တကယ့် တိုက်ဆိုင်မှုပဲ
Vol. 18 Ch. 175
ထိုအချိန်မှာပင် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော ရယ်မောသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အသက်ငယ်ငယ်လေးနဲ့ အာရုံခံနိုင်စွမ်း တော်တော်ကောင်းသားပဲ..."
ထိုစကားသံ ဆုံးသွားသည်နှင့် ကျုံးချင်၏နောက်ဘက်ရှိ အဆုံးမဲ့နှင်းလွင်ပြင်မှ ဆယ်နှင့်ချီသောပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူတစ်ယောက်ချင်းစီထံတွင် ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများနှင့် ပြည့်နှက်နေကာ ကျုံးချင်ကို ချက်ချင်း ဝိုင်းရံလိုက်ကြ၏။
ခေါင်းဆောင်သည် အရပ်ရှည်ကာ တောင့်တင်းသန်မာပြီး အသားစားသားရဲကောင်အလား သတ်ဖြတ်လိုစိတ်ပြင်းထန်သော မျက်လုံးများ ရှိသည်။
ဤသည်မှာ နဂါးနက်ဂိုဏ်းမှ လူတစ်စုကို ဦးဆောင်လာသော နဂါးနက်ဂိုဏ်းချုပ် ကုန်းစွန်းလျောင်ပင်။
သို့သော် ယခုအချိန်တွင် နဂါးနက်ဂိုဏ်းမှ လူများအားလုံး ရှိနေသည် မဟုတ်ချေ။ ကံဆိုးစွာဖြင့် သူတို့သည် လွင်ပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် သရဲလေဖြူ အသေးစားတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ အသေအပျောက် မရှိသော်လည်း ကုန်းစွန်းလျောင်နှင့် မဟာအကြီးအကဲတို့ကို အုပ်စုနှစ်စု လူစုကွဲသွားစေပြီး ပြန့်ကျဲသွားစေခဲ့သည်။
ကုန်းစွန်းလျောင်သည် မဟာအကြီးအကဲကို ရှာဖွေရန် သူ၏လူများကို ဦးဆောင်သွားရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ဂိုဏ်းချုပ်လန်ထျန်းဟယ်နှင့် လမ်းခွဲလာခဲ့သော ကျုံးချင်ကို မမျှော်လင့်ဘဲ သူတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
"မိတ်ဆွေလေး... ဒီနေရာမှာ တွေ့ရတာ တကယ့်ကို တိုက်ဆိုင်မှုပဲ..."
ပိန်ပါးသော်လည်း ရက်စက်ကြမ်းတမ်းသော အမူအယာရှိသည့် နဂါးနက်ဂိုဏ်း အကြီးအကဲတစ်ဦးက အော်ဟစ်ရယ်မောလိုက်သည်။
"မင်း တစ်ယောက်တည်း ဖြစ်နေတာ မြင်ရတော့... ငါတို့ နဂါးနက်ဂိုဏ်းနဲ့ အတူတူ လိုက်ခဲ့မလား..."
"ငါတို့ နဂါးနက်ဂိုဏ်းက မင်းကို ကာကွယ်ပေးထားရင် လျှို့ဝှက်နယ်မြေကို မရောက်ခင် ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
"ဒီနေရာမှာ ငါတို့ နဂါးနက်ဂိုဏ်းနဲ့ တွေ့ရတာ မင်းရဲ့ ကံကောင်းခြင်းပဲ..."
ကျုံးချင်၏နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။
"အပြန်အလှန်အနေနဲ့ ကျွန်တော်က လျှို့ဝှက်နယ်မြေ သံမဏိပြားကို ခင်ဗျားတို့ဆီ ပေးအပ်ရမယ်ပေါ့လေ... ဟုတ်တယ်မလား..."
ကုန်းစွန်းလျောင်က ပြုံးလိုက်ရာ ပါးစပ်အပြည့်ရှိနေသည့် ထက်ရှသော သားရဲသွားများ ပေါ်လွင်လာသည်။
"မင်းက တော်တော်လေး ဉာဏ်ကောင်းသားပဲ... တကယ်တော့ ဘယ်သူမဆို ငါတို့ နဂါးနက်ဂိုဏ်းရဲ့ ကာကွယ်မှုကို ရရှိဖို့ အရည်အချင်း မပြည့်မီဘူး..."
"မင်းက နဂါးနက်ဂိုဏ်းရဲ့ စောင့်ရှောက်မှုကို လက်ခံချင်မှတော့ တန်ဖိုးတစ်ခုခုကို ပေးဆပ်တာက မှန်ကန်တဲ့ လုပ်ရပ်ပဲ..."
ကျုံးချင်က ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုသည်။
"ဒါဆိုရင်... ကျွန်တော်က ခင်ဗျားတို့ရဲ့ ကာကွယ်မှုကို မလိုအပ်ဘူး ဆိုရင်ရော..."
နဂါးနက်ဂိုဏ်းသားများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူ့ကို ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်ကြ၏။
"အဲ့ဒါက မင်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး ကောင်လေး..."
"ကျန်းယွဲ့ဂိုဏ်းနဲ့ ခွဲထွက်ပြီး ကိုယ့်လမ်းကိုယ်သွားတာက မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ... အခု ကြည့်စမ်း... ဘယ်သူက မင်းကို ကာကွယ်ပေးနိုင်မလဲ..."
ကုန်းစွန်းလျောင်၏လေသံသည် ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။ အနက်ရောင်ချီစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ တဝုန်းဝုန်းထနေပြီး နဂါးဟိန်းသံများ ဝိုးတဝါးထွက်ပေါ်နေသည်။
တခြားနဂါးနက်ဂိုဏ်းသားများကလည်း သူတို့၏စွမ်းအားများကို အသက်သွင်းလိုက်ကြရာ သူတို့၏နောက်ကျောဘက်တွင် နဂါးနက်ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်ကို ဝေဝါးစွာ မြင်တွေ့ရသည်။
"ဂျူနီယာလေး တစ်ယောက်အတွက်နဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားဖို့ မလိုပါဘူး..."
ကျုံးချင်သည် အသက်နှစ်ဆယ်ကျော်သာ ရှိပုံရပြီး မည်သည့် စွမ်းအားကြီးမားသော အရှိန်အဝါကိုမျှ ထုတ်လွှတ်ထားခြင်း မရှိသဖြင့် နဂါးနက်ဂိုဏ်းသားများသည် သူ့ကို အလေးအနက် မထားခဲ့ကြချေ။
ထို့ကြောင့် တပည့်နှစ်ဦးသည် လျှင်မြန်စွာ ရှေ့သို့ ပြေးထွက်လာကြပြီး ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ရှေ့မှောက်တွင် စွမ်းဆောင်ရည်ကောင်း ပြသရန်နှင့် ကျုံးချင်ကို ဖမ်းဆီးရန် ရည်ရွယ်လိုက်ကြ၏။
"နဂါးမိစ္ဆာ ကြာပွတ်..."
"နဂါးမိစ္ဆာ အစွယ်..."
ထိုလူနှစ်ဦးသည် လက်ဝဲလက်ယာမှ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ လူတစ်ဦးသည် သူ၏ညာလက်ကို ဆန့်တန်းလိုက်ရာ နဂါးနက်ပုံရိပ်ယောင်မှလက်သည်် အကြေးခွံများပါသော အနက်ရောင် ကြာပွတ်ရှည်ကြီးအဖြစ် ပြောင်းလဲသွားပြီး ကျုံးချင်ထံ ဦးတည်၍ ရိုက်နှက်လိုက်သည်။
တခြားလူတစ်ဦးသည် သူ၏ပါးစပ်ကို ရုတ်တရက် ဖွင့်ဟပြီး ဟိန်းဟောက်လိုက်၏။ သူ၏ နောက်ကျောဘက်ရှိ နဂါးနက် ပုံရိပ်ယောင်သည် ဤအချိန်အခိုက်အတန့်တွင် သိပ်သည်းသွားပုံရပြီး ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ဟကာ ကျုံးချင်ထံသို့ဦးတည်၍ ပြင်းထန်စွာ ကိုက်ဖြတ်လိုက်၏။
ထိုလူနှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် သူတို့သည် ရက်စက်သော သတ်ဖြတ်ခြင်းတိုက်ကွက်များကို အသုံးပြုလိုက်ကြပြီး မည်သူ့ကိုမျှ အရှင်ထားရန် ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အတွက် ကျုံးချင်၏ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများသာ အရေးကြီးပြီး သူ၏ အသက် သေခြင်းရှင်ခြင်းသည် အရေးမပါချေ။
ဤတပည့်နှစ်ဦးစလုံးသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများပင်။
အရှေ့ပိုင်းဒေသတွင်ဆိုလျှင် သူတို့သည် ပထမတန်းစားဂိုဏ်းများ သို့မဟုတ် မြင့်မြတ်နယ်မြေ အင်အားစုများတွင်ပင် အဆင့်မြင့် ပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်ရန် လုံလောက်သော အဆင့်အတန်း ရှိကြသည်။ သို့ရာတွင် နဂါးနက်ဂိုဏ်းတွင်မူ သူတို့သည် သာမာန်တပည့်များသာ ဖြစ်ကြ၏။
ထို့ပြင် ဤနဂါးနက်ဂိုဏ်းအဖွဲ့ထဲ၌ သူတို့သည် အားအနည်းဆုံး လူများပင် ဖြစ်နေသည်။
သူတို့၏နောက်မှ နဂါးနက်ဂိုဏ်းသား အများစုသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေကြပြီး ဦးဆောင်လာသော အကြီးအကဲများပင်လျှင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေကြကာ ယင်သုံးပါးနယ်ပယ်တွင် ရှိသော ဂိုဏ်းချုပ်ကုန်းစွန်းလျောင်ကိုမူ ဆိုဖွယ်ရာပင် မရှိချေ။
ထိုကဲ့သို့ အင်အားစုမျိုးသည် အရှေ့ပိုင်းဒေသတွင် ထင်ရာစိုင်းရန် လုံလောက်ပြီး သူတို့ကို တားဆီးနိုင်မည့်သူ လုံးဝမရှိပေ။
သို့သော် သူတို့သည် မြောက်ပိုင်းဒေသ တောင်ဘက်နယ်စပ်ရှိ ပထမတန်းစားဂိုဏ်းများအနက်မှ တစ်ခုမျှသာ ဖြစ်သည်။
ဤအချက်ကလည်း ကျုံးချင်ကို သက်ပြင်းချမိစေပြီး အရှေ့ပိုင်းဒေသနှင့်မြောက်ပိုင်းဒေသကြား ကွာဟချက်သည် အမှန်တကယ်ကို မသေးငယ်ကြောင်း နားလည်သဘောပေါက်သွားစေသည်။
သေချာသည်မှာ သက်ပြင်းချခြင်းက တစ်ပိုင်းဖြစ်ပြီး ကျုံးချင်၏ လုပ်ရပ်က တခြားတစ်ပိုင်းပင်။
သူသည် သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ရိုက်ချက်တစ်ချက်တည်းဖြင့်...
နဂါးနက်ဂိုဏ်း တပည့်နှစ်ဦးလုံး နောက်သို့ တိုက်ရိုက်လွင့်ထွက်သွားကြသည်။ လေထဲတွင် ရှိနေစဉ်မှာပင် သူတို့၏ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ပြိုကွဲပျက်စီးလာပြီး မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ အရိုးတစ်စမျှ မကျန်ရစ်ခဲ့ချေ။
ထိုလူနှစ်ဦး သေဆုံးသွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် နဂါးနက်ဂိုဏ်းသားများသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လွန်ခဲ့သော အချိန်တခဏက သက်ဝင်လှုပ်ရှားနေသော တပည့်နှစ်ဦး ပျောက်ကွယ်သွားခဲ့သည်။
လူများအားလုံးသည် အချိန်တခဏကြာခန့် ကြက်သေသေသွားကြပြီးနောက် သတိပြန်ဝင်လာကြ၏။
နဂါးနက်ဂိုဏ်း အကြီးအကဲတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ကောင်လေး... မင်းက ပြန်ပြီးတိုက်ခိုက်ရဲတယ်ပေါ့..."
ကျုံးချင်သည် စကားတစ်ခွန်းမျှ မပြောဘဲ ငတုံးငအတစ်ယောက်ကို ကြည့်နေသော မျက်လုံးများဖြင့် ထိုအကြီးအကဲကို ကြည့်လိုက်သည်။
ထိုကဲ့သို့ မျက်လုံးများဖြင့် အကြည့်ခံရသဖြင့် အကြီးအကဲသည် ချက်ချင်းမျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ငေါက်လေသည်။
"မောက်မာတဲ့ ကောင်စုတ်လေး... ငါ့ရဲ့ နဂါးနက်ဂိုဏ်းက လူတစ်ယောက်ကို သတ်ရဲတယ်ပေါ့...အစက ငါ မင်းကို အမြန်သေဆုံးခွင့် ပေးနိုင်ခဲ့ပေမယ့် အခုတော့ ဒီလောကထဲကို ရောက်လာမိတဲ့အတွက် မင်း နောင်တရသွားအောင် ဒီအရှင်က လုပ်ပြရသေးတာပေါ့..."
ကျုံးချင်က တပည့်နှစ်ဦးကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သဖြင့် သူတို့ အံ့အားသင့်သွားကြသော်လည်း အလွန်အမင်း ကြောက်ရွံ့သွားခြင်း မရှိကြချေ။
မည်သို့ပင်ဆိုစေကာမူ သေဆုံးသွားသူများသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်ရှိ ဂျူနီယာနှစ်ဦးမျှသာဖြစ်သည်။
မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်တွင်ရှိသော အစွမ်းထက်ကျင့်ကြံသူတစ်ဦးအတွက် သူတို့ကို သတ်ဖြတ်ရန်မှာ မခက်ခဲချေ။ ကျုံးချင်၏ ငယ်ရွယ်သော အသက်အရွယ်နှင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အထက်တွင်ရှိနေသော သူ၏ကျင့်ကြံခြင်းသည် အံ့အားသင့်စရာ ကောင်းသော်လည်း ထိုမျှသာ ဖြစ်သည်။
မြောက်ပိုင်းဒေသ တောင်ဘက်နယ်စပ်ရှိ ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် သူတို့သည် ထိုကဲ့သို့ ပါရမီရှင်များကို တွေ့မြင်ဖူးပြီးသား ဖြစ်ပေ၏။ ဂိုဏ်းအသီးသီးမှ သူတော်စင်သားတော်များနှင့် သူတော်စင်မိန်းမပျိုများသည် ထိုကဲ့သို့ ပါရမီမျိုး ပိုင်ဆိုင်ထားကြသည်။
မကြာမီ ထိုအကြီးအကဲ ဦးဆောင်သော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ရှိသည့် ထိပ်သီးတပည့် အမြောက်အများ ထွက်လာကြပြီး အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်ကြသည်။
သူတို့သည် အပြင်ပန်းတွင် ကျုံးချင်ကို မထီမဲ့မြင် ပြုသော်လည်း နဂါးနက်ဂိုဏ်းသားများသည် အတော်လေး သတိကြီးကြ၏။ ကျုံးချင်၏ ထူးခြားသော လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ သူတို့သည် ပြိုင်ဘက်ကို ထွက်ပြေးရန် အခွင့်အရေး မပေးဘဲ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲတစ်ဦးကို တိုက်ရိုက်ဖိနှိပ်စေသည်။
သို့ရာတွင်...
"ခင်ဗျားတို့ တစ်ခုခု အထင်လွဲနေပုံရတယ်..."
ကျုံးချင်က ရုတ်တရက် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး သူ၏လက်ဖြင့် ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။
အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ခုန်အုပ်လာသော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးတပည့်တစ်ဦးသည် သူ၏ နဂါးနက် ပုံရိပ်ယောင်တစ်ခုလုံးနှင့် ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများ ခချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူသည် လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် အဖမ်းခံလိုက်ရပြီး ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ မြှောက်ကိုင်ထားခြင်း ခံလိုက်ရပေ၏။
ကုန်းစွန်းလျောင်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏စိတ်နှလုံးသား တုန်ရီသွားသည်။
ထိုတပည့်သည် ဂိုဏ်းအတွင်းရှိ အကောင်းဆုံး ကျင့်ကြံသူများအနက်မှ တစ်ဦးဖြစ်ပြီး ထိပ်သီးပါရမီရှင်အဆင့် သတ်မှတ်ခံထားရသူ ဖြစ်ကာ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသူပင်။
ဤမျှထိ လွယ်လင့်တကူ ဖမ်းဆီးခံလိုက်ရသည် ဆိုကတည်းက ဤမျှ ငယ်ရွယ်သော လူငယ်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်နေသလော....
ကျုံးချင်သည် ထိုတပည့်ကို လက်တစ်ဖက်တည်းဖြင့် မြှောက်ကိုင်ထားပြီး သွားဖြူဖြူများ ပေါ်လွင်လာသည်အထိ ပြုံးပြလိုက်သည်။
"ခင်ဗျားတို့နဲ့ တွေ့ရတာ ကျွန်တော်ရဲ့ကံက တကယ်ကောင်းတာပဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော် တော်တော်လေး ပျင်းနေတာ...ဒါပေမဲ့ ခင်ဗျားတို့အတွက်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်..."
သူ၏စကားမဆုံးမီ သူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် တပည့်ကို လက်နက်တစ်ခုအလား ဝှေ့ယမ်းလိုက်သည်။
အရပ်မျက်နှာအဘက်ဘက်မှ ခုန်ဝင်လာသော တပည့်အနည်းငယ်သည် တိုက်ရိုက်လွင့်ထွက်သွားကြပြီး သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားကာ အော်ဟစ်နေကြ၏။ အရိုးကျိုးသံများ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်များသည် တွန့်လိမ်ကောက်ကွေးသွားကာ ကယ်တင်၍ မရနိုင်တော့ကြောင်း သိသာထင်ရှားသည်။
သူသည် အသက်ရှူရပ်သွားပြီဖြစ်သော နဂါးနက်ဂိုဏ်းတပည့်ကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီး နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ ထို့နောက် ကျုံးချင်သည် မျက်လုံးပြူးကျယ်နေကာ ထိတ်လန့်နေဆဲဖြစ်ပြီး မတုံ့ပြန်နိုင်သေးသော ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲ၏ခေါင်းပေါ်သို့ အထက်စီးမှနေ၍ ပေါ့ပေါ့ပါးပါး ရိုက်နှက်လိုက်သည်။
ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ နဂါးနက်ဂိုဏ်းသားများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်နှင့် ကြောက်မက်ဖွယ် စွမ်းအားရှိသော အကြီးအကဲသည် လက်မအနည်းငယ်ခန့် ချက်ချင်းကျုံ့သွားသည်။
မဟုတ်ဘူး... သူ ကျုံ့သွားတာ မဟုတ်ဘူး...
သူ၏ခေါင်းသည် ကျုံးချင်၏ရိုက်ချက်ကြောင့် သူ၏ရင်ဘတ်လှိုဏ်ခေါင်းထဲသို့ ဝင်သွားခြင်းပင်။
ထိုအကြီးအကဲ၏ မျက်လုံးတစ်စုံနှင့်ခေါင်းအထက်ပိုင်းသာ ကျန်ရစ်ခဲ့ပြီး မျက်လုံးများအတွင်းတွင် တုန်လှုပ်မှု ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုများ ရှိနေဆဲပင်။ သို့သော် သူ၏ အသက်စွမ်းအားများ ပျောက်ကွယ်သွားပြီဖြစ်ကာ သူသည် အားအင်ချည့်နဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ထို့နောက် ကျုံးချင်၏ အကြည့်သည် ကုန်းစွန်းလျောင်နှင့် တခြားနဂါးနက်ဂိုဏ်းသားများဘက်သို့ ရောက်ရှိသွားသည်။