အခန်း (၂၂၈)
Vol. 23 Ch. 228
အခန်း။ ၂၂၈
"ဖေဖေနဲ့ စကားပြောချင်တာလား"
ဗိုက်အလွန်ဝသွားသဖြင့် အနည်းငယ် နောင်တရနေသော ကျိရုရွှယ်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွံ့အသွားရသည်။ သူမ၏ ရင်ထဲတွင်လည်း သံသယများ တိုးပွားလာတော့သည်။
ဒီမိန်းမ ဘာလုပ်ချင်နေတာလဲ။ ငါ့ဖေဖေနဲ့ သူက ဘာများ ပြောစရာ ရှိလို့လဲ။
ကျိရုရွှယ် ဤသို့ တွေးမိသည်မှာလည်း မဆန်းပေ။ သူမ၏ ဖခင်မှာ ဇွန်ဘီတစ်ကောင်ဖြစ်သလို ဇွန်ဘီဘုရင်တစ်ပါးလည်း ဖြစ်သည်။ ကျောက်လင်းမှာမူ လွတ်လပ်ခွင့် အနည်းငယ် ရရုံသာရှိသေးသည့် အကျဉ်းသားတစ်ဦးမျှသာ။
ထိုနှစ်ဦးကြားတွင် မည်သည့်အကြောင်းအရာက ဆွေးနွေးစရာ ဖြစ်နိုင်မှာလဲ။
ဤမိန်းမသည် လွတ်လပ်ခွင့်ရသွားသည်နှင့်တစ်ပြိုင်နက် မဖြစ်နိုင်သော တောင်းဆိုမှုများ လုပ်ရန် ကြံစည်နေတာလား။
ချီချီလေးထံမှ တုံ့ပြန်မှုမရသဖြင့် ကျောက်လင်းမှာ စိုးရိမ်လာမိသည်။ သူမ၏ တောင်းဆိုချက်မှာ ရုတ်တရက်ဆန်ပြီး ထူးဆန်းနေမှန်း သူမကိုယ်တိုင်လည်း သိသည်။ သို့သော် သူမ၏ ယုံကြည်ချက်အတွက်ကြောင့်သာ ထပ်မံ၍ တောင်းဆိုလိုက်ရသည်။
"ချီချီလေး... ရမလားဟင် ဖေဖေ့ကို တစ်ချက်လောက် ပြောပေးပါဦး။ ခဏလေး စကားပြောရုံတင်ပါပဲ"
ကျောက်လင်း သိထားသည်မှာ သူမကိုယ်တိုင် ဇွန်ဘီဘုရင်ထံ တိုက်ရိုက်သွားပါက သူက သူမကို လျစ်လျူရှုမည်ဖြစ်ပြီး ပြဿနာရှာသည်ဟု ယူဆကာ ပြန်လည်ပိတ်လှောင်ခြင်းပင် ခံရနိုင်သည်။ ထို့ကြောင့် ချီချီလေးတစ်ဦးတည်းသာ သူမ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်သည်။
"ကောင်းပြီလေ ဒါပေမဲ့ ဖေဖေ စိတ်ဆိုးမယ့်စကားမျိုးတော့ လုံးဝမပြောနဲ့နော်"
ကျိရုရွှယ်က ခေါင်းညိတ်သဘောတူလိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူမကိုယ်တိုင်လည်း သိချင်နေမိသည်။ သို့သော်လည်း ကျောက်လင်းအား ကြိုတင်သတိပေးရန် သူမ မမေ့လျော့ခဲ့ပေ။ ယခင်က ကျန်းနန်မြို့ပြခရိုင်တွင် ဖြစ်ပွားခဲ့သော ကိစ္စများကြောင့် ဖခင်ဖြစ်သူသည် ကျောက်လင်းအပေါ် အလွန်အမြင်မကြည် ဖြစ်နေသည်မဟုတ်ပါလား။ အကယ်၍ ကျောက်လင်းက ဖခင်ကို ဒေါသထွက်အောင် လုပ်မိပါက သူမကိုယ်တိုင် တောင်းပန်ပေးလျှင်ပင် ရမည်မဟုတ်ပေ။
ထို့နောက် ကျိရုရွှယ်သည် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ အကင်စင်ကို သိမ်းဆည်းနေသော လုချွမ်းထံသို့ သွားလိုက်သည်။ သူမသည် လုချွမ်း၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ဖေဖေ... ကျောက်လင်းက ဖေဖေနဲ့ စကားပြောချင်လို့တဲ့။ ခဏလောက် နားထောင်ပေးလို့ ရမလားဟင်"
ကျောက်လင်းက ငါနဲ့ စကားပြောချင်တာလား။
ချီချီလေး၏ စကားကို ကြားလိုက်ရချိန်မှာ လုချွမ်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။ သူသည် ကျောက်လင်းရှိရာသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ ကျောက်လင်းကလည်း လုချွမ်း၏ အကြည့်ကို သတိထားမိပြီး ချက်ချင်းပင် အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
ဒီအူကြောင်ကြောင် မိန်းမ... ဘာတွေများ ကြံစည်နေတာလဲ မသိဘူး။
လုချွမ်းသည် အကြည့်ကို ပြန်လွှဲလိုက်ရာ သူ့ကို မျှော်လင့်တကြီး ကြည့်နေသော ချီချီလေးကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် မတတ်သာသော်လည်း ခေါင်းညိတ်ပြလိုက်ရတော့သည်။ အမှန်အတိုင်း ပြောရလျှင် ကျောက်လင်းအနေဖြင့် သူ့ကို ဘာများပြောချင်နေသလဲဆိုသည်ကို သူကိုယ်တိုင်လည်း သိချင်နေမိသည်။
ခဏအကြာတွင် ကျောက်လင်းသည် လုချွမ်း၏နောက်သို့ လိုက်ပါကာ အိမ်ထဲသို့ ဝင်လာခဲ့ပြီး နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ထိုစဉ် ကျိရုရွှယ်က စာရေးကိရိယာများကို အလိုက်တသိဖြင့် ယူဆောင်လာပေးကာ လုချွမ်း၏ ရှေ့တွင် တင်ပေးလိုက်သည်။
လုချွမ်းသည် ကျောက်လင်းအား မည်သည့်ခံစားချက်မျှ မပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း သူမ စကားစလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူ၏ရှေ့တွင် ထိုင်နေသော ကျောက်လင်းမှာမူ ဇွန်ဘီဘုရင်၏ တည်ရှိမှုကြောင့် စိတ်လှုပ်ရှားမှုကို အလိုအလျောက် ခံစားနေရသည်။ သို့သော်လည်း သူမသည် သူကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားရသည်။ သူမ၏ အစီအစဉ်အတွက်ကြောင့် စိတ်ဓာတ်ကျသွား၍ မဖြစ်ပေ။
ကျောက်လင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လုချွမ်းအား တည့်တည့်
စိုက်ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
"ဇွန်ဘီဘုရင်ကြီး... ကျွန်မ သိပါတယ်... ရှင်က အခုထိ လူသားတစ်ယောက်လို အသိစိတ်ရှိနေသေးတယ် မဟုတ်လား"
ထိုစကားကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ နှလုံးသားမှာ တုန်ခါသွားပြီး သူ၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ အကြည့်များမှာ အေးစက်ခက်ထန်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အခန်းတစ်ခုလုံးမှာ ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများဖြင့် လွှမ်းမိုးသွားခဲ့သည်။ ဤသည်မှာ သူ၏ရင်ထဲတွင် သိမ်းဆည်းထားသော အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်ရာ ကျောက်လင်း သိသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဒီလို သိသွားမှန်းသာ ကြိုသိခဲ့ရင်... အဲဒီတုန်းက သူမကို ဒီခြံထဲမှာ အသက်ရှင်လျက် ထားခဲ့မှာ မဟုတ်ဘူး...
ဘေးနားရှိ ကျိရုရွှယ်သည်လည်း အံ့အားသင့်သွားပြီး ကျောက်လင်းအား လှမ်းကြည့်လိုက်မိသည်။ အမြဲတမ်း အူကြောင်ကြောင်နိုင်ပြီး အဆင်အခြင်မဲ့သည်ဟု ထင်ရသော ကျောက်လင်းသည် ဤမျှအထိ စူးရှသော အကဲခတ်ဉာဏ်ရှိပြီး ယခုကိစ္စကို ရိပ်မိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
"ဇွန်ဘီဘုရင်ကြီး... စိတ်မဆိုးပါနဲ့ ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
အခြေအနေမှာ တင်းမာလာသည်ကို မြင်သောအခါ ကျောက်လင်းက အလောတကြီး ရှင်းပြလိုက်သည်။ ဇွန်ဘီဘုရင်၏ လက်ရှိ အရှိန်အဝါအရ သူမသာ အချိန်မီ အကျိုးအကြောင်း မပြောနိုင်ပါက အသတ်ခံရနိုင်သည်ကို သူမ ကောင်းကောင်းသိသည်။
သူမ၏ တစ်ဖက်တွင်မူ လုချွမ်းသည်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။ သေချာစဉ်းစားကြည့်လျှင် သူမအနေဖြင့် မူမမှန်မှုကို သတိထားမိပြီး သူ၌ လူသားအသိစိတ်ရှိနေကြောင်း ခန့်မှန်းမိသည်မှာ မဆန်းလှပေ။ ကျောက်လင်းသည် ဤခြံဝင်းအတွင်း အမြဲရှိနေပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသူ ဖြစ်သည်။ သူ၏ ပုံမှန်မဟုတ်သော အသိဉာဏ်အဆင့်အတန်းကို အဖက်ဖက်မှ သုံးသပ်ပြီး သူမ ကောက်ချက်ချနိုင်သည်မှာ သဘာဝပင်။
သူသည် ကျောက်လင်း၏ ဗြုန်းစားကြီး ပြောဆိုလိုက်မှုကြောင့် အလစ်အငိုက် မိသွားခြင်းသာ ဖြစ်ပြီး ယခု စိတ်အေးသွားချိန်တွင်မူ ဒေါသ သိပ်မရှိတော့ပေ။ သို့သော် ကျောက်လင်းသည် ဘာများ ဆက်ပြောဦးမှာလဲဆိုသည်ကို သူ ပို၍ပင် စိတ်ဝင်စားသွားမိသည်။
ထို့ကြောင့် စာရွက်ပေါ်တွင် "မင်းကို ငါမသတ်ဘူး ဆက်ပြော" ဟု ရေးသားလိုက်သည်။
လုချွမ်း၏ တုံ့ပြန်မှုက ကျောက်လင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ပင်။
ဤဇွန်ဘီဘုရင်သည် အမှန်တကယ်ပင် လူသားအသိစိတ် ရှိနေသည်။ ဤအချက်က ကျောက်လင်းကို အတိုင်းမသိ စိတ်သက်သာရာ ရစေသည်။
အကြောင်းမှာ ဇွန်ဘီဘုရင်၌ လူသားအသိစိတ် ရှိနေမှသာ သူမ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေးရှိမည် ဖြစ်သည်။ ဇွန်ဘီဘုရင်သည် ရုပ်ပိုင်းဆိုင်ရာအရ လူသားနှင့် ကွဲပြားသော်လည်း သူ၏ အတွေးအခေါ်နှင့် အယူအဆများမှာ လူသားများနှင့် မခြားနားသဖြင့် ဆက်သွယ်ပြောဆိုရန် လွယ်ကူနိုင်သောကြောင့် ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ကျောက်လင်းက သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
"ဇွန်ဘီဘုရင်ကြီး... ရှင့်ရဲ့ နာမည်ကို သိခွင့်ရှိမလားဟင်"
လုချွမ်းသည် ကျောက်လင်းကို ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက် "လုချွမ်း" ဟု ရေးသားပြလိုက်သည်။
"လုချွမ်း... ဒါက ဖေဖေ့ရဲ့ နာမည်ပေါ့လေ"
ကျိရုရွှယ်သည် ထိုနာမည်ကို ကြည့်ရင်း စိတ်ထဲမှ ရေရွတ်မိသည်။ ဖေဖေ့နာမည်က လုချွမ်း ငါ့နာမည်က လုချီချီ...
ဇွန်ဘီဘုရင်တွင် အမှန်တကယ် နာမည်ရှိနေသည်ကို မြင်သောအခါ ကျောက်လင်းသည် ဝမ်းသာသွားမိသည်။ ဤသည်မှာ သူ၏ လူသားအသိစိတ်မှာ အလွန်ပင် ပြည့်စုံနေသေးကြောင်း သက်သေပင်။ သူမက ဆက်လက်၍ "လုချွမ်း... လက်ရှိ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးဆိုးရွားနေတဲ့ အခြေအနေကို ရှင် ဘယ်လိုမြင်သလဲ" ဟု မေးမြန်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် လုချွမ်း တိတ်ဆိတ်သွားပြီး ကျောက်လင်းအား ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။
ဒီမိန်းမ ဘာတွေပြောချင်နေတာလဲ။ ဘီယာသောက်ပြီး မူးသွားတာလား။
ဇွန်ဘီဘုရင်တစ်ပါးနှင့် ကမ္ဘာ့အခြေအနေအကြောင်း ဆွေးနွေးနေသည်မှာ ရယ်စရာပင်။
ကမ္ဘာကြီး ဘာဖြစ်ဖြစ် ဇွန်ဘီတစ်ကောင်ဖြစ်တဲ့ ငါ့အတွက် ဘာဆိုင်ဘို့လဲ။
လုချွမ်းထံမှ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်လာသည်ကို ခံစားရသော်လည်း ကျောက်လင်းက ဆက်ပြောသည်။
"ရှင်လည်း သိတဲ့အတိုင်း အခုကမ္ဘာမှာ ဇွန်ဘီတွေက သွေးဆာပြီး အသားကို လိုချင်ကြတယ်။ လူသားတွေကလည်း သူတို့ရဲ့ အမိမြေနဲ့ အရင်းအမြစ်တွေကို ပြန်ရဖို့ အမြဲတမ်း တိုက်ခိုက်နေကြတယ်။ ဒါပေမဲ့... ဇွန်ဘီနဲ့ လူသားကြားမှာ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
လုချွမ်းမှာ ပြောစရာ စကားပင် ရှာမရတော့ပေ။ သူသည် ကျောက်လင်းအား အေးစက်စက် စိုက်ကြည့်ရင်း စာရွက်ပေါ်တွင် ရေးလိုက်သည်။
"မင်း ငါ့ကို လာပြီးမျက်နှာလာပြောင်နေတာလား။ သေချင်နေတာလား"
ဇွန်ဘီနှင့် လူသား ငြိမ်းချမ်းစွာ အတူနေထိုင်ရေးဟူသည်မှာ ကမ္ဘာ့အကြီးဆုံး ဟာသပင်။ မျိုးစိတ်ချင်းပင် မတူတော့သည့်အပြင် တစ်ဖက်နှင့်တစ်ဖက် ရန်သူအဖြစ် သတ်မှတ်နေကြသူများ ဖြစ်သည်။
"ဇွန်ဘီဘုရင်ကြီး... ကျွန်မ နောက်နေတာ မဟုတ်ပါဘူး။ ကျွန်မ ပြောသမျှဟာ ကျွန်မရဲ့ တကယ့်စိတ်ရင်း စေတနာတွေပါ"
ကျောက်လင်းက ခေါင်းယမ်းရင်း အလေးအနက် ပြောလိုက်သည်။ လုချွမ်း၏ ဤကဲ့သို့ တုံ့ပြန်မှုကို သူမ ကြိုတင်တွေးထားပြီးသားပင်။ သူမ တင်ပြနေသည့်အရာမှာ တကယ်ပင် မယုံနိုင်စရာ ကောင်းနေသည်။
"ဇွန်ဘီနဲ့ လူသားတွေ ငြိမ်းချမ်းစွာ အတူနေနိုင်မလားဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ရေတိုမှာတော့ ဒါက မဖြစ်နိုင်သလို ငါနဲ့လည်း မဆိုင်ဘူး။ မင်းမှာ ပြောစရာ ကျန်သေးလား မရှိရင် ဒီစကားဝိုင်းကို ဒီမှာတင် ရပ်လိုက်ရအောင်"
လုချွမ်းက မျက်မှောင်ကြုတ်ကာ ရေးလိုက်သည်။
"ချီချီလေးက နောက်ဆုံးတော့ လူသားတစ်ယောက်ပဲလေ သူက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာဦးမှာ။ ရှင်က ချီချီလေးကို ဇွန်ဘီတွေကြားထဲမှာပဲ တစ်သက်လုံး နေသွားစေချင်တာလား"
ကျောက်လင်းက အလောတကြီး ပြောချလိုက်သည်။