← Chapters

သဘောတူညီချက်

Vol. 28 Ch. 413

သဘောတူညီချက်

Vol. 28 Ch. 413

ယီယွင်၏အပြုံးကို ဘယ်သူမှမမြင်လိုက်ရ၍ သူ၏အတွေးကို မည်သူမှမသိကြပေ။

ရှန်းထူနန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ယီယွင်သည် မဟာဧကရီအမတေ ရှာဖွေရန်အတွက် သူ၏အကူအညီနှင့် လက်တစ်ထောင်ဖွားဖွားကို လိုအပ်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့သည်မှာ အမှန်ဖြစ်သည်။

" ဖွားဖွား၊ ဒီကိစ္စရဲ့နောက်ကွယ်ကအဓိပ္ပာယ် ဘာလို့ထင်လဲ " ရှန်းထူနန်ထျန်း လက်တစ်ထောင်ဖွားဖွားကို ယွမ်ချီစိတ်စွမ်းအင်ပို့ကာ မေးလိုက်သည်။

လက်တစ်ထောင်ဖွားဖွား နှာမှုတ်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောသည်။

" ဒီကောင်စုတ်က တမင်သက်သက်သေတွင်းတူးနေတာပဲ။ တမန်တော်အဆင့်ရှိတဲ့ ကောင်းကင်ဘုံဆရာသခင်ကြီးတွေတောင် လုပ်ဖို့မပြောနဲ့ အမတေရဲ့ပြစ်ချက်ကို မရှာနိုင်တာ ယွမ်ဂိုဏ်းက ဂျူနီယာတစ်ယောက်အနေနဲ့ လုပ်နိုင်ဖို့ဖြစ်နိုင်မယ်ဆိုတာကို ငါ မယုံဘူး "

" ပြီးတော့ ဒီကောင် အမတေရဲ့ ချို့ယွင်းချက်ကို ရှာဖို့မပြောနဲ့ ထိဖို့တောင် ငါတို့ခွင့်ပြုပေးလို့မရဘူး "

လက်တစ်ထောင်ဖွားဖွားသည် ထိုကဲ့သို့စိတ်ချင်းဆက်သွယ်ကာပြောလျက် ထရပ်ပြီး ခန်းမအလယ်သို့ လျှောက်သွားခဲ့သည်။ သူမသည် ယီယွင်ထက် ခေါင်းတစ်လုံးစာ အရပ်ပိုနိမ့်ပါသော်လည်း သူမ၏ဩဇာတိက္ကမအရှိန်အဝါသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

" ကောင်စုတ်လေး၊ မင်း ဘယ်လိုကစားပွဲတွေ ဖန်တီးချင်နေလဲဆိုတာ ငါ ကြည့်သေးတာပေါ့ "

" အို၊ ဒါဆို သဘောတူလိုက်တာလား "

ယီယွင် ပြန်ပြောလိုက်သည်။

" ဘယ်လိုဟာသမျိုးလဲ။ ငါက ဘာလို့သဘောမတူရမှာလဲ။ ဒါပေမဲ့ မင်းလိုဂျူနီယာအဆင့်က ငါတို့ရှန်းထူမိသားစုဂိုဏ်းရဲ့ဂုဏ်ဝါကို ထိပါးနိုင်မယ်လို့ ထင်နေတာလား။ မင်းက ဒီနေ့ငါတို့ရှန်းထူမိသားစုစီက အမြတ်ထုတ်ချင်မှတော့ ထိုက်တန်တဲ့အဖိုးအခကို ပေးဆပ်ရမှာက ဖြစ်သင့်တယ်လေ။ မင်းကိုသာ ဒီအတိုင်းလွှတ်ပေးလိုက်ရင် တစ်လောကလုံးကလူတွေအတွက် ငါတို့ရှန်းထူမိသားစုကြီးက လှောင်ရယ်စရာပြက်လုံးကြီးဖြစ်မနေဘူးလား "

" ငါ မင်းကို အချိန်တစ်နာရီပေးမယ်။ မဟာဧကရီအမတေက ပြဿနာရှိနေတယ်လို့ သက်သေမပြနိုင်ရင် မင်းကိုအသက်ချေမှုန်းခံရဖို့ ငါ့လက်ထဲ အပ်လိုက်တော့ "

လက်တစ်ထောင်ဖွားဖွားသည် အပြုံးကြီးပြုံးလျက်ပြောလိုက်သည်။ လင်းမိသားစု၏အကြီးအကဲသည် ယီယွင်ကို ကာကွယ်ရန် ကြိုးပမ်းနေကြောင်း သူမအကဲခတ်ရိပ်ဖမ်းမိသည်။

သူမ မူလက ယီယွင်အား သတ်မည်ဟုပြောပြီး လင်းရှင်းထုန်း၏ ယင်းသွေးကြောများကို ကုသမပေးဘူးဟု ဆိုခဲ့စဉ်က အလေးအနက်မထားခဲ့ပေ။

ချက်ချင်းဆိုသလိုပင် ယီယွင်ကို လူတိုင်းက ကြည့်လိုက်ကြသည်။ ဤသည်မှာ ရုတ်ချည်းဆိုသလိုပင် ဘဝကိုရင်းကာ လောင်းကြေးထပ်ရမည့်ကစားပွဲကြီး ဖြစ်လာတော့သည်။

ယီယွင် သဘောတူလိုက်သည်နှင့် အကြီးအကဲပင် သူ့ကိုကာကွယ်နိုင်တော့မည် မဟုတ်ပေ။

ယီယွင်ရှုံးသွားပါက မသေဆုံးမီ၌ မည်မျှပြင်းထန်ရက်စက်သော ညှဉ်းဆဲမှုများအားကြုံရမည်ကို မည်သူမှ မသိနိုင်ချေ။

" ယီယွင် ......... "

လင်းရှင်းထုန်း၏ စိုးရိမ်ပူပန်သောအသံက ယီယွင်၏နားထဲသို့ ပဲ့တင်ထပ်လာသည်။

ကိစ္စများမှာ ဤမျှကြီးကျယ်ပြင်းထန်သောအခြေအနေသို့ ဆင့်ကဲဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယီယွင်သည် သူမအတွက် ရပ်တည်ပေးခဲ့ပါသော်ငြား ယခုအခါ သူ၏အသက်ပင် အန္တရာယ်တွင်းထဲသို့ ကျရောက်လာနေပြီဖြစ်လေသည်။

လင်းရှင်းထုန်းသည် ယီယွင် ကြိုးစားခဲ့သည်ကို မြင်ချင်ခဲ့သည်။ လုပ်ဆောင်ချက်တစ်ခုမှ မျှော်လင့်ချက်ရောင်ခြည်သန်းလာလျှင်ပင် အဆိုးထဲမှအကောင်းဖြစ်သည်။

သို့သော် အသက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေများမှာ မတူညီတော့ချေ။ ဤသို့အဆင့်ရှိသည့် မဟာဧကရီအမတေ အရိုးစု၌ ပြဿနာရှိကြောင်း ယီယွမ်မှ သက်သေပြရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ ယီယွင် ယုံကြည်မရှိဖြစ်နေမည်ကို သူမ စိုးရိမ်နေခဲ့သည်။

" မစွန့်စားလိုက်နဲ့။ ဒါက ရှင်နဲ့ ဘာမှ မဆိုင်ဘူး "

လင်းရှင်းထုန်းသည် ယီယွင်အား ချောက်ကမ်းပါးစွန်းရောက်နေသည့် မြင်းကို ကြိုးနှင့်ထိန်းစေချင်သည့်အလား တားမြစ်လေသည်။

ယီယွင်၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားသည်။ ဤသည်မှာ သူ၏အသက်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည့်အတွက် သူ အသေအချာစဉ်းစားနေရသည်။

ယီယွင် စိုးရိမ်နေသည်ကို မြင်ပြီး ရှန်းထူနန်ထျန်း ကျေနပ်သွားသည်။

" အဘွား၊ အရမ်းကောင်းတယ်။ ဒီကောင် ဘယ်လိုရူးရူးမိုက်မိုက်နဲ့ အသက်လောင်းကြေးထပ်ပြီး ခုန်ပေါက်နိုင်မလဲဆိုတာ ကြည့်ကြရအောင် "

" ဟွန်း၊ သူ့မှာ မရေမရာခံစားချက်တစ်ခုပဲ ရှိတာ။ သူက အားနည်းချက်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ သဘောတူရဲရင်တော့ ငါတို့က ဝမ်းသာအားရကြိုဆိုပေးရမှာပေါ့ "

ခန်းမထဲရှိ လေထုမှာ အလွန်ပင် အေးစက်သွားသည်။ ယီယွင်သည် အလယ်၌ တိတ်ဆိတ်စွာ ရပ်နေလျက်ရှိသည်။ အေးစက်သော ငွေရောင်မျက်နှာဖုံးအောက်မှ သူ၏မျက်နှာအမူအရာ မည်သို့ရှိနေသည်ကို မည်သူမှ မပြောနိုင်ပေ။

သိလျက်နဲ့ ဇွတ်လုပ်နေတာလား။ ဒီလိုဖြစ်လာမယ်ဆိုတာ သိလျက်နဲ့ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အခု မင်းရဲ့လုပ်ရပ်က အားလုံးအာရုံစိုက်တာကို ခံလိုက်ရပြီဆိုမှတော့ ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီ။

ရှန်းထူမိသားစုအကြီးအကဲများသည် ဒေါသထွက်လာကြသည်။ ဤမသိတတ်သော ဂျူနီယာသည် သူတို့၏သွေးကိုဆူပွက်စေခဲ့သည်။

" ယီယွင် " ရှန်းထူနန်ထျန်း ယီယွင်ကို လှောင်ပြောင်စွာကြည့်လိုက်ပြီး ပြောသည်။ " ယီယွင်၊ မင်းရဲ့အမှားတွေကို ဝန်ခံပြီး ငါတို့ကို ဒူးထောက်ဦးညွှတ်ရင် ငါတို့ ရှန်းထူမိသားစုက ဒီကိစ္စကို ရှေ့မဆက်တော့ဘူး "

ရှန်းထူနန်ထျန်းသည် လက်ရှိအချိန်၌ အလွန်ပင်ယုံကြည်မှုရှိနေခဲ့သည်။ သူသည် ပြီးခဲ့သည့်ရက်ပိုင်းများ၌ ရင်ထဲမှ မီးတောက်များကို ဖိနှိပ်ချုပ်တည်းထားခဲ့ရသည်။

ယီယွင်သည်က ရှန်းထူနန်ထျန်းကို ပြန်ကြည့်ပြီး လှောင်ပြောင်နှာမှုတ်လိုက်သည်။

သလင်းကျောက်လိုကြည်လင်နေတဲ့ကိစ္စကို သူ ဘယ်လိုလုပ် ယုံကြည်ချက် မရှိရမှာလဲ။ သို့သော် သူ့အနေဖြင့် ၉၀ရာခိုင်နှုန်းသေချာနေသော်ငြား သူ့ဘဝလောင်းကြေးနှင့် ပတ်သက်နေသည့်ကိစ္စဖြစ်၍ သေချာလေးနက်စွာ စဉ်းစားရန် လိုသည်။

" တကယ်လို့ ...... ငါ ဒီရုပ်ကြွင်းရဲ့ ပြဿနာကို သက်သေပြနိုင်တာနဲ့ ပတ်သက်ပြီး ငါကျရှုံးရင် ငါ့အသက်တန်ဖိုးကို ပေးဆပ်ရမယ်။ ဒါပေမဲ့ ငါအောင်မြင်ရင်ရော မင်းတို့ဘက်က ဘာလုပ်ပေးမှာလဲ။ မင်းအသက်ဆိုရင်ရော ဘယ်လိုလဲ "

ယီယွင် ရှေ့သို့တစ်လှမ်းတိုးလာပြီး ရှန်းထူနန်ထျန်းကို စူးစိုက်ကြည့်လိုက်သည်။

ရှန်းထူနန်ထျန်း၏ နှလုံးသားပြုတ်ကျသွားသလို ခံစားရပြီး မသိစိတ်အရ ခြေလှမ်းတစ်လှမ်းနောက်ဆုတ်လိုက်မိသည်။

ယီယွင်က သူနဲ့အတူ အသက်တွေကို လောင်းကြေးထပ်ချင်နေတာလား။

သူသည် ယီယွင်နှင့်အတူ အသက်ကိုလောင်းကြေးထပ်ရန် သတ္တိမရှိပေ။ ခဏတာ ဆွံ့အသွားရပြီး သူ့နှုတ်ခမ်းထောင့်မှာလည်း တွန့်လှုပ်သွားသည်။ ယီယွင်၏ ရပ်တည်ချက်ခိုင်မာမှုကြောင့် ခဏတာ ဖိနှိပ်ခံလိုက်ရသည်။

သို့သော် ရှန်းထူနန်ထျန်း လျင်မြန်စွာ ပြန်လည်စိတ်ငြိမ်သက်သွားပြီး " မင်းလို ပုရွက်ဆိတ်လောက်ပဲ အဆင့်ရှိတဲ့လူတစ်ယောက်က ငါနဲ့ပြိုင်ပြီး အသက် လောင်းကြေးထပ်သင့်တယ်လို့ ထင်နေလား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ "ဟု ပြန်ပြောလိုက်သည်။

" အဲ့ကောင် အရူးပဲ။ သူ့အသက်နဲ့ သခင်လေးနန်ထျန်းရဲ့အသက်နဲ့ တန်းတူညီမျှတယ်လို့ ထင်နေလား။ ဒါက သခင်လေး နန်ထျန်းကို စော်ကားလိုက်တာပဲ "

ရှန်းထူမိသားစု အကြီးအကဲတစ်ယောက်မှ ဝင်၍ထောက်ကာပြောသည်။

" ဟားဟားဟား " ယီယွင် ရယ်လျက်ဖြင့် “ မင်းမှာ အပြစ်မရှိဘူးဆိုရင် မင်းရဲ့အသက်ကို လောင်းကြေးထပ်တော့ ဘာဖြစ်မှာမလို့လဲ "

ယီယွင်သည် ရှန်းထူနန်ထျန်းကို လှောင်ပြောင်ရုံသာ တတ်နိုင်တော့သည်။ ရှန်းထူနန်ထျန်းအား လောင်းကြေးတစ်ခုဖြင့် ဖယ်ရှားရန် မဖြစ်နိုင်သည်ကို ယီယွင်သိသည်။

" မင်း သေမှာကြောက်နေတာဆိုရင်တော့ အဆင်ပြေတယ်။ ငါ လောင်းကြေးကို ပြောင်းပေးမယ်။ ငါ အနိုင်ရရင် ရှန်းထူမိသားစုက ရှေးဟောင်းကောင်းကင်ဘုံသီးသန့်ကျင့်စဉ်နည်းအမွေအနှစ်နဲ့ မဟာဧကရီအမတေချက်နည်းကို ငါ့စီ လွှဲပြောင်းပေးရမယ်။ ပြီးတော့ မင်း လျှို့ဝှက်မှော်နယ်မြေထဲက ဘယ်နေရာမှာ မဟာဧကရီအမတေချက်နည်းနဲ့ ရှေးဟောင်းကောင်းကင်ဘုံသီးသန့်ကျင့်စဉ်ကို တွေ့ပြီး အဲ့ဒီနယ်မြေကိုသွားတုန်း ဘာတွေ ကြုံခဲ့လဲဆိုတာ အကုန်လုံးပြောပြရမယ် "

ယီယွင်သည် နောက်ဆုံး၌ သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ပြခဲ့သည်။

ဤသည်မှာ သူ အမှန်တကယ်သိချင်သည့်အရာဖြစ်သည်။

" ယီယွင်၊ မင်း ........ "

ယီယွင်၏ လောင်းကြေးအဆိုပြုချက်ကို ကြားသောအခါ လင်းရှင်းထုန်း၏နှလုံးသားသည် တဒိတ်ဒိတ်ခုန်ပေါက်သွားသည်။ သူမ၏ လှပကြည်တောက်သောမျက်လုံးလေးများသည် ယီယွင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ယီယွင်သည် သူမအတွက် ဤသို့လောင်းကြေးပြုလုပ်နေခြင်းဖြစ်သည်ကို သူမ သိသည်။

ရှန်းထူမိသားစုမှ ပြန်လည်သန့်စင်ထားသော မဟာဧကရီအမတေ၌ မည်သည့်ပြဿနာများ ရှိနေသည်ကို သူမ မသိချေ။ သို့သော် ဤအကြွင်းအကျန်သည် သူမနှင့်သက်ရောက်မှုရှိနေသည်။ မဟုတ်ပါက ရှန်းထူမိသားစုသည် သူမအား စမ်းသပ်စေရန် ထုတ်ပြလာမည်မဟုတ်သည်ကို သူမ ခံစားမိသည်။

ရှန်းထူမိသားစု သွားခဲ့သည့်နယ်မြေသို့ လင်းမိသားစုမှ ကိုယ်တိုင်သွားကာ စူးစမ်း၍ ရှေးဟောင်းဆေးကြိုချက်နည်းကိုရရှိပြီး သဘာဝအတိုင်းပျက်စီးသွားသော သူမ၏သွေးကြောများအား ကုသနိုင်မည့်နည်းလမ်းကို ရှာတွေ့ခဲ့ပါက ရလဒ်များမှာ လုံးဝကွဲပြားနေပေလိမ့်မည်။

" ကောင်လေး၊ မင်းက အိပ်မက်မက်နေတာပဲ "

လက်တစ်ထောင်ဖွားဖွား၏ မျက်နှာအိုကြီးမှာ ရှုံ့တွန့်သွားသည်။ ယီယွင်သည် ရှန်းထူမိသားစုမှ ကျွမ်းကျင်သူများစွာအား စတေးကာ စူးစမ်းခဲ့ရသော လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏တည်နေရာနှင့် ရရှိခဲ့သောအတွေ့အကြုံများကို သိရရန် တောင်းဆိုနေလေသည်။

သူမအနေဖြင့် ယီယွင်မှ မဟာဧကရီအမတေ၏ချို့ယွင်းချက်ကို သက်သေပြနိုင်မည်ကို မယုံကြည်သော်လည်း ဤလောင်းကြေးကို လက်ခံနိုင်ခြင်းမရှိပေ။

ထိုအချိန် လင်းမိသားစု၏ အကြီးအကဲအမျိုးသမီးမှ မတ်တပ်ရပ်လိုက်သည်။ သူမ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းသောအပြုံးမှာ ကြာမြင့်စွာ ပျောက်ကွယ်သွားပြီး သူမ၏အကြည့်များမှာလည်း ပြင်းထန်လာခဲ့သည်။

" လက်တစ်ထောင်ဖွားဖွား။ ရှန်းထူမိသားစုကို ကျွန်မအနေနဲ့ သံသယမရှိပါဘူး။ ဒါပေမယ့် ....… မဟာဧကရီအမတေမှာ တကယ်ပဲ ပြဿနာရှိနေတယ်ဆိုရင် ရှင်းထုန်းလေးကို ရှင်းထူမိသားစုက ဒီအမတေကို စားခိုင်းတဲ့ရည်ရွယ်ချက်က မေးခွန်းထုတ်စရာပဲ မဟုတ်လား "

" မိတ်ဆွေလေးယွင်က ရှင်တို့ရဲ့ ရှန်းထူမိသားစုကို ပုတ်ခတ်ပြောဆိုထားတဲ့အတွက် သူ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်တာ နားလည်တယ်။ ကျွန်မတို့ လင်းမိသားစုကို တစ်ယောက်ယောက်က သက်သေမရှိဘဲ မကောင်းပြောနေတယ်ဆိုတာ ကျွန်မတို့လည်း အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး “

“ လက်တစ်ထောင် ဖွားဖွား၊ တကယ်ပဲ ပြဿနာရှိတယ်ဆိုတဲ့ရလဒ်မျိုး ရှိလာရင် ကျွန်မတို့ လင်းမိသားစုက ရှန်းထူမိသားစုဆီကနေ အဖြေကောင်းတစ်ခုကို ရဖို့မျှော်လင့်တယ်။ မဟုတ်ရင် ကျွန်မတို့ လင်းမိသားစုက ရှင်တို့ ကြိုက်သလိုသွားလာဝင်ထွက်လို့ရတဲ့ နေရာ မဟုတ်ဘူးဆိုတာ ပြောထားချင်တယ် "

ထိုသို့ အကြီးအကဲခေါင်းဆောင် ပြောလိုက်ခြင်းမှာ ခြိမ်းခြောက်နေသံနှင့်တူနေပြီဖြစ်သည်။

လင်းမိသားစုသည် ထျန်းယွမ်ကမ္ဘာ၏ ထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သည်။ လင်းမိသားစု၏ အတွင်းရေးများကို စီမံရသော အကြီးအကဲအနေဖြင့် မိခင်ကြီးသည် သာမန်အဘွားအိုတစ်ယောက် မဟုတ်ချေ။ သူမ၏အနောက်၌ ခိုင်မာသည့်အခြမ်းရှိသည်။

လင်းမိသားစုအကြီးအကဲမိခင်ကြီး ပါဝင်လာသည်ကိုမြင်ပြီး လက်တစ်ထောင်ဖွားဖွားနှလုံးသား တုန်ခါသွားသည်။ မဟာဧကရီအမတေသည် ပြဿနာရှိနေပါက လင်းမိသားစုသည် ရှိသမျှအရာအားလုံစွန့်လွှတ်ကာ အဆုံးထိသွားမည်မှာ သေချာသည်။

လင်းမိသားစုသည် ရှန်းထူမိသားစုအား အမှန်တကယ်တိုက်ခိုက်မည်ဆိုပါက နှစ်ဦးနှစ်ဖက် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ လင်းမိသားစု အနိုင်ရလျှင်ပင် သွေးမြေကျရသော အောင်ပွဲကြီးသာ ဖြစ်လာပေလိမ့်မည်။

ထိုအခါ အခြားသောမိသားစုကြီးတစ်ခုမှ အခြေအနေကို အခွင့်ကောင်းယူကာ ဤတိုက်ပွဲမှ အကျိုးအမြတ်ထုတ်သွားနိုင်သည်။

သူတို့အနေဖြင့် စစ်ပွဲဖြစ်၍ အဆုံးသတ်သွားမည်လားကို လက်တစ်ထောင်ဖွားဖွား မသိပေ။ သို့သော်သူတို့မိသားစုမှ ကျိုးကြောင်းဆီလျော်သည့်အဖြေ မပေးနိုင်ပါက အကြီးအကဲအမျိုးသမီးလင်းသည် သူတို့အား အလွှတ်မပေးမည်ကို သိသည်။

ထိုအချက်ကို တွေးတောစဉ်းစားပြီးနောက် လက်တစ်ထောင်ဖွားဖွားသည် ယီယွင်၏ ကြီးမားသည့် လောင်းကြေးအား သဘောတူရတော့မည်ကို သိလိုက်ရသည်။ မဟုတ်ပါက လင်းအကြီးအကဲအမျိုးသမီးမှ ဦးစွာပထမဆုံး ကန့်ကွက်လိမ့်မည်။

“ ဒါပေမယ့် သဘောတူလိုက်ရင်ရော ဘာဖြစ်လဲ။ သူ့လို ကလေးတစ်ယောက်က တကယ် အောင်မြင်နိုင်ပါ့မလား “

" ငါတို့ရဲ့ ရှန်းထူမိသားစုကို သံသယဝင်တာက ရယ်စရာကောင်းတာပဲ။ ရှန်းထူမိသားစုက မဟာဧကရီအမတေကို သန့်စင်ဖို့အတွက် ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ခဲ့ရတာတောင် သံသယအဝင်ခံရတုန်းပဲလား "

လက်တစ်ထောင်ဖွားဖွားသည် ခေါင်းကိုခါယမ်းလျက် လင်းမိသားစုကို စိတ်ပျက်စွာကြည့်လိုက်သည်။

ရှန်းထူမိသားစု၏ မဟာမိတ်များကလည်း ထိုစကားကို ကြားပြီး သနားသက်ဝင်သွားကြသည်။ လင်းအကြီးအကဲအမျိုးသမီးမှာ အေးစက်လွန်းသည်ဟု တွေးသည်။

" လင်းအကြီးအကဲက ဒီလိုပြောနေတော့ ဒီလူအိုကြီးက အပျင်းပြေထိုင်နေလို့ မရဘူး။ ဒီမဟာဧကရီရုပ်ကြွင်းမှာ ‘ချို့ယွင်းချက်ကြီး’ ရှိနေပါတယ်ဆိုတာကို ငါလည်း ကူရှာကြည့်တာပေါ့ "

ယခင်က ရှန်းထူမိသားစုအတွက် ရပ်တည်ပေးခဲ့သော ဆုန်းမိသားစု၏ မျက်ခုံးရှည်ဖြင့်အကြီးအကဲမှာလည်း ခန်းမအလယ်သို့ လျှောက်လာခဲ့သည်။

ယီယွင်သည် ဤကိစ္စကို ဂရုမစိုက်သကဲ့သို့ ခေါင်းညိတ်လိုက်သည်။ နောက်ထပ်အကူအညီတစ်ခုရှိလာသည်က သူ့အတွက် အရေးမကြီးပေ။

" စကားလုံးတွေက အသုံးမဝင်ဘူး။ ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုကြတာပေါ့ "

ယီယွင်သည် စစ်သည်များအကြားမှာ ချုပ်ဆိုလေ့ရှိသည့် ဝိညာဉ်စာချုပ်များ ရှိကြောင်း သိသည်ကို ပြောလိုက်လေသည်။ နှစ်ဦးနှစ်ဖက်မှ ချုပ်ဆိုရန်ဆန္ဒရှိပါက သေချာပေါက်ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ပြစ်ဒဏ်ခံရပေမည်။

လင်းမိသားစု၏ အဆင့်အတန်းဖြင့် လက်တစ်ထောင်ဖွားဖွားအား ချည်နှောင်နိုင်မည့်ဝိညာဉ်စာချုပ် ချုပ်ဆိုရန် မခက်ခဲပေ။

လက်တစ်ထောင်ဖွားဖွား၏ မျက်နှာမှာ အနည်းငယ်တွန့်သွားပြီး ယီယွင်ကို အေးစက်စွာ ကြည့်လိုက်သည်။

" ဒီလိုဆိုတော့ ငါက ပိုတောင်သဘောကျသေး။ စာချုပ်ကို ချုပ်မယ်။ ဒါပေမယ့် မင်းလိုလူရဲ့ သေးသိမ်တဲ့ဘဝလေးတစ်ခုက လျှို့ဝှက်နယ်မြေရဲ့အချက်အလက်တွေနဲ့ မထိုက်တန်ဘူး။ အဲ့တော့ ငါ ထပ်ပြောချင်တာက မဟာဧကရီအမတေက အဆင်ပြေတယ်ဆိုတာ သက်သေပြနိုင်ရင် လင်းမိသားစုက ဒီလက်ထပ်ပွဲကို ရွှေ့ဆိုင်းစရာအကြောင်းမရှိတော့ဘူး။ ဒီလောက် အချိန်အကြာကြီး စောင့်နေခဲ့ရတာ တော်လှပြီ "

လက်တစ်ထောင်ဖွားဖွားသည် ထိုသို့ပြောပြီးသည့်အခါ လင်းရှင်းထုန်းကို ကြည့်လိုက်သည်။

ဤလက်ထပ်ထိမ်းမြားအစတည်သော မဟာမိတ်ဖွဲ့မှု၏ အရေးကြီးဆုံးအချက်မှာ လင်းရှင်းထုန်း၏ သဘောထားဖြစ်သည်။ လင်းရှင်းထုန်းမှ ပြတ်သားစွာ ငြင်းဆန်လိုက်လျှင် လင်းမိသားစုအနေဖြင့် သူမကို တိုက်တွန်း၌မရဘဲ ကူကယ်ရာမဲ့သွားပေလိမ့်မည်။

လင်းရှင်းထုန်း မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စများ ဆင့်ကဲဖြစ်ပေါ်လာပုံမှာ ထိန်းမရသည့်အခြေအနေဖြစ်နေလေသည်။

လက်တစ်ထောင်ဖွားဖွားသည် နှာမှုတ်လျက် လင်းရှင်းထုန်း၏ ဆုံးဖြတ်ချက်ကို စောင့်နေသည်။ သူမသည် ကိုယ့်အတွက်ဘာကောင်းသည်ကို မသိတတ်သော လင်ဒရှင်းထုန်းကဲ့သို့ မိန်းကလေးမျိုးကို သူမ မကြိုက်ပေ။

" ကျွန်မ ...... "

လင်းရှင်းထုန်း ထရပ်ပြီး မျက်လုံးများကို ညင်သာစွာ မှေးမှိတ်လိုက်သည့်အခါ သူမ၏ မျက်တောင်ရှည်များက အနည်းငယ် တုန်ခါသွားသည်။ ဆယ်ချက်လောက်မျှ အသက်ရှူပြီးသည့်နောက် လင်းရှင်းထုန်း မျက်လုံးများကိုပြန်ဖွင့်ပြီး ယီယွင်ကို လေးနက်စွာ ကြည့်လိုက်သည်။

ယီယွင်၏ မျက်နှာဖုံးအောက်မှ တစ်ဆင့် သူတို့နှစ်ယောက်၏ မျက်လုံးများ ဆုံမိကြသည်။ ယီယွင်သည် စကားတစ်ခွန်းမှ မပြောခဲ့သကဲ့သို့ မျက်လုံးချင်းလည်း စကားဖလှယ်ခြင်း မရှိကြပေ။ သူမ၏ အိမ်ထောင်ရေးနှင့် ပတ်သက်သည့်ကိစ္စဖြစ်သည့်အလျောက် လင်းရှင်းထုန်း၏ ရွေးချယ်မှုကို သူ လေးစားလေသည်။

" ကျွန်မ သဘောတူပါတယ် "

ရှင်းလင်းပြတ်သားသည့် စကားသံက နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ယီယွင်သည် သူမအတွက်ကြောင့် ရပ်တည်ပေးခဲ့ခြင်းပြီး သူ့အသက်ကိုပင် လောင်းကြေးထပ်ကာ စွန့်စားခဲ့သည်။

အဲ့တော့ သူမအနေနဲ့ သူမရဲ့ ဂုဏ်သိက္ခာနဲ့ အပြစ်ကင်းစင်မှုကို ဘယ်လိုလုပ် လောင်းကြေးမထပ်နိုင်ရမှာလဲ။

ယီယွင်သည် သူ့ကိုယ်သူ ယုံကြည်နေသည့်အတွက် လင်းရှင်းထုန်းသည်လည်း ယီယွင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

All Chapters