ခင်ဗျားတို့ ထွက်မလာသေးဘူးလား
Vol. 18 Ch. 174
အဖြူရောင်....
ဤသည်မှာ ကျုံးချင်နှင့် တခြားလူများအားလုံး ပထမဆုံးမြင်တွေ့လိုက်ရသော မြင်ကွင်းပင်။
သူတို့၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်မှာ သန့်စင်သော အဖြူရောင်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကို ခွဲခြားမရနိုင်သည့်အပြင် နေနှင့်လကို မမြင်တွေ့နိုင်ချေ။
အဆုံးမဲ့ ငွေဖြူရောင် ကမ္ဘာကြီးသည် မိုးကုတ်စက်ဝိုင်းအထိ ဆန့်တန်းနေပြီး ကောင်းကင်နှင့် တိုက်ရိုက်ပေါင်းစပ်နေသကဲ့သို့ ရှိနေသည်။
လွင်ပြင်တစ်ခု ဖြစ်သောကြောင့် မြေပြင်အနေအထားတွင် အနိမ့်အမြင့် သိပ်မရှိဘဲ ဤငွေဖြူရောင်ကမ္ဘာကြီးကို ပို၍ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါစေသည်။
ထိုနေရာတွင် မတ်တတ်ရပ်နေရင်း သူတို့သည် ဤကမ္ဘာလောကထဲတွင် ရှိနေသေးသည် ဟုတ်မဟုတ်ကို အချိန်တခဏကြာခန့် ဝေခွဲမရ ဖြစ်သွားကြသည်။
အတိုင်းအဆမဲ့ကျယ်ပြန့်သော ငွေဖြူရောင် ကမ္ဘာကြီးအလယ်တွင် မည်သူမဆို သူ့ကိုယ်သူ မကြုံစဖူး သေးငယ်သွားသည်ဟု ခံစားမိပေမည်။
ဤကျယ်ပြန့်သော နှင်းလွှာရှုခင်းကြီးက ကျုံးချင်ကို စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချမိစေသည်။
ဤကမ္ဘာကြီး၏ အမျိုးမျိုးသော အံ့အားသင့်ဖွယ်အရာများသည် လူအများကို အံ့အားသင့်မှင်သက်စေနိုင်စွမ်း ရှိနေဆဲပင်။
တခြားလူများအနက် အများစုသည်လည်း ပိုင်ဖုန်းလွင်ပြင်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ရာ ရပ်တန့်ပြီး ကြည့်ရှုနေကြသည်။
အချိန်တခဏကြာပြီးနောက် ဂိုဏ်းချုပ်လန်ထျန်းဟယ်က ကျန်းယွဲ့ဂိုဏ်းမှတပည့်များကို ပြောဆိုလိုက်သည်။
"ကဲ... ကြည့်နေတာ ရပ်ကြတော့..."
"လာမယ့်ရက်တွေမှာ မင်းတို့ ကြည့်စရာတွေ အများကြီး ရှိလာလိမ့်မယ်... အသားကျသွားရင် ဒီရှုခင်းကို မင်းတို့ ဆွဲဆောင်မှု ရှိတယ်လို့ ထင်တော့မှာ မဟုတ်ဘူး..."
"ငါတို့ မြန်မြန်သွားရမယ်... လေဖြူ ငြိမ်သက်နေတဲ့ ကာလအတွင်းမှာ လျှို့ဝှက်နယ်မြေကို အမြန်ရောက်ဖို့ လိုတယ်..."
"ဘာပဲဖြစ်ဖြစ် ငါတို့က သွားရမှာတင် မဟုတ်ဘူး... ပြန်လာရဦးမှာလေ..."
"ငါတို့ အရမ်းနှေးနေရင် အပြန်လမ်းမှာ လေဖြူ ပြန်ပေါ်လာတာနဲ့ ကြုံရနိုင်တယ်... အဲ့ဒါဆိုရင် ငါတို့ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး..."
သူ၏ စကားများသည် ခြောက်လှန့်နေခြင်း မဟုတ်ချေ။ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင်သူတစ်ဦး ဖြစ်သည့်တိုင် သူသည် လေဖြူထဲတွင် ရောက်နေပါက လေနှင့်နှင်းကို ခံနိုင်ရည်ရှိသော်လည်း ချီစွမ်းအင်များစွာ ကုန်ဆုံးမည်ဖြစ်ပြီး ဆက်တိုက်ခရီးသွားရန်အတွက် ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။
ပိုင်ဖုန်းလွင်ပြင်တွင် ပုန်းကွယ်နေသော အန္တရာယ်များစွာကို ထည့်မပြောလျှင်ပင်....
လေဖြူထဲတွင် လမ်းပျောက်သွားပါက သူကိုယ်တိုင်ပင် လွင်ပြင်ထဲမှ ပြန်ထွက်လာနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
ဂိုဏ်းလေးဂိုဏ်းသည် တောင်ကြားလမ်းမှတစ်ဆင့် လွင်ပြင်ထဲသို့ အတူတကွ ဝင်ရောက်လာကြသော်လည်း ဝင်ရောက်ပြီးသည်နှင့် မတူညီသော လမ်းကြောင်းများသို့ ချက်ချင်းလူစုခွဲသွားကြ၏။
ဤသည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။ ဂိုဏ်းလေးဂိုဏ်းကြား ဆက်ဆံရေး သိပ်မရင်းနှီးသည်ကို မဆိုထားနှင့် ဆက်ဆံရေး ကောင်းမွန်လျှင်ပင် လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲပေလိမ့်မည်။
အကျိုးအမြတ် ခွဲဝေမှု မညီမျှခြင်းသည် အမြဲတစေ အငြင်းပွားမှုများ၏ အရင်းအမြစ်ပင်။
ဂိုဏ်းနှစ်ဂိုဏ်း အတူတကွပူးပေါင်း၍ လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရာမှ ရရှိလာသော အခွင့်အလမ်းများကို မည်သို့ တွက်ချက်မည်နည်း။
ထိုနေရာမှ ရရှိလာသော အရာအားလုံးကို သာတူညီမျှ ခွဲဝေ၍ မရနိုင်ပေ။
ထို့ပြင် တစ်ဖက်လူက အကျိုးအမြတ်အတွက် ဖြောင့်မတ်မှန်ကန်မှုကို စွန့်လွှတ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်ရပေ၏။ တခြားဂိုဏ်းမှ လူများကို နောက်ကျောပေးထားရခြင်းအား မည်သူမျှ စိတ်မချကြချေ။
ဤပတ်ဝန်းကျင်တွင် တခြားလူများကို အဆိုးမြင်ခြင်းသည်သာ အလုံခြုံဆုံးရွေးချယ်မှုပင်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် သူတို့သည် အပြင်ပန်းတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြသည်။
တခြားဂိုဏ်းသုံးဂိုဏ်းသည် စကားပြောဆိုခြင်း မရှိသလောက်နီးပါး ဖြစ်နေပြီး လူစုခွဲကာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဂိုဏ်းချုပ်လန်ထျန်းဟယ်က ကျုံးချင်ကို လှည့်ကြည့်လိုက်သည်။
ထို့နောက် သူက အပြုံးနှင့် ပြောဆိုသည်။
"မိတ်ဆွေလေးကျုံး... ငါ့ရဲ့ ကျန်းယွဲ့ဂိုဏ်းနဲ့ အတူတူ ခရီးသွားမလား... ငါတို့ လမ်းခရီးမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့..."
ကျုံးချင်၏အကြည့်သည် တခြားဂိုဏ်းသုံးဂိုဏ်း ထွက်ခွာသွားရာ လမ်းကြောင်းများဆီသို့ စူးစိုက်၍ ကျရောက်နေဆဲပင်။
ရေခဲဓားဂိုဏ်းနှင့်နဂါးနက်ဂိုဏ်း တပည့်များ ထွက်ခွာသွားစဉ်က ထိုဂိုဏ်းနှစ်ဂိုဏ်းရှိ လူအုပ်ကြီးထံမှ မုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်များကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
'မင်းတို့ ကံကောင်းပြီးတော့ ဒီလွင်ပြင်မှာ ငါနဲ့ မတွေ့ဆုံမိပါစေနဲ့လို့ မျှော်လင့်မိတယ်...'
ကျုံးချင်၏နှုတ်ခမ်းထောင့် အနည်းငယ် ကွေးညွတ်သွားသည်။ သူသည် ဂိုဏ်းချုပ်လန်ထျန်းဟယ်ဘက်သို့ လှည့်ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"စေတနာအတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်လန်... ဒါပေမဲ့ ကျွန်တော် ငြင်းပါရစေ... ကျွန်တော် တစ်ယောက်တည်း သွားလို့ ရပါတယ်..."
ဂိုဏ်းချုပ်လန်ထျန်းဟယ်က ခေါင်းညိတ်ပြပြီး ပြောဆိုလေ၏။
"မိတ်ဆွေလေးကျုံးက ငါတို့နဲ့အတူ ခရီးမသွားချင်ဘူး ဆိုမှတော့ ငါ အတင်းအကျပ် မလုပ်တော့ပါဘူး... ငါတို့ ဒီနေရာမှာ လမ်းခွဲကြပြီး လျှို့ဝှက်နယ်မြေ ဝင်ပေါက်ရောက်မှ ပြန်ဆုံကြတာပေါ့... ပိုင်ဖုန်းလွင်ပြင်မှာ အန္တရာယ်တွေ အများကြီး ရှိတာမို့လို့ ကျေးဇူးပြုပြီး အထူး ဂရုစိုက်ပါ..."
"အနက်ရောင်ဝတ်ရုံဝတ် တာအိုရောင်းရင်းကလည်း အခုထိ ဘယ်ရောက်နေမှန်း မသိရသေးဘူး... မိတ်ဆွေလေးကျုံး... မင်းရဲ့ဘေးကင်းလုံခြုံမှုအတွက် သူ့နဲ့ အမြန်ဆုံး သွားရောက်တွေ့ဆုံတာက အကောင်းဆုံးပဲ..."
ကျုံးချင်က ပြုံးလိုက်သည်။
"သူ သိပ်မကြာခင် အမီလိုက်လာမှာပါ... ဂိုဏ်းချုပ်လန်... စိတ်ပူဖို့ မလိုပါဘူး..."
ဂိုဏ်းချုပ်လန်ထျန်းဟယ်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် ကောင်းတာပေါ့..."
ထိုသို့ ပြောဆိုပြီးနောက် သူသည် ထူးဆန်းသော ကျောက်စိမ်းကဲ့သို့ အရာဝတ္ထုတစ်ခုကို ထုတ်ယူပြီး ကျုံးချင်အား လက်ကမ်းပေးလိုက်သည်။ ထိုကျောက်စိမ်းသည် အခေါင်းပေါက် ဖြစ်နေပြီး အတွင်းထဲတွင် ပျံသန်းနေသော အင်းဆက်ပိုးကောင်လေးတစ်ကောင် လှည့်ပတ်သွားလာနေသည်ကို ဝိုးတဝါး မြင်တွေ့ရသည်။
"ဒီပစ္စည်းက အရိပ်ယင်ကောင် လမ်းပြကျောက်တုံးပါ..."
ဂိုဏ်းချုပ်လန်ထျန်းဟယ်က ပြောဆိုသည်။
"မင်းနဲ့ငါ နှစ်ယောက်လုံးမှာ လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို လမ်းပြပေးနိုင်တဲ့ လျှို့ဝှက်နယ်မြေ သံမဏိပြားတွေ ရှိပေမယ့်...တကယ်လို့ သရဲလေဖြူ တိုက်ခတ်လာရင် လျှို့ဝှက်နယ်မြေရဲ့အရှိန်အဝါက အနှောင့်အယှက် ဖြစ်ပြီး ဖုံးကွယ်ခံရလိမ့်မယ်... အဲ့ဒီအချိန်ကျရင် လျှို့ဝှက်နယ်မြေ သံမဏိပြားရဲ့ လမ်းပြတဲ့ အကျိုးသက်ရောက်မှုက ယာယီပျက်ပြယ်သွားလိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင် လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို အာရုံမခံနိုင်တော့ပေမယ့် ဒီအရိပ်ယင်ကောင် လမ်းပြကျောက်တုံးကတဆင့် လမ်းကြောင်းကို အတိုင်းအတာ တစ်ခုထိ အာရုံခံနိုင်လိမ့်မယ်... စိတ်ဝိညာဉ်ချီစွမ်းအင် ထည့်သွင်းလိုက်သရွေ့ အတွင်းထဲက လမ်းပြ အရိပ်ယင်ကောင်လေးက တောင်ဘက်အရပ်ဆီ ဦးတည်ပြီးတော့ ပျံသန်းသွားလိမ့်မယ်..."
"လျှို့ဝှက်နယ်မြေက ဒီလွင်ပြင်ရဲ့ မြောက်ဘက်မှာရှိတယ် ဆိုပေမယ့် မြောက်ဘက်ကို လျှောက်သွားရင် နောက်ဆုံးမှာ တွေ့ရှိရဖို့ အခွင့်အလမ်း များတယ်... ဒါပေမဲ့ ဒါက လမ်းတစ်ဝက်မှာ လမ်းပျောက်ပြီး မလိုအပ်ဘဲ အားစိုက်ထုတ်ရတာတွေကို ကာကွယ်ပေးနိုင်တယ်..."
"ဒီ အရိပ်ယင်ကောင်က အသက်သိပ်မရှည်ဘူး... ပြီးတော့ သေမသွားခင် သိပ်ဝေးဝေး မသွားနိုင်ဘူး ဆိုတော့... သတိထားတာ အကောင်းဆုံးပဲ..."
ဤပစ္စည်းသည် အတော်လေး ထူးဆန်းပြီး ကျုံးချင်၏ယခင်ဘဝမှ သံလိုက်အိမ်မြှောင်နှင့် နှိုင်းယှဉ်နိုင်သည်။
သူ လက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
ကျေးဇူးတုံ့ပြန်မှု မရှိခြင်းသည် ယဉ်ကျေးမှု မရှိရာ ရောက်သဖြင့် ကျုံးချင်သည်လည်း သစ်သားပန်းပုရုပ်တစ်ရုပ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ ဂိုဏ်းချုပ်လန်ထျန်းဟယ်အား လက်ကမ်းပေးလိုက်သည်။
"ဂိုဏ်းချုပ်လန်က စဉ်းစားပေးတတ်တာပဲ... ကျွန်တော်လည်း ဂိုဏ်းချုပ်လန်ကို ဒီပစ္စည်း လက်ဆောင်ပေးပါရစေ... အရေးကြီးတဲ့ အခိုက်အတန့်မှာ စိတ်ဝိညာဉ်ချီစွမ်းအင် ထည့်သွင်းလိုက်ရင် အသုံးဝင်လာနိုင်တယ်..."
ဤသစ်သားပန်းပုရုပ်တွင် ထူးခြားသောအရှိန်အဝါ မရှိသဖြင့် ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ဤသာမန်သစ်သားပန်းပုရုပ်က အသုံးဝင်လာမည်ဟု မည်သို့မျှ ထင်မှတ်မထားခဲ့ချေ။ သို့သော် သူသည် ကျုံးချင်၏ စေတနာကို ငြင်းပယ်မည် မဟုတ်ပေ။ သူသည် သစ်သားပန်းပုရုပ်ကိုယူလိုက်ပြီး အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ဒီ အရိပ်ယင်ကောင် လမ်းပြကျောက်တုံး က တန်ဖိုးရှိတဲ့ပစ္စည်း မဟုတ်ပါဘူး... ငါတို့ဂိုဏ်းက လူတိုင်းမှာ တစ်ခုစီ ရှိကြတယ်... ဒါပေမဲ့ မိတ်ဆွေလေးကျုံးရဲ့ လက်ဆောင်ဖြစ်နေလို့ ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်..."
သူ ကျုံးချင်ကို အတူခရီးသွားရန် ဖိတ်ခေါ်ခြင်းသည် မူလက ယဉ်ကျေးမှုအရသာ ဖြစ်သည်။ သူသည် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားပြီး သူတို့၏ လက်ရှိဆက်ဆံရေးသည် ကောင်းမွန်နေသော်လည်း သူတို့ ယခုမှ တွေ့ဆုံဖူးခြင်း ဖြစ်သဖြင့် အပြန်အလှန်ယုံကြည်မှုကိုမူ တည်ဆောက်၍ မရသေးချေ။
ထို့ကြောင့် သူသည် ထပ်မံ၍ ဖိအားမပေးတော့ဘဲ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ရုံဖြင့် ကျေနပ်လိုက်သည်။
ကျုံးချင်သည် ဤအချက်ကို သဘာဝကျကျ သိသော်လည်း ထောက်ပြမနေတော့ချေ။ သူက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... လျှို့ဝှက်နယ်မြေဝင်ပေါက်မှာ ပြန်ဆုံကြတာပေါ့... ကျန်းယွဲ့ဂိုဏ်းက လူတွေအားလုံးလည်း ဂရုစိုက်ကြပါ..."
သူ၏စကားသံ ဆုံးသွားသည်နှင့် သူသည် လက်နှစ်ဖက်ကို အနည်းငယ် ပူးဆုပ်ကာ လူများအားလုံးကို နှုတ်ဆက်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ကျုံးချင်၏ အနည်းငယ် ပိန်ပါးသော ပုံရိပ်သည် နှင်းပြင်ထဲတွင် အနက်ရောင် အစက်ကလေး တစ်စက်အဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဂိုဏ်းချုပ်လန်ထျန်းဟယ်သည် ထိုမြင်ကွင်းကိုကြည့်ပြီးနောက် သစ်သားပန်းပုရုပ်ကို သိမ်းဆည်းလိုက်ပြီး သူ၏ ဂိုဏ်းသားများကို ဦးဆောင်ကာ တခြားလမ်းကြောင်းတစ်ခုမှ ထွက်ခွာသွားရင်း သူ၏စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
"ထူးခြားတဲ့ စိတ်နေသဘောထားမျိုးရှိပြီးတော့ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးက လိုက်ပါစောင့်ရှောက်ပေးနေတယ်...ကျုံးချင်ရဲ့ နောက်ခံက တကယ်တမ်းကျ ဘာများ ဖြစ်မလဲ... ငါတို့ရဲ့ တောင်ပိုင်းဒေသမှာ ဒီလိုလူမျိုး ရှိတယ်လို့ မကြားဖူးပါဘူး..."
ကျုံးချင်အတွက်မူ သူသည် ပစ္စည်းများကို သူ၏ စိတ်ခံစားချက်အပေါ် မူတည်ပြီး ပေးကမ်းခြင်းပင်။ တခြားလူများက ကြင်နာမှု ပြသလျှင် သူက ကြင်နာမှု ပြန်ပေးမည်သာဖြစ်သည်။
သံမဏိပြားမှတစ်ဆင့် လျှို့ဝှက်နယ်မြေ၏ ဦးတည်ချက်ကို အာရုံခံမိသဖြင့် သူ တစ်ယောက်တည်း ခရီးဆက်လိုက်သည်။
ဟေးပိုင် အမီလိုက်မလာနိုင်မီ သူ အဝေးကြီး ရောက်သွားမည်ကို ရှောင်ကြဉ်ရန်အတွက် သူ၏ အရှိန်နှုန်းသည် မြန်ဆန်ခြင်းမရှိချေ။
သူသည် အပျော်ခရီးသွားနေသကဲ့သို့ နှင်းဖုံးရှုခင်းကို ခံစားရင်း အေးအေးလူလူ လမ်းလျှောက်နေပြီး မည်သည့် သတိထားမှု သို့မဟုတ် စိုးရိမ်ပူပန်မှုမျိုးမျှ မရှိပေ။
သို့သော် ဤငြိမ်သက်နေသော နှင်းဖုံးလွှမ်းနေသည့် ပိုင်ဖုန်းလွင်ပြင်သည် ဖြတ်သန်းသွားလာရန် မခက်ခဲလှချေ။ မကြာမီမှာပင် ကျုံးချင်သည် မိုင်ရာနှင့်ချီ၍ ခရီးနှင်ပြီးဖြစ်သည်။
လမ်းတစ်ဝက်တွင် ကျုံးချင်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး သူ၏မျက်လုံးများကို အနည်းငယ် မှေးစင်းကာ ရပ်တန့်လိုက်သည်။
"ခင်ဗျားတို့ ကျုပ်ရဲ့နောက်ကို နောက်ယောင်ခံလိုက်နေတာ ကြာလှပြီ... အခုထိ ထွက်မလာကြသေးဘူးလား..."