← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း။ ၂၂၁

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် အခြားသူများသည်လည်း သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော နာကျင်မှုများကို အံတုကာ မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်ကြပြီး ဝမ်လေ့ရှိရာသို့ စုရုံးလာကြသည်။

ဒုန်း...

ထိုအချိန်မှာပင် ငြိမ်သက်နေသော မြင့်မားလှသည့် မြေတံတိုင်းကြီး လေးခုသည် ရုတ်တရက် တုန်ခါသွားပြီး ဝါကျင့်ကျင့် ဝိညာဉ်အလင်းတန်းများသည် တံတိုင်း၏ နေရာအနှံ့သို့ လွှမ်းခြုံသွားတော့သည်။ နောက်တစ်စက္ကန့်တွင်မူ တံတိုင်း၏ အတွင်းဘက် မျက်နှာပြင်များပေါ်တွင် အဖုအထစ်များ စတင်ထွက်ပေါ်လာသည်။

ထိုအဖုအထစ်များသည် ပို၍ရှည်လျားလာပြီးနောက် နောက်ဆုံးတွင် မာကျော၍ ချွန်ထက်လှသော ကျောက်လှံများအဖြစ် ပြောင်းလဲသွားတော့သည်။

ဂျိန်း... ဂျိန်း...

ချက်ချင်းဆိုသလိုပင် အရှေ့နှင့် အနောက်ရှိ တံတိုင်းကြီးများသည် အတွင်းဘက်သို့ ဖြည်းညှင်းစွာ စတင်တိုးဝင်လာကြသည်။ အေးစက်စုတ်ပြတ်သော ကျောက်လှံများစွာ တပ်ဆင်ထားသည့် ထိုတံတိုင်းကြီးများ ရွေ့လျားလာမှုကြောင့် မြေပြင်မှာလည်း အဆက်မပြတ် တုန်ခါနေတော့သည်။

အလယ်ဗဟိုတွင် ရပ်နေသော လူခြောက်ဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် လေးနက်ကာ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

"ဘာကို စောင့်နေကြတာလဲ မြန်မြန် ထိုးဖောက်ထွက်ကြစို့။ မဟုတ်ရင် ဒီကျောက်တံတိုင်းတွေ ပိတ်သွားတာနဲ့ ငါတို့အားလုံး သေကုန်ကြလိမ့်မယ်"

ယန်ရှို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်ရှိသူများကို အော်ပြောလိုက်သည်။ သူ၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ပေတစ်ဆယ်ကျော် မြင့်မားသော ဤတံတိုင်းများသည် ဆင့်ကဲပြောင်းလဲသူများအတွက် ကျော်လွှားရန် မဖြစ်နိုင်သော အရာများမဟုတ်ပေ။ သူတို့သာ ကြိုးစားမည်ဆိုပါက အပြင်သို့ ထိုးဖောက်ထွက်ရန် အခွင့်အရေး ရှိသေးသည်။

"စိတ်မလောနဲ့ဦး... အပြင်မှာက..."

ဝမ်လေ့မှာ မျက်မှောင်ကြုတ်လျက် အပြင်ဘက်တွင် အစွမ်းထက်သော ဇွန်ဘီအမြောက်အမြား ရှိနေသဖြင့် မဆင်မခြင် မလုပ်ရန် တားမြစ်ဖို့ ပြင်လိုက်သည်။

"ခင်ဗျားတို့ မသွားရင်လည်း နေခဲ့ ကျွန်တော်တော့ ဒီနေရာမှာ အသေမခံနိုင်ဘူး"

"ယန်ရှို့... စိတ်လိုက်မာန်ပါ မလုပ်နဲ့"

ဝမ်လေ့မှာ လန့်သွားပြီး ယန်ရှို့ကို တားရန် ကြိုးစားလိုက်သည်။

သို့သော် ယန်ရှို့မှာ ဒေါသတကြီး ဟစ်အော်လိုက်ပြီးနောက် သူ၏ အမြန်နှုန်းစွမ်းရည်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။ သူသည် သူ၏ သုံးပေရှည် မြင်းဖြတ်ဓားကို တင်းကျပ်စွာ ကိုင်ဆောင်ကာ လျှပ်စီးတစ်လက်အလား တံတိုင်းပေါ်သို့ ခုန်တက်လိုက်တော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ယန်ရှို့သည် တံတိုင်းပေါ်ရှိ ကျောက်လှံများကို နင်းခြေအသုံးချပြီး လေထဲသို့ မြင့်မားစွာ ခုန်တက်သွားခဲ့သည်။

ယန်ရှို့က မြင့်မားလှသော မြေတံတိုင်းကို ကျော်ဖြတ်တော့မည့် အခိုက်အတန့်မှာပင် တံတိုင်းအပြင်ဘက်မှနေ၍ နီရဲတောက်လောင်နေသော မီးလျှံတစ်ခု ရုတ်တရက် ဟုန်းခနဲ တိုးထွက်လာသည်။

"ဟင့်အင်း... မဖြစ်ဘူး"

ယန်ရှို့၏ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သံသာ ထွက်ပေါ်လာပြီးနောက် အောက်ဘက်မှ ပစ်

လွှတ်လိုက်သော ဧရာမ မီးလုံးကြီးသည် ယန်ရှို့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်ကာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။

ဒုန်း….

ကောင်းကင်ယံတစ်ခုလုံး မီးလျှံများဖြင့် ဖုံးလွှမ်းသွားပြီး ယန်ရှို့၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားခဲ့သည်။ ထိုပေါက်ကွဲသံကြီးမှာ တိတ်ဆိတ်နေသော ညဉ့်နက်ပိုင်းတွင် နားကွဲလုမတတ် ဟိန်းထွက်သွားခဲ့သည်။

"ယန်ရှို့"

မီးလျှံများအတွင်း ယန်ရှို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝမ်လေ့၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်မတတ် ဖြစ်လာပြီး အပြင်ဘက်ရှိ မီးလျှံဇွန်ဘီကို ထွက်၍ အသေအလဲ တိုက်ခိုက်ချင်စိတ်များ ပြင်းထန်နေတော့သည်။

အခြားသူများသည်လည်း ယန်ရှို့၏ သေဆုံးမှုကို ကြည့်ကာ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ အတွင်းဘက်တွင် ကျောက်လှံများက တိုးဝင်လာနေပြီး အပြင်ဘက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော မီးလျှံဇွန်ဘီက ပိတ်ဆို့ထားရာ သူတို့မှာ လုံးဝကို မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ဒုန်း... ဒုန်း... ဒုန်း...

ဝမ်လေ့၏ ဘေးတွင်ရပ်နေသော လျိုယန်သည် နီးကပ်လာသော ကျောက်လှံများကို စူးရှသော အကြည့်များဖြင့် ကြည့်ကာ အရှေ့သို့ ပြေးထွက်သွားပြီးနောက် သူ၏ ဓားကြီးဖြင့် ကျောက်လှံများကို အဆက်မပြတ် ခုတ်ပိုင်းတော့သည်။ ချက်ချင်းဆိုသလို ကျောက်စအစအနများ လွင့်စင်လာပြီး လျိုယန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မာကျောလှသော ကျောက်လှံအချို့ ကျိုးပဲ့ကုန်သည်။

"လျိုယန်... ပြန်လာခဲ့ ဒါတွေက သိပ်အသုံးမဝင်ဘူး"

ဝမ်လေ့သည် အကူအညီမဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။ ဤကျောက်လှံများကို သူတို့ ကိုင်တွယ်နိုင်သော်လည်း အဓိက အသက်အန္တရာယ်မှာ အပြင်ဘက်တွင် စောင့်နေသော ဆင့်ကဲဇွန်ဘီများသာ။ ထိုဇွန်ဘီများသည် အနည်းဆုံး စတုတ္ထအဆင့်ခန့် ရှိနေပြီး သူတို့ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော သတ္တဝါများ ဖြစ်သည်။

ဝမ်လေ့၏ စကားပင် မဆုံးသေးမီမှာပင် မြေတံတိုင်း အပြင်ဘက်မှနေ၍ လေးလံလှသော ခြေသံအမြောက်အမြားကို ထပ်မံကြားလိုက်ရပြန်သည်။

"ဒါ... ဒါ ဘာအသံလဲ"

မျက်နှာတစ်ခြမ်းလုံး မီးလောင်ဒဏ်ရာများဖြင့် ပြည့်နေသော ခေါင်းဆောင်ကျန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ ထိုခြေသံများသည် ပိုမိုနီးကပ်လာပြီး ပို၍ မြန်ဆန်လာသည်။ မြေတံတိုင်းကြီးများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည့်အလားပင်။

"အားလုံး... အဲဒီနားက ဖယ်လိုက်ကြ"

ဝမ်လေ့၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ထိတ်လန့်တကြား အော်ဟစ်ကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။

ဝုန်း...

အရှေ့ဘက်ရှိ မြင့်မားလှသော မြေတံတိုင်းကြီးမှာ ပေါက်ကွဲထွက်သွားပြီး နားကွဲလုမတတ် အသံကြီးနှင့်အတူ ဖုန်မှုန့်များနှင့် ကျောက်စအစအနများ ကောင်းကင်ယံသို့ လွင့်စင်တက်သွားသည်။ အချိန်မီ မရှောင်နိုင်ခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ဦးမှာ အမြောက်ဆန်ကဲ့သို့ ပြင်းထန်လှသော ကျောက်တုံးကြီးများဖြင့် ရင်ဘတ်ကို အရှိန်ပြင်းစွာ အထိုးခံလိုက်ရသည်။

ရင်ဘတ်ရိုးများ ကြေမွသွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီးနောက် ထိုသူ၏ ခန္ဓာကိုယ်မှာ ကျောက်စများအကြား လဲကျသွားပြီး ဖုန်မှုန့်များအောက်တွင် နှစ်မြုပ်သွားတော့သည်။

ယခုအခါ အသက်ရှင်ကျန်ရစ်သူ ငါးဦးမှာ ထိုရုတ်တရက် အပြောင်းအလဲကြောင့် သုံးစု ကွဲသွားကြသည်။ လျိုယန်နှင့် ဝမ်လေ့တို့မှာ ဓားများကို ကိုင်ဆောင်လျက် ထောင့်တစ်နေရာတွင် ကပ်၍ ပုန်းအောင်းနေရသည်။ ဆံပင်ဖြူနှင့် ခေါင်းဆောင်လီမှာမူ ခေါင်းဆောင်ကျန်းနှင့်အတူ ကျောက်လှံများရှိရာ နောက်ဘက်အစွန်ဆုံးအထိ ဆုတ်ခွာသွားကြရသည်။ ကျောက်ခဲများအောက်တွင် မြုပ်နေသော အဖွဲ့ဝင်တစ်ဦးမှာမူ အသက်ရှိမရှိပင် မသိရတော့ချေ။

ဒုန်း... ဒုန်း...

တစ်ချိန်တည်းမှာပင် မြေတံတိုင်းအပေါက်ကြီးထဲမှနေ၍ ဧရာမ ပုံရိပ်ကြီးတစ်ခုက ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာသည်။ သူ၏ ခြေလှမ်းတိုင်းမှာ မြေပြင်ကို အဆက်မပြတ် တုန်ခါစေသည်။

"အား..."

အားဖန်သည် အလယ်တွင် လဲနေသော ဆင့်ကဲပြောင်းလဲသူအား သူ၏ ကြီးမားလှသော ခြေထောက်ဖြင့် နင်းမိသွားသည်။ အပြင်းအထန် ဒဏ်ရာရနေသော ထိုဆင့်ကဲပြောင်းလဲသူမှာ စူးရှသော အော်ဟစ်သံတစ်ချက်သာ ထွက်ပေါ်နိုင်ပြီးနောက် တစ်ကိုယ်လုံးမှာ အသားစိုင်များအဖြစ် ကြေမွသွားတော့သည်။

"တောက်... ဒါ ဘာမိစ္ဆာကြီးလဲ ဒီဆင့်ကဲဇွန်ဘီက အဆင့်ဘယ်လောက်တောင် ရှိနေတာလဲ"

ဆံပင်ဖြူဖြင့် ခေါင်းဆောင်လီသည် မယုံနိုင်စရာကောင်းလောက်အောင် ဧရာမကြီးမားလှသော အားဖန်ကို ကြည့်ရင်း ဒေါသတကြီး ဆဲပြောလိုက်သည်။ အားဖန်၏ နောက်ကွယ်မှနေ၍ မြေလျှိုး ၁ နှင့် မီးလျှံ ၁ တို့မှာလည်း လိုက်ပါလာပြီး ကျန်ရှိနေသူ လေးဦးကို ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။

"မကောင်းတော့ဘူး"

ထိုအချိန်တွင် ခေါင်းဆောင်လီနှင့် ခေါင်းဆောင်ကျန်းတို့၏ မျက်နှာများမှာ ပြာနှမ်းသွားကြသည်။ သူတို့၏ ဦးခေါင်းအထက်မှနေ၍ လေထုကို ခွဲဖြတ်လာသော စူးရှသည့် လေတိုးသံနှင့်အတူ ဧရာမ သံတုတ်ကြီး၏ အရိပ်က ဝှေ့ယမ်းကျဆင်းလာသောကြောင့်ပင်။

"ပြေးကြတော့"

ထောင့်တစ်နေရာတွင် ရှိနေသော ဝမ်လေ့မှာ မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အားလုံး အတူတူ တိုက်ကြစို့ မဟုတ်ရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်"

ခေါင်းဆောင်ကျန်းသည် ခေါင်းဆောင်လီအား လှမ်းအော်ပြောလိုက်ပြီးနောက် သူ၏ အင်အားရှိသမျှကို အသုံးပြုကာ ဘီလူးငယ်တစ်ကောင်အလား အားဖန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

သို့သော် မျှော်လင့်မထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာသည်။ ခေါင်းဆောင်ကျန်း ရှေ့သို့ ပြေးထွက်သွားချိန်မှာပင် ခေါင်းဆောင်လီသည် လျှပ်စီးမြွေအချို့ကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီးနောက် သူ၏ ကိုယ်ဟန်ကို ချက်ချင်းပြောင်းကာ ဆန့်ကျင်ဘက်အရပ်သို့ အသက်လုကာ ထွက်ပြေးတော့သည်။ သူ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးများ ဝန်းရံလျက် မြေတံတိုင်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။

"ခေါင်းဆောင်ကျန်း... ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ သေဆုံးမှုက တန်ဖိုးရှိမှာပါ။ ကျွန်တော် အခြေစိုက်စခန်းကို ပြန်ရောက်တာနဲ့ ဒီအကြောင်းတွေကို သတင်းပို့ပြီး ခင်ဗျားတို့အားလုံးအတွက် လက်စားချေပေးပါ့မယ်"

မြေတံတိုင်းပေါ်မှ ပျောက်ကွယ်မသွားမီ ခေါင်းဆောင်လီသည် ထိုစကားကို ချန်ထားရစ်ခဲ့သည်။

"လီရွှမ်း... မင်း... ခွေးမသား"

ခေါင်းဆောင်လီ၏ သစ္စာဖောက်မှုကြောင့် ဆွံ့အသွားသော ခေါင်းဆောင်ကျန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ဝုန်း...

ထိုအခိုက်အတန့်မှာပင် အားဖန်၏ ဧရာမ သံတုတ်ကြီး ကျဆင်းလာပြီး အာရုံပျံ့လွင့်နေသော ခေါင်းဆောင်ကျန်းကို အသားစိုင်များအဖြစ် ကြိတ်ခြေပစ်လိုက်တော့သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ခေါင်းဆောင်လီ၏ သစ္စာဖောက်မှုနှင့် ခေါင်းဆောင်ကျန်း၏ အသေဆိုးဖြင့် သေဆုံးမှုကို မြင်တွေ့လိုက်ရသော ဝမ်လေ့သည် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီသုံးကောင်မှာ ယခုအခါ သူနှင့် ကျန်ရှိနေသူတစ်ဦးထံသို့ မျက်နှာမူလာကြပြီဖြစ်သည်။

"ခေါင်းဆောင်... မြန်မြန်သွားတော့ ကျွန်တော် တောင့်ခံထားပေးမယ်"

လျိုယန်သည် ဝမ်လေ့အား ပြတ်သားစွာ အော်ပြောလိုက်ပြီးနောက် သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ရှေ့သို့ ပြေးထွက်သွားသည်။ သို့သော် အားဖန်နှင့် မီးလျှံ ၁ ကဲ့သို့သော စတုတ္ထအဆင့် ရုပ်သေးများကို ရင်ဆိုင်ရာတွင် လျိုယန်၏ တိုက်ခိုက်မှုမှာ ဘာမှမထိရောက်ခဲ့ပေ။ သူသည် မီးလျှံ ၁ ၏ မီးလုံးတစ်လုံးတည်းနှင့်ပင် တိုက်ရိုက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ရန်သူကို အချိန်ဆွဲရန်ပင် မတတ်နိုင်ခဲ့ချေ။

"ဒီနေ့ ငါသေရင်တောင် မင်းတို့ဆီက အသားတစ်စတော့ ပါအောင် လုပ်သွားမယ်"

ဝမ်လေ့၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာပြီး အားဖန်နှင့် အခြားရုပ်သေးများကို ဒေါသတကြီး ရင်ဆိုင်လိုက်သည်။ သူသည် သူ၏ သံမဏိခန္ဓာကိုယ်ကို အားပြုကာ အသေခံတိုက်ပွဲဝင်

ရန် အော်ဟစ်လျက် ပြေးဝင်သွားတော့သည်။

ဝုန်း...

စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်လေ့မှာ လွင့်စင်သွားပြီး မြေတံတိုင်းကို အရှိန်ဖြင့် သွားရောက်ရိုက်မိသည်။ သူ၏ ခန္ဓာကိုယ် တဝက်ခန့်မှာ အားဖန်၏ သံတုတ်ဒဏ်ကြောင့် ကြေမွသွားပြီး အသက်ငွေ့ငွေ့မျှသာ ကျန်တော့သည်။ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသော ဝမ်လေ့သည် သူ၏ အသက်ဝိညာဉ် တဖြည်းဖြည်း လွင့်ပါးနေသည်ကို ခံစားနေရသည်။ သူ၏ ရင်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် လက်စားပင် မချေနိုင်သေးမီ...

နောက်တစ်စက္ကန့်တွင်မူ ဧရာမ သံတုတ်ကြီး၏ အရိပ်သည် သူ၏အပေါ်သို့ ပြင်းထန်စွာ ထပ်မံကျဆင်းလာပြန်သည်။

ဝုန်း...

ဝမ်လေ့၏ ခန္ဓာကိုယ်မှာ ထိုနေရာ၌ပင် ပေါက်ကွဲထွက်သွားတော့သည်။

ထို့နောက်တွင် စတုတ္ထအဆင့် ရုပ်သေးသုံးကောင်မှာ မြေတံတိုင်းအတွင်းမှ လမ်းလျှောက်

ထွက်လာကြပြီး ဧရာမဇွန်ဘီ ၁ နှင့် သွားရောက်ပူးပေါင်းလိုက်ကြသည်။ ဧရာမဇွန်ဘီ ၁ ၏ လက်ထဲတွင်မူ ဆံပင်ဖြူနှင့် မီးလောင်ကျွမ်းနေသော အလောင်းတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ အခြားသူမဟုတ်ပေ။ ထွက်ပြေးရန် ကြိုးစားခဲ့သော ခေါင်းဆောင်လီပင်။

All Chapters