← Chapters

အခန်း (၂၉၉)

Vol. 30 Ch. 299

အခန်း (၂၉၉)

Vol. 30 Ch. 299

အခန်း။ ၂၉၉

"စိတ်ချပါ သခင်လေး... ကျွန်တော်တို့ရဲ့ ညီအစ်ကို အယောက်ငါးဆယ်ကျော်ဟာ တောအုပ်

အနီးအနားမှာ ချုံခိုစောင့်နေကြတုန်းပါပဲ။ နောက်ပြီး ဆယ်ယောက်ကျော်ကတော့ ကုန်သည်

ယာဉ်တန်းထဲကို အသွင်ယူပြီး ဝင်ရောက်နေကြပြီ"

အမဲလိုက်စစ်သည်နှစ်ဦးက ရိုသေစွာ ပြောလိုက်သည်။

ကုန်သည်ယာဉ်တန်း ဟုတ်လား။

ကြည့်ရသည်မှာ ဓားပြတိုက်ရန် ကြံစည်နေခြင်းပင်။ အမဲလိုက်စစ်သည်အချို့နှင့် ထိုလူလတ်ပိုင်းအမျိုးသားမှာ ဖြတ်သန်းသွားမည့် ကုန်သည်ယာဉ်တန်းကို ပစ်မှတ်ထားနေသည်ကို မြင်ရသောအခါ ယွင်ရှန်းမှာ စိတ်ဝင်စားမှု လျော့နည်းသွားသည်။

ထိုအမဲလိုက်စစ်သည်နှစ်ဦးကို ကြည့်ရသည်မှာ ကျိုးအင်ပါယာအတွင်းရှိ အလတ်စား အမဲလိုက်တပ်ဖွဲ့တစ်ခုမှ ဖြစ်ပုံပင်။ ဤကဲ့သို့သော တပ်ဖွဲ့မျိုးသည် အခကြေးငွေယူကာ ကုန်သည်ယာဉ်တန်းများကို ဓားပြတိုက်ပေးလေ့ရှိခြင်းမှာ မဆန်းလှချေ။ ယွင်ရှန်းသည် အရေးကြီးသော ကိစ္စရပ်များ လုပ်ဆောင်ရန်ရှိနေသဖြင့် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိခဲ့ပေ။

သို့သော် ယွင်ရှန်း ပြန်လည်ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် လူလတ်ပိုင်းအမျိုးသားက ရုတ်တရက် စကားပြောလိုက်သည်။

"ကောင်းပြီ... ရှုပ်ရှုပ်ရှက်ရှက် ဖြစ်နေတဲ့အချိန်မှာ အဲဒီစာရင်းချုပ်စာအုပ်တွေနဲ့ ဘဏ္ဍာတွေကို ခိုးယူနိုင်သရွေ့တော့ ကျိုးချင်းချွမ်းက သူ့မိသားစုဆီ ပြန်ရောက်သွားရင်တောင် ဘယ်တော့မှ ပြန်လည်ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး"

ကျိုးချင်းချွမ်း ဟူသောအမည်ကို ကြားလိုက်ရသောအခါ ယွင်ရှန်း ခဏမျှ တုံ့ဆိုင်းသွားသည်။

ဤဓားပြအသွင်ယူထားသော စစ်သည်များသည် ဝူကျိ ကုန်သွယ်ရေးအဖွဲ့၏ ယာဉ်တန်းကို ပစ်မှတ်ထားနေခြင်းပင်။

ကျိုးချင်းချွမ်းနှင့် ယွင်ရှန်းမှာ ခဏတဖြုတ်သာ ဆုံတွေ့ခဲ့ဖူးသော်လည်း သူသည် သူမကို များစွာကူညီခဲ့ဖူးသည်။ ထို့ပြင် သူသည် အမြော်အမြင်ကြီးမားပြီး သေချာစေ့စပ်စွာ စဉ်းစားတတ်သူဖြစ်ရာ နောင်တစ်ချိန်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာလှသည်။

အကယ်၍ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ကို နောင်တွင် ပိုမိုချဲ့ထွင်လိုပါက တိုက်ကြီးပေါ်ရှိ အကြီးမားဆုံး ကုန်သွယ်ရေးအဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် အကျိုးရှိပေလိမ့်မည်။

"စိတ်ချပါ သခင်လေး... ကျွန်တော်တို့ ဝိညာဉ်သားရဲတပ်ဖွဲ့က ပိုက်ဆံရပြီးပြီဆိုရင်တော့ ဒီကိစ္စကို အောင်အောင်မြင်မြင် ကိုင်တွယ်ပေးမှာပါ။ အားလုံးပြင်ဆင်ထားပြီးပြီဖြစ်လို့ ဒီညမှာ ချုံခိုတိုက်ခိုက်မှုကို စတင်ပါ့မယ်။ အဲဒီအချိန်ကျရင် ယာဉ်တန်းရဲ့ ခရီးစဉ်နှောင့်နှေးသွားအောင် သခင်လေးဘက်က ကူညီပေးဖို့ လိုပါလိမ့်မယ်"

အမဲလိုက်စစ်သည်အချို့နှင့် လူလတ်ပိုင်းအမျိုးသားတို့မှာ ခဏမျှ ဆက်လက်ဆွေးနွေးပြီးနောက် လူစုခွဲသွားကြသည်။

ယွင်ရှန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ချုံပုတ်များကြားတွင် ကိုယ်ရောင်ဖျောက်ကာ ပြန်လာခဲ့သည်။ ယန်ချန်းလန်သည် ယွင်ရှန်း အတော်ကြာ ပျောက်ကွယ်သွားပြီးနောက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြန်ရောက်လာသည်ကို မြင်သောအခါ "ဘာဖြစ်လို့လဲ ရှန်းအာ ရှေ့မှာ တစ်ခုခု ပြဿနာရှိလို့လား" ဟု မေးမြန်းလိုက်သည်။

"ဒုတိယဦးလေး... ကျွန်မ ဦးလေးနဲ့ တိုင်ပင်စရာ ကိစ္စတစ်ခုရှိတယ်"

ယွင်ရှန်းသည် သူမတွေ့ရှိခဲ့သော အမဲလိုက်စစ်သည်များနှင့် လူလတ်ပိုင်းအမျိုးသားတို့၏ အစီအစဉ်များကို ယန်ချန်းလန်အား အသေးစိတ် ပြောပြလိုက်သည်။

"ရှန်းအာ... မင်းက ကျိုးချင်းချွမ်းကို ကူညီပေးချင်လို့လား"

ယန်ချန်းလန်သည် လွန်ခဲ့သော နှစ်များအတွင်း လောကီရေးရာများနှင့် ဝေးကွာနေခဲ့သော်လည်း ဝူကျိ ကုန်သွယ်ရေးအဖွဲ့၏ အကြောင်းကိုမူ မသိဘဲမနေချေ။

ဝူကျိကုန်သွယ်ရေးအဖွဲ့သည် တိုက်ကြီးပေါ်ရှိ အမဲလိုက်စစ်သည်မဟာမိတ်၊ ဆေးဧကရာဇ်ခန်းမ၊ မှော်ဘုရားကျောင်း သို့မဟုတ် ဆင့်ခေါ်ခြင်းခန်းမ တို့ကဲ့သို့ အင်အားကြီးအဖွဲ့အစည်းများလောက် အစွမ်းမထက်သော်လည်း ၎င်း၏ သြဇာလွှမ်းမိုးမှုမှာမူ အံ့မခန်းပင် ကြီးမားလှသည်။

ဝူကျိကုန်သွယ်ရေးအဖွဲ့၏ ဘိုးဘေးများသည် ယခုအခါ ပြိုကွဲပျက်စီးသွားပြီဖြစ်သော တုန်းဟွမ်မင်းဆက်မှ ဆင်းသက်လာကြသူများဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သည်။ တုန်းဟွမ်မင်းဆက် ကျဆုံးပြီးနောက်တွင် ဝူကျိကုန်သွယ်ရေးအဖွဲ့မှာ ဆုတ်ယုတ်သွားခြင်းမရှိဘဲ အင်အားကြီး ငါးနိုင်ငံလုံးနှင့် ကုန်သည်အဖြစ် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။

ဝူကျိကုန်သွယ်ရေးအဖွဲ့၏ ကုန်ပစ္စည်းများသည်လည်း မှော်အသုံးအဆောင်များမှစ၍ နေ့စဉ်သုံးပစ္စည်းများနှင့် လက်နက်များအထိ နယ်ပယ်စုံကို လွှမ်းခြုံထားသည်။ ဝူကျိကုန်သွယ်ရေးအဖွဲ့ကို တည်ထောင်သူ ကျိုးယွီဟွမ်က တစ်ခါက ပြောဖူးသည်မှာ "ဝူကျိကုန်သွယ်ရေးအဖွဲ့မှာ မရနိုင်တဲ့ ပစ္စည်းဆိုတာ မရှိဘူး။ ဝယ်သူဘက်က မပေးနိုင်တဲ့ ဈေးနှုန်းပဲ ရှိတယ်" ဟူ၍ပင်။

"မင်းပြောတဲ့ ကျိုးချင်းချွမ်းဟာ ဝူကျိကုန်သွယ်ရေးအဖွဲ့ရဲ့ တိုက်ရိုက်မျိုးဆက်ဝင် တစ်ယောက်ဖြစ်မှာပါ။ ငါအမှားမရှိဘူးဆိုရင် အဲဒီလူလတ်ပိုင်းအမျိုးသားဟာလည်း ဝူကျိကုန်သွယ်ရေးအဖွဲ့ထဲမှာ ရာထူးကြီးကြီးယူထားသူ ဖြစ်လိမ့်မယ်။ ဒီဓားပြတိုက်မှုဟာ ဝူကျိမိသားစုရဲ့ အတွင်းရေး အားပြိုင်မှုမှာ ပါဝင်နေတာ သေချာတယ်။ ငါတို့တွေ ဇွတ်အတင်း ဝင်ပါမိရင် မလိုအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်မိသလို ဖြစ်သွားနိုင်တယ်"

ယန်ချန်းလန်က ပြောလိုက်သည်။ သူသည် စစ်သူကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ စစ်ရေးနှင့် ဝေးကွာနေခဲ့သော်လည်း အရာရာကို သေချာစေ့စပ်စွာ စဉ်းစားတတ်ဆဲပင်။

"ဒုတိယဦးလေး... ကျိုးဧကရာဇ်မင်းမြတ်က ကျွန်မတို့ ယန်နေအိမ်တော်အပေါ် ဘယ်လိုသဘောထားမျိုး ရှိတယ်လို့ ဦးလေးထင်လဲ"

ယွင်ရှန်းက ရုတ်တရက် မေးလိုက်သည်။

"ရှန်းအာ... မင်း ဘာကို ဆိုလိုတာလဲ"

ယွင်ရှန်း၏ စကားကြောင့် ယန်ချန်းလန် အံ့အားသင့်သွားရသည်။ ယွင်ရှန်း၏ ဆိုလိုရင်းမှာ ကျိုးအင်ပါယာအပေါ် သစ္စာဖောက်ဖျက်ရန် အရိပ်အယောင်များ ပါဝင်နေသကဲ့သို့ပင်။ ယန်မိသားစုတစ်စုလုံးသည် ကျိုးအင်ပါယာအပေါ် နှစ်ပေါင်းရာချီ၍ သစ္စာရှိခဲ့ကြသူများဖြစ်ရာ ယန်မိသားစု၏ သားယောင်္ကျားတစ်ဦးဖြစ်သူ ယန်ချန်းလန်သည်လည်း ကျိုးအင်ပါယာအပေါ် သစ္စာရှိရန်မှာ သူ၏တာဝန်ဟု အမြဲခံယူထားသူ ဖြစ်သည်။ သူသည် စစ်တပ်မှ ထွက်လာခဲ့သော်လည်း ကျိုးအင်ပါယာ၏ ရန်သူအဖြစ် တစ်ရက်ကလေးမျှ မနေခဲ့ဖူးချေ။

"ဦးလေး... အကယ်၍ ဒီဟုန်မြို့က ကိစ္စတွေဟာ တကယ်ပဲ ကျိုးဧကရာဇ်နဲ့ ပတ်သက်နေတယ်ဆိုရင် ဦးလေးရဲ့ လက်မောင်းဒဏ်ရာနဲ့ စစ်သူကြီးယန်ရဲ့ ဒဏ်ရာတွေက ရိုးရှင်းမှာ မဟုတ်တော့ဘူး။ ရှန်းအာက ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရန်အစီအစဉ် တစ်ခု လုပ်ထားရုံပါ။ ပါးနပ်တဲ့ ယုန်ဟာ ပုန်းခိုစရာ တွင်းသုံးတွင်း ရှိတယ် ဆိုတဲ့အတိုင်း ကျွန်မတို့လည်း စီစဉ်ထားဖို့ အချိန်တန်ပါပြီ"

ယွင်ရှန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ကျိုးအင်ပါယာ၏ လက်ရှိ တင်းမာနေသော အခြေအနေများကို ကြည့်ပြီး ယွင်ရှန်းသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေပြီ ဖြစ်သည်။

"ဒါဆိုရင်လည်း မင်းပြောသလိုပဲ လုပ်ကြတာပေါ့"

ယွင်ရှန်း၏ စကားများကြောင့် ယန်ချန်းလန်မှာ ချွေးစေးများပင် ထွက်လာခဲ့သည်။ သို့သော် ထပ်မံစဉ်းစားကြည့်သောအခါ ယွင်ရှန်း၏ စိုးရိမ်မှုမှာ လုံးဝအဓိပ္ပာယ်မရှိသည်တော့ မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။

ကျိုးချင်းချွမ်းကို ကူညီရန် ဆုံးဖြတ်လိုက်ပြီးနောက် ယန်ချန်းလန်သည် ကျိုးချွမ်ကို ခေါ်ယူလိုက်သည်။ ယွင်ရှန်းကလည်း သူမတွေ့ရှိခဲ့သော ထူးဆန်းသည့် မိစ္ဆာသားရဲများနှင့် စစ်သည်တစ်ဦးစီ၏ ဘေးတွင် မိစ္ဆာသားရဲတစ်ကောင်စီ ပါရှိနေသည့် သူတို့၏ ဝတ်စားဆင်ယင်ပုံများကို ရှင်းပြလိုက်သည်။

ယွင်ရှန်း ယခုစိုးရိမ်နေသည်မှာ တစ်ဖက်အမဲလိုက်တပ်ဖွဲ့၏ အင်အားနှင့် အစွမ်းအစမှာ မည်မျှနက်နဲသည်ကို မသိရှိရခြင်းပင်။ ကျိုးအင်ပါယာ၏ ကျယ်ပြောလှသော နယ်မြေအတွင်း အမဲလိုက်တပ်ဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေကြသည်။ အကယ်၍ ရန်သူ၏ အရည်အချင်းအစစ်အမှန်ကို မသိဘဲ ဇွတ်ဝင်ပါမိလျှင် ကျိုးချင်းချွမ်းကို မကယ်နိုင်ရုံတင်မကဘဲ ကောင်းကင်အမဲလိုက်တပ်ဖွဲ့၏ အဖွဲ့ဝင်များကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ယခုခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ခရမ်းရွှေမိုင်း ဖြစ်နေသောကြောင့်ပင်။

သို့သော် ကျိုးချွမ်အပါအဝင် စစ်သည်အချို့မှာ ယွင်ရှန်းပြောပြသည်ကို ကြားသည်နှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။

"သခင်မလေး... အဲဒီတပ်ဖွဲ့အကြောင်း ကျွန်တော် မှတ်မိသလိုရှိတယ်။ သူတို့က ဝိညာဉ်သားရဲတပ်ဖွဲ့ဖြစ်ဖို့ များပါတယ်"

ကျိုးချွမ်သည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ထဲတွင် အပါးနပ်ဆုံးနှင့် အစွမ်းထက်ဆုံးသူ ဖြစ်သည်။ သူသည် ယုကျင်မြို့ရှိ အမဲလိုက်စစ်သည်သမဂ္ဂနှင့် ရင်းနှီးသူဖြစ်သဖြင့် ကျိုးအင်ပါယာအတွင်းရှိ နာမည်ကျော် အမဲလိုက်တပ်ဖွဲ့များအကြောင်းကို အသိဆုံး ဖြစ်နေခြင်းပင်။

"ဝိညာဉ်သားရဲတပ်ဖွဲ့ အဲဒါက ကျိုးအင်ပါယာထဲက အဆင့် B အမဲလိုက်တပ်ဖွဲ့ မဟုတ်လား"

ယန်ချန်းလန်က အံ့အားသင့်စွာ မေးလိုက်သည်။

ဝိညာဉ်သားရဲတပ်ဖွဲ့ သည် အဖွဲ့ဝင် ၅၀ ခန့်ဖြင့် ဖွဲ့စည်းထားသော အလတ်စားတပ်ဖွဲ့ဖြစ်ပြီး အဆင့် B တပ်ဖွဲ့များထဲတွင် အဖွဲ့ဝင်အနည်းဆုံး တပ်ဖွဲ့ဖြစ်သည်။ သို့သော် ဤတပ်ဖွဲ့သည် ကျိုးအင်ပါယာအတွင်း အလွန်ပင် ကျော်ကြားလှသည်။ အကြောင်းရင်းမှာ သူတို့တပ်ဖွဲ့တွင် ရှိနေသော ဝိညာဉ်သားရဲဟုခေါ်သည့် ထူးခြားသော မိစ္ဆာသားရဲများကြောင့်ပင်။

ဝိညာဉ်သားရဲဆိုသည်မှာ ရှားပါးလှသော အသက်ဓာတ်နှင့် ဟင်းလင်းပြင်အချိန်မှော်စွမ်းအင်များ ပိုင်ဆိုင်ထားသည့် အလွန်ထူးခြားသော သတ္တဝါမျိုး ဖြစ်သည်။ ထိုစွမ်းအင်များကြောင့် သူတို့သည် သူတို့၏ အရှိန်အဝါကို တိတ်ဆိတ်စွာ ဖျောက်ပစ်နိုင်ပြီး ရန်သူ့ထံသို့ မသိမသာ ချဉ်းကပ်နိုင်သည်။ ထို့ပြင် ဝိညာဉ်သားရဲများ၏ ခုခံနိုင်စွမ်းမှာလည်း အံ့မခန်းလှသဖြင့် သာမန်လက်နက်နှင့် မှော်များမှာ သူတို့အပေါ် အာနိသင်မရှိသလောက်ပင်။ အကယ်၍ အနှောင့်အယှက် တစ်စုံတစ်ရာ ရှိလာပါကလည်း သူတို့သည် ချက်ချင်းပင် လျင်မြန်စွာ ထွက်ပြေးနိုင်စွမ်း ရှိကြသည်။

ထိုသို့သော ဝိညာဉ်သားရဲ ၁၀ ကောင်ခန့်မှာ ဤတပ်ဖွဲ့အတွင်း၌ ရှိနေခြင်းပင်။

"ကျိုးအမဲလိုက်စစ်သည်လောကမှာ သူတို့ရဲ့ နာမည်က သိပ်မကောင်းလှဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ဒီလိုထူးခြားတဲ့ သားရဲတွေ ရှိနေတာကြောင့် လုပ်ကြံသတ်ဖြတ်မှု၊ ဓားပြတိုက်မှုနဲ့ မှောင်ခိုကုန်သွယ်မှုလိုမျိုး ဆုကြေးများတဲ့ အလုပ်တွေမှာပဲ အမြဲပါဝင်နေလို့ပါပဲ"

ကျိုးချွမ်သည် ယခုတစ်ခေါက်တွင် ဝိညာဉ်သားရဲတပ်ဖွဲ့ ကဲ့သို့ ဒုက္ခပေးတတ်သော ရန်သူမျိုးနှင့် တိုးရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

"ကျိုးချွမ်... မင်းပြောတော့ သူတို့မှာ မိစ္ဆာသားရဲ ၁၀ ကောင်ရှိတယ်ဆိုတော့ သူတို့ဆီမှာ ဆင့်ခေါ်သူ ၁၀ ယောက်တောင် ရှိနေတာလား"

ယွင်ရှန်းအတွက်မူ ကျိုးအင်ပါယာအတွင်းရှိ အမဲလိုက်တပ်ဖွဲ့တစ်ခုက ဤမျှများပြားသော မိစ္ဆာသားရဲများကို ထိန်းချုပ်ထားနိုင်သည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးသည် ဆင့်ခေါ်ခြင်းနိုင်ငံတော်မဟုတ်သဖြင့် သာမန်မိစ္ဆာသားရဲများကို တိုက်ခိုက်ရေးအဖော် သို့မဟုတ် စီးတော်ယာဉ်အဖြစ်သာ အသုံးပြုနိုင်ပြီး ဆင့်ခေါ်

သားရဲများကဲ့သို့ စိတ်ကြိုက်စေခိုင်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။

"ဒါကလည်း ပြင်ပလူတွေ အမြဲတမ်း စဉ်းစားမရဖြစ်နေတဲ့ အချက်ပါပဲ။ ဝိညာဉ်သားရဲတပ်ဖွဲ့မှာ ဆင့်ခေါ်သူ တစ်ယောက်ပဲ ရှိပေမဲ့ ဝိညာဉ်သားရဲ ၁၀ ကောင်ကို တကယ်ပဲ ထိန်းချုပ်ထားနိုင်ကြတယ်။ ဆရာကြီးသာ ဒီမှာရှိရင် ပိုကောင်းမှာပဲဗျာ"

ကျိုးချွမ်က အနည်းငယ် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

All Chapters