← Chapters

ငါ့ကို မထိတာ ပိုကောင်းမယ်

Vol. 18 Ch. 173

ငါ့ကို မထိတာ ပိုကောင်းမယ်

Vol. 18 Ch. 173

"ရပ်လိုက်စမ်း..."

ထိုအချိန်တွင် ဂိုဏ်းချုပ်လန်ထျန်းဟယ်က လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ယင်သုံးပါးနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ပွင့်အံ့ထွက်လာကာ ကုန်းစွန်းလျောင်နှင့်ဟန်မင်ဖုန်းတို့၏ ချီစွမ်းအားများကို တားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကျုံးချင်ကို သူ၏နောက်တွင် ကာကွယ်ထားလိုက်၏။

သူ၏အမြင်အရ ကျုံးချင်၏စွမ်းအားဖြင့် ယင်သုံးပါးနယ်ပယ် အရှိန်အဝါများ၏ ထိတွေ့မှုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ဟု ယူဆထားသောကြောင့်ပင်။

"ဟမ့်... လျှို့ဝှက်နယ်မြေသံမဏိပြားတွေ လောကကြီးရဲ့အနှံ့အပြားမှာ ပြန့်ကျဲနေတာပဲ... ဒါတွေကို ရနိုင်မရနိုင်ဆိုတာက ကံတရားအပေါ် မူတည်တယ်..."

"အခု လွင်ပြင်ဝင်ပေါက်ကို ရောက်နေပြီ... ဒီလိုအချိန်ကျမှ တခြားလူရဲ့ သံမဏိပြားကို လုယူဖို့ ရည်ရွယ်နေတာလား..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်က အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါဆိုရင် ငါ့ရဲ့လက်ထဲက သံမဏိပြားနဲ့ ဂိုဏ်းချုပ်မင် လက်ထဲက သံမဏိပြားကိုရော မင်းတို့က လုယူဖို့ ရည်ရွယ်ထားတာလား... သံပြားခြောက်ခုလုံးကို မင်းတို့ ရေခဲဓားဂိုဏ်းနဲ့ နဂါးနက်ဂိုဏ်း ပိုင်ဆိုင်တာက အကောင်းဆုံး ဖြစ်မယ်ပေါ့... ဟုတ်လား..."

ကုန်းစွန်းလျောင်နှင့်ဟန်မင်ဖုန်းတို့၏ မျက်လုံးများသည် ဂိုဏ်းချုပ်လန်ထျန်းဟယ်ကို ကြည့်ရင်း အေးစက်စက်အလင်းတန်းများဖြင့် တောက်ပနေသည်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ကြောက်ရွံ့ခြင်း မရှိဘဲ ထိုလူနှစ်ဦးကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နေပြီး နောက်ဆုတ်မည့် အရိပ်အယောင် မပြချေ။

သေချာသည်မှာ သူသည် ဝင်ရောက်စွက်ဖက်ရန် တရားမျှတမှု စိတ်ဓာတ်ဖြင့် အမှန်တကယ် လုပ်ဆောင်နေခြင်း မဟုတ်ပေ။

သူသည် အစကတည်းက ကျုံးချင်တို့နှစ်ယောက်ကို မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားသဖြင့် ဤသည်မှာ သဘာဝကျသော အကောင်းဆုံး အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။

ဟန်မင်ဖုန်းနှင့်ကုန်းစွန်းလျောင်တို့သည် မောက်မာထောင်လွှားကြသော်လည်း ပထမတန်းစားဂိုဏ်းများဖြစ်ပြီး ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် သူတို့ လွယ်လင့်တကူ အကြမ်းဖက်ကြမည် မဟုတ်ချေ။

ထို့ပြင် ဂိုဏ်းချုပ်လန်ထျန်းဟယ်၏အမြင်အရ သူ တစ်ယောက်ဖြင့် ပြိုင်ဘက်နှစ်ယောက်ကို သေချာပေါက် အနိုင်ရအောင် မတိုက်ခိုက်နိုင်ပေ။

သို့သော် ကျုံးချင်၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့ထက် စွမ်းအားမနိမ့်ကျသော ယင်သုံးပါးနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ချေများသည်။

အကယ်၍ သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် ဟန်မင်ဖုန်းနှင့်ကုန်းစွန်းလျောင်တို့သည် လျှို့ဝှက်နယ်မြေထဲမဝင်ခင် အပြန်အလှန် ပျက်စီးဆုံးရှုံးမှုကို ခံစားချင်သည် မဟုတ်ပါက အမှန်တကယ် ရန်လိုပြီး တိုက်ခိုက်ကြမည် မဟုတ်ချေ။

ဤအတွေး ဝင်လာသည်နှင့် ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင် ဟပ်လာသည်။

ကျုံးချင်၏နောက်သို့ လိုက်ပါလာသော အနက်ရောင်ဝတ်ရုံဝတ်လူသည် မည်သည့်အချိန်ကတည်းက အဖွဲ့ထဲမှ ပျောက်ကွယ်သွားသည်ကို သူ မသိလိုက်ရချေ။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ထိုလူ ထွက်ခွာသွားသည်ကို လုံးဝသတိမထားမိလိုက်သဖြင့် ထိုလူ၏ အလွန်ထူးချွန်ပြောင်မြောက်သော ပုန်းကွယ်နိုင်စွမ်းကို အံ့အားသင့်သွားသည်။

ထို့နောက် သူ တိတ်တဆိတ် ညည်းတွားလိုက်၏။ ထိုအနက်ရောင်ဝတ်ရုံဝတ်လူသည် ဤကဲ့သို့အချိန်မျိုး၌ မည်သည်ကြောင့် ပျောက်ကွယ်သွားခဲ့သနည်း။

ထိုသို့ဆိုပါက သူက ဟန်မင်ဖုန်းနှင့်ကုန်းစွန်းလျောင်တို့ကို သူတစ်ယောက်တည်းဖြင့် တကယ် ရင်ဆိုင်ရတော့မည်လော....

ညီအစ်ကိုရာ... ငါတို့ တိုက်ပွဲစတော့မယ်လေ... မင်းက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့အဖွဲ့သားကို သစ္စာဖောက်ရတာလဲ...

သို့သော် သူ၏မျက်လုံးထောင့်မှ တစေ့တစောင်း ကြည့်လိုက်ရာ ကျုံးချင်သည် ဂရုမစိုက်သော ပုံစံဖြင့် ရှိနေပြီး အနက်ရောင်ဝတ်ရုံဝတ်လူ ပျောက်ဆုံးသွားခြင်းကို လုံးဝအံ့အားမသင့်ကြောင်း သူ မြင်တွေ့လိုက်ရသည်။

ဂိုဏ်းချုပ်လန်ထျန်းဟယ်၏စိတ်နှလုံးသား အနည်းငယ်တည်ငြိမ်သွားပြီး အနက်ရောင်ဝတ်ရုံဝတ်လူသည် တစ်နေရာရာတွင် ပုန်းအောင်းနေလောက်သည်ဟု သူ ခန့်မှန်းလိုက်၏။

သူတို့ တောင်ကြားလမ်းသို့ ချဉ်းကပ်လာကတည်းက ကျုံးချင်သည် ပတ်ဝန်းကျင်ကို အရင်ဆုံး စုံစမ်းစစ်ဆေးရန် ဟေးပိုင်ကို တိတ်တဆိတ် အမိန့်ပေးထားကြောင်း ဂိုဏ်းချုပ်လန်ထျန်းဟယ် မသိခဲ့ချေ။

သူသည် ကျန်းယွဲ့ဂိုဏ်းမှ လူများထံမှ များစွာကြားသိခဲ့ရသော်လည်း ပိုင်ဖုန်းလွင်ပြင်အကြောင်း လုံးဝမသိနားမလည်သေးသဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်တချို့ စုဆောင်းခြင်းသည် သူ့အတွက် အကျိုးမယုတ်နိုင်ချေ။

အကြောင်းအရင်းမှာ လူဖြစ်နေသရွေ့ သေရမည်ကို ကြောက်ရွံသောကြောင့်ပင်။

ထို့ကြောင့် ဂိုဏ်းခေါင်းဆောင် လန်ထျန်းဟယ် မသိလိုက်ဘဲ ဟေးပိုင်သည် ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ယခုအချိန်တွင် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိနေလောက်လေပြီ။

အနက်ရောင်ဝတ်ရုံဝတ်လူ အမှန်တကယ် ထွက်ခွာသွားခြင်း မဟုတ်ဟု ခံစားမိသော်လည်း ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် အဆင့်တူ ပြိုင်ဘက်နှစ်ဦးကို တပြိုင်နက်တည်း ရင်ဆိုင်ရချိန်တွင် ယုံကြည်ချက် အနည်းငယ် ကင်းမဲ့နေဆဲပင်။

သူသည် မလှမ်းမကမ်းရှိ ကြေးမုံနှလုံးသားရေကန်မှ လူများကို ကြည့်လိုက်၏။

ဂိုဏ်းချုပ် မင်ယွဲ့ရှန်းသည် လျစ်လျူရှုသော မျက်နှာထားဖြင့် ကြည့်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပြသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့ ကျင့်ကြံသော ကျင့်ကြံနည်းစနစ်များကြောင့် ကြေးမုံနှလုံးသားရေကန်မှ တပည့်အများစုသည် လောကီနှင့်ကင်းကွာသော သဘောသဘာဝ ရှိကြပြီး ရန်သူ သို့မဟုတ် မိတ်ဆွေဖွဲ့လေ့ မရှိကြပေ။

ယခုအချိန်တွင် သူတို့ ဝင်ရောက်စွက်ဖက်ရန် မျှော်လင့်ခြင်းသည် သေချာပေါက် စိတ်ချရမည် မဟုတ်ချေ။

အမှန်တကယ်ကိုပင် ဂိုဏ်းချုပ်မင်ယွဲ့ရှန်း၏ ဘေးတွင် ကြေးမုံနှလုံးသားရေကန်၏ သူတော်စင်မိန်းမပျို မင်ဆုရှင်းက ပြောဆိုလိုက်သည်။

"ဆရာ... ကျွန်မတို့ ဝင်မပါဘူးလား..."

ထိုစကားကိုပြောဆိုရင်း သူမ၏လှပသော မျက်လုံးများသည် ကျုံးချင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပေ၏။

ဤလူ၏အရှိန်အဝါသည် အလွန်ဆွဲဆောင်မှု ရှိသော်လည်း ကြေးမုံနှလုံးသားရေကန်၏ သူတော်စင်မိန်းမပျိုတစ်ယောက်အနေဖြင့် ထိုအကြောင်းပြချက်ကြောင့် သူ့ကို အထင်ကြီးလိမ့်မည် မဟုတ်ချေ။

အသက်နှစ်ဆယ်ကျော်သာ ရှိပုံရသော ဤလူငယ်သည် လျှို့ဝှက်နယ်မြေ သံမဏိပြားနှစ်ခုကို မည်သို့ရရှိနိုင်ခဲ့သနည်း ဆိုသည်ကိုသာ သူမ သိချင်နေခြင်း ဖြစ်သည်။

သူတို့၏ကြေးမုံနှလုံးသားရေကန်ပင်လျှင် အင်အားများစွာ စိုက်ထုတ်ရှာဖွေပြီးမှ သံမဏိပြားတစ်ခုတည်းသာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်မင်ယွဲ့ရှန်းက ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။

"ငါတို့နဲ့ မဆိုင်ပါဘူး... အခြေအနေကို စောင့်ကြည့်ရုံပဲ..."

မည်သို့ပင်ဆိုစေကာမူ သူတို့၏လက်ထဲတွင် သံမဏိပြားတစ်ခု ရှိနေသဖြင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သည့် အရည်အချင်းကို ရရှိထားပြီးဖြစ်သည်။ ရေခဲဓားဂိုဏ်းနှင့် နဂါးနက်ဂိုဏ်းတို့သည် သူတို့ကို ရန်စရဲလောက်သည့်အထိ ရူးသွပ်မိုက်မဲခြင်းမရှိကြောင်း သိသာထင်ရှားသည်။

ထို့ကြောင့် ကြေးမုံနှလုံးသားရေကန်မှလူများသည် ပုံမှန်အတိုင်း လောကီအရေးကိစ္စများနှင့် ကင်းကွာသော သဘောထားကို ဆက်လက်၍ ထိန်းသိမ်းထားလိုက်သည်။

ယခုအချိန်တွင် ဤနေရာရှိ အခြေအနေသည် တင်းမာနေပေ၏။

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် အနည်းငယ် စိုးရိမ်ပူပန်နေသော်လည်း အပြင်ပန်းတွင် ထုတ်ပြ၍ မရနိုင်ချေ။

သူ၏အရှိန်အဝါ တလိမ့်လိမ့်ထလာပြီး သူ၏ အဝတ်အစားများနှင့်ဆံပင်များသည် လေမတိုက်ဘဲ လှုပ်ရှားနေကာ ဟန်မင်ဖုန်းနှင့်ကုန်းစွန်းလျောင်တို့ကို အေးစက်တင်းမာစွာ စိုက်ကြည့်နေသည်။

နှစ်ဖက်လုံးသည် အချိန်တခဏကြာခန့် ထိပ်တိုက်တွေ့ဆုံပြီးနောက် ဟန်မင်ဖုန်းက ရုတ်တရက် ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်လန်က တကယ့်ကို ဖြောင့်မတ်မှန်ကန်တဲ့လူပဲ... မတော်တဆ တွေ့ဆုံမှုလေး အတွက်တောင် ဝင်ရောက်စွက်ဖက်ပေးတယ်..."

"ဒါပေမဲ့ ငါ ဟန်မင်ဖုန်းက လူဆိုးမဟုတ်ပါဘူး... ပြီးတော့ တခြားလူရဲ့ သံမဏိပြားကို အတင်းအကြပ် လုယူမှာ မဟုတ်ပါဘူး..."

"ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းက အမြဲတမ်း လေးစားမှုနဲ့ ဆက်ဆံခဲ့ကြတာပဲလေ... ဂိုဏ်းချုပ်လန်ကို ငါက ဘယ်လိုလုပ် ကျော်လွန်ပြီးတော့ လုပ်ဆောင်ရဲမှာလဲ..."

သူ၏စကားသံ ဆုံးသွားသည်နှင့် သူသည် သူ၏ အရှိန်အဝါကို သဘောဆန္ဒအလျောက် ပြန်လည်၍ ထိန်းချုပ်လိုက်၏။

ကုန်းစွန်းလျောင်ကလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဂိုဏ်းချုပ်လန်... နှစ်တွေ ကြာခဲ့ပြီ... ခင်ဗျားရဲ့ အကျင့်စရိုက်က အရင်အတိုင်း ရှိနေတုန်းပဲ..."

ထိုအချိန်တွင် ဂိုဏ်းချုပ်လန်ထျန်းဟယ်၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားပြီး သူ၏ အရှိန်အဝါကို ပြန်လည်၍ ထိန်းချုပ်လိုက်သည်။

"မင်းတို့နှစ်ယောက်စလုံး အခြေအနေကို နားလည်ကြရင် အကောင်းဆုံးပဲ..."

သူတို့တစ်ယောက်ချင်းစီသည် ယင်သုံးပါးနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံဆင့်များရှိနေဖြင့် လူတစ်ယောက်တည်းက လူနှစ်ယောက်ကို ရင်ဆိုင်ရလျှင်ပင်...

သူတို့ အနိုင်ရသည့်တိုင် ဂိုဏ်းချုပ်လန်ထျန်းဟယ်မှ အသက်နှင့်ရင်း၍ တိုက်ခိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်အတွက်လည်း လွယ်ကူမည် မဟုတ်ပေ။

ထို့နောက် သူတို့သုံးယောက်လုံး ထိခိုက်ဒဏ်ရာရရှိသွားပြီး နံဘေးမှကြည့်နေသည့် ဂိုဏ်းချုပ် မင်ယွဲ့ရှန်းက အကျိုးအမြတ် ရသွားမည်ဆိုလျှင်... ဤသည်က သူတို့အနက် မည်သူမှ မမြင်ချင်သော အရာပင်။

ဟန်မင်ဖုန်းနှင့်ကုန်းစွန်းလျောင်တို့သည် ကျုံးချင်ကို နက်နက်ရှိုင်းရှိုင်း ထပ်မံ၍ စိုက်ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် ဆိုးညစ်သော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

ဟန်မင်ဖုန်းက ထွက်ခွာမသွားမီ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ လျှို့ဝှက်နယ်မြေ သံမဏိပြားလို ရတနာမျိုးက ဘယ်သူမဆို လွယ်လွယ်ကူကူ ထိန်းသိမ်းထားနိုင်တဲ့အရာ မဟုတ်ဘူး...ကံကောင်းလို့ ရရှိထားတယ် ဆိုရင်တောင်မှ...စွမ်းအား မရှိတဲ့သူတွေက ထိန်းသိမ်းထားနိုင်မယ်လို့ မဆိုလိုဘူး..."

"ဂိုဏ်းချုပ်လန်က သူ့ကို အမြဲတမ်း ကာကွယ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိတယ်...မဟုတ်ရင်..."

ကုန်းစွန်းလျောင်ကလည်း နတ်ဆိုးနဂါးတစ်ကောင် အစွယ်ထုတ်ပြသည့်အလား ကျုံးချင်ကို ကောက်ကျစ်ယုတ်မာစွာ ပြုံးပြလိုက်ပြီးနောက် အင်္ကျီလက်ကို ခါယမ်းကာ ထွက်ခွာသွားသည်။

သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ ဂိုဏ်းချုပ်လန်ထျန်းဟယ်က သက်ပြင်းချပြီး ကျုံးချင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မိတ်ဆွေလေးကျုံး... ကြည့်ရတာတော့ သူတို့နှစ်ယောက်လုံးက မိတ်ဆွေလေးကို ပစ်မှတ်ထားလိုက်ပြီ ထင်တယ်..."

"ဒီလူနှစ်ယောက်လုံးက စွမ်းအားကြီးပြီးတော့ သူတို့ရဲ့ နည်းလမ်းတွေက ရက်စက်ကြမ်းကြုတ်တယ်... သူတို့ရဲ့ ပစ်မှတ်ထားတာကို ခံရတာက မင်း တော်တော်လေး ဒုက္ခရောက်နိုင်တယ်..."

"ဒါပေမဲ့ အနက်ရောင်ဝတ်ရုံဝတ် တာအိုရောင်းရင်းက ကာကွယ်ပေးနေသရွေ့ မိတ်ဆွေလေး ဘေးကင်းမှာပါ... သူ့ကို ထွက်ခွာခွင့် မပေးတာ အကောင်းဆုံးပဲ... မင်းရဲ့ဘေးနားမှာ အမြဲတမ်းထားပြီး ကာကွယ်ခိုင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ်..."

"ဒါပေမဲ့ မိတ်ဆွေလေး သတိထားဖို့ လိုသေးတယ်... သူတို့နှစ်ယောက်လုံးနဲ့ တပြိုင်နက်တည်း လုံးဝမတွေ့ဆုံမိစေနဲ့... မဟုတ်ရင် အန္တရာယ် ရှိလိမ့်မယ်..."

အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက် ကျုံးချင်သည် ဂိုဏ်းခေါင်းဆောင်လန်ထျန်းဟယ်အပေါ် အနည်းငယ်ပို၍ သဘောကျလာသဖြင့် သူ ခေါင်းညိတ်ပြပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် နားလည်ပါတယ်..."

သူ၏အပြုံးတွင် နက်နဲသော အဓိပ္ပာယ်တစ်မျိုး ပါဝင်နေပုံရသည်။

"ကျွန်တော် သတိထားပါ့မယ်... သူတို့က ကျွန်တော်နဲ့ မဆုံတွေ့တာ ပိုကောင်းပါလိမ့်မယ်...မဟုတ်ရင်... အရမ်း အန္တရာယ်များလိမ့်မယ်..."

ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ကျုံးချင်၏ စကားများ တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ များစွာတွေးတောမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့..."

"သွားကြစို့... လေနဲ့ နှင်းတွေ ငြိမ်သက်သွားပြီ... အခု ငါတို့ ပိုင်ဖုန်းလွင်ပြင်ထဲ ဝင်လို့ရပြီ..."

ဂိုဏ်းလေးဂိုဏ်းမှ အင်အားစုများသည် တောင်ကြားလမ်းဆီသို့ ဦးတည်၍ သွားကြတော့သည်။

တောင်ကြားလမ်းကို ဖြတ်ကျော်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ပိုင်ဖုန်းလွင်ပြင်သည် နောက်ဆုံးတွင် သူတို့နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့လေပြီ။

All Chapters