အခန်း (၃၀၇)
Vol. 30 Ch. 307
အခန်း။ ၃၀၇
ချန်ပိုင်သည် ထိုသုံးယောက်ထဲတွင် နုနုရွရွ အကျဆုံးသူဌေးသားလေးဖြစ်ရာ အပြင်ထွက်တိုင်း အကောင်းစားအစာကိုစားပြီး အကောင်းစားဝတ်စုံဝတ်ရမှ နေတတ်သူဖြစ်သည်။ ယခုမူ ယီပိုင်မင်း၏ ဆွဲခေါ်မှုကြောင့် ကောင်းကင်အမဲလိုက်တပ်ဖွဲ့ နောက်သို့ တကောက်ကောက်လိုက်နေရပြီး အစားလည်း ကောင်းကောင်းမစားရ၊ အိပ်ရေးလည်း ပျက်နေရသဖြင့် သူ၏ရင်ထဲတွင် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေတော့သည်။
သူသည် ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်း နားနားသို့လာသော ခြင်အချို့ကို ရိုက်သတ်
လိုက်ကာ သူ၏သူငယ်ချင်းကောင်းကိုလည်း အပြစ်တင်ရန် မမေ့လျော့ပေ။
"အမြဲတမ်းပဲ စိုးရိမ်စရာမရှိဘူးလို့ ပြောနေပြီးတော့ ဘာလို့များ မင်းက အားတက်သရော နောက်ကနေ လိုက်နေရတာလဲ။ ငါ့မှာတော့ ခြင်စာကျွေးနေရတာ ရက်အတော်ကြာနေပြီ"
ချန်ပိုင်က ရန်ငြိုးအပြည့်ဖြင့် ပြောလိုက်သည်။
"နောက်ထပ် သုံးရက်ကြာရင် ငါတို့တွေ ကျိုးအင်ပါယာရဲ့ တောင်ဘက်နယ်စပ်ကို ဝင်တော့မယ်။ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ သူတို့ထက် အရင်ဦးအောင် ညဘက်ပါ ခရီးနှင်ပြီး ခရမ်းရွှေမိုင်းဆီကို အပြေးသွားကြရမယ်"
ယီပိုင်မင်း၏ မီးခိုးရောင်မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီး လူအုပ်ထဲတွင် ထင်ရှားနေသော ယွင်ရှန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကြောင်ရိုင်းမလေး... ငါ ဒီခရီးကို ထွက်လာရတဲ့ ရည်ရွယ်ချက်အစစ်အမှန်ကိုသာ မင်းသိရင်တော့ အကြီးအကျယ် ဒေါသထွက်မှာ သေချာတယ်။
ယွင်ရှန်း၏ တုံ့ပြန်မည့်ပုံစံကို တွေးမိရင်း ယီပိုင်မင်း၏ မျက်နှာပေါ်တွင် အပြုံးစလေးတစ်ခု ပေါ်လာသည်။ သူ၏အပြုံးကြောင့် ဘေးမှ အမျိုးသားနှစ်ဦးမှာပင် အံ့အားသင့်သွားကြရသည်။ ထို့နောက် ထိုလူရိပ်သုံးခုမှာ ကျယ်ပြောလှသော သစ်တောပင်လယ်ကြီးအတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
ရုတ်တရက် ယွင်ရှန်း နှာချေလိုက်သည်။ အစောပိုင်းက တစ်စုံတစ်ယောက်က သူမကို နောက်ကနေ စိုက်ကြည့်နေသလို ခံစားလိုက်ရသော်လည်း လှည့်ကြည့်လိုက်သောအခါ မည်သူ့ကိုမျှ မတွေ့ရချေ။
ထိုညတွင် ကျိုးအင်ပါယာ၏ တောင်ဘက်နယ်စပ်ရှိ တိတ်ဆိတ်လှသော ကျေးရွာလေးတစ်ရွာသည် ညမှောင်မှောင်အောက်တွင် ငြိမ်သက်စွာ ရှိနေသည်။ ရွာထိပ်တွင် ခွေးဝါကြီးတစ်ကောင် ဝပ်နေပြီး လိမ္မော်ရောင် လမင်းကြီးမှာ ရွာထိပ်ရှိ သစ်ပင်ဖျားတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေသည်။
၎င်းမှာ ကျိုးအင်ပါယာအတွင်းရှိ အိမ်ခြေ တစ်ရာကျော်ခန့်သာရှိသော သာမန်ကျေးရွာလေးတစ်ရွာသာ ဖြစ်သည်။ ထိုကဲ့သို့သော ကျေးရွာများမှာ ကျိုးအင်ပါယာအတွင်း အလွန်များပြားပြီး ဝေးလံခေါင်ဖျားလွန်းလှသဖြင့် အင်ပါယာ၏ မြေပုံပေါ်တွင်ပင် အသေးစိတ် မှတ်တမ်းတင်ထားခြင်း မရှိချေ။ ထိုနေရာ၌ နေထိုင်ကြသော ရွာသားများ သိထားသည်မှာ သူတို့ရွာ၏အမည်မှာ ကျင်းခိုရွာ ဖြစ်ပြီး ရွာ၏ပုံသဏ္ဌာန်မှာ ရေတွင်းဝတစ်ခုနှင့် ဆင်တူသောကြောင့် ထိုသို့အမည်တွင်ခြင်း ဖြစ်သည်။
ဤရွာရှိ ရွာသားအများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြပြီး မိသားစုအနည်းငယ်မှာမူ အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသည်။ ထိုရွာသားများသည် ဤနေရာတွင် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။
ဤညသည်လည်း အခြားသော မရေမတွက်နိုင်သည့် ညများကဲ့သို့ပင် အေးချမ်းဆဲဖြစ်ပြီး အမျိုးသမီးများ၏ ချော့သိပ်သံနှင့် မြက်တောထဲမှ ပိုးကောင်လေးများ၏ မြည်သံတို့မှာ ဟန်ချက်ညီညီ ရောယှက်နေသည်။
ရုတ်တရက် ရွာထိပ်ရှိ ခွေးဝါကြီးမှာ အဆက်မပြတ် ဟောင်တော့သည်။ ရွာအဝင်တွင် မီးရောင်များ လင်းထိန်လာပြီး ရွာသားအားလုံးနီးပါး တစ်ပြိုင်နက်တည်း နိုးလာကြတော့သည်။
လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး အမျိုးသမီးများမှာ သူတို့၏ သားသမီးများကို ပွေ့ပိုက်ထားကြကာ အမျိုးသားများမှာမူ ခုတင်ဘေးရှိ ထင်းခုတ်ဓားများကို ဆုပ်ကိုင်ထားကြသည်။ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ အဝတ်အစားများကို ကမန်းကတန်း ဝတ်လိုက်ပြီး သူမ၏ ခင်ပွန်းဖြစ်သူမှာလည်း လက်ထဲတွင် ဓားမကြီးတစ်လက်ကို ကိုင်ထားသည်။
"ခြောက်ယောက်မြောက်လေးရဲ့ အဖေ... သူတို့ ရောက်လာကြပြီ။ ဟိုလူအုပ်ကြီး ရောက်လာပြီ။ ငါတို့တွေ ဘယ်လိုလုပ်ကြမလဲ"
အမျိုးသမီး၏ အသံတွင် ငိုသံများ ရောယှက်နေသည်။
"မကြောက်နဲ့တော့ ကလေးအမေရာ... လာရမယ့်အရာကတော့ တစ်နေ့နေ့ ရောက်လာမှာပဲ"
ခြောက်ယောက်မြောက်လေး၏ အဖေက ဇနီးသည်ကို တည်ငြိမ်စွာ နှစ်သိမ့်လိုက်ပြီး သူတို့၏ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ လျိုကျိကို အမြန်နှိုးလိုက်သည်။
"အဖေ... အမေ... သူတို့ ရောက်လာပြီလား"
ခြောက်ယောက်မြောက်လေးဟု ခေါ်သည့် ကောင်လေး လျိုကျိမှာ အရပ်သိပ်မရှည်သော်လည်း ဆူညံသံများကြောင့် နိုးနေခဲ့ပြီဖြစ်သည်။
သို့သော် သူ၏မိဘများက သူ့ကို အပြင်သို့ လုံးဝထွက်ခွင့်မပြုဘဲ ခုတင်ဘေးသို့ အတင်းဆွဲခေါ်သွားကြသည်။ သူတို့သည် ခုတင်ပေါ်ရှိ ကောက်ရိုးဖျာကို မလိုက်ရာ အောက်တွင် ဝှက်ထားသော မြေအောက်ခန်းငယ်တစ်ခု ပေါ်လာသည်။ ဤမြေအောက်ခန်းမှာ အသစ်စက်စက် တူးထားခြင်းဖြစ်ပြီး အတွင်း၌ ရေနှင့် အစားအသောက်အချို့ သိုလှောင်ထားကာ လူတစ်ယောက်သာ ဝင်ဆံ့နိုင်သည်။ အပေါ်မှ ကောက်ရိုးဖျာဖြင့် ပြန်ဖုံးလိုက်ပါက သေသေချာချာ မကြည့်လျှင် မည်သူမျှ ရှာမတွေ့နိုင်အောင်ပင် ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။
"အဖေ... အမေ... သား အောက်ထဲ မဆင်းချင်ဘူး"
လျိုကျိက သူ၏မိဘများကို ဖက်ထားရင်း လွှတ်မပေးချင်တော့ပေ။ သူသည် လူလားမမြောက်သေးသော်လည်း အခြေအနေကို နားလည်တတ်သည့် လိမ်မာသော ကလေးတစ်ဦး ဖြစ်နေပြီဖြစ်သည်။
မကြာသေးမီက အနီးနားရှိ ကျေးရွာများမှ ကြားသိရသော သတင်းများကြောင့် တစ်ရွာလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး ဖြစ်သည်။
"လျိုကျိ... အဲဒီလူယုတ်မာတွေ ရောက်လာပြီဆိုရင် တို့တစ်ရွာလုံး ဒုက္ခရောက်တော့မှာ။ မင်း အထဲမှာပဲ ပုန်းနေ ဘယ်တော့မှ အပြင်မထွက်လာနဲ့လို့ မှတ်ထား။ အထဲမှာ မင်းအတွက် တစ်ရက်နဲ့ တစ်ညစာ လုံလောက်တဲ့ ရေနဲ့ အစားအသောက်တွေ ရှိတယ်။ အပြင်မှာ အခြေအနေတွေ ငြိမ်သက်သွားပြီဆိုမှ မင်း အပြင်ထွက်လာခဲ့"
ခြောက်ယောက်မြောက်လေး၏ အဖေသည် အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော ငိုယိုသံများ၊ ကလေးငယ်များ၏ အော်ဟစ်သံများနှင့် ခွေးဟောင်သံများကို ကြားလိုက်ရသည်။ သူသည် ပို၍ပင် စိုးရိမ်တကြီး ဖြစ်လာကာ အံကိုကြိတ်ပြီး လျိုကျိ၏ နောက်စေ့ကို အရှိန်ပြင်းပြင်းဖြင့် တစ်ချက် ရိုက်ချလိုက်သည်။ လျိုကျိသည် မျက်စိရှေ့တွင် မှောင်အတိကျသွားပြီး သတိမေ့သွားတော့သည်။
ခြောက်ယောက်မြောက်လေး၏ အမေမှာ မျက်ရည်များကို သုတ်ရင်း အဖေဖြစ်သူက ကလေးကို မြေအောက်ခန်းငယ်ထဲသို့ ထည့်လိုက်သည်ကို ကြည့်နေရှာသည်။ ဇနီးမောင်နှံနှစ်ဦးမှာ ကောက်ရိုးဖျာကို အပေါ်မှ ပြန်ဖုံးလိုက်ကြသည်။ ထိုစဉ်မှာပင် အပြင်ဘက်မှ တံခါးကို ရိုင်းစိုင်းစွာ ထုရိုက်သံများ ထွက်ပေါ်လာပြီး ခဏချင်းမှာပင် တံခါးချပ်ကြီးမှာ ဝုန်းခနဲ မြည်ကာ ပွင့်ထွက်သွားတော့သည်။
ခေါင်းနှစ်လုံးပါသော ဝံပုလွေအချို့မှာ အိမ်ထဲသို့ အတင်းတိုးဝင်လာကြသည်။
ညသည် မည်မျှပင် မှောင်မိုက်ပါစေ... အဆုံးသတ်တွင်တော့ မိုးလင်းရမြဲပင်။
မည်မျှကြာသွားသည်မသိ... မြေအောက်ခန်းထဲ၌ ရှိနေသော လျိုကျိသည် ဗိုက်ဆာလွန်းသဖြင့် ရုတ်တရက် နိုးလာသည်။ မြေအောက်ခန်းအတွင်းမှာ မှောင်မိုက်ပြီး စိုစွတ်နေသည်။ မိဘများ၏ မှာကြားချက်ကို သတိရကာ လျိုကျိသည် အမှောင်ထဲတွင်ပင် စမ်းတဝါးဝါးဖြင့် ရှာဖွေရတော့သည်။
သူသည် အစားအသောက်များကို ရှာတွေ့သည့်အခါ စားလိုက်ပြီး ရေဘူးကို တွေ့သည့်အခါ သောက်လိုက်ရင်း အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ချေ။ အပြင်ဘက်တွင် တိတ်ဆိတ်သွားပြီဟု ထင်ရသောအခါမှ လျိုကျိသည် မြေအောက်ခန်းတံခါးကို တွန်းဖွင့်ကာ ကောက်ရိုးဖျာကို ဖယ်ပြီး အပြင်သို့ တွားထွက်လာခဲ့သည်။
အိမ်တွင်းမှာမူ ပရမ်းပတာ ဖြစ်နေပြီး စားပွဲ၊ ကုလားထိုင်များမှာလည်း တစ်စစီ ဖြစ်နေကာ နံရံများနှင့် တံခါးချပ်များမှာ မီးလောင်ကျွမ်းထားသဖြင့် မည်းတူးနေတော့သည်။ ထိုလူယုတ်မာအုပ်စုသည် အိမ်ထဲသို့ အတင်းဝင်ရောက်ကာ လူများကို ဖမ်းဆီးရုံသာမက အိမ်ကိုပါ မီးရှို့သွားခဲ့ခြင်းမှာ ထင်ရှားလှသည်။
အိမ်ထဲတွင် မည်သူမျှ မရှိတော့ပေ။ သူ၏ မိဘများမှာလည်း အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ လျိုကျိ တံခါးကို တွန်းဖွင့်လိုက်သောအခါ အပြင်ဘက်တွင်လည်း မှောင်အတိကျနေသည်ကို တွေ့လိုက်ရသည်။
သူကိုယ်တိုင်ပင် သတိမထားမိဘဲ မြေအောက်ခန်းအတွင်း၌ တစ်ရက်နှင့် တစ်ညလုံး ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ရွာအတွင်း၌ ပျက်စီးနေသော အဆောက်အအုံအကြွင်းအကျန်များနှင့် ပြိုပျက်နေသော နံရံများသာ နေရာအနှံ့ ရှိတော့သည်။ တစ်ချိန်က ဤနေရာ၌ နေထိုင်ခဲ့ကြသော ရွာသားများမှာ တစ်ညတည်းနှင့်ပင် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ ရွာထဲတွင် ဘာတစ်ခုမှ မကျန်တော့ချေ။
သူနှင့်အတူ ရယ်မောပျော်ပါးခဲ့ကြသော အိမ်နီးနားချင်းများအားလုံး တစ်ညတည်းနှင့် ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုလူယုတ်မာအုပ်စုသည် လုပ်ကိုင်နိုင်စွမ်းရှိသော အမျိုးသားများကိုသာမက အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် တိရစ္ဆာန်များကိုပင် ချန်မထားဘဲ အကုန်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထိုလူတွေ... ထိုလူတွေ လက်ချက်ပင်။
"ဒီတိရစ္ဆာန်တွေ... ငါ အကုန်သတ်ပစ်မယ်"
လျိုကျိသည် ပိတ်မိနေသော သားရဲတစ်ကောင်အလား အော်ဟစ်လိုက်ရာ သူ၏လည်ချောင်းအတွင်းမှ အက်ကွဲလှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုစဉ် သူ၏အကြည့်မှာ မီးလောင်ကျွမ်းထားသော အိမ်ထောင့်တစ်နေရာသို့ ကျရောက်သွားရာ ထိုနေရာ၌ သံလေးတစ်လက်ကို တွေ့လိုက်ရသည်။ လျိုကျိ၏ ဘိုးဘေးဘီဘင်များမှာ မျိုးရိုးစဉ်ဆက် မုဆိုးများဖြစ်ကြပြီး ပိဿာ ၅၀ ကျော် လေးလံသော ဤသံလေးမှာ လျိုကျိမိသားစု၏ အမွေအနှစ်ပင်။
ယခင်က လျိုကျိ၏အဖေသည် သူ့ကို ဤလေးကို လုံးဝကိုင်ခွင့်မပြုခဲ့သော်လည်း ယနေ့ညတွင်မူ ဤတန်ဖိုးကြီးလှသော သံလေးမှာ ထောင့်တစ်နေရာ၌ စွန့်ပစ်ခံထားရသည်။ လျိုကျိ လမ်းလျှောက်သွားကာ ထိုသံလေးကို ကောက်ယူလိုက်သည်။
သံလေးမှာ မီးဒဏ်ကြောင့် အလွန်ပူလောင်နေသဖြင့် လူငယ်လေး၏ လက်များမှာ ချက်ချင်းပင် အရည်ကြည်ဖုများ ထသွားသော်လည်း သူ ဂရုမစိုက်အားပေ။ ပြတ်သားသော စိတ်ဓာတ်ဖြင့် သံလေးကို ကျောတွင်လွယ်ကာ မှောင်အတိကျနေသော တောင်ဘက်အရပ်ဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။
ကျင်းခိုရွာတွင် ဖြစ်ပွားခဲ့သော ဤကြေကွဲဖွယ်ရာ အဖြစ်အပျက်မျိုးမှာ ကျိုးအင်ပါယာနှင့် ဟောက်ချင်အင်ပါယာတို့အကြားရှိ တောင်ဘက်နယ်စပ်တစ်လျှောက်တွင် လခွဲတစ်ကြိမ်ခန့် ပုံမှန်ဖြစ်ပွားနေခြင်းဖြစ်သည်။ သို့သော်လည်း စည်ကားလှသော ယွီကျင် မြို့တော်တွင် နေထိုင်သည့် ကျိုးအင်ပါယာ ဧကရာဇ်မှာမူ ဤအဖြစ်အပျက်များကို လုံးဝ သိရှိခြင်း မရှိရှာပေ။
ရက်အနည်းငယ် ကြာပြီးနောက်... ယွင်ရှန်းတို့အုပ်စုသည် ကျိုးအင်ပါယာ၏ တောင်ဘက်နယ်စပ်သို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
ယွင်ရှန်းသည် ဝူရွှမ်းတိုက်ကြီးပေါ်တွင် ရှိနေခဲ့သည့် ရှစ်နှစ်ကျော် ကာလအတွင်း အချိန်အများစုကို ကျိုးအင်ပါယာ မြောက်ဘက်ရှိ ငှက်ပျောရွက်ကျေးရွာ တွင်သာ ကုန်ဆုံးစေခဲ့သည်။ ယွီကျင် မြို့တော်တွင် နှစ်နှစ်နီးပါး နေထိုင်ခဲ့ခြင်းမှာလည်း ကျိုးအင်ပါယာ၏ အလယ်ဗဟိုပိုင်းတွင်သာ ဖြစ်သည်။
ယခင်က သူမ တာဝန်ကျခဲ့သော တောက်ယဲ့တောင် အမဲလိုက်စစ်သည် ကင်းမြို့မှာ ကျိုးအင်ပါယာ တောင်ဘက်နယ်စပ်တွင် ပါဝင်သော်လည်း ယခု ခရမ်းရွှေမိုင်း ရှာဖွေတွေ့ရှိသည်ဟု ကောလာဟလ ထွက်နေသော နေရာနှင့်မူ ကွဲပြားခြားနားသည်။ တောက်ယဲ့တောင်မှာ ကျိုးအင်ပါယာ၏ အနောက်တောင်ဘက်တွင်ရှိပြီး ခရမ်းရွှေမိုင်းမှာမူ အရှေ့တောင်ဘက်ခြမ်းတွင် တည်ရှိနေခြင်း ဖြစ်သည်။