အခန်း (၂၂၂)
Vol. 23 Ch. 222
အခန်း။ ၂၂၂
ဧရာမဇွန်ဘီ ၁ ၏ လက်ထဲတွင် ပါလာသော ဆံပင်ဖြူနှင့် အလောင်းမှာ အခြားသူမဟုတ်ပေ။ သူ၏ အသင်းဖော်များကို အသုံးချ၍ အချိန်ဆွဲကာ ထွက်ပြေးရန် ကြိုးစားခဲ့သော ခေါင်းဆောင်လီပင်။
သူသည် အများအကျိုးအတွက် ပြောဆိုနေသယောင်နှင့် အမှန်တကယ်တွင်မူ အသင်းဖော်များကို သစ္စာဖောက်ခဲ့သူဖြစ်သည်။ အသက်ဘေးနှင့် ကြုံလာရချိန်တွင် သူ၏ စက်ဆုပ်ဖွယ် ကောက်ကျစ်သော ဗီဇမှာ အထင်းသား ပေါ်လွင်လာခဲ့သည်။ ဇွန်ဘီအားလုံးသည် သူ၏ အသင်းဖော်များဆီသို့ အာရုံရောက်နေကြပြီဟု သူ ထင်မှတ်ခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချကာ မြေတံတိုင်းကို ကျော်ဖြတ်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူသည် စောစီးစွာပင် အောင်ပွဲခံမိသွားခြင်းပင်။
လုချွမ်း၏ မူလရည်ရွယ်ချက်မှာ ဤကျူးကျော်သူအားလုံးကို တစ်ယောက်မကျန် အမြစ်
ပြတ်ချေမှုန်းရန် ဖြစ်ရာ သူ၏ မျက်စိအောက်မှနေ၍ မည်သူ့ကိုမျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ အားဖန်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် လုချွမ်းသည် တံတိုင်းကို ကျော်ဖြတ်ထွက်ပြေးလာမည့်သူများအား ဖမ်းဆီးရန်အတွက် ဧရာမဇွန်ဘီ ၁ ကို အပြင်ဘက်တွင် အထူးတလည် ကင်းပုန်းဝပ်ခိုင်းထားခဲ့ခြင်းပင်
ဆံပင်ဖြူနှင့် ထိုလူမှာ မြေတံတိုင်းပေါ်မှ ခုန်ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အရှိန်ဖြင့် ပြေးဝင်လာသော ဧရာမဇွန်ဘီ ၁ ၏ ပြင်းထန်လှသော လက်သီးချက်ဖြင့် မြေပြင်ပေါ်သို့ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ သူသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဧရာမဇွန်ဘီ ၁ ၏ ချွန်ထက်လှသော လက်သည်းများက သူ၏ ခန္ဓာကိုယ်ကို မြေပြင်နှင့် တစ်သားတည်းဖြစ်အောင် ထိုးစိုက်ပစ်လိုက်သဖြင့် ဧကန်မုချ သေဆုံးသွားခဲ့ရရှာသည်။
ဧရာမဇွန်ဘီ ၁ သည် သူ၏လက်ကို ခါထုတ်လိုက်ရာ ဆံပင်ဖြူနှင့် အလောင်းမှာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။
ယခုအခါ ခြံဝင်းကို ရန်ပြုရန် ကြံစည်ခဲ့သော လူသားဆင့်ကဲပြောင်းလဲသူများ အားလုံးမှာ သွေးဆာနွယ်ပင်တံတိုင်းနှင့် လုချွမ်း၏ ဇွန်ဘီရုပ်သေးများ၏ ပူးပေါင်းတိုက်စစ်အောက်တွင် လုံးဝဥဿုံ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီဖြစ်သည်။
"တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် သေမင်းကို လာဖိတ်ခေါ်တဲ့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်ကြတော့ ငါ့ကိုလာပြီး စိန်ခေါ်ရဲတဲ့ ရလဒ်က ဒါပဲ"
မြေပြင်ပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများ၏ အလောင်းများကို ကြည့်ကာ လုချွမ်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ သူသည် လူသားများကို စတင်ရန်ပြုလိုစိတ် မည်သည့်အခါကမျှ မရှိခဲ့ပေ။ အကောင်းဆုံးမှာ နှစ်ဖက်စလုံး တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်ဘဲ ငြိမ်းချမ်းစွာ နေထိုင်ကြရန်သာ။
သို့သော်လည်း လူသားများက သူ့နောက်ကို လိုက်လံရန်ပြုရန် ကြံစည်လာပါက သူသည် အနည်းငယ်မျှ တွန့်ဆုတ်နေမည်မဟုတ်ဘဲ မည်သည့်ခြိမ်းခြောက်မှုကိုမဆို အမြစ်ပြတ်ချေမှုန်းပစ်မည်ဖြစ်သည်။
အမှန်စင်စစ် သူ့ကိုသတ်ရန် လာသူများအပေါ်တွင် သူက ဘယ်လိုလုပ် လျှော့ပေးနိုင်မှာလဲ။ သူ၏ ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းမှာ လူသားများလက်ထဲ ရောက်သွားပါက ရလဒ်မှာ သေခြင်းတရား သို့မဟုတ် သံကူတိုင်များကြားတွင် ထာဝရပိတ်လှောင်ခံရပြီး အဆုံးမရှိသော သုတေသနပြုချက်များကို ခံယူရခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤလူသားများသည် ညဘက်တွင် ခြံဝင်းကို လာရောက်စီးနင်းရဲသည်ဆိုကတည်းက သူတို့၏ အသက်များကို ဤနေရာတွင် စတေးခဲ့ရန် ပြင်ဆင်ထားသင့်သည်။
ခြံဝင်းအတွင်း၌မူ ကျိရုရွှယ်သည် သတိပြန်ဝင်လာပြီး ကုတင်ပေါ်မှ ဆင်းကာ အပြင်ဘက်သို့ အမြန်ပြေးထွက်ခဲ့သည်။ သူမ၏ ဖခင်ဖြစ်သူက ကျန်ရှိနေသော ဆင့်ကဲပြောင်းလဲသူများကို အပြတ်ရှင်းလိုက်သည်ကို မြင်တွေ့ခဲ့ပြီးဖြစ်၍ စိတ်လှုပ်ရှားနေခြင်းပင်။
ထိုအချိန်တွင် အပြင်ဘက်၌ တိတ်ဆိတ်သွားသည်ကို သတိပြုမိသော ကျောက်လင်းသည် တိုက်ပွဲပြီးဆုံးသွားပြီဟု ခန့်မှန်းကာ ကျိရုရွှယ်အား ချက်ချင်းမေးလိုက်သည်။
"ချီချီလေး... အပြင်မှာ အသံတွေ တိတ်သွားပြီ။ နင့်အဖေ နိုင်သွားပြီလား"
အစောပိုင်းက ကျောက်လင်းသည် အပြင်ဘက်မှ တိုက်ပွဲသံများကို အာရုံစိုက်နားထောင်နေခဲ့ခြင်းဖြစ်သည်။ လူသားများ၏ အဆက်မပြတ် အော်ဟစ်သံများကို ကြားခဲ့ရ၍ ဇွန်ဘီဘုရင် အောင်ပွဲခံလိုက်ပြီဟု သူမ ခန့်မှန်းမိပြီးသားပင်။
"ဒါပေါ့... ဖေဖေ နိုင်တာပေါ့။ ဖေဖေက အတော်ဆုံးပဲ"
ကျိရုရွှယ်က ဂုဏ်ယူဝင့်ကြွစွာဖြင့် ပြုံးလျက် ဖြေကြားလိုက်သည်။
ထိုစကားကို ကြားရသောအခါ ကျောက်လင်းသည် မသိစိတ်ဖြင့် သက်ပြင်းချကာ စိတ်အေးသွားမိသည်။
ဇွန်ဘီဘုရင် နိုင်သွားတာပဲ... ကောင်းတာပေါ့ ကောင်းတာပေါ့...
သို့သော်လည်း မကြာမီမှာပင် ကျောက်လင်း၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။ သူမ၏ သဘောထားမှာ... တစ်ခုခု မှားနေသလိုပင်။ ဇွန်ဘီဘုရင် နိုင်သွားသည်ဆိုသည်မှာ အပြင်ဘက်ရှိ လူသားများအားလုံး သေဆုံးကုန်ပြီဟု ဆိုလိုခြင်းပင်။ သူမသည် လူသားတစ်ဦး ဖြစ်ပါလျက် ဘာကြောင့် ဇွန်ဘီဘုရင်အတွက် ဝမ်းသာနေမိတာလဲ။
ငါ စိတ်များ ဖောက်ပြန်နေပြီလား။
ကျောက်လင်းသည် သူကိုယ်ကိုယ် အသည်းအသန် ဆင်ခြေပေးနေမိသည်။
မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီလို မဟုတ်ပါဘူး။ ငါက ဇွန်ဘီဘုရင် အနိုင်ရသွားလို့ ဝမ်းသာနေတာ မဟုတ်ပါဘူး။
တကယ်တော့ ဇွန်ဘီဘုရင်သာ ဆင့်ကဲပြောင်းလဲသူတွေလက်ချက်နဲ့ သေဆုံးသွားခဲ့ရင် ချီချီလေးကို စောင့်ရှောက်မယ့်သူ မရှိတော့မှာကို စိုးရိမ်လို့ပါ။ ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ် ချီချီလေးက အရမ်းငယ်သေးတာ။ အားကိုးစရာ ဇွန်ဘီဘုရင်သာ မရှိရင် သူမ ဘယ်လိုများ အသက်ဆက်ရှင်နိုင်မှာလဲ။
ဤသို့ဖြင့် သူကိုယ်ကိုယ် ပြန်လည် ဆွဲဆောင်စည်းရုံးလိုက်ပြီးနောက်တွင်မှ ကျောက်လင်း၏ စိတ်ထဲတွင် အတန်ငယ် သက်သာရာ ရသွားတော့သည်။ ထိုအချိန်တွင် ကျိရုရွှယ်သည် ကျောက်လင်းအား အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေမိသည်။
ဒီအမျိုးသမီးက ဘာတွေတွေးနေလို့ မျက်နှာအမူအရာတွေက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြောင်းလဲနေရတာလဲ။
"ချီချီလေး... နင့်အဖေကို နောက်ပိုင်းမှာ ပိုသတိထားဖို့ ပြောလိုက်ဦးနော်။ အခု လူသားဆင့်ကဲပြောင်းလဲသူတွေ အကုန်လုံး အသတ်ခံလိုက်ရတာကို အခြေစိုက်စခန်းက သတိမထားမိဘဲ နေမှာမဟုတ်ဘူး။ သူတို့က နောက်တစ်ခါကျရင် ဒီထက်ပိုပြီး အစွမ်းထက်တဲ့ စစ်အင်အားတွေကို စေလွှတ်လာနိုင်တယ်။ ဒါကြောင့် ငါတို့တွေ အရမ်းနိုးနိုးကြားကြား ရှိနေဖို့ လိုတယ်"
ကျောက်လင်းသည် သတိပြန်ဝင်လာပြီး ချီချီလေး၏ အကြည့်ကို သတိပြုမိသော်လည်း ဂရုမစိုက်အားပေ။ သူမသည် ဇွန်ဘီဘုရင်အတွက် သတိပေးချက်တစ်ခုအဖြစ် သူမ၏ စိုးရိမ်ပူပန်မှုများကို အလျင်အမြန် ထုတ်ဖော်ပြောလိုက်သည်။
"ဟုတ်ကဲ့... သမီး ဖေဖေ့ကို ပြောလိုက်ပါ့မယ်"
ကျိရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ အမှန်စင်စစ် ကျောက်လင်း၏ သတိပေးချက် မရှိလျှင်ပင် သူမနှင့် သူမ၏ ဖခင်မှာ အခြေအနေ၏ လေးနက်မှုကို ကောင်းကောင်း နားလည်ထားပြီးသားပင်။ လူသားဆင့်ကဲပြောင်းလဲသူများ အားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရခြင်းမှာ လူသားအခြေစိုက်စခန်း၏ အလေးအနက် အာရုံစိုက်မှုကို ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျန်းနန်မြို့ပြခရိုင်ဆီသို့ စေလွှတ်သမျှ ဆင့်ကဲပြောင်းလဲသူများ တစ်ယောက်မှ ပြန်မလာဘဲ ပြဿနာများ အကြိမ်ကြိမ် ဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာတွင် ပုံမှန်မဟုတ်သော တစ်ခုခု ရှိနေသည်ကို ငတုံးတစ်ယောက်ပင်လျှင် ခန့်မှန်းမိနိုင်သည်။
ခြံဝင်းအပြင်ဘက်တွင် ပျက်စီးယိုယွင်းနေသော ရှုခင်းနှင့် ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရှုရင်း လုချွမ်းသည် ဧရိယာအား ရှင်းလင်းရန် ဇွန်ဘီရုပ်သေးများကို စတင်စေခိုင်းလိုက်သည်။
မြေလျှိုး ၁ တည်ဆောက်ခဲ့သော မြင့်မားသည့် မြေတံတိုင်းများကိုလည်း ၎င်းကိုယ်တိုင်ပင် ပြန်လည်ဖြိုဖျက်လိုက်သည်။ ၎င်း၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဝါကျင့်ကျင့်ဝိညာဉ်အလင်းများ တောက်ပေနေသော တံတိုင်းမှာ ဖုန်မှုန့်များအဖြစ် ကြေမွသွားပြီး မြေပြင်အတွင်းသို့ စီးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
မြေပြင်ပေါ်တွင်မူ ကြောက်မက်ဖွယ်ကောင်းအောင် စုတ်ပြတ်နေသော အလောင်းများနှင့် အကြွင်းအကျန်များသာ ကျန်ရစ်ခဲ့ပြီး သွေးနံ့အပုပ်နံ့များဖြင့် နီရဲကာ ပျို့အန်ချင်စရာကောင်းလှသည်။
မကြာမီမှာပင် ကိရိယာတန်ဆာပလာများ ကိုင်ဆောင်ထားသော ဇွန်ဘီရုပ်သေးများ ရောက်ရှိလာပြီး ပြန့်ကျဲနေသော အကြွင်းအကျန်များကို ဝါးခြင်းတောင်းများထဲသို့ ကောက်ထည့်ကြတော့သည်။ ထို့နောက် သွေးစွန်းနေသော ရွှံ့နွံများနှင့် လူရုပ်မပေါ်တော့သည့် ခန္ဓာကိုယ်များကို သွေးဆာနွယ်ပင်တံတိုင်းဆီသို့ ကျုံးထည့်လိုက်ကြသည်။ ဤသည်တို့မှာ ဆင့်ကဲပြောင်းလဲသူများ၏ အသားနှင့် သွေးများဖြစ်ရာ အလဟဿ အဖြစ်မခံနိုင်ပေ။
အကြွင်းအကျန်များက နွယ်ပင်များနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သွေးဆာနွယ်ပင်များမှာ လှုပ်ရှားလာသည်။ တံတိုင်းပေါ်ရှိ သွေးရောင်နွယ်ပင် အမြောက်အမြားသည် ထိုအသားစိုင်များဆီသို့ တိုးဝင်ကာ ပတ်ချာလည် ဝိုင်းရံပစ်လိုက်ကြသည်။ ချွန်ထက်လှသော နွယ်ပင်ထိပ်ဖျားများသည် အသားစိုင်များထဲသို့ အရှိန်ဖြင့် ထိုးဖောက်ဝင်ရောက်ကာ သူတို့၏ ကြီးထွားမှုနှင့် ဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်သော အာဟာရများကို စုပ်ယူဝါးမြိုတော့သည်။
ယခုအချိန်တွင် နွယ်ပင်တံတိုင်းကြီးမှာ အစာစားနေသော မြွေအုပ်ကြီး၏ အသိုက်အအုံတစ်ခုအလား မြင်ရသူတိုင်းကို ကြက်သီးထစေလောက်သည့် မြင်ကွင်းဖြစ်နေတော့သည်။ ဆင့်ကဲပြောင်းလဲသူများ၏ အသားထဲတွင်ပါသော ကြွယ်ဝလှသည့် စွမ်းအင်များသည် နွယ်ပင်များအတွက် အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။
သို့သော်လည်း ထိုအချိန်တွင် သွေးဆာနွယ်ပင်၏ အမြင်အာရုံမှတစ်ဆင့် စောင့်ကြည့်နေသော ကျိရုရွှယ်သည် ထူးခြားချက်တစ်ခုကို သတိပြုမိသွားသည်။ ရင်ဘတ်ကြေမွနေပြီး လူရုပ်ပင် မပေါ်တော့သည့် အလောင်းတစ်ခုကို နွယ်ပင်များက လုံးဝမထိတွေ့ဘဲ ချန်ထားခဲ့ခြင်းပင်။
၎င်းမှာ အသားစိုင်တစ်ခု မဟုတ်ဘဲ အခြားအရာတစ်ခုခု ဖြစ်နေသကဲ့သို့ပင်။
"ဒါ... ဒါ ဘာဖြစ်တာလဲ သူတို့က ဘာလို့ ဒီအလောင်းကို မစားကြတာလဲ"
ကျိရုရွှယ်သည် သံသယများဖြင့် ပြည့်နှက်သွားကာ ထိုအလောင်းကို အနီးကပ် သေချာစစ်ဆေးလိုက်သည်။ သွေးဆာနွယ်ပင်များ၏ အသားအပေါ် လောဘဇောမှာ အတောမသတ်နိုင်လှရာ အသားနံ့ရသည်နှင့် တိုက်ခိုက်ဝါးမြိုမည်မှာ သေချာသည်။ သို့သော်လည်း ယခုအခါတွင်မူ ဤအလောင်းကို ဝါးမြိုရန် နွယ်ပင်များ၌ စိတ်ဝင်စားမှု လုံးဝမရှိကြောင်း သူမ အာရုံခံမိနေသည်။
"ဒါဆိုရင်... ဒီခန္ဓာကိုယ်က အသားနဲ့ လုပ်ထားတာ မဟုတ်ဘူးလို့ ဆိုလိုတာလား..."
ရုတ်တရက် ကျိရုရွှယ်သည် တစ်ခုခုကို တွေးမိသွားပြီး သူမ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ မျက်နှာမှာ ခက်ထန်သွားတော့သည်။ သူမ၏ အကြည့်များသည် ဓားတစ်စင်းအလား စူးရှသွားပြီး ထိုအလောင်းကို စိုက်ကြည့်နေမိသည်။
လွတ်မြောက်သွားတဲ့သူ တစ်ယောက်ယောက် ရှိနေသေးတာလား။