အခန်း (၂၂၄)
Vol. 23 Ch. 224
အခန်း။ ၂၂၄
အခန်းအတွင်း၌ ထိုင်နေသော လုချွမ်းသည် သူ၏အသိစိတ်များ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သက်ပြင်းရှည်တစ်ချက်ကို လေးပင်စွာ ချလိုက်မိသည်။
"နောက်ဆုံးတော့ ဒီပြဿနာကို ရှင်းနိုင်ခဲ့ပြီ"
ပျံသန်းနိုင်စွမ်းရှိသော ဆင့်ကဲပြောင်းလဲသူများ ပါဝင်နေကြောင်း ချီချီလေးထံမှ သိရကတည်းက ခြံဝင်း၏သတင်းများ ပေါက်ကြားသွားပြီး ဒုက္ခကြီးစွာ ရောက်ရမည်ကို သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လူသားများဘက်မှ ဤမျှအလျင်အမြန် တုံ့ပြန်လာပြီး ထိုညမှာပင် စီးနင်းတိုက်ခိုက်လာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ယခုအခါ ကျူးကျော်လာသူအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီဖြစ်၍ လုချွမ်းအနေဖြင့် အတန်ငယ် စိတ်သက်သာရာရသွားပြီဖြစ်သည်။ အချိန်တိုအတွင်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လာမည့်အရေးကို စိုးရိမ်ရန် မလိုတော့ဟု သူယူဆမိသည်။
သို့သော်လည်း လွတ်မြောက်သွားသော အစအနတစ်ခု ရှိနေသည်ကိုမူ လုချွမ်း သတိမပြုမိခဲ့ပေ။ သူ၏အမြင်အရ ထိုလူအားလုံးမှာ ဧကန်မုချ သေဆုံးသွားခဲ့ပြီဖြစ်ရာ သေလူများ ပြန်လည်ရှင်သန်လာရန်မှာ မဖြစ်နိုင်ဘူးဟုသာ သူယုံကြည်ထားသည်။
မည်သို့ပင်ဆိုစေကာမူ လူသားဆင့်ကဲပြောင်းလဲသူများ၏ ယခုတစ်ကြိမ် ရုတ်တရက်တိုက်ခိုက်မှုက လုချွမ်းအတွက် သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်ခဲ့သည်။ ကျူးကျော်သူများသည် အရေအတွက် များပြားရုံသာမက တိုက်ပွဲဝင်ပုံမှာလည်း စနစ်တကျရှိလှသဖြင့် သူတို့၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ သူသည် လူသားတို့၏ တရားဝင်အခြေစိုက်စခန်း၏ အာရုံစိုက်မှုကို ခံနေရပြီဖြစ်ကြောင်း ကောင်းစွာသဘောပေါက်လိုက်သည်။
ငါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်က ဘယ်လောက်အထိ ပေါက်ကြားသွားပြီလဲ။ လူသားတွေ ငါ့အကြောင်းကို ဘယ်လောက်အထိ နားလည်ထားကြတာလဲ။
မကြာမီမှာပင် လုချွမ်း၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။ လူသားအခြေစိုက်စခန်းအနေဖြင့် ဤကိစ္စကို ဤမျှနှင့် အဆုံးသတ်မည်မဟုတ်ကြောင်း ခန့်မှန်းရသည်မှာ မခက်ခဲလှပေ။
လူသားတို့၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုမှာ ယခုထက် များစွာ ပိုမိုပြင်းထန်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်သည်။
ဤကိစ္စနှင့် ပတ်သက်၍ လုချွမ်းတွင် ထူးခြားသော ဖြေရှင်းနည်း မရှိသေးပေ။ အကယ်၍ သူသည် အဘက်ဘက်မှ ပြည့်စုံလွန်းသော ဤခြံဝင်းကို စွန့်ခွာရန် ဆန္ဒမရှိပါက လူသားတို့၏ ကျူးကျော်မှုများကို အစွမ်းကုန် ခုခံကာကွယ်သွားရန်သာ ရှိတော့သည်။ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ပြနိုင်လျှင် လူသားတို့ဘက်မှ ခက်ခဲလွန်းသည်ဟု ယူဆကာ နောက်ဆုတ်သွားကြပေလိမ့်မည်။
လောလောဆယ်တွင် သူ၏ လက်အောက်၌ စတုတ္ထအဆင့်ရုပ်သေးဇွန်ဘီ လေးကောင် ရှိနေပြီဖြစ်သည်။ သားရဲတိရစ္ဆာန်များကို ဆက်လက်အမဲလိုက်ပြီး သာမန်ဇွန်ဘီများကို မွေးမြူခြင်းဖြင့် စတုတ္ထအဆင့် ရုပ်သေးအရေအတွက်မှာ ပိုမိုတိုးပွားလာမည်ဖြစ်သည်။ အချိန်
လုံလောက်စွာ ရမည်ဆိုပါက လူသားတို့ဘက်မှ ဆင့်ကဲပြောင်းလဲသူ မည်မျှပင် စေလွှတ်ပါစေ ခုခံနိုင်စွမ်းရှိမည်ဟု သူ ယုံကြည်ချက်ရှိနေသည်။
သို့သော်လည်း လုချွမ်းသည် ပြီးခဲ့သည့် ကာလများကို ပြန်လည်သုံးသပ်ကြည့်ရာတွင် သူ၏ အားနည်းချက်အချို့ကို သတိပြုမိသွားသည်။ သူသည် ရုပ်သေးများ အဆင့်တက်ရန်အတွက် သားရဲများကို အမဲလိုက်သည့်ဘက်တွင်သာ အာရုံစိုက်နေမိသဖြင့် ခြံဝင်း၏ လုံခြုံရေးပိုင်းကို အနည်းငယ် ပေါ့ဆခဲ့မိသည်။ ထို့ကြောင့် လူသားတို့အနေဖြင့် အခွင့်ကောင်းယူကာ စီးနင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
နောင်တွင် ခြံဝင်း၏ ကာကွယ်ရေးစနစ်ကို ပိုမိုဂရုစိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ကာကွယ်ရေးအကြောင်း စဉ်းစားလိုက်သည်နှင့် သွေးဆာနွယ်ပင်ကို ချက်ချင်း သတိရမိသည်။ ယနေ့ည တိုက်ပွဲတွင် နွယ်ပင်များ၏ စွမ်းဆောင်ရည်မှာ သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်ခဲ့သည်။ ကြိုတင်သတိပေးရုံသာမက ရန်သူ၏ ထိုးဖောက်မှုကို ပိတ်ဆို့ကာ အဖွဲ့ဝင် ၅ ဦးအထိ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်မြင်မှုပင်။ ခြံဝင်း၏ ပတ်လည်ခံစစ်အတွက် သွေးဆာနွယ်ပင်ကို ရွေးချယ်ခဲ့ခြင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။
"ဖေဖေ... အပြင်မှာ ဘာတွေဖြစ်နေတာလဲ ရန်ဖြစ်နေကြတာလား ဆူညံနေတာပဲ"
ထိုအချိန်တွင် ကျိရုရွှယ်သည် အိပ်ခန်းထဲမှ ထွက်လာပြီး ဘာမှမသိနားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ချီချီလေးကို မြင်လိုက်ရသည်နှင့် လုချွမ်း၏ တင်းမာနေသော မျက်နှာမှာ ချက်ချင်းပင် ပြုံးရွှင်သွားတော့သည်။ သူသည် စားပွဲပေါ်ရှိ စက္ကူကိုယူကာ "အပြင်မှာ လူဆိုးတွေ ရောက်နေလို့ပါ။ ဒါပေမဲ့ မကြောက်နဲ့နော်... ဖေဖေ သမီးကို ကာကွယ်ပေးမှာပါ" ဟု ရေးသား၍ ပြလိုက်သည်။
"လူဆိုးတွေလား... သူတို့ကို ဖေဖေ မောင်းထုတ်လိုက်ပြီလား"
ကျိရုရွှယ်သည် အလွန်အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီးနောက် စိုးရိမ်ပူပန်သော အမူအရာဖြင့် ထပ်မံမေးမြန်းလိုက်သည်။
လုချွမ်းသည် နွေးထွေးစွာ ပြုံးပြလျက် ခေါင်းညိတ်ပြလိုက်သည်။ အမှန်စင်စစ် သူသည် ထိုလူဆိုးများကို မောင်းထုတ်ခဲ့ခြင်း မဟုတ်ဘဲ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချီချီလေးကဲ့သို့ ကလေးငယ်တစ်ဦးရှေ့တွင် ဤမျှ ရက်စက်ကြမ်းကြုတ်သည့် ကိစ္စရပ်များကို ပြောပြရန်မှာ မသင့်လျော်လှပေ။ ထို့ကြောင့် ကလေးငယ်က မောင်းထုတ်လိုက်သည်ဟု ယူဆလျှင်လည်း ထိုအတိုင်းသာ ဖြစ်ပါစေတော့ဟု သူ သဘောထားလိုက်သည်။
"ဖေဖေက တကယ့်ကို အတော်ဆုံးပဲ သမီးကြီးလာရင် ဖေဖေနဲ့အတူ လူဆိုးတွေကို ဝိုင်းတိုက်ပေးမယ်နော်"
ကျိရုရွှယ်သည် သူမ၏ လက်ကလေးကို မြှောက်ကာ ချိုသာစွာ ပြောလိုက်သည်။ ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦးက သူ၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းပိုးပေးရန် တွေးတောနေခြင်းအပေါ် လုချွမ်း အလွန်ပင် ကျေနပ်ပီတိဖြစ်ရသည်။ သူ၏ ရင်သွေးလေးသည် အရွယ်နှင့်မမျှအောင် သိတတ်လိမ္မာစွာ ကြီးပြင်းလာသည်ဟု ခံစားရပြီး ချီချီလေးကို အနည်းငယ်မျှ အထိခိုက်မခံစေရဟုလည်း သူ၏ စိတ်ထဲတွင် ခိုင်မာစွာ ကတိသစ္စာပြုလိုက်မိသည်။
ညဉ့်နက်နေပြီဖြစ်သော်လည်း ချီချီလေးမှာ ဆော့ကစား၍ ကောင်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ လုချွမ်းက စာရွက်ပေါ်တွင် အမြန်ရေးသားလိုက်သည်။
"ချီချီလေး... ညဉ့်နက်နေပြီ လိမ္မာတဲ့ ကလေးလေးက အိပ်ရာဝင်တော့နော်"
ထိုစာတိုလေးကို ကျိရုရွှယ်အား ကမ်းပေးလိုက်ရာ သူမကလည်း
"ဟုတ်ကဲ့ပါ ဖေဖေ" ဟု လိမ္မာပါးနပ်စွာ ပြန်လည်ဖြေကြားပြီးနောက် အိပ်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ညဘက်တွင် အပူချိန်မှာ တဖြည်းဖြည်း ကျဆင်းလာပြီး မြေပြင်ပေါ်တွင် ပါးလွှာသော မြူခိုးများ ထွက်ပေါ်လာကာ ကစားကွင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ဝါဂွမ်းကဲ့သို့ ဖြူလွှလွှ မြူစိုင်များသည် ကျောက်လင်း၏ ပါးပြင်ကို လာရောက်ထိတွေ့နေသဖြင့် သူမ၏ မျက်တောင်များမှာ မသိမသာ တုန်ခါနေမိသည်။
မျက်နှာပေါ်တွင် အေးစက်စက် အထိအတွေ့ကို ခံစားနေရသော်လည်း ကျောက်လင်းသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေရင်း မှောင်မည်းနေသော ကောင်းကင်ယံကိုသာ ငေးကြည့်နေမိသည်။ သူမ လုံးဝ အိပ်မပျော်နိုင်သေးပေ။ လွန်ခဲ့သော မိနစ်ပိုင်းကပင် ကီလိုမီတာ အနည်းငယ်အကွာ၌ လူသားဆင့်ကဲပြောင်းလဲသူ အမြောက်အမြား အသေဆိုးဖြင့် သေဆုံးသွားခဲ့ရသည်ကို ပြန်လည်စဉ်းစားမိရင်း သူမ၏ စိတ်ထဲတွင် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။
ငါ ဘယ်ကို ဆက်သွားသင့်သလဲ။
သူမသာ ချီချီလေးကို ကာကွယ်ပေးပြီး လူသားတွေ ခြံဝင်းထဲ ကျူးကျော်မလာအောင် တားဆီးမယ်ဆိုရင် ဒါဟာ ဇွန်ဘီဘုရင် ဘက်က ရပ်တည်ပေးရာ ရောက်နေသည်။ သို့သော် သူမသည် နောက်ဆုံးတွင် သုမကလည်း လူသားတစ်ဦးသာ ဖြစ်သည်။
နောင်တစ်ချိန်တွင် လူသားများနှင့် ဇွန်ဘီဘုရင်တို့အကြား ပဋိပက္ခများစွာ ဖြစ်ပေါ်လာဦးမည်မှာ မြင်သာလှသည်။ ဇွန်ဘီဘုရင်ဘက်မှ ရပ်တည်ခြင်းသည် တစ်လောကလုံးရှိ လူသားများနှင့် ရန်သူဖြစ်ရခြင်းဟု ဆိုလိုရာ ၎င်းကို သူမ မလုပ်ချင်ပေ။ လူသားတစ်ဦးအနေဖြင့် လူသားမျိုးနွယ်အပေါ် သံယောဇဉ်ရှိနေသည်မှာ သဘာဝပင်။ ဇွန်ဘီဘုရင်က လူသားများကို သတ်ဖြတ်နေသည်ကို မြင်တွေ့ရခြင်းမှာ သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း ဇွန်ဘီဘုရင်သာ လူသားများလက်ချက်ဖြင့် အရေးနိမ့်ခြင်း၊ အသတ်ခံရခြင်း သို့မဟုတ် အဖမ်းခံရခြင်း ဖြစ်သွားခဲ့ပါက ချီချီလေးမှာ ဘယ်လိုဖြစ်သွားမလဲ။
ဇွန်ဘီဘုရင်နှင့် အလွန်နီးစပ်ပြီး ဖေဖေဟုပင် ခေါ်ဆိုနေသော လူသားကလေးငယ်တစ်ဦးကို လူသားတို့က သံသယမျက်လုံးများဖြင့်သာ ကြည့်ကြမည်ဖြစ်ပြီး ချီချီလေး၏ ကံကြမ္မာမှာလည်း အလွန်ပင် ရင်နာစရာ ကောင်းပေလိမ့်မည်။
"ကံကောင်းတာက ဇွန်ဘီဘုရင်က လူသားတစ်ယောက်လို အသိစိတ်ရှိတဲ့ ဇွန်ဘီ ဖြစ်နေတာပဲ"
ကျောက်လင်းသည် သက်ပြင်းချရင်း သူမကိုယ်သူမ ပြန်လည်နှစ်သိမ့်မိသည်။ ဇွန်ဘီဘုရင်တွင် လူသားအသိစိတ် ရှိနေခြင်းကြောင့်သာ ချီချီလေးက သူ့ကို ဖခင်အဖြစ် သတ်မှတ်နေခြင်းဖြစ်ပြီး ထိုအချက်ကြောင့်ပင် သူမက ချီချီလေးဘက်မှ ရပ်တည်ပေးနေခြင်းဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှလွဲ၍ ဤဇွန်ဘီဘုရင်မှာ လူသားများနှင့် မခြားနားလှပေ။ သူသည် အခြားဇွန်ဘီများကဲ့သို့ သွေးဆာနေခြင်းမျိုး မရှိသလို၊ လတ်ဆတ်သော လူသားအသားများကို မြင်လျှင်ပင် မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မပြသပေ။ သူသည် ချီချီလေးကို ကျွေးမွေးစောင့်ရှောက်နိုင်ရုံတင်မကဘဲ သည်းခံခွင့်လွှတ်ပေးနိုင်သည်ဆိုပါက သင့်တော်သော အခြေအနေများအောက်တွင် အခြားလူသားများကိုလည်း သည်းခံနိုင်လိမ့်မည်ဟု သူမ ယူဆမိသည်။
ဤသို့ တွေးမိသည်နှင့် ကျောက်လင်း၏ မျက်ဝန်းများမှာ တောက်ပလာပြီး ဝေဝါးနေသော အကြည့်များမှာ တဖြည်းဖြည်း ခိုင်မာလာတော့သည်။ ဇွန်ဘီဘုရင်မှာ သီးသန့်နေလိုပုံရပြီး လူသားများက သူ့ကို လာရောက်မနှောင့်ယှက်သရွေ့ သူကလည်း လူသားများကို တိုက်ခိုက်မည်မဟုတ်ပေ။
အကယ်၍ သူမသာ လူသားတွေ ဇွန်ဘီဘုရင်ကို ရန်မစအောင် တားဆီးပေးနိုင်ပြီး ရန်မစရင် သူကလည်း ပြန်မတိုက်ဘူးဆိုတာကို လူသားတွေ နားလည်အောင် လုပ်ပေးနိုင်ခဲ့မယ်ဆိုရင်... ဇွန်ဘီနဲ့ လူသားတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ဖြစ်နိုင်မလား။
ခက်ခဲလိမ့်မည်မှာ မှန်သော်လည်း ချီချီလေးနှင့် လူသားမျိုးနွယ်စုအတွက် ကျောက်လင်းအနေဖြင့် ဤအစီအစဉ် အောင်မြင်နိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။