← Chapters

ခင်ဗျား ထွက်ပြေးနိုင်လို့လား

Vol. 18 Ch. 176

ခင်ဗျား ထွက်ပြေးနိုင်လို့လား

Vol. 18 Ch. 176

လူများအားလုံး တုန်လှုပ်ချောက်ချားသွားပြီး အခြေအနေကို နားလည်သဘောပေါက်သွားကာ ကြောက်ရွံ့မှုကြောင့် သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

ဒါက ဘယ်လို သရဲတစ္ဆေမျိုးလဲ...

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲတစ်ဦးကို ဒီလိုပဲ ရိုက်သတ်လိုက်တာလား...

ကုန်းစွန်းလျောင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏စိတ်နှလုံးသားထဲတွင် ကြီးမားသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများသည် ရှားပါးပြီး သူ၏နဂါးနက်ဂိုဏ်းတွင်ပင် ထိုကဲ့သို့ စွမ်းအားရှိသည့် အကြီးအကဲများနှင့် အစောင့်အရှောက် အနည်းငယ်သာ ရှိသည်။

ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်စွမ်းအားရှိသော သူ့အနေဖြင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် မခက်ခဲသည်မှာ အမှန်ပင်။

သို့သော် ကျုံးချင်ကဲ့သို့ ခြင်တစ်ကောင်ကို ရိုက်သတ်သည့်အလား လွယ်လင့်တကူ ရိုက်သတ်နိုင်မည်လောဟု သူ့ကိုယ်သူ ပြန်မေးကြည့်မိသည်။

ထိုအချိန်တွင် ကျုံးချင်သည် သူ၏တတိယခြေလှမ်းကို လှမ်းလိုက်ပြီးဖြစ်ပေ၏။

ဤခြေလှမ်းလေးတစ်လှမ်းသည် သူ့ကို ကုန်းစွန်းလျောင်၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားစေခဲ့ပြီး သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

ကုန်းစွန်းလျောင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ပြင်းထန်သော သေဘေးအန္တရာယ် ခြိမ်းခြောက်မှုတစ်ရပ်က သူ၏စိတ်နှလုံးသားထဲတွင် ချက်ချင်းပေါက်ဖွားလာသည်။

ကြောက်ရွံ့မှုကြောင့် ကုန်းစွန်းလျောင်သည် မသိစိတ်မှ နောက်သို့ဆုတ်လိုက်ပြီး ရုတ်တရက် သူ၏လက်ကို ဆန့်တန်းလိုက်၏။ ထို့နောက် သူ၏ဘေးမှ အချိန်မီ မတုံ့ပြန်နိုင်သေးသော အကြီးအကဲတစ်ဦးကို ဆွဲယူပြီး သူ၏ရှေ့တွင် ကာထားလိုက်သည်။

ထိုအချိန်တွင် ကျုံးချင်သည်လည်း သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ကာ ယခုတစ်ကြိမ်တွင် ဘေးတိုက်ရိုက်ချက်တစ်ချက်ပင်။

ထိုရိုက်ချက်သည် အကြီးအကဲ၏မျက်နှာပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားပြီး ကြည်လင်ပြတ်သားသော အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ထိုအသံများနှင့်အတူ အကြီးအကဲ၏ခေါင်းသည် အကြိမ်ပေါင်းများစွာ လည်သွားကာ ထိတ်လန့်နေသော မျက်နှာထားဖြင့် သူ၏နောက်ရှိ ကုန်းစွန်းလျောင်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။

သူတို့နှစ်ဦးသည် တစ်စက္ကန့်အောက်သာ ကြာအောင် အကြည့်ချင်းဆုံလိုက်ပြီးနောက် ကုန်းစွန်းလျောင်က ဟိန်းဟောက်လိုက်ရာ အနက်ရောင်ချီစွမ်းအင်များ သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ တလိမ့်လိမ့်ထလာသည်။

"နဂါးနက် မိစ္ဆာသတ်ဖြတ်ခြင်း..."

နဂါးဟိန်းသံများကြားတွင် အနက်ရောင် ချီစွမ်းအင်များသည် ကြီးမားသော နဂါးခေါင်းပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပေ၏။ ထိုအရာသည် အသက်မဲ့နေပြီဖြစ်သော အကြီးအကဲ၏ကျောဘက်ကို ပြင်းထန်စွာ ဝင်တိုက်ကာ သူ့ကို ဝါးမြိုလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ကျုံးချင်ထံသို့ တွန်းပို့လိုက်သည်။

ကျုံးချင်သည် လှုပ်ရှားခြင်းမပြုဘဲ လေတစ်ချက် မှုတ်ထုတ်လေသည်။

အကြီးအကဲ၏အလောင်းနှင့် အနက်ရောင်ချီစွမ်းအင် နဂါးခေါင်းပုံရိပ်ယောင်တို့သည် လေထုထဲတွင် အတူတကွ ပျောက်ကွယ်သွားပေ၏။

သို့သော် ကုန်းစွန်းလျောင်၏ ပုံရိပ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ကျုံးချင်က မော့ကြည့်လိုက်ရာ ပေထောင်ပေါင်းများစွာ အကွာတွင် သေးငယ်သော အနက်ရောင် ပုံရိပ်တစ်ခုသည် အသည်းအသန် ပြေးလွှားနေပြီး တဖြည်းဖြည်း သေးငယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

မြောက်ပိုင်းဒေသ တောင်ဘက်နယ်စပ်ရှိ မျိုးဆက်တစ်ခု၏ အာဏာရှင်ဖြစ်သော နဂါးနက်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့်...

ကုန်းစွန်းလျောင်သည် ယခုအချိန်တွင် ထွက်ပြေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။

ရယ်စရာပဲ... မပြေးရင် အရိုက်ခံရဖို့ စောင့်နေရမှာလား...

ကျုံးချင်က သူ၏ နက်နဲသိမ်မွေ့သော နည်းစနစ်ကို လေတစ်ချက်မှုတ်ထုတ်ရုံဖြင့် လွယ်လင့်တကူ ဖယ်ရှားလိုက်သည့် နောက်ဆုံး မြင်ကွင်းကို သူ မမြင်လိုက်ရချေ။

သို့ရာတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲနှစ်ဦးကို လက်ဝါးရိုက်ချက် နှစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် အချက်အပေါ် အခြေခံ၍...

ဤလူ၏ ကျင့်ကြံခြင်းသည် သူ့ထက် များစွာသာလွန်နေကြောင်း ကုန်းစွန်းလျောင်က ကောက်ချက်ချလိုက်၏။

အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်ပါက သူ မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

တခြားနဂါးနက်ဂိုဏ်းသားများလည်း ယခုအချိန်တွင် သတိပြန်ဝင်လာကြပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ဂိုဏ်းချုပ် ထွက်ပြေးသွားပြီ..."

"ပြေးကြတော့..."

ဂိုဏ်းချုပ် ထွက်ပြေးသွားခြင်းသည် သူတို့၏ နောက်ဆုံးစိတ်ဓာတ်ခွန်အားကို ချိုးဖျက်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူများအားလုံး၏ တိုက်ခိုက်လိုစိတ်များ ချက်ချင်းပျောက်ဆုံးသွားသည်။ သူတို့သည် ငှက်များနှင့်သားရဲများအလား ထိတ်လန့်တကြားဖြင့် သူတို့၏ဂိုဏ်းချုပ် ထွက်ပြေးသွားရာ လမ်းကြောင်းအတိုင်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးသွားကြသည်။

နဂါးနက်ဂိုဏ်းသားတိုင်းသည် ရက်စက်ကြမ်းတမ်းပြီး ကောက်ကျစ်ယုတ်မာပုံ ရသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

အစစ်အမှန် အစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ဆုံချိန်၌ သူတို့သည် တွေဝေခြင်းမရှိဘဲ ထွက်ပြေးတတ်ကြသည်။

အသက်ရှင်သန်ရန်အတွက် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အရှက်ရစရာ မဟုတ်ချေ။

ကျုံးချင်သည် သူ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါးတောက်ကာ နှေးကွေးနေသော ထွက်ပြေးသွားသူအနည်းငယ်ကို ချေမှုန်းလိုက်သည်။ အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော တခြားပုံရိပ်များကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများ ကွေးညွတ်သွားပေ၏။

"သူတို့ရဲ့ စွမ်းအားက သိပ်မရှိပေမယ့် ပြေးတာတော့ မြန်သားပဲ..."

"ဒါပေမဲ့ ခင်ဗျားတို့ ထွက်ပြေးနိုင်လို့လား..."

အေးစက်စက် အလင်းတန်းတစ်တန်းက ကျုံးချင်၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူသည် ရေခဲပြင်ပေါ်သို့ သူ၏ခြေထောက်ဖြင့် ခပ်ဖွဖွ ဆောင့်နင်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင်...

ကျုံးချင်ကို ဗဟိုပြု၍ ဆံချည်မျှင်ကဲ့သို့ သေးငယ်သော အက်ကွဲကြောင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားပေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

အက်ကွဲကြောင်းများသည် ထွက်ပြေးနေသော ကုန်းစွန်းလျောင်နှင့်တခြားလူများကို အမီလိုက်နိုင်ခဲ့သည်။

အက်ကွဲကြောင်းများ သူတို့ထံသို့ ရောက်ရှိသည့် အချိန်အခိုက်အတန့်တွင် ကုန်းစွန်းလျောင်နှင့် တခြားသူများသည် ရေခဲရုပ်တုများအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူသည် ကုန်းစွန်းလျောင်နှင့်တခြားသူများကို နောက်ထပ်တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ သူ၏နောက်သို့ ကြည့်လိုက်သည်။

"နောက်ဆုံးတော့ မင်း အမီလိုက်နိုင်ခဲ့ပြီပဲ..."

အနက်ရောင်ဝတ်ရုံဝတ်လူတစ်ဦးက သူ၏ နောက်တွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။

"အရှင်..."

ဤှသည်မှာ အစောပိုင်းက ပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းရန် ထွက်ခွာသွားသော ဟေးပိုင် ပြန်ရောက်လာခြင်းပင်။

ကျုံးချင် သတ်ဖြတ်လိုက်သော လူများကို တစ်ချက် ကြည့်ပြီးနောက် ဟေးပိုင်က အလျှင်အမြန် ပြောဆိုသည်။

"အရှင်... ခဏလောက် စောင့်ပါအုံး... ကျွန်တော်က သူတို့ရဲ့သိုလှောင်လက်စွပ်တွေကို သွားကောက်လိုက်အုံးမယ်..."

ထိုသို့ပြောဆိုပြီးနောက် ဟေးပိုင်သည် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ နဂါးနက်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများ၏အလောင်းများ ရှိရာသို့ လှည့်ထွက်သွားပြီး ကျုံးချင်အတွက် သိုလှောင်လက်စွပ်များကို လိုက်လံကောက်ယူလေ၏။

ဟေးပိုင် သိုလှောင်လက်စွပ်များ ကောက်ယူပြီးစီး၍ ကျုံးချင်၏နောက်သို့လိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...

ရုတ်တရက် သန့်စင်သော အဖြူရောင် လေပြင်းမုန်တိုင်းတစ်ခုသည် မိုးကုတ်စက်ဝိုင်းမှနေ၍ ရုတ်ခြည်းတိုက်ခတ်လာသည်။

ထိုမုန်တိုင်း၏အရှိန်နှုန်းသည် အလွန်မြန်ဆန်သဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ကျုံးချင်နှင့် ဟေးပိုင်ရှိရာနေရာသို့ ချက်ချင်းရောက်ရှိလာပြီး သူတို့၏ပုံရိပ်များကို ဝါးမြိုလိုက်၏။

ဤမုန်တိုင်းသည် ရုတ်တရက် ရောက်ရှိလာပြီး ကျုံးချင်သည် သူ၏ပတ်ဝန်းကျင်တွင် အေးစက်မှုကို ခံစားလိုက်ရကာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ သို့သော် သူသည် သူ၏ခြေထောက်ကို တည်ငြိမ်အောင် အလျင်အမြန် ထားလိုက်ပြီး အနည်းငယ် အေးစက်သည်မှလွဲ၍ သူ့အတွက် ကြီးကြီးမားမား ခြိမ်းခြောက်နိုင်မှု မရှိချေ။

"ဒါဆိုရင် ဒါက သရဲလေဖြူ ဆိုတာလား..."

ကျုံးချင် ချက်ချင်းနားလည်သဘောပေါက်သွားသည်။

"ဒီနေရာကို ဝင်ဝင်ချင်း ဒီသရဲလေဖြူနဲ့ မြန်မြန်ဆန်ဆန် ကြုံရမယ်လို့ မထင်ထားမိဘူး... ဒါက ကံကောင်းတာလား ကံဆိုးတာလား..."

ကျုံးချင်က တီးတိုးရေရွတ်ရင်း လှမ်းခေါ်လိုက်သည်။

"ဟေးပိုင်... အမီလိုက်ခဲ့တော့..."

သို့သော် သူသည် ဟေးပိုင်၏ ပုံမှန်အတိုင်း ချက်ချင်းတုံ့ပြန်မှုကို မရရှိခဲ့ချေ။

ကျုံးချင်သည် မျက်မှောင်ကြုတ်ပြီး အခြေအနေ မရိုးရှင်းကြောင်း နားလည်သဘောပေါက်လိုက်၏။

ဟေးပိုင် ပျောက်သွားလေပြီ။

လောကကြီးကို ဝါးမြိုပြီး အဖြူရောင်ဆိုးပေးလိုက်သော ဤကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းသည် ထူးခြားစွာ ပြင်းထန်လှသည်။ ကျုံးချင်ထံတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသော်လည်း သူ အာရုံခံနိုင်သည့် အကွာအဝေးသိသိသာသာ လျော့ကျသွားသည်။

ထို့ပြင် သူ၏အာရုံခံစားမှု အတွင်းတွင် ယခုလေးတင် သူ့နောက်တွင် ရှိနေသော ဟေးပိုင်သည် ယခုချိန်၌ မည်သည့်နေရာတွင်မျှ မရှိတော့ချေ။

"လွင့်ပါသွားတာလား..."

မည်သို့ဖြစ်သွားသည်ကို သဘောပေါက်လိုက်သော ကျုံးချင်သည် ကျန်းယွဲ့ဂိုဏ်းသားများ၏ စကားများကို ပြန်သတိရလိုက်သည်။ ဤ သရဲလေဖြူသည် အငိုက်မိသွားပါက ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် လွင့်ပါသွားစေနိုင်သည်ဟု သူတို့က ပြောဆိုခဲ့သည်။ ထိုအရာသည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။

သို့သော် ဟေးပိုင်၏စွမ်းအားဖြင့် လွင့်ပါသွားလျှင်ပင် အချိန်တခဏကြာမျှသာ ဖြစ်နိုင်ပြီး သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အလျင်အမြန် ပြုလုပ်နိုင်ပေလိမ့်မည်။

ဟေးပိုင် မြင်ကွင်းမှ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းမှာ သူသည် ကျုံးချင်၏နံဘေးသို့ ပြန်လာရန် ကြိုးစားသော်လည်း သရဲလေဖြူ အတွင်းတွင် လမ်းကြောင်းမှားသွားခြင်း ဖြစ်နိုင်သည်။

"ဒီလေစွမ်းအားက တကယ့်ကို ဒီလောက်ထိ ပြင်းထန်တာလား..."

ကျုံးချင် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သူ ယခု ခံစားလိုက်ရသော သရဲလေဖြူ၏ စွမ်းအားသည် ပြင်းထန်သော်လည်း သူ့အတွက်မူ ထိုမျှသာ ဖြစ်သည်။

သူ၏လက်ရှိ ယင်သုံးပါးနယ်ပယ်ကို မဆိုထားနှင့် သူ ယခင်က လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိစဉ်ကပင် ဤကဲ့သို့ လေစွမ်းအားဖြင့် တိုက်ရိုက်လွင့်ပါသွားမည် မဟုတ်ချေ။

သို့ရာတွင် ကျုံးချင်သည် လျှင်မြန်စွာ နားလည်သဘောပေါက်သွားပေ၏။

"ဒါက ဝင်္ကပါခံနိုင်ရည်စွမ်းကြောင့်ပဲ..."

ကျန်းယွဲ့ဂိုဏ်း၏ စီနီယာတပည့်တစ်ယောက်မှ ယခင်က ပြောပြခဲ့ဖူးသည်။

ဤသရဲလေဖြူ ဆိုသည်မှာ အမှန်အားဖြင့် လေဖြူကို ထိန်းချုပ်ထားသော ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ အကြွင်းအကျန်ဝင်္ကပါများကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ထို့ကြောင့် ထိုအရာသည် အခြေခံအားဖြင့် ဝင်္ကပါ၏စွမ်းအားပင်။ ကျုံးချင်တွင် ဝင်္ကပါခံနိုင်ရည်စွမ်း ရှိနေသဖြင့် သရဲလေဖြူတွင် ရောယှက်နေသည့် ဝင်္ကပါအကျိုးသက်ရောက်မှုများကို သူ တိုက်ရိုက်လျစ်လျူရှုနိုင်ခဲ့ခြင်း ဖြစ်သည်။

သူသည် သရဲလေဖြူ၏ မူလလေစွမ်းအားမှ တစ်စိတ်တစ်ပိုင်းကိုသာ ခံစားခဲ့ရခြင်း ဖြစ်ပေ၏။

သို့သော် သူ၏ဝင်္ကပါခံနိုင်ရည်စွမ်းတွင်လည်း အကွာအဝေး ကန့်သတ်ချက် ရှိသည်။ သူသည် သရဲလေဖြူ၏ သက်ရောက်မှုကို မခံရသော်လည်း သူ၏အနီးပတ်ဝန်းကျင်မှ ပြင်ပတွင် သရဲလေဖြူသည် တည်ရှိနေဆဲပင်။

ထို့ကြောင့် သူသည်လည်း ဝေးကွာသောနေရာများကို မမြင်တွေ့နိုင်ချေ။

သူ၏ရင်ဘတ်ကြားမှ လျှို့ဝှက်နယ်မြေ သံမဏိပြားသည် ဤအချိန်တွင် အာရုံခံစားမှု အမှန်တကယ် ပျောက်ဆုံးသွားခဲ့သည်။

ကျုံးချင်သည် အချိန်တခဏကြူမျှ စဉ်းစားလိုက်ပြီးနောက် ဂိုဏ်းချုပ်လန်ထျန်းဟယ် ပေးလိုက်သော အရိပ်ယင်ကောင်လမ်းပြကျောက်တုံးကို ထုတ်ယူလိုက်၏။

သူသည် စိတ်ဝိညာဉ်ချီစွမ်းအင် ထည့်သွင်းပြီးနောက် ကျောက်စိမ်းထဲတွင် ဦးတည်ရာမရှိ လှည့်ပတ်နေပျံသန်းနေသည့် အင်းဆက်ပိုးကောင်လေးသည် သီးခြားလမ်းကြောင်းတစ်ခုသို့ စတင်၍ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ကျုံးချင်သည် ကျောက်စိမ်း၏ ဦးတည်ချက်ကို မည်သို့ပင် ပြောင်းလဲစေကာမူ ထိုပိုးကောင်လေး၏လမ်းကြောင်းသည် ပြောင်းလဲခြင်း မရှိချေ။

"ဒါက ရှန်းရှဗားရှင်း သံလိုက်အိမ်မြှောင်လား... တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ..."

ကျုံးချင်သည် စိတ်ဝင်စားစွာဖြင့် အချိန်တခဏကြာမျှ ကစားပြီးနောက် အင်းဆက်ပိုးကောင်၏ ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။

လမ်းကွဲသွားသော ဟေးပိုင်အတွက်မူ သူ စိတ်မပူချေ။

ဟေးပိုင်သည် သက်ရှိလူသား မဟုတ်သည့်အပြင် ယခုလက်ရှိ သူ၏ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်ဖြင့် ဤသရဲလေဖြူ၏ အေးစက်သော ချီစွမ်းအင်သည် သူ့ကို လုံးဝထိခိုက်စေနိုင်မည် မဟုတ်ချေ။

မုန်တိုင်း ငြိမ်သက်သွားပြီးနောက် ဟေးပိုင်သည် လျှို့ဝှက်နယ်မြေရှိရာ မြောက်ဘက်သို့ ဦးတည်လာပြီး သူ့ကို လာရောက် တွေ့ဆုံပေလိမ့်မည်။

လမ်းပြအရိပ်ယင်ကောင်၏ လမ်းညွှန်မှုဖြင့် ကျုံးချင်သည် လူများအားလုံး ကြောက်ရွံ့ကြသော ဤသရဲလေဖြူကို ဖြတ်ကျော်ပြီး မြောက်ဘက်သို့ တည်ငြိမ်စွာ ဆက်လက်၍ ထွက်ခွာသွားသည်။ ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် မုန်တိုင်းကြီးသည် သူ့အတွက် လုံးလုံးလျားလျား မရှိသည့်အလားပင်။

သို့သော် နောက်ထပ် မိုင်တစ်ထောင်ခန့် လမ်းလျှောက်ပြီးနောက် ကျုံးချင်သည်လည်း ရပ်တန့်လိုက်၏။

သူ၏ရှေ့တွင် နှင်းသောင်ခုံတစ်ခု ထွက်ပေါ်လာသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် နှင်းသောင်ခုံအောက်၌ နစ်မြုပ်နေသော ပျက်စီးနေသည့် အဆောက်အအုံတစ်လုံးကို သူ ခံစားမိသည်။

ပိုင်ဖုန်းလွင်ပြင်ထဲသို့ သူ ဝင်ရောက်လာပြီးနောက် နှင်းများမှလွဲ၍ တခြားအရာတစ်ခုကို သူပထမဆုံးအကြိမ် တွေ့ရှိခြင်းပင်။

သူ လမ်းပျောက်မည် မဟုတ်သော်လည်း ဤ သရဲလေဖြူသည် အရာအားလုံးကို ဖုံးလွှမ်းထားသဖြင့် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သော အဖြူရောင်နယ်မြေထဲတွင် မည်သည့်အရာကိုမျှ သူ မမြင်ရချေ။ ဤအဆောက်အအုံကို သူ စူးစမ်းလေ့လာခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပုံရသည်။

အတွေးတစ်ချက်ဖြင့် သူ၏ရှေ့မှ နှင်းသောင်ခုံသည် ကြေမွှသွားပြီး အဆောက်အအုံ၏ ဝင်ပေါက် ပေါ်လွင်လာသည်။

ဤသည်မှာ လက်ရှိမြောက်ပိုင်းဒေသနှင့် လုံးဝကွဲပြားခြားနားသော ဗိသုကာလက်ရာပုံစံရှိသည့် ကျောက်တုံးအဆောက်အအုံတစ်ခုဖြစ်ပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်ထားကာနှစ်ပေါင်း မည်မျှထိကြာမြင့်ခဲ့ပြီကို မသိရှိရချေ။

ထိုအရာသည် ဤနယ်မြေအတွင်းရှိ ရှေးဟောင်း ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အပျက်အစီးများ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကျုံးချင်သည် ကျောက်တုံးအဆောက်အအုံထဲသို့ ဝင်ရောက်သွားပြီး အချိန်ခဏအကြာတွင် မီးလင်းဖို၏မီးရောင်တစ်ခုသည် ဤရေခဲနှင့် နှင်းကမ္ဘာထဲတွင် ထွက်ပေါ်လာသည်။

ကျုံးချင်သည် ကျောက်တုံးအဆောက်အအုံထဲတွင် စိတ်အေးလက်အေး နေထိုင်နေခဲ့သည်။ သူ၏အောက်တွင် နောက်မီကုလားထိုင်တစ်လုံးနှင့် နံဘေးတွင် စားပွဲငယ်လေးတစ်လုံး ရှိသည်။ စားပွဲပေါ်ရှိ ရွှံ့မီးဖိုထဲတွင် မီးသွေးများ လောင်ကျွမ်းနေပြီး နွေးထွေးမှုလှိုင်းများကို ထုတ်လွှတ်ထားပေ၏။

လက်ဖက်ရည်အိုးတစ်လုံးကို ရွှံ့မီးဖိုပေါ်တွင် တင်ထားပြီး ပွက်ပွက်ဆူနေသော လက်ဖက်ရည်များမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။

ကျုံးချင်သည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အပြင်ဘက်မှ တဝီဝီမြည်ဟီးနေသော လေပြင်းနှင့်နှင်းများကို ကြည့်ကာ စိမ်ပြေနပြေ လက်ဖက်ရည် သောက်နေသည်။

ကျောက်တုံးအဆောက်အအုံ၏ တံခါးများနှင့် ပြတင်းပေါက်များကို သူ၏စိတ်ဝိညာဉ်ချီစွမ်းအင်ဖြင့် ပိတ်ဆို့ထားပြီး သူ၏ ဝင်္ကပါခံနိုင်ရည်စွမ်းမှ အကျိုးသက်ရောက်မှုကြောင့် လေပြင်းနှင့်နှင်းများသည် အတွင်းထဲသို့ လုံးဝဝင်ရောက်နိုင်ခြင်း မရှိချေ။

ကမ္ဘာပျက်ကပ်နှင့် တူညီသော ဤလေပြင်းနှင့်နှင်းမုန်တိုင်း ရှုခင်းထဲတွင် သူသည် ငြိမ်းချမ်းမှုနှင့်အေးဆေးတည်ငြိမ်မှု ခံစားချက်ကိုပင် ခံစားနေရသည်။

"မုန်တိုင်း ရပ်သွားတဲ့အထိ စောင့်ပြီးမှ သွားတာပေါ့..."

ကျုံးချင်က ပျင်းရိစွာ အကြောဆန့်ပြီး ရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အလျင်လိုစရာ မရှိပါဘူး..."

သို့သော် ဤနေရာတွင် ဤမျှထိ အေးအေးဆေးဆေး နေနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိပေ၏။

ကျုံးချင်နှင့် မိုင်ထောင်ချီဝေးကွာသော နှင်းလွင်ပြင် တစ်နေရာတွင်...

ကျန်းယွဲ့ဂိုဏ်းအဖွဲ့သည် နှင်းပြင်ပေါ်တွင် ပြွတ်သိပ်စွာစုဝေးနေကြပြီး အလယ်တွင် ဂိုဏ်းချုပ်လန်ထျန်းဟယ် ရှိနေသည်။ လေပြင်းနှင့်နှင်းများကို တားဆီးရန်အတွက် သူသည် သူ၏စိတ်ဝိညာဉ်ချီစွမ်းအင်ဖြင့် အကာအကွယ်အလွှာတစ်ခုကို ထောက်ပံ့ပေးထားသည်။

သူ၏ ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်ဖြင့်ပင် ဤသရဲလေဖြူထဲ၌ အကာအကွယ်အလွှာကို ထိန်းသိမ်းထားရန်မှာ အလွန်အမင်း စွမ်းအားကုန်ခမ်းစေသည်။

လန်ထျန်းဟယ်သည် မျက်မှောင်ကြုတ်ထားပြီး တောင့်ခံထားရန် ရုန်းကန်နေရပေ၏။

အကြီးအကဲ အမြောက်အများသည် သူ၏နံဘေးပတ်လည်တွင် ရှိနေပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များကို သူ့ထံသို့ တပြိုင်နက်တည်း ထည့်သွင်းပေးနေခြင်းသာ သူသည် အားတင်း၍ အကာအကွယ်အလွှာကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

"လေဖြူ ရပ်သွားတာ အခုမှလေ... ဘယ်လိုလုပ်ပြီးတော့ သရဲလေဖြူက ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာရတာလဲ..."

အကြီးအကဲတစ်ဦးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ဒါက လုံးဝ ယုတ္တိမရှိဘူး..."

လန်ထျန်းဟယ်က သက်ပြင်းချလိုက်သည်။

"ဒီပိုင်ဖုန်းလွင်ပြင်မှာ ရှာတွေ့နိုင်မယ့် ယုတ္တိဆိုတာ မရှိဘူး...လေဖြူ ငြိမ်သက်သွားရင် သရဲလေဖြူက အချိန်တိုအတွင်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူးဆိုတဲ့ ပုံမှန်အချိန်ကာလ ဆိုတာကလည်း အရင်စီနီယာတွေရဲ့ အတွေ့အကြုံအပေါ် အခြေခံထားတာ သက်သက်ပဲ...အဲ့ဒါက တိကျချင်မှ တိကျမှာ... ငါတို့ ကံဆိုးသွားတယ်လို့ ပြောရမှာပဲ..."

သရဲလေဖြူသည် အစောပိုင်းက ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏တည်နေရာသည် ကျုံးချင်နှင့် ဟေးပိုင်တို့၏ ယခင်တည်နေရာနှင့် နှိုင်းယှဉ်လျှင် သရဲလေဖြူ စတင်ဖြစ်ပေါ်ရာနေရာနှင့် ပိုဝေးကွာသဖြင့် သရဲလေဖြူ ရောက်ရှိလာမှု အနည်းငယ် နှေးကွေးခဲ့သည်။

ဤအချက်က သူတို့ကို တုံ့ပြန်ရန် အချိန်ပေးခဲ့ပြီး လန်ထျန်းဟယ်က လူများအားလုံးအတွက် အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပေ၏။

ထိုသို့မဟုတ်ပါက သူကိုယ်တိုင်ပင် လွင့်ပါသွားနိုင်သဖြင့် တခြားလူများကို ကာကွယ်ပေးရန် ပိုလျှံသောစွမ်းအားများ ရှိတော့မည် မဟုတ်ချေ။

ထိုသို့ဖြစ်နေသည့်တိုင် အနည်းငယ်အလှမ်းဝေးသော နေရာတွင်ရှိနေသည့် တပည့်နှစ်ဦးသည် အရိပ်အယောင်ပင် မကျန်တော့ဘဲ တိုက်ရိုက်လွင့်ပါသွားခဲ့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူတို့ကို ပြန်ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

သူတို့သည် အသက်ရှင်ကျန်ရစ်ပြီး လျှို့ဝှက်နယ်မြေရှိရာ မြောက်ဘက်သို့ ဦးတည်ကာ တခြားလူများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် အရိပ်ယင်ကောင် လမ်းပြကျောက်တုံးကို အသုံးပြုကြလိမ့်မည်ဟုသာ မျှော်လင့်ရပေမည်။

ဤခက်ခဲသော အချိန်အခိုက်အတန့်တွင် လန်ထျန်းဟယ်သည် ကျုံးချင်နှင့်ဟေးပိုင်တို့အကြောင်းကို အမှတ်မထင် တွေးတောမိလိုက်သည်။

"မိတ်ဆွေလေးကျုံးချင်နဲ့ သူ့ရဲ့အဖော်တို့ ပြန်ဆုံတွေ့ကြပြီလား မသိဘူး... ပြီးတော့ သူတို့ အခု ဘယ်လို နေကြလဲ..."

သူ၏အမြင်အရ အနက်ရောင်ဝတ်ရုံဝတ်လူသည် စွမ်းအားကြီးမားသော်လည်း သူတို့တွင် လူနှစ်ဦးသာ ရှိပြီး သူ့ကဲ့သို့ စွမ်းအားဖြည့်တင်းပေးမည့် အကြီးအကဲများ မရှိသဖြင့် သူတို့ထက် ပို၍ပင် ရုန်းကန်ရနိုင်သည်။

တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီ ဝေးကွာသော နေရာတွင်...

ကျုံးချင်သည် အပြင်ဘက်ရှိ တဝုန်းဝုန်းထနေသော မုန်တိုင်းကို ကြည့်လိုက်ရာ မကြာမီ ရပ်တန့်မည့် အရိပ်အယောင် မတွေ့ရချေ။

သူသည် လက်ဖက်ရည်ပူပူလေးတစ်ငုံ သောက်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားလိုက်ရသည်။

"အရင်ဆုံး ငါ တစ်ရေးလောက် အိပ်လိုက်တာက ပိုကောင်းမလား..."

All Chapters