အခန်း (၃၀၆)
Vol. 30 Ch. 306
အခန်း။ ၃၀၆
ကျိုးချင်းချွမ်းသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ မှ ကျန်ရှိသော စစ်သည်ဒါဇင်ပေါင်းများစွာနှင့် ပူးပေါင်းကာ ကုန်သည်ယာဉ်တန်းအတွင်း ရောနှောပါဝင်နေသည့် သူလျှိုများကို ရှင်းလင်းပြီး ဖြစ်သည်။
"နှမြောစရာကောင်းတာက ကျွန်တော့်ဦးလေးက သတင်းကြိုရသွားလို့ ထွက်ပြေးလွတ်မြောက်သွားတာပဲ။ ဒါပေမဲ့ ဒီစာရယ် ခင်ဗျားတို့ ဖမ်းမိထားတဲ့ အမဲလိုက်တပ်ဖွဲ့ဝင်တွေရယ် ရှိနေပြီဆိုတော့ ကျွန်တော်တို့ အိမ်ပြန်ရောက်တဲ့အခါ အဖိုးဖြစ်သူက ဒါကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ကျိုးချင်းချွမ်းက သက်ပြင်းချရင်း ပြောလိုက်သည်။
သူသည် ကျိုးလုံ၏စာကို လက်ခံရယူခဲ့သော်လည်း ယွင်ရှန်းတို့အဖွဲ့ ဝိညာဉ်သားရဲတပ်ဖွဲ့ ထံမှ သိမ်းဆည်းရမိခဲ့သည့် ရွှေကတ်ကိုမူ ပြန်လည်မယူခဲ့ချေ။ ထို့ပြင် သူသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ အတွက် များပြားလှသော အကူအညီပေးခကိုလည်း ချီးမြှင့်ခဲ့သေးသည်။
ယခုတစ်ခေါက် ကိစ္စရပ်များမှာ ယွင်ရှန်းတို့၏ အကူအညီကြောင့် ဤမျှအထိ ချောချောမွေ့မွေ့ ပြီးမြောက်သွားလိမ့်မည်ဟု ကျိုးချင်းချွမ်း မထင်မှတ်ထားခဲ့ချေ။
မိုးလင်းပြီးနောက် ယွင်ရှန်းတို့အဖွဲ့မှာ ခရီးဆက်ရန် အသင့်ဖြစ်နေပြီဖြစ်သလို ကျိုးချင်းချွမ်းမှာလည်း လမ်းခွဲရန် လိုအပ်နေပြီဖြစ်ရာ ယွင်ရှန်းကို အလွန်ပင် နှမြောတသစွာဖြင့် နှုတ်ဆက်လိုက်ရသည်။
"အကိုကျိုး... ကျွန်မ အကို့ကို မေးစရာလေးတစ်ခု ရှိလို့ပါ"
လမ်းမခွဲမီမှာပင် ယွင်ရှန်းက ကျိုးချင်းချွမ်းကို လှမ်းခေါ်လိုက်သည်။
ကျိုးချင်းချွမ်းသည် ယွင်ရှန်းကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် တွယ်တာစိတ် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ထိုခံစားချက်များကို နှလုံးသားထဲတွင် လျင်မြန်စွာ ပြန်လည်ဝှက်ဖုံးလိုက်သည်။ အတူတူရှိနေခဲ့သည့် ရက်များအတွင်း သူသည် ယွင်ရှန်းအကြောင်းကို ပိုမိုသိရှိခွင့်ရခဲ့သည်။
ယွင်ရှန်းမှာ အသက်ရှစ်နှစ်သာ ရှိသေးကြောင်း သိလိုက်ရချိန်တွင် သူ အတော်ပင် အံ့အားသင့်သွားခဲ့ရသည်။ သူတို့နှစ်ဦးကြားတွင် အသက် ၁၃ နှစ်မျှ ကွာခြားနေသည်။ ဤခံစားချက်မှာ ခါးသက်သက်နိုင်သော်လည်း ကျိုးချင်းချွမ်းသည် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ... ယွင်ရှန်း အရွယ်ရောက်လာမည့်အချိန်ကို စောင့်နေမည်။
စောင့်ဆိုင်းနေမည့် ဤနှစ်များအတွင်း သူသည် သူ့ကိုယ်သူ အမြဲမပြတ် ပိုမိုတောင့်တင်းခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ပြီး ဤကဲ့သို့သော အဖြစ်အပျက်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်စေရန် အာမခံနိုင်သူ ဖြစ်လာစေရမည်။
သူ ကျိုးချင်းချွမ်းအနေဖြင့် မှော်စွမ်းအားနှင့် ဆေးပညာပါရမီတို့တွင် ဤမိန်းကလေးငယ်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။
သို့သော် သူသည် သူကျွမ်းကျင်သော နယ်ပယ်တွင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်လာစေရန်နှင့် တစ်နေ့တွင် သူ၏ ထူးခြားလှသော စီးပွားရေးစွမ်းရည်များကို အသုံးချကာ သူမကို ကာကွယ်ပေးနိုင်ရန် သစ္စာဓိဋ္ဌာန် ပြုလိုက်သည်။
ထိုသို့သော အခြေအနေမျိုး ရောက်ရှိလာမှသာ သူမကို အမှန်တကယ် ပိုးပန်းခွင့်ရမည်ဟု သူ ယူဆထားသည်။
ယွင်ရှန်းမှာမူ ဤအချိန်၌ ကျိုးချင်းချွမ်း၏ စိတ်ထဲတွင် မည်သို့ တွေးတောနေသည်ကို အနည်းငယ်မျှပင် ရိပ်မိခြင်းမရှိပေ။
"မေးစရာရှိတာ ဘာမဆိုမေးပါ ရှန်းအာ။ အကိုကျိုးကူညီပေးနိုင်တဲ့ အရာဆိုရင်တော့ သေချာပေါက် ကူညီပေးမှာပါ"
ကျိုးချင်းချွမ်းက ပြုံးလျက် ပြောလိုက်ရင်း သူမ၏ မျက်နှာပေါ်မှ ဆွဲဆောင်မှုရှိသော အပြုံးလေးကို မြတ်နိုးတန်ဖိုးထားစွာ ငေးကြည့်နေမိသည်။
"ဆေးခန်းရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ ပတ်သက်လို့ပါ။ ကျွန်မ အခက်အခဲအချို့နဲ့ ကြုံနေရလို့"
ယွင်ရှန်းသည် လွန်ခဲ့သောရက်များအတွင်း လင်းယောင်အာထံမှ ပေးစာများကို လက်ခံရရှိထားခဲ့သည်။ ဆေးခန်းသည် လောလောဆယ်တွင် မှော်ဆေးရည်များဘက်သို့ ယာယီဦးတည် ပြောင်းလဲလိုက်သော်လည်း ရလဒ်မှာမူ အားရကျေနပ်စရာ မရှိလှပေ။
အမှန်စင်စစ်အားဖြင့် သာမန်အရပ်သားအများစုအတွက် ရှေးဟောင်းဆေးပညာရပ်များမှာ မှော်များထက် ပိုမိုယုံကြည်စိတ်ချရသည်။ အကယ်၍ ဆေးဖက်ဝင်အပင်များ ထောက်ပံ့မှုပြဿနာကို အမြန်ဆုံး မဖြေရှင်းနိုင်ပါက အခမဲ့ဆေးကုသပေးခြင်းဖြင့် တည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာ မကြာမီ ပျက်ပြယ်သွားပေလိမ့်မည်။
ယွင်ရှန်းက သူမအနေဖြင့် ဆေးဧကရာဇ်ခန်းမကို မည်သို့ ပြစ်မှားမိခဲ့ပုံနှင့် သန့်စင်အဆင့်ရှိသော ဆေးလုံးတစ်လုံးကို မည်သို့ ထုတ်လုပ်ခဲ့ပုံတို့အကြောင်းကို ကျိုးချင်းချွမ်းအား အကျဉ်းချုပ် ပြောပြလိုက်သည်။
"မင်းက သန့်စင်အဆင့် ဆေးလုံးကို ဖော်စပ်ပြီး အခမဲ့ဆေးကုသပေးနေတုန်း ဆေးဧကရာဇ်ခန်းမကို စိန်ခေါ်ခဲ့တာလား"
ကျိုးချင်းချွမ်းက အံ့အားသင့်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး "ဆေးဧကရာဇ်ခန်းမက မင်းကို ဒီလောက်အထိ အပြင်းအထန် တုံ့ပြန်တာ မဆန်းပါဘူး" ဟု ပြောလိုက်သည်။
ဝူကျိကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းများကို တာဝန်ယူထားသူဖြစ်သည့်အတွက် ကျိုးချင်းချွမ်းသည် သူတို့အဖွဲ့၏ လုပ်ငန်းနယ်ပယ်မှာ အလွန်ကျယ်ပြန့်ပြီး ဆေးဖက်ဝင်အပင် ဝယ်ယူခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိထားသည်။ ဤတိုက်ကြီးပေါ်တွင် သန့်စင်အဆင့်ရှိသော ဆေးလုံးများသာမက အဆင့်မြင့် ဆေးလုံးများကိုပင် ဆေးဧကရာဇ်ခန်းမမှလွဲ၍ အခြားသူများ ထုတ်လုပ်နိုင်ခြင်း မရှိသလောက်ပင်။
ထို့အတူ မှော်ဆေးရည်ပိုင်းတွင်လည်း မှော်ဗိမာန်မှလွဲ၍ မည်သူမျှ မလုပ်ဆောင်နိုင်ချေ။ ယွင်ရှန်းသည် ရှေးဦးစွာ လမင်းနတ်ဘုရားမ၏ ချီးမွမ်းသီချင်း အမည်ရသော အရည်အသွေးမြင့် မှော်ဆေးရည်ကို တီထွင်ခဲ့ဖူးသည်။ သူမသည် ယခင်က တော်ဝင်မှော်အကယ်ဒမီတွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ ထိုအချက်မှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသေးသည်။
သို့သော် ဆေးဧကရာဇ်ခန်းမ၏ စနစ်တကျ လေ့ကျင့်သင်ကြားပေးမှု မရှိဘဲနှင့် သူမသည် သန့်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့်အပြင် ဆေးဧကရာဇ်ခန်းမကိုလည်း ထပ်ခါတလဲလဲ စိန်ခေါ်ခဲ့သည်။ ရှေးဟောင်းဆေးပညာလောကတွင် ဆေးဧကရာဇ်ခန်းမ၏ အရှိန်အဝါကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ယွင်ရှန်းကို တိုက်ရိုက်သတ်ဖြတ်ခြင်း မပြုသည်မှာပင် သူတို့ဘက်က အတော်ကလေး ယဉ်ကျေးရာ ရောက်နေပြီဖြစ်သည်။
၎င်းမှာ တစ်ဖက်က ဝူရွှမ်း ဝူကျိခန်းမ၏ မျက်နှာကို ထောက်ထားခြင်းကြောင့်လည်း ဖြစ်နိုင်
သလို ယွင်ရှန်း၏ နောက်ကွယ်တွင် စစ်နတ်ဘုရား စစ်သူကြီးအိမ်တော်၏ အရှိန်အဝါ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
"သူတို့သာ အခမဲ့ဆေးကုသပေးနေတုန်းမှာ အမှားတွေ မလုပ်ခဲ့ရင် ကျွန်မက ဘာလို့ သူတို့ကို အရှက်ခွဲနေမှာလဲ"
ယွင်ရှန်းက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
"ဖြစ်ပြီးတာတွေလည်း ဖြစ်ကုန်ပြီဆိုတော့ ထားလိုက်ပါတော့။ မင်းရဲ့ဦးလေး ရှိနေသရွေ့တော့ ဆေးဧကရာဇ်ခန်းမက အလွန်ဆုံး ဆေးဖက်ဝင်အပင်တွေရဲ့ ဈေးကွက်ကို ဖြတ်တောက်တာလောက်ပဲ လုပ်နိုင်မှာပါ။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က သိပ်တော့ မခက်ခဲပါဘူး"
ကျိုးချင်းချွမ်းမှာ အမှန်တကယ်ပင် ဝူကျိ ကုန်သွယ်ရေးအဖွဲ့တွင် နှစ်ပေါင်းရာချီအတွင်း တစ်ယောက်သာ ပေါ်ထွန်းတတ်သည့် ရှားပါးပါရမီရှင်တစ်ဦး ပီသလှသည်။
ယွင်ရှန်းနှင့် စီအန်းဆေးတိုက်တို့ကို အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သော ပြဿနာကို သူက ခဏချင်းမှာပင် အဖြေထုတ်ပေးလိုက်သည်။
"စကားပုံတစ်ခု ရှိတယ်လေ... လူတစ်ယောက်ကို ငါးတစ်ကောင် ပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုမြတ်တယ်တဲ့။ ဆေးဆိုင်တွေဆီကနေ ဆေးဖက်ဝင်အပင်တွေကို လိုက်
ဝယ်နေမယ့်အစား ဆေးစိုက်တောင်သူတွေဆီကနေ တိုက်ရိုက်စဝယ်တာ ဒါမှမဟုတ် ပိုကောင်းတာက မင်းအတွက် ဆေးပင်တွေ စိုက်ပေးဖို့ လူငှားလိုက်တာက ပိုကောင်းလိမ့်မယ်"
ဆေးဧကရာဇ်ခန်းမ အပါအဝင် အဓိကဆေးဆိုင်ကြီးများတွင် အရည်အသွေး စိတ်ချရစေရန် သီးသန့်ဆေးပင်စိုက်ခင်းများ ရှိကြောင်း ကျိုးချင်းချွမ်းက သိထားသည်။
ကျိုးချင်းချွမ်း၏ အရိပ်အမြွက် စကားကြောင့် ယွင်ရှန်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ အမှန်ပင်... သူမ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကို သူမ ဘယ်လိုများ မေ့သွားရတာလဲ။ သူမ ငှက်ပျောရွက်ကျေးရွာမှာ ရှိစဉ်ကတည်းက ဆေးစိုက်တောင်သူတစ်ဦးပင်။
သူမအနေဖြင့် မြေဩဇာကောင်းသော ကျေးရွာအချို့ကို အပိုင်ဝယ်ယူနိုင်ပြီး သူတို့နှင့် စာချုပ်ချုပ်ကာ ဆေးပင်များ စိုက်ပျိုးခိုင်းခြင်း သို့မဟုတ် ကျိုးအင်ပါယာ၏ နေရာအနှံ့အပြားနှင့် နယ်စပ်ဒေသ ပြင်ပများတွင်ပါ စိုက်ပျိုးရေးစခန်းများ တည်ထောင်နိုင်သည်။
"အကိုကျိုး... အကိုက ကျွန်မကို တကယ်ပဲ အများကြီး ကူညီပေးတာပဲ။ အကို့မှာ အဆက်အသွယ်တွေ အများကြီး ရှိတယ်ဆိုတော့ ကျွန်မအတွက် အရည်အသွေးကောင်းတဲ့ ဆေးပင်မျိုးစေ့တွေ ရအောင် ကူညီပေးနိုင်မလား"
ယွင်ရှန်းသည် လင်းယောင်အာထံသို့ ချက်ချင်းပင် စာတစ်စောင် ရေးရန် ဆုံးဖြတ်လိုက်သည်။
"ရတာပေါ့... မင်းတို့ကလည်း ဒီတစ်ခေါက် ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။ မျိုးစေ့လေး ရှာပေးဖို့က ငါ့အတွက် ဘာမှခက်တဲ့ ကိစ္စမဟုတ်ပါဘူး"
ကျိုးချင်းချွမ်းသည် သူ၏ အတွေ့အကြုံများအရ ကျိုးအင်ပါယာအတွင်းရှိ စိုက်ပျိုးရန် အလားအလာအကောင်းဆုံး ကျေးရွာငယ်အချို့ကိုလည်း ရွေးချယ်ပေးခဲ့သည်။
ကျိုးချင်းချွမ်းက ယွင်ရှန်းအတွက် ကျိုးအင်ပါယာပြင်ပရှိ အခြားနိုင်ငံများတွင်လည်း စိုက်ပျိုးရန် သင့်တော်မည့် ကျေးရွာများကို ရှာဖွေပေးမည်ဟု ကတိပေးခဲ့သည်။ လမ်းဘေးတစ်နေရာမှ လှည်းသံ၊ မြင်းသံ တဂျိဂျိနှင့်အတူ ကျိုးချင်းချွမ်း၏ ကုန်သည်ယာဉ်တန်းကြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ယွင်ရှန်းသည် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ မှ စစ်သည်များနှင့်အတူ ခရီးဆက်ခဲ့သည်။
တိတ်ဆိတ်လှသော တောင်တန်းကြီး၏ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် လူရိပ်သုံးခု ရပ်နေကြသည်။
"တောက်... တောက်... ပိုင်မင်း ဟိုကောင်က မင်းရဲ့မိန်းကလေးကို စိတ်ဝင်စားနေတာပဲ။ သူက တကယ့်ကို ပြိုင်ဘက်ကောင်းပဲကွ။ ဝူကျိကုန်သွယ်ရေးအဖွဲ့ရဲ့ သခင်လေးဆိုတော့ ငယ်လည်းငယ်၊ ချမ်းလည်းချမ်းသာ၊ ပြီးတော့ သမားတော်နတ်မိမယ်လေး အပေါ်မှာလည်း အသည်းစွဲနေပုံပဲ"
ချန်ပိုင်က လေချွန်ရင်း ပြောလိုက်သည်။
"ဒီလောက်အဝေးကြီးကနေတောင် မင်းက အဲဒီအရိပ်အယောင်တွေကို မြင်နေတာလား ငါတော့ ဘာမှသတိမထားမိပါလား"
ပုကျိုရှောင်းက ဘာမှမသိနားမလည်စွာဖြင့် ပြောလိုက်သည်။
ယီပိုင်မင်း၏ ချောမောသော မျက်နှာမှာ တင်းမာသွားပြီး "သူက ငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။ သူ၏စကားလုံးများတွင် ရှက်ရွံ့ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မပါရှိချေ။
"ဝိုး... မင်းကိုယ်မင်း တော်တော်ယုံကြည်မှု ရှိနေတာပဲ။ ဒါကို ရှန်းအာလေးကရော သိရဲ့လား"
ယီပိုင်မင်း၏ စကားကြောင့် ချန်ပိုင်မှာ သီးပင်သွားတော့သည်။ သူက ယီပိုင်မင်းတစ်ယောက် ဒေါသတကြီး တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဤလူငယ်၏ အမူအရာမှာမူ ယွင်ရှန်းနှင့် ပတ်သက်လျှင် သူ၏ အခြေအနေအပေါ် အလွန်ပင် ယုံကြည်မှုရှိနေပုံရသည်။
"သူ သိဖို့မလိုဘူး။ သူက ငါ့အပိုင်ပဲ ဖြစ်ရမယ်"
ယီပိုင်မင်းက အေးစက်စွာ ပြောလိုက်သည်။
"အဲဒါဆိုရင်လည်း ရှေ့ကနေ ပေါ်ပေါ်ထင်ထင် ကာကွယ်ပေးလိုက်ပါလား။ အခုတော့ ငါတို့တွေကို ကြွက်တွေလို ခိုးကြောင်ခိုးဝှက် လိုက်ခိုင်းနေတာ... တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတယ်"
ချန်ပိုင်သည် သူ၏ ငယ်သူငယ်ချင်းဖြစ်သူကို မည်သို့ကိုင်တွယ်ရမှန်း မသိတော့ချေ။
သူတို့ ယွီကျင်သို့ ပြန်ရောက်သည်နှင့် ယွင်ရှန်းနှင့် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြားသည်နှင့် ယီပိုင်မင်းသည် စကားတစ်လုံးမျှပင် မဆိုဘဲ သူတို့နှစ်ယောက်ကို အလုပ်သမားများသဖွယ် ဆွဲခေါ်လာကာ လမ်းခရီးတစ်လျှောက် အခက်အခဲများကို အတူတူရင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။ လမ်းခရီးတွင် ယန်ချန်းလန်က သူတို့ကို ရိပ်မိသွားလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း ယီပိုင်မင်း၏ နိုးကြားမှုကြောင့်သာ အခြေအနေကို လှည့်စားကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"သူ့အတွက် ကာကွယ်ပေးဖို့ မလိုဘူးလို့ ငါလည်း ထင်တယ်"
ပုကျိုရှောင်းသည် အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယီပိုင်မင်းသည် မည်သည့်အမျိုးသမီးကိုမျှ စိတ်ဝင်စားခြင်း မရှိခဲ့ဖူးဘဲ ယခုမှ ဘာကြောင့် ဤမှော်ဆရာမလေးအပေါ် ရုတ်တရက် စိတ်ဝင်စားသွားရတာလဲ။ သူမ၏ ဆေးပညာမှာ မြင့်မားပြီး ရုပ်ရည်ကလည်း ချစ်စရာကောင်းသည်မှာ မှန်သော်လည်း ယီပိုင်မင်းကဲ့သို့သောသူက ဤမျှတိုတောင်းသော အချိန်အတွင်း အဘယ်ကြောင့် ဤမျှ နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားသွားရတာလဲ။
သို့သော် လမ်းခရီးတစ်လျှောက် နောက်ယောင်ခံလိုက်ရင်းမှ ယွင်ရှန်းသည် အလွန်ထူးခြားကြောင်း ပုကျိုရှောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ရုတ်တရက် ကြုံတွေ့ရသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းပုံတွင် သူမ၏ ဉာဏ်ပညာမှာ လူကြီးတစ်ယောက်နှင့်ပင် ယှဉ်နိုင်သည်။ မိစ္ဆာ အဆင့်ရှိသော ယီပိုင်မင်းက သူမကို ထူးထူးခြားခြား မျက်စိကျနေခြင်းမှာ မဆန်းတော့ချေ။
"တကယ်ပဲ... ဒီလောက်အထိ ပြတ်သားပြီး ထက်မြက်တဲ့ မိန်းကလေးမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ တောက်... မိစ္ဆာက မိစ္ဆာနဲ့ပဲ တန်တယ်လို့ ဆိုရမလား။ မင်းတို့နှစ်ယောက်သာ ပေါင်းဖက်
ဖြစ်ကြရင် မိစ္ဆာလေးတစ်ကောင် ထွက်လာမလားပဲ"
ချန်ပိုင်မှာ ထိုမြင်ကွင်းကို တွေးကြည့်ရုံဖြင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။