိန်၌ ယီယွင်က ခရမ်းရောင်သလင်းကျောက်နှင့် ပြဿနာရှာနိုင်ခဲ့လျှင်ပင် များစွာပိုမိုကာ ခက်ခဲမည်ဖြစ်လေ၏။ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းကို အတင်းအကျပ် ပြောင်းပစ်ပါက ရှာတွေ့သွားနိုင်မည့် အန္တရာယ်လည်း ပိုတိုးလာပေလိမ့်မည်။

ထို့အပြင် ထိုကဲ့သို့ကိစ္စမျိုး ထပ်မံဖြစ်ပေါ်လာပါက သံသယဝင်ကြပေလိမ့်မည်။

လူငယ်မျိုးဆက်များနှင့် နှိုင်းယှဥ်မည်ဆိုလျှင် လူကြီးမျိုးဆက်များ အသုံးပြုကြသည့် ပျက်စီးခြင်းကောင်းကင်ပညာရပ်များက ပိုမိုထည်ဝါလေ၏။ မျက်စိပသာဒ ရှိလှသည်ဟုသာ ဖော်ညွှန်းရပေတော့မည်။ ကဏ္ဍပေါင်းစုံတွင် ရှန်းထူမိသားစုက အသာစီးရခဲ့လေ၏။

စုကျဲနှင့် အပေါင်းအပါများက သူတို့တွင်ရှိသည့် ကျွမ်းကျင်မှုများအားလုံး ထုတ်သုံးခဲ့သော်လည်း ရှန်းထူမိသားစုမှ လူပေါင်းများစွာကို ယှဥ်နိုင်ခြင်းမရှိခဲ့ပေ။ အဆုံးသတ်တွင် ရှန်းထူမိသားစုက မဟာအကြီးအကဲတစ်ဦး စေလွှတ်ကာ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ပြသစေခဲ့၏။ ထိုသူက ပိန်လှီလှပြီး လမ်းလျှောက်နေသည့် ဖုတ်ကောင်တစ်ကောင်နှင့် ဆင်တူသော်လည်း သူ၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က စုကျဲထက် အပြတ်အသတ် သာလွန်သည်။ လက်ဖက်ရည်ပွဲတော်တစ်ခုလုံး သူ့အား ယှဥ်နိုင်ခြင်းမရှိပေ။

လူကြီးမျိုးဆက်အတွက် ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်က သုံးရက်ကြာခဲ့သည်။

အဆုံးသတ်တွင် ရှန်းထူမိသားစုက အနည်းငယ်ခန့် မျက်နှာပြန်ရခဲ့လေ၏။

ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော် ပြီးဆုံးသွားသည့်နောက် ရှန်းထူမိသားစုက ချက်ချင်းထွက်ခွာသွားခြင်း မရှိခဲ့ဘဲ လင်မိသားစု၏ ထျန်းဟွာတောင်ထွတ်ပေါ်တွင် ဆက်နေခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့သည်။

ယနေ့က လင်မိသားစုနှင့် ရှန်းထူမိသားစုတို့အတွက် အလွန်ပင် အရေးကြီးလေသည်။ အကြောင်းကမူ လင်ရှင်းထုံ ဆေးစမ်းသပ်ရမည့်နေ့ရက် ဖြစ်လေသောကြောင့်ပင်။

အောင်မြင်သွားခဲ့လျှင် လင်မိသားစုအဖို့ ပြိုင်စံရှားမဟာဧကရီတစ်ပါး ပိုင်ဆိုင်ခွင့်ရရန် ဖြစ်နိုင်ခြေရှိသွားပေမည်။ ထိုသို့ဆိုလျှင် လင်ရှင်းထုံ၏ အနာဂတ်အောင်မြင်မှုက ရှေးဟောင်းမဟာဧကရီကို ယှဥ်နိုင်သွားပေလိမ့်မည်။

ရှန်းထူမိသားစုအဖို့ သူတို့ ဆန္ဒရှိနေသည့်အတိုင်း လင်မိသားစုနှင့် မဟာမိတ်ဖွဲ့နိုင်မည်ဖြစ်ပြီး ရှန်းထူနန်ထျန်းအဖို့လည်း လင်ရှင်းထုံ၏ လက်တွဲဖော်ဖြစ်လာကာ ကြီးမားသော အကျိုးအမြတ်များ ရနိုင်ပေလိမ့်မည်။

ကျရှုံးသွားခဲ့လျှင်မူ.....။

" ရှန်းထူမိသားစုက ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ ဒါက ဆန်းကြယ်နယ်မြေထဲကနေ ရှာတွေ့ခဲ့တဲ့ ပြိုင်စံရှားမဟာဧကရီရဲ့ အညွှန်းစာ မိတ္တူဆိုတော့ ဘယ်လိုလုပ်ပြီး ကျရှုံးနိုင်မှာလဲ "

လင်မိသားစုက ယဇ်ပူဇော်ပွဲကြီးများတွင် အသုံးပြုသည့် ကွင်းပြင်ကို အသုံးပြုခဲ့လေသည်။ ထိုနေရာတွင် လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ လူများ အတူရှိနေပြီး ထိုင်နေကြသည်။ ရှန်းထူနန်ထျန်းက ရှေ့ဆုံးခုံတန်းတွင် ထိုင်နေလျက်ရှိပြီး လင်မိသားစုမှ အကြီးအကဲတွင် ရှိနေခဲ့သည့် သံသယများကို တည်ငြိမ်စွာ ဖြေရှင်းပေးနေသည်။

လက်ဖက်ရည်ပွဲတော်တွင် ရှန်းထူနန်ထျန်းက စိတ်ဝိညာဥ်တန်ပြန်မှု ခံခဲ့ရကာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ခံယူခဲ့ရပြီး ကုန်ကျစရိတ်ကို ထည့်တွက်ခြင်းမရှိဘဲ ဆေးဝါးမျိုးစုံ အသုံးပြုခဲ့လေသောကြောင့် သူ အိပ်ယာထဲမှ ထလာနိုင်ခဲ့သည်။

အမှန်တကယ်တွင် ရှန်းထူမိသားစုသည် ရှန်းထူနန်ထျန်း အိပ်ယာထဲမှ ပြန်ထနိုင်စွမ်းရှိလာရန် လဝက်ခန့်အထိ စောင့်ခဲ့ရသည်။ ထို့အပြင် ယနေ့ပြပွဲ၌ ရှန်းထူနန်ထျန်းက ကြယ်ပွင့် ဖြစ်လေ၏။

သို့သော် ရှန်းထူနန်ထျန်း၏ ဝိညာဥ်က အပြည့်အဝ သက်သာခြင်းမရှိသေးပေ။ သူသာ တိုက်ခိုက်ခြင်း သို့မဟုတ် ပျက်စီးခြင်းကောင်းကင်ပညာရပ် အသုံးပြုခြင်းများ လုပ်ဆောင်ပါက သူ လုံးဝပြိုလဲသွားပေလိမ့်မည်။

အနည်းဆုံးအနေဖြင့် စိတ်စွမ်းအား မသုံးရသော အခြေအနေမျိုးတွင် သူ့ကိုယ်သူအတွက် ဟန်လုပ်နိုင်သေးလေ၏။

ယနေ့တွင် ရှန်းထူမိသားစုက မဟာဧကရီ၏ အမတေကို ထုတ်ယူကာ သက်သေပြရပေမည်။ ထို့နောက်တွင် သူက အခွင့်အရေးကို အသုံးပြုပြီး လင်မိသားစုအား လင်ရှင်းထုံနှင့် လက်ထပ်ပွဲနေ့ရက် သတ်မှတ်ပေးရန် တွန်းအားပေးရမည်။ သူသည် လင်မိသားစုနှင့် အတိုးအလျော့လုပ်ကာ အချိန်ဆွဲလိုခြင်း မရှိတော့ပေ။

အဖွားတော် အပါအဝင် အကြောင်းအမျိုးမျိုးပြနေကြသည့် လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများက လင်ရှင်းထုံ၏အသက်နှင့် ပတ်သတ်လာလျှင် ရွေးချယ်စရာမရှိတော့ဘဲ လက်ခံကြရလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

သူသာ လင်ရှင်းထုံ၏ ရှေးဦးယင်ကို ရရှိနိုင်ခဲ့ပြီး ကြိမ်ဖန်များစွာ လိင်ဆက်ဆံကာ ကျင့်ကြံမည်ဆိုပါက သူ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရေးကို မျှော်မှန်းနိုင်ပေတော့မည်။

ရှန်းထူနန်ထျန်းမှာ အတွေးနှင့်ပင် စိတ်အားတက်ကြွလာရလေ၏။

ရှန်းထူမိသားစုမှ လူများသည်လည်း တူညီစွာပင် ခံစားကြရသည်။ ရှန်းထူမိသားစုမှ လူများအားလုံးက မာနတစ်ခွဲသားဖြင့် ရောက်လာကြသည်ကို လင်မိသားစုမှ လူများက သိကြသည်။ သူတို့က မဟာဧကရီ၏ အညွှန်းကို အသုံးပြုပြီး ပျက်စီးခြင်းအရိုးအမတေကို သန့်စင်နိုင်မည်ဟု အလွန်ပင် ယုံကြည်ချက်ရှိနေပုံ ရလေသည်။

ထိုအခိုက်တွင် ယီယွင်က စုကျဲနှင့်အတူ ပေါ်လာသည်။ လင်ရှင်းထုံက ယီယွင်ကို မြင်သောအခါတွင် ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြသည်။ ယီယွင်ကလည်း ပြန်ပြုံးပြလေ၏။

ထိုမြင်ကွင်းကြောင့် ရှန်းထူနန်ထျန်း သုန်မှုန်သွားလေ၏။ သူ၏ ရွှင်မြူးနေသော အပြုံးများ အေးခဲသွားလေသည်။

ယီယွင်ကလည်း ရှန်းထူနန်ထျန်း၏ အကြည့်များကို သတိပြုမိသည်။ သူ ခေါင်းလှည့်ကြည့်ကာ ရှန်းထူနန်ထျန်းအား မျက်နှာဖုံးထဲမှတစ်ဆင့် စူးစိုက်ကြည့်လိုက်သည်။

ယီယွင် ပေါ်လာသည်ကို ကြည့်နေရင်းဖြင့် ရှန်းထူနန်ထျန်းမှာ လွန်ခဲ့သည့် လဝခန့်က ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ကို သတိရသွားကာ ဒေါသမီး တောက်လောင်သွားရသည်။ ယင်းသည် ရှန်းထူနန်ထျန်း၏ အသက်သုံးဆယ်ကျော် ကာလအတွင်း ထိခိုက်ခံစားခဲ့ရသည့် အကြီးမားဆုံး အမဲစက်ကြီးတစ်ခု ဖြစ်လေ၏။

လင်မိသားစု၏ ပိုင်နက်ထဲတွင် ဟုတ်မနေပါက သူသည် ယီယွင်ကို သေသည်အထိ ရိုက်သတ်မိပေလိမ့်မည်။

လက်ရှိတွင် သူက ယီယွင်ကို ဘာမျှလုပ်မရသေးသော်လည်း လင်ရှင်းထုံ ဆေးသောက်ပြီးသွားပါက သူသည် လင်ရှင်းထုံ၏ လက်တွဲဖော် ဖြစ်လာပေလိမ့်မည်။ ထို့နောက်တွင် သူက လင်မိသားစု၏ သခင်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။ ထို့နောက်ပိုင်းတွင် သူက ယီယွင်ကဲ့သို့ ပိုးဖလံလေးကို ပုံသွင်းပေးနိုင်လိမ့်မည် မဟုတ်ပေလော။

ရှန်းထူနန်ထျန်းက မျက်ဝန်းများ ကျဥ်းမြောင်းကာ ယီယွင်အား ကြည့်လိုက်ပြီးနောက် အဖွားတော်ကိုကြည့်ကာ... " ဆေးသောက်ဖို့အတွက် မင်္ဂလာအချိန်က နီးလာပြီ။ ကျွန်တော်တို့တွေ ပျက်စီးခြင်းအရိုးအမတေကို ပင့်လိုက်ကြရအောင် "

ရှန်းထူနန်ထျန်းက ပြုံးကာ စကားဆိုရင်း ယပ်တောင်ခတ်လိုက်သည်။ ရှန်းထူနန်ထျန်း၏ အသံက တည်ငြိမ်နေပြီး ဝင့်ကြွားခြင်းနှင့် ယုံကြည်ချက်ရှိခြင်းတို့ ရောထွေးနေသည်ဟု လူအများက ခံစားမိကြသည်။

" ကောင်းပြီ " အဖွားတော် ခေါင်းညိတ်လိုက်၏။

ရှန်းထူမိသားစုမှ အကြီးအကဲများ ချက်ချင်းပင် မတ်တက်ရပ်လာကြသည်။ ရှန်းထူနန်ထျန်းလည်း ထရပ်လိုက်ပြီး ထိုသူများနှင့်အတူ ကွင်းပြင်ထဲသို့ သွားလေသည်။

လင်မိသားစုမှ လူတိုင်း လည်တဆန့်ဆန့်ဖြင့် ကြည့်လိုက်ကြသည်။ မဟာဧကရီ၏ ရှေးဟောင်းအညွှန်းမှ ပျက်စီးခြင်းအရိုးအမတေ သန့်စင်သည်မှာ မည်သို့ရှိမည်နည်း။

လူတိုင်း၏ အကြည့်များကို ခံစားမိသည့် ရှန်းထူနန်ထျန်းက ပြုံးကာ သိုလှောင်လက်စွပ်ကို ပွတ်လိုက်သည်။ ရှုပ်ထွေးသောပုံစံများရှိပြီး အစွမ်းထက်ပုံရသော သေတ္တာတစ်လုံး လေထဲတွင် ထွက်ပေါ်လာ၏။

" ပျက်စီးခြင်းအရိုးအမတေရဲ့ ဆေးအာနိသင်တွေ ကုန်ခမ်းမသွားရအောင်လို့ ကျုပ်တို့ ရှန်းထူမိသားစုက ထာဝရခရမ်းရွှေကို အသုံးပြီး ထိပ်တန်းသန့်စင်ရေးဆရာတစ်ဦးနဲ့ ဒီသေတ္တာကို အထူးဖန်တီးထားတာပဲ။ သေတ္တာ တစ်ခုတည်းကတင် အရမ်းကို တန်ဖိုးကြီးပြီး မြို့တစ်မြို့နဲ့ နှိုင်းယှဥ်လို့ရတယ်။ ဒါပေမဲ့ အထဲမှာပါတဲ့ ပျက်စီးခြင်းအရိုးအမတေနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် သေတ္တာက ပုလဲတစ်လုံးနဲ့ နှိုင်းယှဥ်မိတဲ့ အညစ်အကျေးတစ်ခုလိုပဲ ဖြစ်သွားလိမ့်မယ် " ရှန်းထူနန်ထျန်းက ပြုံးကာ ကျယ်လောင်စွာ ဆိုလိုက်သည်။

" ဆေးထည့်တဲ့ သေတ္တာကတင် အတော်ကို တန်ဖိုးကြီးနေပြီ။ ဒီအမတေက စောင့်ရကျိုးနပ်တယ်။ ရှန်းထူမိသားစုက ယုံကြည်ချက်မရှိရင် ပျက်စီးခြင်းအရိုးအမတေကို ဒီနေရာ ယူလာမှာမဟုတ်ဘူး "

" ဒီတစ်ကြိမ်မှာ ငါတို့ လင်မိသားစုက ပြိုင်စံရှားမဟာဧကရီတစ်ပါး မွေးထုတ်ပေးနိုင်တော့မယ်။ ဒီကိစ္စက ကျုပ်တို့ နှစ်ဖက်မိသားစုတွေအတွက် မဟာကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ် "

ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိအချိန်၌ သူက လင်မိသားစု၏ ဂျူနီယာများထဲတွင် ထူးချွန်ပြောင်မြောက်နေသည်။ ယခုပွဲတွင် သူက ထိုင်ခုံတစ်လုံး ရရှိလေပြီး အခြားဂျူနီယာများကမူ ဆရာများ၏ နောက်တွင်သာ ရပ်နေကြရသည်။

ယီယွင် အသက်ပြင်းပြင်းရှုကာ ရလဒ်ကို စောင့်ဆိုင်းနေသည်။ လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများ ပြန်ဆက်သွားနိုင်လျှင် အလွန်ပင် အရေးကြီးသောကိစ္စတစ်ခု ဖြစ်လေ၏။

အဖွားတော်သည်ပင် ရှန်းထူနန်ထျန်း ထုတ်ယူလာသော ဆေးသေတ္တာကို မျက်တောင်မခတ်စတမ်း ကြည့်နေသည်။

လင်မိသားစုမှ အကြီးအကဲများကလဲ တီးတိုးပြောဆိုကာ ဆွေးနွေးနေကြလေ၏။

လင်ရှင်းထုံ၏ အဒေါ်က အသံတစွာစွာဖြင့်..." နန်ထျန်းက ကျွန်မတို့ကို စိတ်ပျက်အောင် မလုပ်ပါဘူးလို့ ကျွန်မ မပြောခဲ့ဘူးလား။ ရှန်းထူမိသားစုရဲ့ စိတ်ရင်းအမှန်ကို ကြည့်လိုက်ဦး။ ဒီအမတေက ကျွန်မတို့ကို အံ့အားသင့်ကျေနပ်စရာတွေ ပေးလာမှာ သေချာတယ်။ ပိတ်ဆိုနေတဲ့သွေးကြောတွေ ပြန်ဆက်သွားခဲ့ရင် ရှင်းထုံရဲ့ မင်္ဂလာပွဲကို အချိန်ဆွဲနေဖို့မလိုတော့ဘူး "

သူမက စကားပြောနေရင်း လင်ရှင်းထုံအား ကြည့်လိုက်သည်။ သို့သော် လင်ရှင်းထုံ၏ အမူအရာက ယခင်အတိုင်းပင် တည်ငြိမ်နေလေသောကြောင့် သူမ စိတ်ပျက်သွားရသည်။ အကြောင်းမသိသူများအဖို့ ထိုကိစ္စက သူမနှင့် မသက်ဆိုင်ဟုသာ ထင်မိကြပေလိမ့်မည်။

" အဒေါ်ပြောတာ မှန်တယ်။ လက်ထပ်ပွဲကို ထပ်ပြီးတော့ နှောင့်နှေးနေလို့မရတော့ဘူး။ ဒါ့အပြင် ရှင်းထုံကို ကုသပေးဖို့ အသုံးပြုရမဲ့ မဟာဧကရီရဲ့အမတေက အမတေ ၁၂ ခုတောင် ရှိတယ်။ ပထမ အမတေကို သုံးပြီးသွားရင် လတိုင်း အမတေတစ်ခုစီ မဖြစ်မနေ သုံးရလိမ့်မယ် "

" ဒါကြောင့် အမတေတွေက တစ်နှစ်အတွင်း ပြီးရလိမ့်မယ် "

ရှန်းထူနန်ထျန်းက ဖြည်းညင်းစွာပြောနေရင်း သူ၏အကြည့်များက လင်ရှင်းထုံနှင့် အဖွားတော်တို့ဆီသို့ ရောက်ရှိသွားလေသည်။ သူ၏အပြုံးက အရာအားလုံး ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ရည်ညွှန်းနေသည်အလားပင်။

လင်ရှင်းထုံ မျက်မှောင်ကုတ်မိသွားပြီး သူ၏ ရွှန်းလဲ့နေသော မျက်ဝန်းများက ရှန်းထူနန်ထျန်းဆီသို အကြည့်ရောက်သွားလေ၏။

တစ်နှစ်အတွင်း...။

ဤသည်မှာ လင်မိသားစုက လက်ထပ်ပွဲအတွက် ဆုံးဖြတ်ချက်ကို တစ်နှစ်အတွင်း ချမှတ်ရမည်ဟု ဆိုလိုလေသည်။

ရှန်းထူမိသားစုက လင်မိသားစုဆီသို့ အမတေ ၁၂ ခု ပေးအပ်ပြီးသွားခဲ့လျှင် လက်ထပ်ပွဲအား အချိန်ဆွဲနေသည်ကို သေချာပေါက်ပင် ခွင့်ပြုပေးမည်မဟုတ်ပေ။

ဤသည်မှာ လင်မိသားစုက လက်ထပ်ပွဲအတွက် ဆုံးဖြတ်ချက်ကို လာမည့်လများအတွင်း ချမှတ်ရမည်ဟု ဆိုလိုလေသည်။

ရှန်းထူနန်ထျန်းက အမတေ ၁၂ ခုကို လစဥ်သုံးစွဲရမည်ဟု ပြောခဲ့သည်မှာ အမှန်ဖြစ်သည်လားကို လင်ရှင်းထုံ မသိပေ။ ရှန်းထူနန်ထျန်းက လင်မိသားစုကို ဖိအားပေးရန် လုပ်ဇာတ်ခင်းနေခြင်း ဖြစ်နိုင်လောက်သော်လည်း ထိုကိစ္စက အရေးမကြီးတော့ပေ။ ရှန်းထူမိသားစုက လင်မိသားစု ဆုံးဖြတ်ချက်ချလာစေရန် တရားဝင်အကြောင်းပြချက်တစ်ခု လိုချင်နေခြင်းသာ ဖြစ်လေသည်။

အဖွားတော် သက်ပြင်းချလိုက်၏။ လင်ရှင်းထုံ တွေးမိသမျှကို သူမသည်လည်း တွေးမိလေသည်။ ယင်းသည် မင်္ဂလာပွဲကို အချိန်ဆွဲထားမည့် သူမ၏စိတ်ကူးကို ဖျက်ဆီးသွားခဲ့လေ၏။

All Chapters