နောက်ဆုံးစကားသံ
Vol. 28 Ch. 410
" ရပါတယ် အဖွားတော်။ ကျေးဇူးပြုပြီး ကြည့်ပါ "
အဖွားတော်က အမတေကို လက်မနှင့်လက်ညှိုးဖြင့် ကိုင်ကာ ကြည့်လိုက်သည်။ နေရောင်အောက်တွင် လက်စွပ်သဏ္ဌာန် အမတေက သလင်းပမာ ကြဘ်လင်သွားလေ၏။ ၎င်းက အင်မော်တယ်ကျောက်စိမ်းနှင့် ပြုလုပ်ထားသည့် လက်စွပ်တစ်ကွင်းနှင့်ပင် တူလှသည်။ အမတေ၏ မျက်နှာပြင်ပေါ်မှ မြွေက နေရာအနှံ့သက်ရောက်သည့် စိတ်ဝိညာဥ်ကဲ့သို့ ခံစားချက်မျိုးကိုပင် ရရှိစေလေ၏။
" ကောင်းလိုက်တဲ့ အမတေ "
လင်မိသားစုမှ အကြီးအကဲတစ်ဦးက ထိန်းမရတော့ဘဲ ချီးကျူးလိုက်သည်။ အဖွားတော်က နတ်မျက်လုံးဖွင့်ကာ အမတေထဲသို့ စိတ်စွမ်းအင်များ ထိုးသွင်းကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သူမက အမတေကို အလွန်ပင် ကျေနပ်မှုရှိသည်။
သူမ၏ အာရုံခံနိုင်စွမ်းအရ အမတေထဲတွင် ပူပြင်းသော စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားမိသည်။ ယင်းက အလွန်သန့်စင်သော ယန်စွမ်းအင်များ ဖြစ်လေ၏။
အဖွားတော်၏ အမူအရာကြောင့် ယီယွင် စိတ်မွန်းကျပ်သွားရ၏။
သူသည် အဖွားတော်က အမတေထဲတွင် တစ်ခုခုထူးဆန်နေသည်ကို ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း အဆုံးသတ်တွင် သူ စိတ်ပျက်သွားခဲ့ရ၏။
အဖွားတော်၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ကောင်းကြောင်းကို ပြောရန်ပင်မလိုပေ။ သို့သော် ထျန်းယွမ်ကမ္ဘာကြီး၏ ပျက်စီးခြင်းကောင်းကင်ပညာ အမွေအနှစ်က သိမြင်နားလည်မှု အကန့်အသတ်ရှိနေခြင်းသာ ဖြစ်လေသည်။ အဖွားတော်က ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာရပ်များကို မသိပေ။
အမတေတွင် ပြဿနာရှိနေသည်မှာ ရှန်းထူမိသားစုက အဆိပ်ခပ်ထားခြင်း မဟုတ်လောက်ဘဲ ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာက ပြဿနာရှိနေခြင်းသာ ဖြစ်ရမည်။
ရှန်းထူမိသားစုကသာ အဆိပ်ခပ်ထားလျှင် အဖွားတော်က ရှာတွေ့ပေလိမ့်မည်။ သို့သော် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာ နယ်ပယ်ကိုမူ အဖွားတော်က တစ်ခါမျှပင် ထိတွေ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် သူမက အမတေတွင် အပြစ်ရှာမတွေ့ပေ။
ထို့အဖြစ်ကြောင့် ယီယွင်၏အမူအရာ အရုပ်ဆိုးသွားရလေ၏။ အဖွားတော်ကသာ ထိုပြဿနာကို ထွင်းဖောက်မြင်နိုင်ခဲ့လျှင် အရာအားလုံး လွယ်ကူသွားမည် ဖြစ်သော်လည်း ယခုတွင် သူမက အမတေသည် အဆင်ပြေကြောင်း အတည်ပြုပေးခဲ့လေ၏။
" အရမ်းကောင်းတယ် "
အဖွားတော်က ပြုံးကာ..." ရှန်းထူမိသားစုက ဒီကိစ္စအတွက် တကယ်ကို ကြိုးစားထားတာပဲ "
ထိုအမတေကို မြင်ပြီးသည့်နောက် ရှန်းထူနန်ထျန်းအပေါ်တွင် အဖွားတော်၏ သဘောထားများ ပိုမိုပျော့ပြောင်းသွားလေ၏။ ထိုသဘောထားကြောင့် ရှန်းထူနန်ထျန်း အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
" ဒါက ကျွန်တော်တို့ လုပ်ပေးရမဲ့အရာပါ။ မိသားစုနှစ်ခု မဟာမိတ်ဖြစ်သွားခဲ့ရင် ကျွန်တော်တို့က တစ်ဖက်နဲ့တစ်ဖက် ယုံကြည်ပြီး အနာဂတ်ကို အတူတူရှာဖွေရမှာပဲလေ "
ရှန်းထူနန်ထျန်းက လင်ရှင်းထုံကိုကြည့်ကာ..." ဘာပြောချင်လဲ ရှင်းထုံ "
သူနှင့်လင်ရှင်းထုံတို့၏ မင်္ဂလာကိစ္စက ၉၀% ခန့် သေချာနေလေသောကြောင့် ရှန်းထူနန်ထျန်းက လင်ရှင်းထုံကို ပိုမိုရင်းနှီးသောပုံစံဖြင့် ခေါ်ဝေါ်လာခဲ့သည်။
ထိုကဲ့သို့ ခေါ်ဝေါ်မှုကြောင့် လင်ရှင်းထုံ အနည်းငယ် မျက်မှောင်ကုတ်လိုက်သည်။
သူမက တုန့်ပြန်ခြင်းမပြုပေ။ ထိုဖြစ်ရပ်ကြောင့် လင်မိသားစုမှ အကြီးအကဲများနှင့် လင်ရှင်းထုံ၏ အဒေါ်တို့အား ဆိုမထားနှင့် အဖွားတော်သည်ပင် စိတ်မကျေမနပ် ဖြစ်သွားရလေ၏။
လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုစားပေးနိုင်သည့် မဟာဧကရီအမတေက သူတို့၏ရှေ့တွင် ရှိနေချေသည်။ ထိုအခွင့်အရေးကို လွဲချော်၍မရပေ။
ယခင်က အဖွားတော်သည် လင်ရှင်းထုံ၏ဆန္ဒကို အလေးထားခဲ့ပြီး အပြောင်းအလဲ အခွင့်အရေးတစ်ခု ရှိလာမည်လားဟု မျှော်လင့်မိကာ ထိုကိစ္စထဲမှ ဆွဲထုတ်ပေးချင်ခဲ့သည်။ သို့သော် ရှန်းထူနန်ထျန်းက အမတေ ၁၂ ခုအကြောင်း ပြောခဲ့ချိန်တွင် သူမ၏စကားများကို ပြန်မျိုချခဲ့ရလေ၏။
ယနေ့တွင် သူတို့သာ အမတေကို စမ်းသပ်ခြင်းမပြုပါက အနာဂတ်တွင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ထို့အပြင် အဖွားတော်က မစွန့်စားရဲပေ။ ထို့အပြင် ဤအခွင့်အရေးကို လွဲချော်သွားပါက လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုသရန်မှာ ကောင်းကင်ဘုံသို့ တက်သည်ထက်ပင် ပိုမိုခက်ခဲပေလိမ့်မည်။
" ရှင်းထုံ "
အဖွားတော်၏အသံ အနည်းငယ် မာနေသည်။
ထိုစဥ် ရှန်းထူနန်ထျန်းက ဆက်ပြောလေသည်..." မိန်းကလေးရှင်းထုံ... ငါက မင်းကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ အစောတုန်းက ငါပြောခဲ့သလိုပဲ ရှန်းထူမိသားစုက မဟာဧကရီအမတေကို သန့်စင်ခဲ့ချိန်တုန်းက အမတေရဲ့ ဆေးအာနိသင်တွေ မဆုံးရှုံးစေဖို့အတွက် ငါတို့က ထာဝရခရမ်းရွှေကို အသုံးပြုပြီး အမတေထည့်ဖို့ သေတ္တာတစ်လုံး ဖန်တီးခဲ့ရတယ်။ ဒါကြောင့်ပဲ အမတေသေတ္တာပေါ်မှာ ချိတ်တံဆိပ်ခုနစ်ခု ရှိနေခဲ့တာပဲ "
" ချိတ်တံဆိပ်ခုနစ်ခုဆိုတာ အသေးအဖွဲ့ကိစ္စ မဟုတ်ဘူး။ ဒါတောင် မဟာဧကရီအမတေကို ထာဝရခရမ်းရွှေသေတ္တာထဲမှာ တစ်နှစ်ပဲ ထားလို့ရတယ်။ အခု ငါက သေတ္တာကို ဖွင့်ပြီးသွားပြီ။ ဒါကြောင့် အမတေက တစ်နာရီလောက်ပဲ ကြာရှည်ခံတော့မယ်။ အမတေရဲ့ ဆေးအာနိသင်တွေက တဖြည်းဖြည်းချင်း လျော့နည်းလာနေပြီ။ အချိန်ပိုကြာလေလေ အာနိသင်တွေ ပိုနည်းလာလေလေပဲ "
ရှန်းထူနန်ထျန်း၏ စကားများကြောင့် လင်မိသားစုမှ တုန့်ဆိုင်းနေကြသည့် အဆင့်မြင့်ပိုင်း အကြီးအကဲများမှာ ချက်ချင်းဆိုသလိုပင် ရှန်းထူမိသားစုဘက်သို့ ယိမ်းသွားကြလေ၏။
စုကျဲပင် သက်ပြင်းရှည်ကြီးချကာ ခေါင်းယမ်းလိုက်၏။ သူက ယွမ်ချီအသုံးပြုကာ လင်ရှင်းထုံကို ပြောလိုက်သည်..." ရှင်းထုံ... မင်းရဲ့ဆရာက အသုံးမကျဘူး။ မင်းရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ပေးနိုင်မဲ့ နတ်ဆေးကို ငါ မရှာနိုင်ခဲ့ဘူး။ မင်း ငါ့ကို နောက်ထပ်နှစ်ငါးရာ အချိန်ပေးခဲ့မယ်ဆိုရင်တောင် ငါ့မှာ ယုံကြည်ချက်မရှိဘူး။ အခု ရှန်းထူမိသားစုက နတ်ဆေးကို ရှာတွေ့လာပြီဆိုတော့ ဒါဟာ ကံကြမ္မာပဲဖြစ်မယ်။ တစ်ခါတစ်လေမှာ အချို့အရာတွေအတွက် တန်ရာတန်ကြေး ပြန်ပေးရတယ် "
" ဆရာ..." လင်ရှင်းထုံက အသားခေါင်းငဲ့ကာ စုကျဲကို ကြည့်လိုက်သည်။ သူမ၏ ရွှန်းစိုနေသော မျက်ဝန်းထဲတွင် စကားလုံးများ ထောင်သောင်းချီကာ ရှိနေသည့်အလားပင်။
" ဆရာလဲ အဲ့ဒီလိုပဲ တွေးထားတာလား "
စုကျဲ သက်ပြင်းချကာ... " စစ်သည်တွေ သိုင်းပညာ လေ့ကျင့်တာက ကောင်းကင်နဲ့ ယှဥ်ပြိုင်ဖို့ပဲ။ ဒါပေမဲ့ ထျန်းယွမ်ကမ္ဘာကြီးရဲ့ နှစ်သန်းပေါင်းရာချီအတွင်းမှာ ဘယ်နှစ်ယောက်လောက်ကများ သူတို့က မိုးကောင်းကင်ကို အနိုင်ယူနိုင်ခဲ့ပြီလို့ ပြောနိုင်ခဲ့သလဲ "
" မိုးကောင်းကင်နဲ့ ယှဥ်ပြိုင်ရတာက ရဲရင့်တဲ့စကားအချို့ ပြောနေတာလောက် မလွယ်ကူဘူး။ လူတစ်ဦးက အရှက်ရစရာတွေနဲ့ ဖိအားတွေကို နှစ်ပေါင်းများစွာ ခံစားပြီးမှပဲ ထက်မြက်လာကြပြီး ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်းချင်းနဲ့ အဆုံးစွန်အထိ တွန်းပေးလာမှပဲ နောက်ဆုံးမှာ သိုင်းပညာရဲ့အထွတ်အထိပ်ကို တက်လှမ်းနိုင်ကြတယ်။ ထက်မြတဲ့ ဓားတစ်လက်ဆိုတာ အကြိမ်ပေါင်းမရေနိုင်အောင် သွေးတာကနေ ဖြစ်တည်လာရတာပဲ။ မွေးဖွားလာခါစအချိန်မှာ ဘယ်သူကမှ မိုးကောင်းကင်ကို အနိုင်မယူနိုင်ဘူး "
စုကျဲ၏လေသံ စိတ်ရင်းအမှန်ဖြစ်ပြီး သူ၏ နှစ်ပေါင်းသုံးသောင်းကျော် အတွေ့အကြုံများလည်း ပါဝင်လေသည်။
လင်ရှင်းထုံ အသက်ပြင်းပြင်းရှုကာ စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။
လွန်ခဲ့သည့်နှစ်နှစ်က သူမက မိသားစုဆီသို့ ပြန်ရောက်လာချိန်တွင် ရှန်းထူမိသားစုက သူမနှင့် ရှန်းထူနန်ထျန်းကို လက်ထပ်ပေးပြီး လင်မိသားစုနှင့် လက်ထပ်ပွဲမဟာမိတ် ဖွဲ့လိုခဲ့သည်။ သူမ၏ ပထမဆုံး တုန့်ပြန်မှုက ဆန့်ကျင်ခြင်းသာ ဖြစ်လေ၏။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့၏ ဆက်ဆံရေး ၊ ရှန်းထူနန်ထျန်းအပေါ်တွင် သူမ၏ နားလည်မှုများအရ ထိုကိစ္စက မဖြစ်နိုင်ဟုသာ သူမက ယုံကြည်ထားခဲ့သည်။
ထိုစဥ်က လင်မိသားစု၏ အကြီးအကဲများစွာသည် သူမ၏ဘက်၌ ရပ်တည်ခဲ့ကြလေ၏။ နှစ်နှစ်ကြာပြီးနောက် ယခုအခါတွင်မူ သူမ၏ဘက်၌ မည်သူတစ်ဦးမျှ မရှိတော့ပေ။
သူမကို ချစ်မြတ်နိုးသည့် အဖွားတော်နှင့် သူမကို သမီးအရင်းသဖွယ် ဆက်ဆံသော စုကျဲတို့သည်ပင် လက်ထပ်ပွဲကို ထောက်ခံလာကြလေ၏။
သို့သော် အဖွားတော်နှင့် စုကျဲက ရှန်းထူမိသားစုထံတွင် အညံ့ခံခဲ့ခြင်း မဟုတ်လေဘဲ ကံတရားထံတွင် အညံ့ခံခဲ့ခြင်း ဖြစ်လေသည်။
စစ်သည်များက ရန်သူထံတွင် အညံ့ခံခဲ့လျှင် ရှက်စရာသာ ဖြစ်လေ၏။ စစ်သည်များက မိုးကောင်းကင်ထံတွင် အညံ့ခံခဲ့လျှင်မူ အလွန်ပင် သာမန်ဆန်ချေ၏။
လင်ရှင်းထုံ မတ်တက်မရပ်မီတွင် နင့်နင့်သီးသီး ခေါင်းယမ်းလိုက်၏။ လက်ရှိတွင် သူမကို ထောက်ခံသူမရှိကြောင်း သူမ သိသည်။
" နေဦး... ကျုပ် ပြောစရာရှိတယ် "
လင်ရှင်းထုံ အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်သည်။ ပေတစ်ရာခန့်အကွာတွင် အစိမ်းရောင်ဝတ် လူငယ်တစ်ဦး ထိုင်ခုံမှ ထရပ်လာသည်ကို သူမ မြင်လိုက်ရသည်။
လူငယ်က ငွေရောင်မျက်နှာဖုံး ဝတ်ထားလေသည်။ ထိုသူ၏ မျက်ဝန်းတွင် ခက်ထန်သည့် သွေးရောင်မျဥ်းနှစ်ကြောင်း ရှိလေ၏။ သို့သော် လက်ရှိအချိန်၌ လင်ရှင်းထုံသည် အဆိုပါ ခက်ထန်အေးစက်သော မျက်နှာဖုံးထံမှ အဆုံးမဲ့သော နွေးထွေးမှုများကို ခံစားမိနေသည်။
လင်ရှင်းထုံ၏ အကြည့်များကို သဘောပေါက်သည့် ယီယွင်က ခေါင်းညိတ်ပြသည်။
ယီယွင်က သူမကို ထောက်ပံ့ကူညီပေးရန် တစ်စုံတစ်ခု ပြုလုပ်တော့မည်ကို ထိုသို့ သေးငယ်သော အပြုအမူလေးနှင့်ပင် သူမ နားလည်းသွားခဲ့သည်။
ထိုအဖြစ်ကြောင့် လင်ရှင်းထုံ အနည်းငယ်ခန့် ငေးငိုင်သွားရသည်။ သူမ ကူရာအမဲ့ဆုံးဖြစ်နေရသည့် နောက်ဆုံးအချိန်တွင် ထိုလူငယ်က မတ်တက်ရပ်ကာ မတူသောလေသံနှင့် ဆိုလာခဲ့ချေ၏။
လင်ရှင်းထုံသည် ထိုလူငယ်က မည်သည့်အရာကိုမျှ မလုပ်နိုင်ကြောင်း သိနေသည့်တိုင်အောင် သူ မတ်တက်ရပ်လာကာ အသံထွက်ပေးလာသည်က သူမအတွက် လုံလောက်နေပေပြီ။
ထိုအသံသည် အေးစက်မဲမှောင်သော ဆောင်းညအလယ်မှ ဖယောင်းတိုင်မီးတစ်ခု အလားပင်။ ဖယောင်းတိုင်မီးသည် နွေးထွေးမှုနှင့် အလင်းရောင်ကို များစွာမပေးနိုင်သော်လည်း မျှော်လင့်ချက်ကို ပေးနိုင်လေသည်။
လင်ရှင်းထုံက မျက်နှာဖုံးကို ထွင်းဖောက်ကာ ယီယွင်၏ မျက်ဝန်းများကို စူးစိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းနက်များထဲတွင် ရောင်ပြန်ဟပ်နေသည့် သူမကိုယ်သူမအား ပြန်မြင်နေရလေ၏။
ယမန်နေ့ည အောင်ပွဲအခမ်းအနားတွင် ယီယွင် သူမအား ပြောခဲ့သည်ကို မှတ်မိသေးလေသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ပျက်စီးခြင်းလူသားတောင်ကြားထဲတွင် ယီယွင်က သူမ၏ ပိတ်ဆို့နေသောသွေးကြောများ ပြန်ဆက်နိုင်စေရန် နည်းလမ်းရှာပေးမည်ဟု ကျိန်ဆိုခဲ့သည်ကို သူမ လုံးဝမသိခဲ့ပေ။
သူ အောင်မြင်နိုင်မည့် အခွင့်အရေးက အလွန်ပင် သေးငယ်နေသည့်တိုင်အောင် သူက ကြိုးစားလိုခဲ့သည်။ လက်ရှိအချိန်၌ ရှန်းထူမိသားစုနှင့် လင်မိသားစုတို့၏ ဖိအားများအောက်တွင်ပင် သူ၏ သေးငယ်သော လုပ်နိုင်စွမ်းလေးနှင့် အသံထွက်နိုင်နေသေးသည်။
ယင်းက လင်ရှင်းထုံကို ခံစားရစေ၏။
" ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မလိုတော့ပါဘူး "
လင်ရှင်းထုံက ခေါင်းယမ်းကာ ယီယွင်ဆီသို့ အသံပို့လွှတ်သည်။ လက်ရှိအခြေအနေတွင် ယီယွင် မည်သည့်အရာမျှ ပြောင်းလဲနိုင်ခြင်းမရှိသည်ကို သူမ သိသည်။
ထို့အပြင် သူသာ မသင့်လျော်သည့်စကားများ ပြောမိခဲ့ပါက အခြားသူများ၏ဒေါသကို ခံစားရပေလိမ့်မည်။
ထို့အပြင် မိသားစုနှစ်ခု ဆုံးဖြတ်ထားသည့် ကိစ္စတစ်ခုကို ဆန့်ကျင်ကာ ယီယွင်သာ တစ်ခုခုပြောခဲ့ပါက လူအများ ဒေါသထွက်ကြပေလိမ့်မည်။
ကဗျာမဆန်စွာပြောရလျှင် ယီယွင်၏အဆင့်အတန်းက အသံထွက်ပိုင်ခွင့်ပင် ရှိမနေပေ။
အထူးသဖြင့် ယီယွင်ကို သတ်ချင်နေသည့် ရှန်းထူနန်ထျန်း ရှိနေချိန်မျိုးတွင် ဖြစ်လေ၏။ လင်မိသားစုသာ ရှန်းထူမိသားစုနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ပါက ရှန်းထူနန်ထျန်းသည် လင်မိသားစုထဲတွင် ဩဇာလွှမ်းမိုးသူ ဖြစ်လာပေလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် ယီယွင်အတွက် အလွန်ပင် အန္တရာယ်ရှိလေသည်။
အိုး...။
ရုတ်တရက်ပင် တစ်စုံတစ်ယောက်က ကြားဝင်စွက်ဖက်လာလေသောကြောင့် ရှန်းထူနန်ထျန်း၏ အမူအရာ ပျက်ယွင်းသွားပြီး အသံလာရာဆီသို့ ကြည့်လိုက်လေသည်။
ယီယွင်ကို မြင်လိုက်ရချိန်တွင် ရှန်းထူနန်ထျန်း၏ သွေးများ ဆူပွက်သွားလေ၏။ ဒီကောင်လေးပဲ ဖြစ်ပြန်ပြီ။
သူ ယီယွင်၏မျက်နှာဖုံးကို ရှင်းလင်းစွာပင် မှတ်မိနေသေးသည်။ သူ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ကျရှုံးခဲ့ရသည်မှာ ယီယွင်နှင့် ပတ်သတ်ခြင်းမရှိသော်လည်း ရှန်းထူနန်ထျန်းကမူ သူ၏ကျရှုံးမှုနှင့် ထိုမျက်နှာဖုံးတို့ကို ဆက်စပ်မိထားပြီး ဖြစ်လေသည်။
သူ ယီယွင်ကိုမြင်လျှင် သူ၏ကျရှုံးမှုကို သတိရစေ၏။ သူ မကျရှုံးမီတွင် ပြောခဲ့သော စကားများက သူ၏မျက်နှာကို တည့်တည့်ပြန်ရိုက်သွားခဲ့သည်။ ယင်းက သူ၏ဘဝတွင် သိက္ခာအကျရဆုံး ဖြစ်လေသည်။