ဆေးစမ်းသပ်ချိန်တွင် အချင်းများခြင်း
Vol. 28 Ch. 411
ယီယွင် မတ်တက်ရပ်လာချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်နေလေ၏။ လူတိုင်း ယီယွင်ကို ထိတ်လန့်စွာဖြင့် ကြည့်နေကြလေ၏။
သူတို့ မှင်တက်မိနေသည်။ ဤအခြေအနေတွင် တစ်ယောက်ယောက်က တစ်စုံတစ်ခုပြောရန် ထရပ်လာပါက စုကျဲနှင့် အဖွားတော် သို့မဟုတ် ရှန်းထူမိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများသာ ဖြစ်ရလိမ့်မည်။
ယီယွင်က မည်သည့်အကြောင်းအရင်းကြောင့် မတ်တက်ရပ်လာလေသနည်း။ သူ၏အဆင့်အတန်းနှင့်ဆိုလျှင် မည်သို့သော ပြောပိုင်ခွင့်မျိုး ရှိလေသနည်း။
" မင်းလား "
ရှန်းထူနန်ထျန်းက ယီယွင်ကိုကြည့်ကာ သရော်လိုက်သည်..." မင်းရဲ့အမည်က ဘာလဲ။ လင်မိသားစုထဲမှာ မင်းက ဘာကောင်လဲ။ မင်းရဲ့အသက် ဘယ်လောက်လဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ ဒီအခြေအနေက ဘာလဲဆိုတာကို မင်း သိရဲ့လား။ ဒီအကြီးအကဲတွေနဲ့ စီနီယာတွေအားလုံးက ဘယ်အဆင့်အတန်းလဲ မင်းသိလား။ စီနီယာတွေက စကားမပြောတာနဲ့ပဲ မင်း စကားပြောရမဲ့အလှည့် ဖြစ်သွားရောလား "
ရှန်းထူနန်ထျန်းက ယီယွင်ကို သတ်ပစ်ချင်နေသော်လည်း လင်မိသားစုနှင့် အခြားမိသားစုများ အကြီးအကဲများ၏ ရှေ့မှောက်တွင် သူ၏ လူကြီးလူကောင်းဆန်သော ပုံရိပ်ကို ထိန်းသိမ်းရပေမည်။ သူ ယဥ်ကျေးမှုမရှိ သောင်းကျန်း၍မရပေ။
သို့သော် သူ၏စကားလုံးများက ထေ့ငေါ့အထင်သေးခြင်းများ ပြည့်နေလေ၏။ သူ၏မေးခွန်းသုံးခုက ယီယွင်၏ အားနည်းချက်များကို ထောက်ပြသွားခဲ့သည်။ ပထမအချက်သည် ယီယွင်က ဂျူနီယာတစ်ဦး ဖြစ်လေ၏။ ဒုတိယအချက်သည် ယီယွင်က စွမ်းအားနည်းလေ၏။ တတိယအချက်သည် ယီယွင်က သူစိမ်းဖြစ်ပြီး လင်မိသားစုနှင့် ပတ်သတ်ခြင်းမရှိပေ။ ဤအခြေအနေတွင် ရုတ်တရက် စကားထပြောသည်မှာ ထိုကောင်က လောကဝတ်မရှိခြင်း ဖြစ်လေ၏။
" ကျုပ်က ယွင်ရန်ထျန်း။ လင်မိသားစုရဲ့ ဧည့်သည်အကြီးအကဲ စုကျဲရဲ့ တပည့်။ အသက်က ၁၅ နှစ်။ ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ် အစောပိုင်းအဆင့်...... "
ရှန်းထူနန်ထျန်း၏ သိသာနေသော ထေ့ငေါ့စကားများနှင့် ရင်ဆိုင်ရချိန်တွင် ယီယွင်သည် ရှန်းထူနန်ထျန်းက ထေ့ငေါ့စကားများ မပြောခဲ့သည့်ပမာပင် တည်ငြိမ်စွာ ဖြေသွားခဲ့မည်ဟု မည်သူကများ ထင်မထားခဲ့ချေ။
ထိုအပြုအမူက ရှန်းထူနန်ထျန်းကို ဒေါသထွက်စေမည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ ရှန်းထူမိသားစုမှ လူတိုင်းပင် ဒေါသထွက်သွားနိုင်လေပြီး လင်မိသားစုသည်ပင် ယီယွင်၏ အပြုအမူကြောင့် သံသယဖြစ်နေရလေ၏။
" အကြီးအကဲစု... ဒါက... " အဖွားတော်က စုကျဲအား စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ သူမက ယီယွင်အပေါ်တွင် အမြင်ကောင်းရှိသည်။ ဤလူငယ်က မည်သည့်အချိန်တွင် ရှေ့တိုးနောက်ဆုတ် လုပ်ရမည်ကို သိထားပြီး လောကဝတ်ကိုလည်း နားလည်သည်ဟု သူမက ထင်မြင်ထားသည်။ ယီယွင်က အဘယ့်ကြောင့် ရုတ်တရက် မတ်တက်ရပ်လာသည်ကို သူမ နားမလည်ပေ။
စုကျဲသည်လည်း တူညီစွာပင် စိတ်ရှုပ်ထွေးနေသည်။ သူ၏ ဈေးပေါသောတပည့်က သူ့အား အမြဲတမ်းလိုပင် စိုးရိမ်ရအောင် လုပ်လေသည်။
" တော်လောက်ပြီ " ထိုစဥ် ရှန်းထူမိသားစုဘက်မှ အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံထဲတွင် အားကောင်းသော စွမ်းအင်ပေါက်ကွဲလှိုင်း ပါရှိလေသောကြောင့် လူများစွာ၏ နားစည်များ တုန်ခါသွားရသည်။
ဖောင်း...။
လက်တစ်ထောင်ဖွားဖွားက ထိုင်ခုံလက်ရမ်းကို ဒေါသတကြီး ရိုက်ချလိုက်ရာ သစ်သားစများအဖြစ် ကြေမွသွားရလေ၏။
လက်တစ်ထောင်ဖွားဖွား တဖြည်းဖြည်းချင်း ထရပ်လာသည်။ သူမ၏ ရီဝေနေသော မျက်ဝန်းများက ယီယွင်အား လင်းတအိုတစ်ကောင်က သားကောင်ကို ကြည့်နေသည့်အလားပင် ကြည့်နေလေသည်။
ရှန်းထူမိသားစုက လင်မိသားစုနှင် ညှိနှိုင်းနေသည့် ကာလများအတွင်း သူမက အလွန်ဒေါသထွက်ကာ စိတ်ကုန်နေပြီ ဖြစ်လေသည်။
လွန်ခဲ့သည့်လဝက်ခန့်က သူမ၏ ချစ်လှစွာသောမြေးလေး ရှန်းထူနန်ထျန်းက စိတ်ဝိညာဥ်တန်ပြန်မှုကို ခံစားခဲ့ရသည်။ ကုန်ကျစရိတ်များသော ဝိညာဥ်ပျိုးထောင်ဆေးများ အသုံးပြုပြီးနောက်တွင်ပင် သူ၏ဝိညာဥ်က အပြည့်အဝ မသက်သာသေးပေ။ သူ၏ကျန်းမာရေးကို ဂရုစိုက်နေရဆဲဖြစ်ပြီး ကျင့်ကြံမှုအမြန်နှုန်းကိုလည်း ကြီးစွာထိခိုက်စေခဲ့သည်။
သူမက လင်မိသားစုကိာ အပြစ်တင်နေခဲ့သည်။ လင်မိသားစုကသာ ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်နှင့် ရှန်းထူနန်ထျန်းကို သံသယမရှိခဲ့ပါက သူမတို့အဖို့ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ကို ကျင်းပရန် လိုပါဦးမည်လော။ သူတို့က အဘယ့်ကြောင့် ရှန်းထူနန်ထျန်းကို အန္တရာယ်များသည့် နည်းစနစ်များ အသုံးပြုခိုင်းခဲ့လေသနည်း။ ထို့အပြင် ဤကောင်လေးက ကောင်းကင်နှင့်မြေပြင်၏ ကြီးမားပုံကို သိရှိခြင်းမရှိပဲ လက်ဖက်ရည်ပွဲတော်တွင် ဝင်ရှုပ်ခဲ့လေပြီး ယခုတွင်လည်း အရေးကြီးသည့် အခြေအနေတွင် ဝင်ရှုပ်နေပြန်ချေသည်။
" ဒီမျိုးမစစ်လေးက ဘယ်က ရောက်လာတာလဲ။ သူ့ရဲ့အပြုအမူတွေကို မသိဘူးလား။ ရှန်းထူမိသားစုမှာ ဒီလိုမျိုး မယဥ်ကျေးတဲ့ ဂျူနီယာတစ်ဦး ရှိနေခဲ့မယ်ဆိုရင်တော့ အကောင်းအဆိုး မသိတဲ့ မျိုးမစစ်လေးကို ငါက တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မိမှာပဲ "
လက်တစ်ထောင်ဖွားဖွားက စူပုတ်နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။ သူမ၏စကားများသည် ယီယွင်ကို အပြစ်တင်နေသည်သာမက လင်မိသားစု၏ စည်းကမ်းများက လျော့ရဲလွန်းနေသည်ဟုလည်း ထောက်ပြသွားခဲ့လေ၏။ သည်မျိုးမစစ်လေးက ဤကဲ့သို့အခြေအနေမျိုးတွင်ပင် အကြီးအကဲများကို လေးစားမှုမရှိ ဝင်ရှုပ်နေချေသည်။ သူမက လင်မိသားစု၏ အဆင့်မြင့်ပိုင်း အကြီးအကဲများကို အထူးတလည် အပြစ်တင်ခဲ့ခြင်း မရှိသော်လည်း ဤကဲ့သို့ သိမ်မွေ့သောနည်းလမ်းကို အသုံးပြုကာ သူမ၏ ဒေါသများကို ဖွင့်ထုတ်သွားခဲ့သည်။
လက်တစ်ထောင်ဖွားဖွား၏ စကားကြောင့် လင်မိသားစု၏အဖွားတော် အနည်းငယ် မျက်နှာပျက်သွားရသည်။
" လက်တစ်ထောင်ဖွားဖွား... ဒါက ဘာကိုဆိုလိုချင်တာလဲ " ဤအခြေအနေမျိုးတွင် အဖွားတော်က မဖြစ်မနေပင် စကားပြောရတော့မည်။
" လင်အဖွားတော် " လက်တစ်ထောင်ဖွားဖွား၏ လေသံက ယဥ်ကျေးခြင်းမရှိတော့ဘဲ..." ဒီအဖွားကြီးရဲ့ စကားတွေက အကျည်းတန်နေတာကို အပြစ်မတင်ပါနဲ့။ ဒီလက်ထပ်ပွဲမဟာမိတ်ဖွဲ့တာကို ငါတို့ ရှန်းထူမိသားစုက ကမ်းလှမ်းခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ လင်မိသားစုက အကျိုးအမြတ်တွေ ပိုရလာမှာ မဟုတ်ဘူးလား။ လင်ရှင်းထုံက ငါတို့ ရှန်းထူမိသားစုနဲ့ လက်ထပ်ခဲ့မယ်ဆိုရင်တောင် သူက လင်မိသားစုဝင်တစ်ဦး ဖြစ်နေဆဲပါပဲ။ အနာဂတ်မှာ သူက ရှင်တို့မိသားစုရဲ့ ပြိုင်စံရှားမဟာဧကရီတစ်ပါး ဖြစ်လာလိမ့်မယ်။ နန်ထျန်းက လက်ထပ်ပွဲကနေ အကျိုးအမြတ်နည်းနည်းပဲ ရမှာပါ။ ဒါကြောင့်လဲ ငါတို့ ရှန်းထူမိသားစုက မဟာဧကရီအမတေကို သန့်စင်ဖို့အတွက် ကြီးမားတဲ့တန်ကြေး ပေးရတာပဲလေ "
" လွန်ခဲ့တဲ့ဆယ်နှစ် သားရဲအုပ်ကျူးကျော်တုန်းက ငါတို့ ရှန်းထူမိသားစုဟာ ထိခိုက်ခံစားခဲ့ရတယ်ဆိုပေမဲ့ ငါတို့က ရှင်တို့ လင်မိသားစုရဲ့ အကာအကွယ်ကို မှီခိုနေတာမဟုတ်ဘူး။ ငါတို့ ရှန်းထူမိသားစုက နောက်ဆယ်စုနှစ်အနည်းငယ်လောက်အထိ ကြီးထွားဖွံ့ဖြိုးမလာနိုင်ရင်တောင် ငါတို့ မိသားစုရဲ့ အမွေအနှစ်တွေက လုံခြုံနေဦးမှာပဲ "
လက်တစ်ထောင်ဖွားဖွား၏ အေးစက်သောဖိအားနှင့် ရင်ဆိုင်ရချိန်၌ အဖွားတော်က ငြိမ်သက်နေမြဲပင်။
လက်တစ်ထောင်ဖွားဖွားက အဖွားတော်ကို လုံးဝဥဿုံ ရန်စခြင်းမပြုဘဲ ယီယွင်ကိုကြည့်ကာ..." မျိုးမစစ်လေး... အဖွားတော်ကြောင့်သာ မဟုတ်ရင် ငါ နင့်ကို သတ်ပြီးနေပြီ "
လက်တစ်ထောင်ဖွားဖွား စကားပြောနေရင်း အရှိန်အဝါတစ်ခုက ယီယွင်ပေါ်သို့ ကျဆင်းလာသည်။ ယင်းက ကျင့်ကြံမှုအဆင့်ဖိအား မဟုတ်လေဘဲ သူမ နှစ်ပေါင်းများစွာ ထိပ်တန်းတွင် နေထိုင်လာခဲ့သည့် အထက်စီးဆန်သောဖိအား ဖြစ်လေသည်။
ယီယွင် နှာခေါင်းအား ပွတ်လိုက်သည်။ သဘောထားကျဥ်းမြောင်းသူဖြစ်သည့် သူသည် အခြားသူများက သူ့အား ပြစ်တင်ပြောဆိုနေသည်ကို မကြိုက်ပေ။ သူ လက်ဝါးထောင်ပြကာ ဆိုလိုက်လေ၏..." လူတစ်ဦးက အသက်ကြီးလာတာနဲ့အမျှ ပိုပြီး တည်ငြိမ်လာလိမ့်မယ်လို့ ကျုပ်က ထင်ခဲ့ဖူးတယ် "
ယီယွင် ထိုစကားများ ဆိုလိုက်ချိန်တွင် လူတိုင်း မှင်တက်မိသွားလေ၏။ ထိုအထဲတွင် စုကျဲနှင့် အဖွားတော်တို့လည်း ပါဝင်လေသည်။ သူတို့သည်လည်း မည်သို့တုန့်ပြန်ရမည်ကို မသိကြတော့ပေ။
လက်တစ်ထောင်ဖွားဖွား၏ မျက်ဝန်းများ ချက်ချင်းပင် နီရဲသွားလေ၏။ သူမ၏ မျက်နှာတွင် သွေးရောင်လွှမ်းသွားရသည်။ သူမက ယီယွင်ကို ဒေါသတကြီး ကြည့်နေလေ၏။
" သေချင်နေတာလား မျိုးမစစ်လေး "
လက်တစ်ထောင်ဖွားဖွားက ယီယွင်ကိုသတ်ရန် သိုင်းကွက်ထုတ်လိုခဲ့သော်လည်း ထိုအခိုက်တွင် စုကျဲနှင့် လင်ရှင်းထုံတို့က ပြိုင်တူ ထရပ်လာကြသည်။ တဒင်္ဂအတွင်းမှာပင် စုကျဲက ယီယွင်၏ရှေ့တွင် ပေါ်ထွက်လာသည်။
အဖွားတော်ကမူ ယီယွင်ကို မပြတ်တမ်း ကြည့်နေခဲ့လေ၏။ လက်တစ်ထောင်ဖွားဖွားကသာ တိုက်ခိုက်လာလျှင် သူမက ယီယွင်ကို ကာကွယ်ပေးနိုင်မည့်နည်းလမ်း ရှိလေသည်။
" ရန်ထျန်း... မင်း ဘာလုပ်နေတာလဲ "
စုကျဲက ယီယွင်ကို ကာကွယ်ပေးရင်း ဆိုလိုက်လေ၏။ သူ အမှန်တကယ်ပင် ပြောစရာမဲ့နေ၏။ ယီယွင်က လက်တစ်ထောင်ဖွားဖွားကို လူပုံအလယ်တွင် ပြစ်တင်ပြောဆိုရန် စတင်တွေးမိနေလေသလော။
" ဘာမှမတွေးပါဘူး။ ဒီလိုပါ... ရှန်းထူမိသားစု ထုတ်ပေးလာတဲ့ မဟာဧကရီအမတေမှာ ပြဿနာရှိနေတယ်လို့ ကျုပ်ထင်တယ် "
ယီယွင်၏စကားလုံးများက ခိုင်မာလှပြီး အလွန်ပင် ယုံကြည်ချက်ရှိပုံ ရလေသည်။
ရုတ်ခြည်းမှာပင် နေရာတစ်ခုလုံး ငြိမ်ကျသွားလေ၏။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့မှ အကြီးအကဲများအားလုံး ကြောင်အနေကြလေ၏။
" ဒီဂျူနီယာက ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ "
" ငါတို့ ရှန်းထူမိသားစုက မဟာဧကရီအမတေကို သန့်စင်ဖို့အတွက် ကြီးမားတဲ့ ကုန်ကျစရိတ်တွေနဲ့ အားထုတ်မှုတွေကို မင်းက မဟုတ်မမှန်စကား ပြောရဲနေတာပဲ။ လင်မိသားစုက ဒီကိစ္စကို ရှင်းပြမပေးနိုင်ရင် ကျုပ်က ဒီကိစ္စကို ပြီးမှာမဟုတ်ဘူး "
ရှန်းထူမိသားစုမှ အကြီးအကဲများက ယီယွင်ကို သည်းမခံနိုင်တော့ပေ။ လက်ရှိအချိန်၌ လက်တစ်ထောင်ဖွားဖွား၏ မျက်နှာ စူပုတ်နေလေ၏။ သူမ၏ ခက်ထန်ဝေဝါးသော မျက်ဝန်းတွင် လူသတ်လိုစိတ်များ ဖြစ်နေလျက်ရှိပြီး ယီယွင်အား ပြေးမှန်တော့မည့်အလားပင်။
သူမက ခပ်ပြတ်ပြတ်ပြောလေသည်..." ဒီမျိုးမစစ်လေးကို ရှင်းပစ်ဖို့အတွက် လင်မိသားစုက ငါ့လက်ထဲအပ်တာကို ငါ လိုချင်တယ်။ ဒီလိုမှမဟုတ်ရင် ရှင်တို့တွေ မဟာဧကရီအမတေ စားရဖို့ကိစ္စကို မေ့ပစ်လိုက်တော့ "
လက်တစ်ထောင်ဖွားဖွား၏ ဒေါသက အဆုံးစွန်အထိ ရောက်နေလေ၏။ သူမက မဟာဧကရီအမတေကို အသုံးပြုပြီး လင်မိသားစုကို ခြိမ်းခြောက်လာသည်။ ယီယွင်ကို ထုတ်မပေးလျှင် မဟာဧကရီအမတေက လင်ရှင်းထုံအတွက် မဖြစ်နိုင်တော့ပေ။
လင်မိသားစုမှ အကြီးအကဲများစွာ မျက်နှာပျက်သွားရလေ၏။
လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများ ကံကြမ္မာနှင့် လင်မိသားစုမှ ထျန်းယွမ်ကမ္ဘာကြီးကို အုပ်စိုးနိုင်မည့် ပြိုင်စံရှားမဟာဧကရီတစ်ပါး မွေးထုတ်ပေးနိုင်ရေးမှာ မဟာဧကရီအမတေအပေါ် မူတည်နေလေသည်။
လင်မိသားစုအတွက် ယီယွင်၏တန်ဖိုးက မသေးလှသော်လည်း လင်ရှင်းထုံနှင့် နှိုင်းယှဥ်မည်ဆိုလျှင် ယီယွင်က ထည့်ပြောလောက်စရာ မရှိလုနီးပါးသာ ဖြစ်လေ၏။
ယီယွင်က အဘယ့်ကြောင့် ရူးသွပ်သွားရသည်ကို သူတို့ မသိပေ။ လက်ရှိအချိန်တွင် လင်မိသားစုမှ အကြီးအကဲများက ယီယွင်ကို ကာကွယ်ပေးလိုကြသော်လည်း ယီယွင်၏ သေချင်နေသော အပြုအမူများကိုမူ သူတို့က ထောက်ခံအားပေးခြင်း မပြုပေ။ လူအများထဲမှာမှ အဘယ့်ကြောင့် ထိုအဖွားကြီးကို ရန်မူနေရလေသနည်း။
လက်တစ်ထောင်ဖွားဖွားက အမြဲတမ်းလိုပင် ရက်စက်ကြမ်းကြုတ်သည်။ အထူးသဖြင့် သူမက အသက်ပိုကြီးလာလေလေ ပိုမိုရက်စက်လာလေလေသာ ဖြစ်လေ၏။ သူမကို အပြစ်ပြုသူမှန်သမျှ သူမ၏လက်ထဲသို့ ရောက်သွားခဲ့လျှင် သေရသည်ထက် အဖြစ်ဆိုးစွာဖြင့် ရှင်သန်နေရပေလိမ့်မည်။
" ပြဿနာရှိနေတာလား။ ဘာပြဿနာ ရှိနေတာလဲ "
ယီယွင်၏ စကားများက အဖွားတော်ကို ထိတ်လန့်သွားစေသည်။ သူမက လင်ရှင်းထုံ၏ သက်တမ်းကြောင့်သာ ဤလက်ထပ်ပွဲကို မလိုလားစွာဖြင့် လက်ခံပေးထားခြင်း ဖြစ်လေသည်။ မဟာဧကရီအမတေတွင် ပြဿနာရှိနေပါက အဖွားတော်၏ဒေါသမှ သေချာပေါက်ပင် လွတ်နိုင်မည်မဟုတ်ပေ။
" ဘာပြဿနာ ရှိနိုင်မှာလဲ အဖွားတော်ရယ်။ ဒီကလေးရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့ " ထိုစဥ် လင်ရှင်းထုံ၏ အဒေါ်က မတ်တက်ရပ်လာသည်။ သူမက ယီယွင်ကို မျက်စိစပါးမွေးစူးနေသည်မှာ ကြာခဲ့ပေပြီ။
" ရှန်းထူမိသားစုက မဟာဧကရီအမတေကို သန့်စင်ဖို့အတွက် အများကြီး ကုန်ကျခံထားရတယ်။ သူတို့က ရှင်းထုံကို သတ်ချင်တာနဲ့ပဲ ရတနာဆေးကို အဆိပ်ခပ်ဖြုန်းတီးလိုက်ပြီး လင်မိသားစုကို အပြစ်ပြုမှာတဲ့လား။ တကယ့်ဟာသပဲ။ သူတို့အတွက် ဘာကောင်းကျိုး ရှိနိုင်မှာမလို့လဲ "
" ပြီးတော့ မဟာဧကရီအမတေကို အဖွားတော်ကိုယ်တိုင် စစ်ဆေးထားတယ်လေ။ အဖွားတော်ရဲ့ မျက်လုံးတွေက ဒီကလေးထက် နိမ့်နေမှာတဲ့လား။ သမီးရဲ့အမြင်အရဆိုရင် ဒီကောင်လေးက သမီးတို့ရဲ့ လင်မိသားစုက မဟုတ်ဘူးဆိုတော့ သူ့ကို ရှန်းထူမိသားစုရဲ့ လက်ထဲကိုသာ အပ်လိုက်တော့ "
လင်ရှင်းထုံး အဒေါ်က ပြက်ရယ်ပြုကာ ယီယွင်အား ကြည့်လိုက်သည်။ မင်းက သေချင်နေမှတော့ အခြားသူတွေကို အပြစ်မတင်နဲ့တော့။
ထိုအမျိုးသမီး ပြောသွားသည်မှာ လင်မိသားစုမှ အကြီးအကဲများနှင့် အမြင်တူလေသည်။ ယီယွင်က မည်သည့်အရာကို အခြေပြုပြီး မဟာဧကရီအမတေတွင် ပြဿနာရှိနေသည်ဟု ပြောဝံ့နေရလေသနည်း။
သို့သော် အဖွားတော်က ယီယွင်ကို ချက်ချင်း ဖယ်ထုတ်ပစ်ခြင်း မပြုပေ။ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ယီယွင်၏ စွမ်းဆောင်ရည်များအရ ယီယွင်သည် ယဥ်ကျေးမှုမရှိသူ မဟုတ်ဟု သူမ ခံစားရသည်။ အဖွားတော်၏ မျက်ဝန်းများ တောက်ပနေလျက်ဖြင့်..." ငါ့ကို ပြောပြပါအုံး မိတ်ဆွေလေးယွင်။ မဟာဧကရီအမတေမှာ ပြဿနာရှိနေတယ်လို့ ဘာကြောင့် ထင်ရတာလဲ "
သူမက ထိုသို့မေးနေရင်းဖြင့် ယီယွင်ဆီသို့ သီးသန့်အသံပို့လွှတ်လိုက်သည်..." မိတ်ဆွေလေးယွင်က ကိုယ့်စကားကိုယ် တာဝန်ယူရမယ်။ မင်းသာ သင့်လျော်တဲ့ ဖြေရှင်းချက်တစ်ခု မပေးနိုင်ဘူးဆိုရင် ငါက မင်းရဲ့အသက်ကို ကာကွယ်ပေးနိုင်လောက်ပေမဲ့ ငါ့အနေနဲ့ များပြားတဲ့ ဖိအားတွေနဲ့ ဝေဖန်မှုတွေကို ခံရလိမ့်မယ် "