← Chapters

အခန်း (၃၀၂)

Vol. 30 Ch. 302

အခန်း (၃၀၂)

Vol. 30 Ch. 302

အခန်း။ ၃၀၂

"မင်းတို့ တပ်မှူးရဲ့ တည်နေရာကို ပြောပြစမ်း။ ကုန်သည်ယာဉ်တန်းထဲကို မင်းတို့လူ ဘယ်နှယောက် အသွင်ယူပြီး ဝင်ထားသလဲ။ မင်းတို့ကို ငှားတဲ့သူ့နာမည်က ဘယ်သူလဲ။ သူက ဘယ်လောက်ပေးပြီး ဘာကိုခိုးဖို့ ခိုင်းထားတာလဲ"

ယွင်ရှန်းက နူးညံ့စွာဖြင့် ချော့မော့၍ မေးမြန်းလိုက်သည်။

ဝိညာဉ်သားရဲတပ်ဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၅၁ ဦးရှိပြီး ယခုတစ်ခေါက်တွင် တပ်မှူးကိုယ်တိုင် ဦးဆောင်ကာ လူ ၄၀ လိုက်ပါလာခဲ့ကြသည်။ သူတို့သည် ရာမတောင်တန်းရှိ ၁၀ မိုင်ခန့်ကွာဝေးသော လျှို့ဝှက်လှိုဏ်ဂူတစ်ခုတွင် စခန်းချနေကြသည်။ ယာဉ်တန်းအတွင်း၌ ဝိညာဉ်သားရဲတပ်ဖွဲ့ဝင် ၂၀ ဦး ရောနှောပါဝင်နေပြီး ယခုအခါ အားလုံးမှာ စခန်းအပြင်ဘက်တွင် ကင်းစောင့်နေကြသည်။ မြေအောက်လှိုဏ်ခေါင်းမှတစ်ဆင့် အတွင်းသို့ ဝင်သွားသူများထဲတွင် ဒုတိယတပ်မှူးနှင့် ဝိညာဉ်သားရဲ ၄ ကောင် ပါဝင်သည်။

ယွင်ရှန်း၏ ရှန်းနုန်မျက်လုံးများ မှာ ကျဉ်းမြောင်းသွားပြီး ရွှေရောင်များမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကာ မူရင်း မိုယွိကျောက်ကဲ့သို့ နက်မှောင်သော အရောင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

ထိုအမဲလိုက်စစ်သည်မှာမူ လုံးဝတွေဝေမိန်းမောနေပြီး အဓိပ္ပာယ်မရှိသော စကားများကိုသာ တတွတ်တွတ် ရွတ်ဆိုနေတော့သည်။

"ဝါး... အံ့ဩဖို့ကောင်းလိုက်တာ သခင်မလေးရယ် ဒါက ဘယ်လို အတတ်ပညာမျိုးလဲဗျ"

ကျိုးချွမ်မှာ ၎င်းကိုမြင်ပြီး မှင်တက်သွားရသည်။ ဤကဲ့သို့သော စစ်မေးသည့်နည်းလမ်းမှာ အမှန်တကယ်ပင် ကြောက်ခမန်းလိလိ အစွမ်းထက်လှသည်။

"ဒါက အတတ်ပညာတစ်ခု မဟုတ်ပါဘူး။ ဒါက ဆေးပညာရဲ့ ပုံစံတစ်မျိုးပဲ။ မင်းတို့ သင်လို့မရဘူး"

ယွင်ရှန်းက ခပ်မှိန်မှိန် အပြုံးလေးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"ရှန်းအာ... မင်းနဲ့ ကျိုးချွမ် ရှေ့ကိုသွားပြီး ကျိုးချင်းချွမ်းကို ရှာလိုက်ကြတော့။ ဒီလူကိုတော့ ငါ့လက်ထဲပဲ ထားခဲ့လိုက်"

ယန်ချန်းလန်က ရှေ့ရှိ လှိုဏ်ခေါင်းကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ဝိညာဉ်သားရဲတပ်ဖွဲ့ဝင်များသည် မကြာမီ ထိုလှိုဏ်ခေါင်းထဲမှ ပြန်ထွက်လာတော့မည်ကို သူ တွေးတောနေခြင်း ဖြစ်သည်။

သူသည် ယွင်ရှန်း၏ လျှို့ဝှက်လက်နက်ဆန်းများအပေါ် အံ့ဩနေခြင်းမရှိတော့သည်မှာ ကြာပြီဖြစ်သည်။ သူ၏တူမလေးတွင် စိတ်ဝင်စားဖွယ်ကောင်းသော လျှို့ဝှက်ချက်လေးများ မြောက်မြားစွာ ရှိနေမှန်း သူသိထားပြီးဖြစ်ရာ ဦးလေးတစ်ယောက်အနေဖြင့် ယခုအခါ သူတို့ကို ကျင့်သားရနေပြီဖြစ်သည်။

ယန်ချန်းလန် နောက်ထပ် ဘာလုပ်မည်ကို ယွင်ရှန်း သဘောပေါက်လိုက်သည်။

ယွင်ရှန်းနှင့် ကျိုးချွမ်တို့ အဝေးသို့ မရောက်သေးမီမှာပင် နောက်ဘက်မှ အသံတိုးတိုးတစ်ချက် ထွက်ပေါ်လာသည်။ လှည့်ကြည့်စရာမလိုဘဲထို ဝိညာဉ်သားရဲတပ်ဖွဲ့ ဝင်မှာ ယန်ချန်းလန်၏ လက်ချက်ဖြင့် အသက်ပျောက်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

သူတို့နှစ်ဦး တဲရှိရာအကွာအဝေးအတွင်းသို့ ခြေချလိုက်သည်နှင့် တဲအတွင်းရှိ ကျိုးချင်းချွမ်းမှာ ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားတော့သည်။ သူ ထထိုင်လိုက်စဉ်မှာပင် ပုံရိပ်နှစ်ခု တဲအတွင်းသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။

"ဘယ်သူလဲ"

ကျိုးချင်းချွမ်းမှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သူ၏မှော်လှံတံကို ချက်ချင်းပင် လက်မှကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

"ကျွန်မပါ အကိုကျိုး..."

ယွင်ရှန်းနှင့် ကျိုးချွမ်တို့မှာ တဲအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

"မင်း"

ကျိုးချင်းချွမ်းသည် ယွင်ရှန်းကို မြင်လိုက်ရသောအခါ ခဏမျှ မှင်တက်သွားသော်လည်း မကြာမီပင် သူ၏မျက်ဝန်းများတွင် ဝမ်းသာအားရမှု အရိပ်အယောင်များ ပေါ်လာတော့သည်။

သူ၏လက်ထဲရှိ မှော်လှံတံထံမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင် ကျရောက်ရာအရပ်တွင် သူ၏နှလုံးသားကို တုန်လှုပ်စေနိုင်သည့် ပုံရိပ်ကလေးကို သူ မြင်တွေ့လိုက်ရသည်။ သို့သော် ထိုနူးညံ့သိမ်မွေ့သော အရိပ်ကလေး၏ ဘေးတွင် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦး ရပ်နေသည်။

ထိုစဉ်မှာပင် တဲအဝင်ဝလိုက်ကာမှာ ပွင့်သွားပြီး ရန်သူ့စစ်သည်ကို ရှင်းလင်းခဲ့သော ယန်ချန်းလန်မှာလည်း တဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"ရှန်းအာ... ငါတို့တွေ မြန်မြန်လုပ်မှဖြစ်မယ်။ မဟုတ်ရင် အဲဒီလူတွေ စာရင်းချုပ်စာအုပ်ကို ရှာတွေ့သွားလိမ့်မယ်။ ငါတို့တွေ နောက်ကျနေရင် သူတို့ တကယ်ပဲ ယူသွားနိုင်တယ်"

ယန်ချန်းလန်သည် တဲအတွင်းသို့ လှမ်းဝင်ရင်း ကျိုးချင်းချွမ်းကို တစ်ချက် အကဲခတ်လိုက်သည်။

အနာဂတ်တွင် သူတို့နယ်ပယ်အသီးသီး၌ သြဇာတိက္ကမကြီးမားမည့် အမျိုးသားနှစ်ဦးမှာ အလင်းမှော်၏ မှိန်ပျပျအလင်းအောက်တွင် ဆုံတွေ့ခဲ့ကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကျိုးချင်းချွမ်းမှာ အလွန်အမင်း သတိကြီးသွားရသည်။ ယန်ချန်းလန်၏ ထည်ဝါလှသော စစ်သူကြီးအရှိန်အဝါကြောင့် ကျိုးချင်းချွမ်းမှာ ခဏမျှ အသက်ရှူမှားသွားရသည်။

"အကိုကျိုး... ဒါက ကျွန်မရဲ့ဦးလေး ယန်ချန်းလန်ပါ။ ပြီးတော့ ဘေးကလူကတော့ ကောင်းကင်အမဲလိုက်တပ်ဖွဲ့ က ကျိုးချွမ်ပါ။ ကျေးဇူးပြုပြီး အလင်းမှော်ကို ပိတ်လိုက်ပါဦး"

ကျိုးချင်းချွမ်း၏ တဲအတွင်းမှ လှုပ်ရှားမှုများကြောင့် အပြင်ဘက်ရှိ ကျိုးလုံနှင့် အခြားသူများ သတိထားမိသွားမည်ကို ယွင်ရှန်းက စိုးရိမ်နေခြင်းဖြစ်သည်။

ယန်ချန်းလန် ဟုတ်လား။

ကျိုးချင်းချွမ်းသည် ထိုအမည်ကို ကြားသည်နှင့် ချက်ချင်းပင် မှတ်မိသွားသည်။ သူသည် တိုက်ကြီးပေါ်တွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့သူဖြစ်ရာ ယန်ချန်းလန် အရှိန်အဝါ အတောက်ပဆုံးအချိန်၌ သူသည် ကလေးငယ်တစ်ဦးသာ ရှိသေးသော်လည်း ကျိုးအင်ပါယာအတွင်းမှ ဤကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးအကြောင်းကိုမူ ပြင်းပြင်းထန်ထန် မှတ်မိနေဆဲပင်။

ယွင်ရှန်းက ယနေ့နေ့လယ်တွင် သူမတွေ့ရှိခဲ့သည့် အဖြစ်အပျက်များကို ကျိုးချင်းချွမ်းအား ပြန်လည်ပြောပြလိုက်သည်။ သူ၏ တတိယဦးလေးဖြစ်သူက ဝိညာဉ်သားရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ စာရင်းချုပ်စာအုပ်များကို ခိုးယူရန် ကြံစည်နေသည်ကို သိလိုက်ရသော်လည်း ကျိုးချင်းချွမ်းမှာ အံ့ဩသည့် အရိပ်အယောင် လုံးဝမပြချေ။

သူ၏ မျက်နှာမှာ ယွင်ရှန်း လေလံရုံတွင် ပထမဆုံးတွေ့ခဲ့စဉ်ကအတိုင်း ယဉ်ကျေးသိမ်မွေ့သော စီမံခန့်ခွဲသူတစ်ဦးကဲ့သို့ အေးဆေးတည်ငြိမ်နေဆဲပင်။

"ဒီတစ်ခေါက်တော့ ခင်ဗျားတို့အားလုံးကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ရမှာပါ။ လမ်းခရီးမှာ တစ်ယောက်ယောက်က နှောင့်ယှက်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားခဲ့ပေမဲ့ အဲဒီလူကကျွန်တော့်ရဲ့ တတိယဦးလေး ဖြစ်နေလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး"

ကျိုးချင်းချွမ်း၏ တည်ငြိမ်မှုမှာ ယွင်ရှန်းကိုပင် အံ့အားသင့်သွားစေသည်။

သူက ဖြစ်စဉ်အသေးစိတ်ကို ရှင်းပြပြီးနောက်မှသာ ကျိုးလုံသည် ဘာကြောင့် ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်ကို အားလုံးက သဘောပေါက်သွားကြသည်။

"အချိန်မရှိတော့ဘူး အကိုကျိုး... ငါတို့တွေ အဲဒီသူခိုးတွေကို ချက်ချင်း ဖမ်းဆီးသင့်တယ်။ မဟုတ်ရင် စာရင်းအုပ်တွေ အခိုးခံလိုက်ရရင် အကို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်"

ယွင်ရှန်းက သတိပေးလိုက်သည်။

"တကယ်တော့... ခင်ဗျားတို့ကို အမှန်အတိုင်း ပြောရရင် အဲဒီစာရင်းချုပ်စာအုပ်တွေကို ကျွန်တော် အိမ်ကို အရင်ဦးအောင် ပြန်ပို့ထားပြီးသားပါ"

ကျိုးချင်းချွမ်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ရာ သူ၏မျက်နှာတွင် အခြေအနေအားလုံးကို ကြိုတင်နားလည်ထားသည့် အမူအရာက အထင်အရှား ပေါ်လွင်နေသည်။ သူသည် ယွင်ရှန်းကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများအတွင်း၌ နူးညံ့သောအလင်းရောင်တစ်ခု ဝင်းလက်သွားသည်။

ကျိုးချင်းချွမ်းသည် ကျားကို တောင်ပေါ်မှ မျှားထုတ်ခြင်းဟူသော မဟာဗျူဟာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယနေ့ညမတိုင်မီကပင် သူသည် စာရင်းချုပ်စာအုပ်များကို မိတ္တူကူးခိုင်းထားပြီး ဖြစ်သည်။ အကယ်၍ သူခန့်မှန်းသည်မှာ မမှားပါက ထိုစာရင်းအုပ်များသည် ယခုအချိန်တွင် ဝူကျိ ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"အကိုကျိုးက တကယ်ကို ဝူကျိကုန်သွယ်ရေးအဖွဲ့ဝင် ပီသပါပေတယ်။ အရာရာကို သေချာစေ့စေ့စပ်စပ် စဉ်းစားတတ်တာပဲ။ ကြည့်ရတာ ရှန်းအာ... ငါတို့တွေ ဒီတစ်ခေါက် လာကူညီတာက ပိုနေသလို ဖြစ်သွားပြီထင်တယ်"

ယန်ချန်းလန်သည် ကျိုးချင်းချွမ်းကို အလွန်ပင် လေးစားသွားမိသည်။ ဤမျှငယ်ရွယ်သော အသက်အရွယ်နှင့် အခက်အခဲများကြားတွင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူမှာ သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။

"မဟုတ်ပါဘူး... ခင်ဗျားတို့အားလုံးကို အကူအညီတောင်းရမယ့် ကိစ္စတစ်ခု ကျန်ပါသေးတယ်။ ခင်ဗျားတို့က အမဲလိုက်တပ်ဖွဲ့ဝင်တွေ ဖြစ်တာကြောင့် ကျွန်တော်တို့ ယာဉ်တန်းထဲက သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့နဲ့ အဲဒီအမဲလိုက်တပ်ဖွဲ့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးဖို့အတွက် ကူညီပေးစေချင်ပါတယ်"

ကျိုးချင်းချွမ်းသည် စာရင်းအုပ်များကို လွှဲပြောင်းပေးပို့နိုင်ခဲ့သော်လည်း ကျိုးလုံ၏ မကောင်းမှုကို သက်သေပြရန် လက်ဆုပ်လက်ကိုင် မရှိသေးချေ။

သို့သော် အကယ်၍ ယွင်ရှန်းတို့က ဝိညာဉ်သားရဲတပ်ဖွဲ့၏ တပ်မှူးကို ဖမ်းဆီးနိုင်ပြီး ကျိုးလုံနှင့် ပူးပေါင်းကြံစည်ခဲ့သည့် သက်သေအထောက်အထားများ ရရှိခဲ့မည်ဆိုပါက ကျိုးလုံ၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ရန် ကျိုးချင်းချွမ်း အပြည့်အဝ ယုံကြည်မှုရှိနေသည်။ ထိုစာရင်းအုပ်များ ရရှိပြီးပါက ဝူကျိ ကုန်သွယ်ရေးအဖွဲ့အတွင်း အင်အားစုများ အကြီးအကျယ် အပြောင်းအလဲ ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူသည် ယွင်ရှန်းကို မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း ယွင်ရှန်းကမူ သူမ၏ ဦးလေးဖြစ်သူကိုသာ လှည့်ကြည့်လိုက်သည်။ ထိုစကားကို ကြားသောအခါ ယန်ချန်းလန်က မျက်မှောင်ကြုတ်သွားသည်။ ကျိုးချင်းချွမ်းက အခြေအနေအရပ်ရပ်ကို ရှင်းပြပြီးနောက်မှသာ သူ ရင်ဆိုင်နေရသော အခက်အခဲများကို ယွင်ရှန်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဤကုန်စည်များက ကျိုးချင်းချွမ်းအတွက် အလွန်အရေးကြီးလှသည်။ သူသည် ငယ်ရွယ်ပြီး အောင်မြင်မှုများ ရရှိထားသလို သူ၏ အဖိုးဖြစ်သူ ကျိုးရုံဟိုင်၏ ယုံကြည်မှုကို ရရှိထားသော်လည်း ဝူကျိကုန်သွယ်ရေးအဖွဲ့အတွင်း အာဏာအစစ်အမှန်ကိုမူ မချုပ်ကိုင်နိုင်သေးချေ။

အသေးစိတ် အကြောင်းရင်းမှာ ကျိုးချင်းချွမ်း၏ ဖခင်နှင့် သက်ဆိုင်နေသည်။ ကျိုးချင်းချွမ်း၏ ဖခင်ဖြစ်သူ ကျိုးဟိုင်သည် ဝူကျိကုန်သွယ်ရေးအဖွဲ့၏ လက်ရှိအကြီးအကဲ ကျိုးရုံဟိုင်၏ ဒုတိယမြောက်သား ဖြစ်သည်။ ကျိုးလုံသည် ငယ်စဉ်ကတည်းကပင် အရည်အချင်းရှိသူဖြစ်ရာ ဝူကျိ၏ အဓိက စီမံခန့်ခွဲရေး တာဝန်များကို စောစီးစွာ ထမ်းဆောင်ခဲ့ရသည်။

ကံမကောင်းစွာဖြင့် ကျိုးချင်းချွမ်း၏ မိခင်နှင့် လက်ထပ်ပြီး မကြာမီမှာပင် ကျိုးဟိုင်သည် စီးပွားရေးခရီးထွက်စဉ် ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူပိုင်ဆိုင်သော မိသားစုပိုင်ဆိုင်မှုနှင့် အာဏာများကို ကျိုးမိသားစု၏ အခြားအိမ်တော်များက စီမံခန့်ခွဲရန် အတင်းအဓမ္မ လွှဲပြောင်းယူခဲ့ကြသည်။

All Chapters