← Chapters

မဟာဧကရီ နှလုံးသားမန္တန်

Vol. 28 Ch. 414

မဟာဧကရီ နှလုံးသားမန္တန်

Vol. 28 Ch. 414

လင်မိသားစုမှ အကြီးအကဲသည် စိတ်ဝိဉာဉ်စာချုပ်ကို အရှေ့သို့ ယူလာလေသည်။

ထိုသည်မှာ ရှေးဟောင်းစာပေလိပ်ဖြစ်ပြီး ကမ္ဘာဦးအစပစ္စည်းများ သို့မဟုတ် ကမ္ဘာဦးဝိဉာဉ်တစ်ကောင်၏ သားရေကို အသုံးပြုထားလေသည်။ စိတ်ဝိဉာဉ်စာချုပ်ထဲ၌ စာချုပ်၏တိကျသောစည်းမျဉ်းများကို ခက်ခဲရှုပ်ထွေးသော မှော်စာများဖြင့် ထွင်းကာရေးသားထားသည်။

မှော်စာများ၏အလယ်၌ ကြောက်စရာကောင်းသော တစ္ဆေတစ်ကောင်၏ ဦးခေါင်းပုံကြီးရှိသည်။

စိတ်ဝိဉာဉ်စာချုပ်အား မြင်တွေ့ပြီးနောက် လက်တစ်ထောင်ဖွားဖွားသည် လှောင်ပြောင်လိုက်သည်။ ထို့နောက် သူမ၏လက်ချောင်းကို ဓားမြှောင်ဖြင့်ဖြတ်ကာ သွေးစက်ကို တစ္ဆေခေါင်းပေါ်သို့ ကျစေသည်။

တစ္ဆေခေါင်းပုံသည် လက်တစ်ထောင်ဖွားဖွား၏သွေးဖြင့် ထိလိုက်ပြီးနောက် ရုတ်ချည်းဆိုသလိုပင် အသက်ဝင်လာပြီး စာချုပ်ထဲမှ ပျံထွက်လာကာ လက်တစ်ထောင်ဖွားဖွား၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်သွားသည်။

စာချုပ်ထဲမှ တစ္ဆေခေါင်းပုံသည် ကျိန်စာဖြစ်လေသည်။ စိတ်ဝိဉာဉ်စာချုပ် ချုပ်ဆိုသူများအနေဖြင့် ဝိဉာဉ်၏ကျိန်စာကို တန်ပြန်မခုခံသင့်ပေ။

သို့မဟုတ်ပါက စာချုပ်ထဲမှ တစ္ဆေခေါင်းသည် ဖောက်ဖျက်သူ၏နှလုံးသားကို ဝါးမြိုသွားမည်ဖြစ်ပြီး စာချုပ်ကို ဖောက်ဖျက်သည့်အလျောက် ပေးဆပ်ရပေမည်။

ယီယွင်သည်လည်း သူ၏သွေးစက်ကို စာချုပ်ပေါ်သို့ ကျစေလိုက်သည်။ တစ္ဆေခေါင်းသည် သူ၏နှလုံးသားထဲသို့ ဖောက်ဝင်သွားသည့်အခါ တစ်ကိုယ်လုံး အေးစက်လာသည်ကို ယီယွင် ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် တခဏတာ ဝေးကွာသွားသည့်အလားဖြစ်သွားလေသည်။

ထိုအချိန်၌ လက်တစ်ထောင်ဖွားဖွားသည် လင်ရှင်းထုံကို လှည့်ကြည့်လိုက်သည်။

လင်ရှင်းထုံသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏လက်ညှိုးကို လက်သည်းဖြင့် ဖောက်ထုတ်ပြီး လှပသွယ်လျသောလက်ချောင်းလေးဖြင့် တောက်ထုတ်လိုက်ရာ သွေးစက်သည် ပေ၆၀၊ ၇၀အကျော်ရှိ စိတ်ဝိဉာဉ်စာချုပ်အပေါ်သို့ ကျလာသည်။

လင်ရှင်းထုံ၏ သွေးစက်ကျလာပြီးနောက် စိတ်ဝိဉာဉ်စာချုပ်အသက်ဝင်လာသည်ကို မြင်ပြီး ရှန်းထူနန်ထျန်း၏မျက်နှာပေါ်၌ ကျေနပ်သောအပြုံးတစ်ခုပေါ်လာသည်။

" မိန်းကလေးရှင်းထုံရဲ့ လုပ်ဆောင်ချက်တွေက တကယ်ပဲ သေသပ်လှပါတယ် ….. "

ရှန်းထူနန်ထျန်း ယပ်တောင်ကို ခပ်လျက် လင်ရှင်းထုံကို ကြည့်သည်။ လင်ရှင်းထုံ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ရှန်းထူနန်ထျန်း၏ မျက်လုံးထဲ၌ မမြင်နိုင်သော လောဘအကြည့်တစ်ချက်ပေါ်လာသည်။

ဒီနေ့ပြီးတာနဲ့ အဆင့်အမြင့်ဆုံးရှိတဲ့ ဒီမိန်းကလေးက ငါ့အပိုင်ဖြစ်လာမှာပဲ။

ရှန်းထူနန်ထျန်းသည် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အတူခံစားနိုင်မည့် သာယာမှုများကို ကြိုတင်မျှော်မှန်းနေပြီဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ ထိုကိစ္စများမှာ အရေးမကြီးသေးပေ။

လက်ရှိအရေးအကြီးဆုံးကိစ္စမှာ ရှန်းထူမိသားစု လျှို့ဝှက်နယ်မြေ၌ ကြုံတွေ့ခဲ့သောကိစ္စရပ်များဖြစ်သည်။

သူတို့၏မိသားစုသည် မဟာဧကရီအမတေကို တွေ့ရှိခဲ့ရုံသာမက မဟာဧကရီတော်မှ ချန်ရစ်ခဲ့သည့် ပြိုင်ဘက်ကင်းကျင့်ကြံစဉ်ဖြစ်သော 'မဟာဧကရီ နှလုံးသားမန္တန်'ကိုလည်း ရှာဖွေတွေ့ခဲ့ကြသည်။

ဤ’မဟာဧကရီနှလုံးသားမန္တန်’ ကျင့်ကြံစဉ်သည် ကာမလေ့ကျင့်မှုပိုင်းဆိုင်ရာ နည်းစနစ်တစ်ခုဖြစ််ရာ အမျိုးသားများအတွက် အလွန်အကျိုးရှိလေသည်။

သို့သော် ဤကျင့်ကြံစဉ်အတွက် တစ်ဖက်အမျိုးသမီးမှာ အသန့်ရှင်းဆုံးယင်းခန္ဓာကိုယ်ရှိရန် လိုအပ်သည်။

ယခင်အချိန်များက ပြိုင်ဘက်ကင်း မဟာဧကရီတော်တစ်ယောက်တည်းကသာလျှင် ဤသို့လုပ်နိုင်သည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ပေလိမ့်မည်။

သို့သော် ယခုအခါ လင်ရှင်းထုံ ရှိလေသည်။

လင်ရှင်းထုံ၏ ပြစ်မျိုးမှဲ့မထင်သော ယင်းဓာတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက် နှစ်ကိုယ်တူပေါင်းဖက်နိုင်ပါက မဟာဧကရီနှလုံးသားမန္တန်ကျင့်စဉ်ကို စတင်ကျင့်ကြံနိုင်မည်ဖြစ်သည်။

ဤသည်က ရှန်းထူနန်ထျန်းအတွက် အလွန်ပင်ကြီးမားလှသော အခွင့်အရေးကြီးဖြစ်သည်။

ထိုအတွက်ကြောင့် ရှန်းထူနန်ထျန်းသည် လင်မိသားစုဖြင့် မင်္ဂလာလမ်းခင်းမည့်ကိစ္စကို အလွန်အားသန်နေရခြင်းဖြစ်သည်။

" နောက်ဆုံးတော့ ချုပ်လို့ပြီးသွားပြီ "

ရှန်းထူနန်ထျန်း စာချုပ်ပေစာလိပ်ကို ကြည့်လိုက်သည်။

စာချုပ်ပေါ်မှ လင်ရှင်းထုံ၏သွေးအမှတ်အသားကို မြင်လိုက်ရသည်က ရှန်းထူနန်ထျန်းအား သွေးပွက်ပွက်ဆူလာစေသည်။

ဒီနေ့ပြီးတာနဲ့ လင်ရှင်းထုံက ငါ့အပိုင်ပဲ။

မင်းဘယ်လောက်ပဲ ဖြူစင်နေပါစေ၊ ဘယ်သူနဲ့မှ ပရောပရည်မရှိရင် နောက်ဆုံးကျ အမှည့်လွန်ပြီး ငါ့အရှေ့မှာပဲ ကြွေကျရမှာ မဟုတ်ဘူးလား။

ထိုအတွေးက ရှန်းထူနန်ထျန်း၏ နှုတ်ခမ်းပေါ်၌ ယုတ်မာသောအပြုံးတစ်ခု ပေါ်လာစေသည်။

ထိုအချိန်တွင် ယီယွင်သည် မဟာဧကရီ အမတေရုပ်ကြွင်းအရှေ့၌ ရပ်နေပြီဖြစ်သည်။

ယီယွင်သည် ရှန်းထူနန်ထျန်း၊ ထို့နောက် လက်တစ်ထောင်ဖွားဖွား ပြီးသည့်နောက် မျက်ခုံးရှည်အကြီးအကဲတို့ကို တစ်လှည့်စီကြည့်သည်။

ထိုသုံးဦးသည် လက်ရှိအချိန်၌ ယီယွင်၏အရှေ့တွင် ရပ်နေကြသည်။

" စကြတော့မလား "

ရှန်းထူနန်ထျန်းသည် လှောင်ရိပ်သန်းလျက် ပြောသည်။

သူသည် ယီယွင် ဒုက္ခရောက်မည့်ဖြစ်အင်ကို အတော်ပင် မြင်တွေ့ချင်လှသည်။

" ခင်ဗျားတို့အားလုံး ဆန်းကြယ်သလင်းလက်ကို သိကြတယ် မဟုတ်လား "

ယီယွင် ပြန်မေးလိုက်သောမေးခွန်းက လူတိုင်းကို ဆွံ့အသွားစေသည်။

ဆန်းကြယ်သလင်းလက်တဲ့လား။

ဒီယီယွင်ဆိုတဲ့ကောင် သစ်ဆန်းတာ မလုပ်တတ်ဘူးလား။

မျက်ခုံးရှည်အဘိုးအို မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဆန်းကြယ်သလင်းလက်ကဲ့သို့ အဆင့်နိမ့်ချုပ်နည်းကို မသုံးခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ အတိုချုပ် ပြောရပါက ထိုသို့တံဆိပ်ခတ်နည်းကို သုံးသည်မှာ သူ၏အဆင့်ကိုပင် နိမ့်ကျရာရောက်စေသည်။

" လူငယ်လေး၊ ဒါဘာကိုဆိုလိုတာလဲ။ မင်းက ငါ့ကို ဟာသလုပ်နေတယ် ထင်နေတာလား "

" ခင်ဗျားတို့ကို ဟာသလုပ်ချင်ရင်တောင် ကျွန်တော်က အသက်ကိုလောင်းကြေးထပ်ထားရတာ။ အဲ့တာ .... အခုအချိန် ကျွန်တော်သိတာ ဆန်းကြယ်သလင်းလက်ပဲ ရှိတာမလို့ သုံးရမှာ ..... "

သူက ဆန်းကြယ်သလင်းလက်ပဲ သိတာလား။

ယီယွင်သည် တချိန်လုံး ဆန်းကြယ်သလင်းလက်သိုင်းကိုသာ သုံးနေသည်ကို လူအများမြင်ခဲ့စဉ်က သံသယဝင်ခဲ့ကြသည်။ သို့သော် ယီယွင်ကိုယ်တိုင်မှ ထုတ်ပြောလာသည့်အခါ သူတို့အလွန်ပင်ဆွံ့အသွားရသည်။

ဉာဏ်ကြီးရှင် ပျက်စီးခြင်းကောင်းကင်သခင်ကြီးက ဆန်းကြယ်သလင်းလက်ကွက်တစ်ခုတည်းကို သုံးတတ်တာတဲ့လား။

" ဟားဟားဟား "

ရှန်းထူနန်ထျန်း မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

ဒီငနုံက ဆန်းကြယ်သလင်းလက်ကွက်တစ်ခုတည်းကို သိပြီး လောကထိပ်တန်းအဆင့်ရှိတဲ့ မဟာဧကရီအမတေကို သံသယဝင်ရဲတယ်လား။ သူ စိတ်လွတ်နေတာများလား။

ရှန်းထူနန်ထျန်းသည် ယီယွင်ကို လှောင်ပြောင်တော့မည့်အချိန် ယီယွင်မှ ဦးစွာပြန်ပြီး ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။

" သခင်လေးနန်ထျန်း၊ ဘာတွေရယ်နေတာလဲ။ အတော်လေး ပျော်နေပုံပဲ။ ဒီလိုဆိုမှ သခင်လေး ဆန်းကြယ်သလင်းလက်ကွက်ကို သုံးရတာ မခက်ခဲလောက်ဘူး မဟုတ်လား။ သခင်လေးနန်ထျန်း ဒီလိုရိုးရှင်းတဲ့ချုပ်ကွက်ကို သုံးရတာ အရမ်းကိုလွယ်ကူမှာပဲ။ သခင်လေးနန်ထျန်း လဝက်လောက်က ရထားတဲ့ ဒဏ်ရာလေးတွေ အရှင်းပျောက်သွားပြီလို့ ထင်ပါတယ် "

ယီယွင်၏ အေးဆေးညင်သာသော စကားလုံးများက ရှန်းထူနန်ထျန်းကို အနည်းငယ် မျက်နှာပျက်စေသည်။

ဆန်းကြယ်သလင်းလက်သိုင်းသည် ရိုးရှင်းလွန်း၍ သူကိုယ်တိုင် ဒဏ်ရာရခဲ့သည်ကိုပင် မေ့လုနီးပါးဖြစ်နေခဲ့သည်။

" ဘာလဲ။ သခင်လေးနန်ထျန်းက မသက်သာသေးဘူးလား "

ယီယွင်သည် နားမလည်နိုင်ဖြစ်နေသောအမူအရာဖြင့် မေးလိုက်သည်။ သို့သော် မျက်နှာဖုံးအောက်ရှိ နှုတ်ခမ်းပါးမှာ ကွေးတက်သွားသည်။

ယီယွင်သည် သူ့ကိုကူညီရန် လက်တစ်ထောင်ဖွားဖွားကဲ့သို့ အဆင့်မြင့်ဆရာသခင်တစ်ယောက်ကို အသုံးပြုလျှင် ရပါသော်လည်း ရှန်းထူနန်ထျန်းအား တမင်တကာ ဤကိစ္စထဲသို့ ဆွဲသွင်းလေသည်။ အကြောင်းမှာ ရှန်းထူနန်ထျန်းကို ပြဿနာရှာရန်ဖြစ်သည်။

ယီယွင်သည် အမြဲပင် လက်ပေါက်ကပ်သူတစ်ယောက်ဖြစ်သည့်အလျောက် ရှန်းထူနန်ထျန်းအား ပြဿနာရှာနိုင်မည့် အခွင့်အရေးကို လက်လွှတ်မခံချေ။

ရှန်းထူနန်ထျန်းသည် ယီယွင်ကြောင့် မျက်နှာအမူအရာ ပျက်လာရသည်။

သူသည် အလွန်ဂုဏ်ယူဝင့်ကြွားတတ်ပြီး အခြားသူများအရှေ့၌ သူ၏နှိမ့်ချတည်ငြိမ်သောပုံရိပ်ကို ထိန်းသိမ်းရန် အလွန်ကြိုးစားတတ်သူ ဖြစ်သည်။

ထို့ကြောင့် သူသည် နာမည်ဂုဏ်သတင်းနှင့်အညီ နေထိုင်သည်။

လွန်ခဲ့သော လဝက်ခန့်က ပျက်စီးခြင်း ကောင်းကင်သခင်တစ်ဦး၏ လက်ဖက်ရည်ပွဲ၌ ရှန်းထူနန်ထျန်း၏ဝိဥာဉ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုသော သတင်းကို ရှန်းထူမိသားစုအတွင်းသာ လျှို့ဝှက်ထားခဲ့ရသည်။

ရှန်းထူမိသားစုကြီး၏ အမွေဆက်ခံသူ သခင်လေးသည် အကောင်းဆုံးသော အဖိုးတန်ဆေးဝါးများစွာ သုံး၍ ကုသနေပါသော်လည်း အနည်းဆုံးတစ်နှစ်ကြာပြီးမှ ပြန်လည်သက်သာမည်ဆိုသည့်သတင်း ပေါက်ကြားသွားပါက လူတကာ အူပေါက်ထွက်သည်အထိ ရယ်မောကြပေမည် မဟုတ်လော။

ကံမကောင်းစွာဖြင့် ယီယွင်သည် အခြားသူများ၏ အထိနာတတ်သောချက်ကောင်းကို ရိုက်ချတတ်သူဖြစ်သည်။

ထို့ကြောင့် သူ ထိုကိစ္စကို အစဖော်လိုက်သောအခါ ရှန်းထူနန်ထျန်းအတွက် အနာကိုဆားသိပ်သကဲ့သို့ဖြစ်ကာ ရုတ်တရင် ဒေါသထွက်ရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။

" ဟမ်း၊ အသေးအဖွဲဒဏ်ရာလေးတင်ပဲ။ နည်းနည်းလောက် ကုလိုက်တာနဲ့ လုံလောက်တယ် "

ရှန်းထူနန်ထျန်း၏ မျက်နှာကြွက်သားများပင် တုန်သွားသည်။ ဤအချိန်၌ မျက်နှာပျက်ရသည်မှာ ကိစ္စမဟုတ်တော့ဘဲ ပို၍ အရေးကြီးသည့်အချက်မှာ ဝိညာဉ်စာချုပ် ချုပ်ဆိုပြီးသွားခြင်းဖြစ်သည်။

မဟာဧကရီအမတေ၏ ချို့ယွင်းချက်သက်သေကို ရှာဖွေရာ၌ သူတို့ဘက်မှလည်း ကူညီမည်ဖြစ်ကြောင်း ဝိဉာဉ်စာချုပ်ထဲ၌ ရေးသားဖော်ပြထားသည်။

ရှန်းထူနန်ထျန်းသည် စာချုပ်၏စည်းကမ်းချက်များကို မလိုက်နာပါက ယီယွင်သည် ဝိညာဉ်စာချုပ်အား ပျက်ပြယ်စေကာ လွတ်မြောက်လမ်း ရှာတွေ့သွားနိုင်မည်လား မသေချာပေ။ ထိုသို့ဖြစ်ပါက ရှန်းထူနန်ထျန်းအတွက် ဆုံးရှုံးမှုအလွန်များပေလိမ့်မည်။

ထို့ကြောင့် ရှန်းထူနန်ထျန်းသည် စိတ်အားတင်းကာ ကူညီပေးရန် ပြင်ရသည်။

" ဟားဟား၊ အဲ့တာဆို ကောင်းတာပေါ့ "

ယီယွင် ကျေနပ်အားရသွားသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

သူသည် လက်ချောင်းထိပ်နှင့် မဟာဧကရီအမတေရုပ်ကြွင်းကို ညင်သာစွာ ထိလိုက်သည်။

" ကျွန်တော့်ရဲ့ စွမ်းရည်တွေက ချို့တဲ့နေပါသေးတယ်။ ​​အဲ့ကြောင့် ဆန်းကြယ်သလင်းလက်နည်းနဲ့ တံဆိပ်ခတ်ချုပ်နှောင်နိုင်ပေမဲ့ မဟာဧကရီအမတေက ထွက်လာတဲ့ခွန်အားတွေကို မချုပ်ထားနိုင်လောက်တော့ ခင်ဗျားတို့ရဲ့ အကူအညီလိုအပ်တယ် "

" ခင်ဗျားတို့အားလုံး တံဆိပ်ခတ်လိုက်ဖို့ပဲ လိုတယ်။ အဲ့တာတွေကို ထိန်းချုပ်ထားဖို့ မလိုဘူး။ ကျွန်တော် ဦးဆောင်လိုက်မယ် "

အမှန်တကယ်၌ ခရမ်းရောင်သလင်းကျောက်ဖြင့် ယီယွင်သည် မဟာဧကရီရုပ်ကြွင်းမှ ထွက်လာသော စွမ်းအင်များကို ကိုယ်တိုင်ထုတ်ယူနိုင်သော်လည်း ဤကိစ္စမှာ အလွန်အံ့သြစရာကောင်းနေပေလိမ့်မည်။

လက်တစ်ထောင်ဖွားဖွားနှင့် မျက်ခုံးရှည် အကြီးအကဲတို့၏ ခွန်အားကို အသုံးပြုခြင်းက ပို၍သင့်လျော်လေသည်။

" ပျက်စီးခြင်းသားရဲ ရောက်လာပြီလား "

ယီယွင်သည် လင်မိသားစုဘက်ကို ကြည့်လိုက်သည်။ အကြီးအကဲထဲမှတစ်ယောက် ထရပ်ပြီး ဝိဥာဉ်သားရဲအိတ်ကပ်ထဲမှ ပျက်စီးခြင်းသားရဲတစ်ကောင်ကို ထုတ်ယူလိုက်သည်။

ထိုသည်မှာ မီးမျက်လုံးဝံပုလွေဖြစ်သည်။ ခွေးတစ်ကောင်လောက်သာ အရွယ်အစားရှိပြီး တိုက်ခိုက်နိုင်စွမ်း အလွန်အားနည်းသည်။

ပုံမှန်အားဖြင့် သေမျိုးသွေးကျနယ်မြေစစ်သည်များကို တိုက်ခိုက်ပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများကိုသာ စားလေ့ရှိသည်။

လက်ရှိအချိန်၌ မီးမျက်လုံးဝံပုလွေသည် ချုပ်နှောင်ခြင်းတစ်ခု၏ ကန့်သတ်ခြင်းကို ခံထားရသည်။ ထို့ကြောင့် သွားများကို ကြိတ်ကာ အဆက်မပြတ် ရုန်းကန်နေသည်။

" ဒါက မီးမျက်လုံးဝံပုလွေပဲ။ မင်းရဲ့လိုအပ်ချက်အရ ရွေးချယ်ခံထားရတာ "

အကြီးအကဲသည် မီးမျက်လုံးဝံပုလွေကို ယီယွင်ထံသို့ ပစ်ပေးလိုက်သည်။

" ကောင်းပြီ၊ စလိုက်ကြရအောင် "

ယီယွင် ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး " ခင်ဗျားတို့သုံးယောက်၊ ကျေးဇူးပြုပြီး တံဆိပ်ခတ်ချုပ်နှောင်ခြင်းကို ဖွဲ့စည်းလိုက်ပါ။ ဆန်းကြယ်သလင်းလက်မှာ စုစုပေါင်း တံဆိပ်အချက်တစ်ရာရှိတယ်။ အစကတည်းက လုပ်ရုံပဲ။ ခင်ဗျားတို့သုံးယောက်ရဲ့စံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ တံဆိပ်ခတ်တာက ပြီးပြည့်စုံလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် "

လူများစွာ ကြည့်နေသည့်အလျောက် ဤလူသုံးယောက် ချို့ယွင်းချက်ထားကာ ပြဿနာလုပ်မည်ကို ယီယွင် မကြောက်ပေ။ ထို့ကြောင့် သူတို့အနေဖြင့် မှားယွင်းသော တံဆိပ်ခတ်ခြင်းကို ဖွဲ့စည်းကြမည် မဟုတ်ချေ။

" ဟမ်း၊ မင်းမှာ မင်းဘဝရဲ့ တစ်နာရီစာလောက်ပဲ ကျန်တော့တယ်။ ရတဲ့အချိန်မှာ ပျော်ထားလိုက်ဦး "

လက်တစ်ထောင်ဖွားဖွားသည် သူမ၏ သေးငယ်သောလက်ချောင်းများကို စတင် လှုပ်ရှားပြီး လှောင်ပြောင်လိုက်သည်။

ထိုအခါ ချက်ချင်းပင် ဆန်းကြယ်သလင်းလက်၏ ပထမတံဆိပ်ခတ်ခြင်းမှာ ပြီးဆုံးသွားသည်။ အပြစ်အနာအဆာလည်း ကင်းလေသည်။

လက်တစ်ထောင်ဖွားဖွားအတွက် ဤသို့အဆင့်ရှိ တံဆိပ်ခတ်ခြင်းမှာ ကလေးကစားစရာကဲ့သို့ လွယ်ကူလှသည်။

ယီယွင်သည် သူ၏ စွမ်းအင်မြင်ကွင်းကို ဖွင့်ပြီး လက်တစ်ထောင်ဖွားဖွား တံဆိပ်ခတ်ထားခြင်းကို လေ့လာကြည့်လိုက်သည်။

လူအများ၏ အာရုံစိုက်မှုနှင့် ဝိဥာဉ်စာချုပ်၏ ကန့်သတ်ချက်များအောက်၌ လက်တစ်ထောင်ဖွားဖွား မဟုတ်တာလှုပ်ရှားရဲမည် မဟုတ်သည်ကို သူ သိသည်။

သို့သော် သူ့အနေဖြင့် သတိကပ်ထားရမည်မှာ သဘာဝကျသည့်အတွက် ယီယွင် သူ၏စွမ်းအင်မြင်ကွင်းကို အသုံးပြုပြီး တံဆိပ်ခတ်ခြင်းထဲ၌ ဝိဥာဉ်တိုက်ခိုက်မှုကဲ့သို့ ထောင်ချောက်များ မပါဝင်စေရန် သေချာစစ်ဆေးခဲ့သည်။

မည်သည့်အပြစ်အနာမှ မပါကြောင်း သေချာသည့်အချိန်မှသာ ယီယွင်သည် သူ၏စိတ်စွမ်းအင်ကို အသုံးပြုပြီး ချိတ်တံဆိပ်ကို သူ့ထံသို့ ဆွဲယူခဲ့သည်။

ထို့နောက် ယီယွင်သည် မျက်ခုံးရှည်အကြီးအကဲထံမှ ချိတ်တံဆိပ်ကို ဆွဲယူလိုက်သည်။

ဘယ်ဘက်လက်၌ တစ်ခု၊ ညာဘက်လက်၌ တစ်ခုဖြင့် လက်ထဲတွင် တံဆိပ်နှစ်ခုရောက်လာပြီး ယီယွင် ရှန်းထူနန်ထျန်းကို ကြည့်လိုက်သည်။

" သခင်လေး နန်ထျန်း၊ မင်းအလှည့်ရောက်ပြီ ... "

ယီယွင်သည် ထိုစကားလုံးများကို နက်နဲသောအဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။

လူတိုင်း၏ မျက်လုံးများကလည်း ရှန်းထူနန်ထျန်းဘက် လှည့်လာကြသည်။

ရှန်းထူနန်ထျန်း၏ မျက်နှာအမူအရာ အကျည်းတန်သွားသည်။ တည်ငြိမ်နေသည့် မျက်နှာနောက်ကွယ်၌ သူ ခံစားနေရသော အခက်အခဲကို ဖုံးကွယ်ထားပြီး

သို့သော် ဤတံဆိပ်ခတ်ခြင်းက သူ့ဝိဥာဉ်ကို ထိခိုက်စေခဲ့ဖူးသည်။

ရှန်းထူနန်ထျန်း သူ့ဝိဥာဉ်ထဲမှ နာကျင်မှုကို ချက်ချင်းခံစားလိုက်ရသည်။ အပ်တစ်ချောင်းမှ သူ့အား ထိုးဖောက်နေသကဲ့သို့ပင် နာကျင်မှုမှာ ပြင်းထန်လွန်းလှသည်။

ရှန်းထူနန်ထျန်း အံကြိတ်လျက် နာကျင်မှုကို အံတုခဲ့သည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့် တံဆိပ်ခတ်ခြင်းကို ပြီးဆုံးအောင်လုပ်ခဲ့သည်။

ရိုးရှင်းလှသော ဆန်းကြယ်သလင်းလက် တံဆိပ်ခတ်ခြင်းက ရှန်းထူနန်ထျန်းကို ကြီးမားစွာ နာကျင်စေခဲ့သည်။

" ကောင်လေး၊ မင်းကို ခဏလောက် မာနကြီးခွင့်ပေးလိုက်မယ်။ မင်းရှုံးတာနဲ့ မင်းငါ့လက်ထဲ ရောက်လာမှာပါ။ အဲ့အခါကျ သေတာထက်ဆိုးတဲ့ဘဝကို ဖြတ်သန်းရတာ ဘယ်လိုလဲဆိုတာ ငါ ပြောပြပေးမယ် "

ထိုအတွေးကို သူ့စိတ်ထဲ၌ တေးမှတ်ထားပြီး ရှန်းထူနန်ထျန်း ပထမဆုံးတံဆိပ်ကို ခက်ခဲစွာဖြင့် ပြီးအောင်လုပ်ခဲ့သည်။

နောက်ဆုံး၌ တံဆိပ်သည် ပြီးပြည့်စုံပြီဟု ယူဆနိုင်သည့်အခါ ရှန်းထူနန်ထျန်း သူ၏ပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။

ယီယွင်သည် တံဆိပ်ကို သူ့ဘက်သို့ ဆွဲယူပြီး သူ၏စိတ်စွမ်းအင်အမြင်နှင့် တံဆိပ်ကို စစ်ဆေးလိုက်သည်။

ထို့နောက် သူ့နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကွေးသွားပြီး " သခင်လေး နန်ထျန်းက တကယ်ကို အံ့သြစရာကောင်းလှပပါပေတယ်။ အဲ့တော့ ကျန်တဲ့ တံဆိပ် ၉၉ခုကလည်း ပြဿနာမရှိဘူးလို့ ကျွန်တော် ယုံကြည်တယ် "

ယီယွင်၏ စကားလုံးများက ရှန်းထူနန်ထျန်းကို အံ့အားသင့်စေခဲ့သည်။ ရှန်းထူနန်ထျန်းသည် ယီယွင်ကို စူးရဲခက်ထန်စွာကြည့်လိုက်သည်။ ရှန်းထူနန်ထျန်း ယီယွင်ကို အသက်ရှင်လျက် အရေခွံခွာချင်စိတ်ပေါက်သွားသည်။

" ဒီကောင် "

သူ့ရင်ထဲမှ ဒေါသများဖြင့် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

" မင်း နောက်ထပ် တစ်နာရီပဲ အသက်ရှင်နိုင်မှာပဲ။ အဲ့တော့ ငါ မင်းကို ခဏလောက် သည်းခံပေးလိုက်မယ် "

All Chapters