← Chapters

ကျုပ် သက်သေပြနိုင်တယ်

Vol. 28 Ch. 412

ကျုပ် သက်သေပြနိုင်တယ်

Vol. 28 Ch. 412

လက်တစ်ထောင်ဖွားဖွားက ယီယွင်ကို သတ်ချင်သည်ဟု ပြောလာခဲ့ပြီး ယီယွင်ကို သူမ၏လက်ထံသို့ မအပ်ပါက လင်ရှင်းထုံအား မဟာဧကရီအမတေ ပေးအပ်မပြုဟု လင်မိသားစုကို ဖိအားပေးလာချိန်တွင် အဖွားတော်၏ ယွမ်ချီအသံပို့လွှတ်မှုကြောင့် ယီယွင် နွေးထွေးသွားရသည်။

" ကျေးဇူးတင်ပါတယ် အဖွားတော်။ ဒီဂျူနီယာက အကျိုးအပြစ်ကို သိပါတယ် "

သူ ပုန်းကွယ်နေဖို့ရာ အချိန်မဟုတ်တော့ကြောင်းကို ယီယွင် သိသည်။ မူလက သူ၏စွမ်းရည်အား လူအများ သိရှိသွားမည်ကို မလိုချင်ခဲ့သော်လည်း ယခုတွင်မူ သူ မဖြစ်မနေပင် ထင်ပေါ်လာရတော့မည်။

သူ စုကျဲ၏အကူအညီကို အသုံးပြု၍မရပေ။ စုကျဲက သူ့ကိုယုံကြည်ကာ မဟာဧကရီအမတေတွင် ပြဿနာရှိနေသည်ဟု ဆိုပေးခဲ့လျှင်ပင် စုကျဲအဖို့ မည်သည့်နေရာတွင် ပြဿနာရှိနေကြောင်းကို ပြောနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ယီယွင်က အရာအားလုံးကို ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေတော့မည်။

ယီယွင် အသက်ပြင်းပြင်းရှုကာ ကွင်းပြင်အလယ်သို့ လျှောက်သွားလိုက်သည်။ လင်ရှင်းထုံက သူ့အား အနီးကပ်စောင့်ကြည့်နေသည်ကို သူ ခံစားမိသည်။

သူမ၏အကြည့်တွင် စိုးရိမ်ခြင်းနှင့် မျှော်လင့်ခြင်းများ ပါနေလေ၏။ ယီယွင်က ယုံကြည်ချက်နည်းသော ကိစ္စများကို လုပ်လေ့မရှိကြောင်း သူမ သိသည်။ ယီယွင်က ထုတ်ပြောလာသည်ဆိုလျှင် နည်းလမ်းရှိ၍သာ ဖြစ်ရပေမည်။

မဟာဧကရီအမတေက ရှန်းထူနန်ထျန်း၏ လက်ထဲတွင် ရှိနေလေသောကြောင့် သူက ရှန်းထူနန်ထျန်းနှင့် ဆယ်ပေခန့်အကွာတွင် ရပ်လိုက်လေ၏။

ရှန်းထူနန်ထျန်းက မဟာဧကရီအမတေကို ကိုင်ထားလျက်ဖြင့် ယီယွင်ကို စူးစိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများက အေးစက်နေကာ သတ်ဖြတ်လိုစိတ်များ ပြည့်နေလေ၏။

" ကောင်လေး... နောင်ကျရင် မင်း ငါ့လက်ထဲကို မရောက်လာတာက မင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီလိ​ုမှမဟုတ်ရင်တော့ မင်း သေတာထက် အဖြစ်ဆိုးသွားရမယ် "

ယီယွင်၏နားထဲတွင် ရှန်းထူနန်ထျန်း၏ အသံပိုလွှတ်မှုအသံ မြည်ဟီးသွားသည်။ သူက ယီယွင်ကို အရေးမစိုက်ပေ။ ယီယွင်၏ ပျက်စီးခြင်းကောင်းကင်ပညာ ပါရမီက ကောင်းသော်ငြားလည်း စစ်သည်လောကကြီးတွင် စွမ်းအားကသာ အရာရာဖြစ်လေ၏။ စွမ်းအားအရာတွင် လင်မိသားစုထဲမှ မည်သူကများ ရှန်းထူနန်ထျန်းကို ယှဥ်နိုင်ပါမည်နည်း။

" ပြောစမ်း မျိုးမစစ်လေး... မင်း ကောင်းကောင်းမပြောနိုင်ဘူးဆိုရင် ဒီလောကကြီးကထဲမှာ မင်းရဲ့ နောက်ဆုံးစကားတွေ ဖြစ်သွားလိမ့်မယ် "

လက်တစ်ထောင်ဖွားဖွားက ယီယွင်ကို စူးရဲစွာကြည့်လိုက်သည်။ ရှန်းထူမိသားစုမှ အကြီးအကဲအားလုံးက ယီယွင်ကို ကြည့်နေကြ၏။ သူတို့၏ အမူအရာများက အထင်သေးခြင်းနှင့် ပြက်ရယ်ပြုခြင်းများ ဖြစ်နေကြသည်။

ယီယွင် အသက်ပြင်းပြင်း ရှုလိုက်လေ၏။

" ကျုပ် ငယ်စဥ်ကတည်းက စွမ်းအင်တွေအပေါ်မှာ အားကောင်းတဲ့ သိမြင်ခံစားနိုင်စွမ်း ရှိတယ်။ ကျုပ်ရဲ့မျက်လုံးတွေက ထူးခြားပြီးတော့ စွမ်းအင်အဆီအနှစ်တွေကို ထွင်းဖောက်ပြီး မြင်နိုင်တယ် "

လူအများ အံ့အားသင့်သွားလေသည်။ စွမ်းအင်အဆီအနှစ်တွေကို ထွင်းဖောက်ပြီး မြင်နိုင်တာလား။

စင်စစ်တွင် ဤလောကကြီးထဲ၌ လူအချို့တွင် သန္ဓေပြောင်းခန္ဓာကိုယ်များ ရှိလေသည်။ ယင်းက ရှားပါးသော်လည်း သန်းပေါင်းသိန်းချီသော လူဦးရေထဲတွင် သန္ဓေပြောင်းခန္ဓာကိုယ်များရှိသည့် လူများစွာ ရှိလေသည်။

ဥပမာဆိုရသော် လင်ရှင်းထုံ၏ သဘာဝယင်သွေးကြောက အထူးခန္ဓာကိုယ်တစ်မျိုး ဖြစ်လေ၏။ သန့်စင်ယန်ခန္ဓာကိုယ်ကလည်း ထိုအထဲတွင် ပါဝင်လေသည်။

သန္ဓေပြောင်းမျက်လုံးများ ရှိကြသူများလည်း မနည်းလှပေ။ အချို့သူများတွင် တစ္ဆေသရဲများကို မြင်နိုင်သည့် အမှောင်ယင်မျက်လုံးများ ရှိကြလေသည်။

အချို့သူများတွင် နတ်ဆိုးမျက်လုံးများရှိပြီး အကြည့်နှင့်ပင် အခြားသူများကို ဆွဲဆောင်ဖမ်းစားကာ ပုံရိပ်တစ်ခုထဲသို့ ထည့်သွင်းပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ ပေးနိုင်လေသည်။

သို့သော် စွမ်းအင်အဆီအနှစ်များကို ထွင်းဖောက်မြင်နိုင်သည့် သန္ဓေပြောင်းမျက်လုံးကိုမူ သူတို့ တစ်ခါမျှမကြားဖူးပေ။

ဒဏ္ဍာရီလာ နှစ်ထပ်မျက်လုံးနှင့် ဆင့်ကဲမျက်လုံးတို့က ဆက်စပ်နေသည်။ နှစ်ထပ်မျက်လုံးက မျက်လုံးတစ်ခုထဲတွင် သူငယ်အိမ်နှစ်ခု ရှိလေ၏။ ဆင့်ကဲမျက်လုံးကမူ ပိုကြီးသည့် သူငယ်အိမ်ထဲတွင် ပိုမိုသေးငယ်သော သူငယ်အိမ်တစ်ခု ရှိလေသည်။ အဆိုပါ သန္ဓေပြောင်းမျက်လုံးနှစ်မျိုးက ပုံရိပ်ယောင်များနှင့် ဟန်ဆောင်မှုများကို ထွင်းဖောက်မြင်နိုင်သည်။ ထိုမျက်လုံးများက အရာဝတ္ထုများ၏ သဘာဝကို မြင်နိုင်ကြလေသောကြောင့် ထိုသူများက မြင့်မားသော အာရုံခံနိုင်စွမ်းများရှိရန် အလားအလာရှိကြပြီး ထူးချွန်သောပါရမီရှိခြင်း ရလဒ်ကို ဖြစ်စေလေသည်။ ယင်းက အလွန်ထူးခြားသော သန္ဓေပြောင်းခြင်း ဖြစ်လေ၏။

ဤကလေးတွင် ထိုကဲ့သို့မျက်လုံးမျိုး ရှိနေလေသလော။

လူအများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သို့သော် ယီယွင်ကို အတော်ပင် သဘောမကျကြသည့် လင်ရှင်းထုံ၏ အဒေါ်တို့ကဲ့သို့ လူများသည်ပင် ယီယွင်၏စကားများကို ယုံချင်စိတ် ဖြစ်လာကြရသည်။

ယခင်က ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရ​ည်ပွဲတော်တွင် ယီယွင်က ရိုးရှင်းသော ချိတ်တံဆိပ်နည်းစနစ်တစ်ခုဖြစ်သည့် ဆန်းကြယ်သလင်းလက် အသုံးပြုကာ စုန့်ကျစ်ယွဲ့၏ ဓာတ်ငါးပါးအရိုးအစီအရင်ကို အလွယ်တကူပင် ဖြိုခွဲသွားခဲ့ဖူးသည်။

အမှန်တကယ်တွင် ထိုကိစ္စက ရှင်းပြဖို့ရာ အလွန်ခက်ခဲသော်လည်း ယီယွင်တွင် စွမ်းအင်အဆီအနှစ်များကို ထွင်းဖောက်မြင်နိုင်သည့် မျက်လုံးများ ရှိနေခဲ့ပါက ယီယွင်က ထိုသို့လုပ်ရန် လွယ်ကူလေသည်။

အကြောင်းကမူ ပျက်စီးခြင်းအရိုးများထဲတွင် စုန့်ကျစ်ယွဲ့ ချထားခဲ့သည့် ထောင်ချောက်များကို ယီယွင်က တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်နေလေသောကြောင့်ပင်။ ထို့ကြောင့် အစီအရင်ကို ဖျက်ဆီးရန်မှာ အလွန်ပင်လွယ်ကူသည်။

" စွမ်းအင်အဆီအနှစ်တွေကို ထွင်းဖောက်မြင်နိုင်ဖို့ဆိုတာ ပျက်စီးခြင်းကောင်းကင်သခင်တွေ အရမ်းတောင့်တနေတဲ့ အရာတစ်ခုပဲ "

လင်မိသားစုမှ ပျက်စီးခြင်းကောင်းကင်သခင် အကြီးအကဲတစ်ဦးက မနာလိုခြင်းနှင့် အံ့အားသင့်ခြင်းများဖြင့် ဆိုလိုက်သည်။ ယီယွင်ကဲ့သို့ လူငယ်တစ်ဦးတွင် ထိုကဲ့သို့စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

" အဖွား... ဒီကောင်လေးရဲ့စွမ်းရည်က တကယ်ဖြစ်လောက်တယ် "

လင်မိသားစုထဲမှ အရေးမပါသော ဇာတ်ကောင်တစ်ကောင်က သူ့အား အကြိမ်တိုင်းတွင် ဆန့်ကျင်နေလိမ့်မည်ဟု ရှန်းထူနန်ထျန်း လုံးဝထင်မထားခဲ့ပေ။ ထိုကောင် ပေါ်လာချိန်တိုင်းတွင် သူ၏မျက်နှာကို ဖြတ်ရိုက်နေချေ၏။

ထိုကောင်လေး၏စွမ်းအားက ဘာမျှမဟုတ်သည်မှာ အရှင်းသားကြီး ဖြစ်သည့်တိုင်အောင် ရှန်းထူနန်ထျန်းမှာမူ ထိုကောင်နှင့် ရင်ဆိုင်ရချိန်တိုင်း စွမ်းအားမဲ့နေရသည့်ပမာ ခံစားရသည်။

လက်တစ်ထောင်ဖွားဖွား၏ မျက်နှာအိုကြီး အနည်းငယ်ခန့် မဲ့ရှုံ့သွားကာ ဆိုလေသည်..." သူ့မှာ အဲ့ဒီလိုသန္ဓေပြောင်းမျက်လုံး ရှိနေရင်တောင် ဘာဖြစ်သေးလဲ။ ဒီမဟာဧကရီအမတေကို ငါနဲ့ ငါတို့ မိသားစုထဲက အကြီးအကဲတွေ ၊ မဟာမိတ်မိသားစုတွေရဲ့ ပျက်စီးခြင်းကောင်းကင်သခင်အချို့က ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ပညာ အသုံးပြုပြီး သန့်စင်ထားတာလေ "

" မဟာဧကရီအမတေမှာ အပြစ်အနာအဆာ ရှိနိုင်လောက်ပေမဲ့ ဒီအမတေကို အတူပူးပေါင်းပြီး သန့်စင်ခဲ့ကြတဲ့ မဟာမိတ်မိသားစုတွေထဲက ဧကရာဇ်တစ်ပိုင်းအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တွေတောင် အဲ့ဒီအပြစ်အနာအဆာကို ရှာမတွေ့နိုင်ဘူး။ လင်မိသားစုက အဖွားတော်ရဲ့ ကျင့်ကြံမှုအဆင့်က ဖြုံလောက်စရာ ဖြစ်နိုင်လောက်ပေမဲ့ သူလည်း အပြစ်အနာအဆာကို ရှာမတွေ့ခဲ့ဘူး "

" ဒီကောင်လေးက တစ်ခုခုကို သက်သေပြနိုင်လိမ့်မယ်လို့ ငါ မယုံဘူး။ သူက အရိပ်အမြွတ်လောက်ပဲ သိထားတာလို့ ငါထင်တယ်။ ဒါကြောင့် ကြောက်နေစရာမလိုဘူး။

လက်တစ်ထောင်ဖွားဖွား၏ စကားကြောင့် ရှန်းထူနန်ထျန်း အနည်းငယ်ခန့် စိတ်အေးသွားရသည်။ ယီယွင်က သံသယရှိနေလျှင်ပင် ဘာဖြစ်သေးသနည်း။ ထိုကောင့်တွင် သက်သေတစ်ခုခု ရှိပါ၏လော။

ရှန်းထူနန်ထျန်းက လှောင်ရယ်ကာ ယီယွင်ကို ပြောလိုက်လေသည်..." မင်း ပြောလို့ပြီးပြီလား။ ဒါက မင်းရဲ့ ဖြေရှင်းချက်လား။ ငါတို့ ရှန်းထူမိသားစုက မဟာဧကရီရဲ့ ရှေးဟောင်းအညွှန်းကို ရဖို့အတွက်နဲ့ အသက်တွေအများကြီး စတေးထားခဲ့ရတယ်။ ပြီးတော့ ရပ်ဝေးက ကျွမ်းကျင်သူတွေ စုစည်းပြီး ရှေးဦးစိတ်ဝိညာဥ်စစ်ရဲ့ အသက်အရိုးအဆီအနှစ် အပါအဝင် မရေမတွက်နိုင်လောက်တဲ့ ရတနာပစ္စည်းတွေ အသုံးပြုပြီးမှပဲ မဟာဧကရီအမတေကို သန့်စင်နိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းလို ဆယ်ကျော်သက်ကလေးတစ်ဦးရဲ့ စကားကြောင့် ငါတို့ လုပ်ခဲ့တာတွေအားလုံးက အပျက်သဘော ဖြစ်သွားရောလား။ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ "

ရှန်းထူနန်ထျန်းက အထင်သေးစွာ ဆိုလိုက်လေရာ ရှန်းထူမိသားစုဘက်မှ မဟာဧကရီအမတေအတွက် ကြိုးစားပေးခဲ့ရသော ပျက်စီးခြင်းကောင်းကင်သခင်များ ဒေါသူပုန်ထသွားကြလေ၏။

ယီယွင်တွင် သန္ဓေပြောင်းမျက်လုံး ရှိနေလျှင်ပင် ဘာဖြစ်သေးသနည်း။ ယွမ်အုတ်မြစ်ချနယ်ပယ် ကလေးတစ်ဦး၏ သန္ဓေပြောင်းမျက်လုံးက မဟာဧကရီအမတေကဲ့သို့ ရတနာတစ်ခု၏ အပြစ်အနာအဆာကို မြင်နိုင်ပါမည်လော။

" မဟာဧကရီအမတေမှာ ဘာပြဿနာမှ မရှိတာကို ကျုပ် သက်သေခံနိုင်တယ် "

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်ခုံးရှည်များရှိသော အကြီးအကဲတစ်ဦးက မတ်တက်ထရပ်ကာ..." ကျုပ်က စုန့်မိသားစုရဲ့ ဧည့်သည်အကြီးအကဲပါ။ ကျုပ်က လင်မိသားစုနဲ့ ရန်ငြိုးမရှိတာကြောင့် ကျုပ်ပြောသမျှက ယထာဘူတကျတယ်လို့ ဆိုနိုင်ပါတယ်။ ကျုပ်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာက မထူးချွန်ပေမဲ့ ကျုပ်ရဲ့မျက်လုံးတွေကတော့ မဆိုးလှဘူးလို့ ယုံကြည်ပါတယ်။ ကျုပ်က မဟာဧကရီအမတေ သန့်စင်တဲ့ လုပ်ငန်းစဥ်တစ်ခုလုံးမှာ ပါဝင်ခဲ့ပြီးတော့ အမတေနဲ့ပတ်သတ်ပြီး ဘာပြဿနာကိုမှ မတွေ့ခဲ့ရပါဘူး "

အဆိုပါ မျက်ခုံးရှည်အကြီးအကဲက အမတေသန့်စင်ရာတွင် အမှန်တကယ်ပင် ပါဝင်ခဲ့လေ၏။ ထို့ကြောင့် ရှန်းထူမိသားစုဘက်မှ ရပ်တည်ပေးကာ ပြောလာခဲ့သည့် သူ၏စကားလုံးများက ယုံကြည်ထိုက်လေသည်။

ယီယွင်ကို ယုံကြည်နေကြသည့် လူနည်းစုမှာ ထိုအကြီးအကဲက သက်သေခံလိုက်ခြင်းကြောင့် ယခုအခါတွင် ပိုမို၍ပင် နည်းသွားခဲ့လေ၏။

ဤအခြေအနေမျိုးတွင် ဂျူနီယာတစ်ဦးက စကားပြောနိုင်ပါမည်လော။

" ဒီကောင်လေး စိတ်ဝမ်းကွဲရအောင် တမင်ရည်ရွယ်ပြီး မဟုတ်မဟတ်တွေ လျှောက်ပြောနေတာပဲ။ သူ့ရဲ့ သန္ဓေပြောင်းမျက်လုံးတွေက စွမ်းအင်အဆီအနှစ်တွေကို ထွင်းဖောက်ပြီး မြင်နိုင်တယ်လို့ ပြောသွားခဲ့တယ်။ ဒါဆိုရင် သူ မြင်ခဲ့ရတာက တစ်ခုခုပဲလေ။ သူ ပြောသမျှကို ဘယ်သူက သက်သေခံပေးနိုင်လို့လဲ "

ရှန်းထူမိသားစုမှ အကြီးအကဲများက စတင်ဝေဖန်ကြသည်။ လင်မိသားစုမှ အဖွားတော်၏ အမူအရာများ လေးလံသွားကာ..." မိတ်ဆွေလေးယွင်က တစ်ခုခုပြောစရာရှိလား "

ယီယွင် ခေါင်းညိတ်ကာ..." ကျုပ် ပြောပြီဆိုမှတော့ ကျုပ်မှာ သက်သေပြနိုင်တဲ့စွမ်းရည် ရှိနေလို့ပဲလေ "

" ကျုပ် ဆေးစမ်းသပ်ဖို့အတွက် ပျက်စီးခြင်းသားရဲတစ်ကောင် လိုအပ်တယ် " ယီယွင်က အဖွားတော်ကိုကြည့်ကာ ဆိုလိုက်သည်။ လင်မိသားစုက ပျက်စီးခြင်းသားရဲများ ဖမ်းဆီးကာ ပိတ်လှောင်ထားသည်။ ထျန်းယွမ်ကမ္ဘာကြီးထဲတွင် သောင်းကျန်းကြသည့် ပျက်စီးခြင်းသားရဲများကို နောက်ပိုင်းအချိန်တွင် စစ်သည်များက ဖမ်းဆီးကြလေ၏။ ထိုသားရဲများကို သတ်ဖြတ်ခြင်းမပြုဘဲ ဂျူနီယာများ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန်အတွက် လေ့ကျင့်ရေးအတွက် ရည်ရွယ်ကာ ဖမ်းဆီးထားကြသည်။

" ဟားဟား "

ထိုစဥ် ရှန်းထူနန်ထျန်းက အော်ရယ်ကာ... " အဲ့ဒါ မင်းရဲ့သက်သေပြချက်လား။ မင်းက မဟာဧကရီအမတေကို ပျက်စီးခြင်းသားရဲတစ်ကောင်ဆီ ကျွေးချင်နေတာလား။ အဆိပ်ရှိနေမလားဆိုတာကို ကြည့်ချင်ရုံအတွက်နဲ့လေ "

ယီယွင်တွင် သက်သေပြရန် နည်းလမ်းအချို့ ရှိနေလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ဤနည်းလမ်းက အလွန်ပင် တုံးအလှချေသည်။

" ဒီပျက်စီးခြင်းအရိုးအမတေကို သန့်စင်ဖို့အတွက် အများကြီးအားစိုက်ထားရတဲ့ ငါတို့ ရှန်းထူမိသားစုက မင်းရဲ့စကားကြောင့် ဒီပျက်စီးခြင်းအရိုးအမတေကို ပျက်စီးခြင်းသားရဲတစ်ကောင်ဆီ ကျွေးပစ်ရမယ်တဲ့လား။ ရယ်စရာပဲကွာ "

ရှန်းထူနန်ထျန်းက လှောင်ရယ်သည်ကို ဆန့်ကျင်ရင်း ယီယွင်က ပြုံးကာ..." မဟုတ်ဘူးလေ။ ကျုပ်ကို ကူညီဖို့အတွက် တစ်ယောက်လောက် လိုအပ်တယ်။ သခင်လေးနန်ထျန်းနဲ့ လက်တစ်ထောင်ဖွားဖွား... မျှတစေဖို့အတွက် ခင်ဗျားတို့ရဲ့စွမ်းအားကို ကျုပ်ကို ကူညီပေးဖို့အတွက် သုံးလို့ရနိုင်မလား "

ပုံမှန်ဆိုလျှင် သူ ဤသို့ပြုံးလိုက်ချိန်တိုင်း တစ်ယောက်ယောက်သည် ကံဆိုးမှုများနှင့် ကြုံရလေ့ရှိလေ၏။

All Chapters