ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း
Vol. 18 Ch. 177
ကျုံးချင် အိပ်ရာနိုးလာပြီး အိပ်ချင်မူးတူးဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်၏။ ပြင်ပရှိ ငွေရောင်လွှမ်းခြုံထားသော ကမ္ဘာကြီးသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့လေပြီ။
လောကကြီးသည် တိတ်ဆိတ်ခြင်းနှင့် ငြိမ်သက်ခြင်းသို့ တဖန်ပြန်၍ ရောက်ရှိသွားပြီး ယခင်က လွှမ်းမိုးခဲ့သော မုန်တိုင်း၏မြည်ဟီးသံများသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့သည့်အလားပင်။
"မုန်တိုင်း နောက်ဆုံးတော့ ရပ်သွားပြီ... ငါ ထွက်ခွာလို့ ရပြီ..."
စားပွဲ ကုလားထိုင်နှင့် လက်ဖက်ရည်အိုးများကို သိမ်းဆည်းပြီးနောက် ကျုံးချင်သည် ကျောက်တုံးအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။
သူ ထွက်လာပြီး မကြာမီမှာပင် သူ၏နောက်ဘက်တွင် အလင်းတန်းတစ်တန်း ရုတ်တရက် တောက်ပသွားပြီး ကျောက်တုံးအိမ်သည် အလင်းရောင်များအကြားတွင် တိတ်ဆိတ်စွာဖြင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အလင်းတန်းတစ်တန်းသည် ကျောက်တုံးအိမ်၏အောက်မှ ထွက်ပေါ်လာကာ နှင်းများထဲတွင် ဝေဝါးပြီး နက်နဲသိမ်မွေ့သည့်ပုံရိပ်များ မျောလွင့်နေသည်ကို တွေ့မြင်နိုင်သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား အရှိန်အဝါတစ်ရပ်သည် ဤပုံရိပ်များမှ ထွက်ပေါ်လာပေ၏။
သို့သော် ကျုံးချင်သည် နောက်သို့ပြန်လှည့်မကြည့်သဖြင့် ဤမြင်ကွင်းကို လုံးဝမမြင်လိုက်ရချေ။
ကျောက်တုံးအိမ်မှ ထွက်ခွာလာပြီးနောက် မကြာမီမှာပင် ကျုံးချင်သည် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တွေ့ရှိလိုက်ရသည်။
လတ်တလော ဖြစ်ပေါ်ခဲ့သော သရဲလေဖြူက တစ်စုံတစ်ရာကို နှိုးဆွလိုက်ပုံရသည်။ မြောက်ဘက်သို့ မိုင်အနည်းငယ်ခန့် ခရီးနှင်ပြီးနောက် ရှေ့ဘက်မိုးကုပ်စက်ဝိုင်းတွင် ခုနစ်ရောင်ခြယ် အလင်းတန်းတစ်တန်း ရစ်သိုင်းလွှမ်းခြုံနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အမ်... လူလား... ဒါမှမဟုတ် ရတနာတစ်ခုလား..."
ရေခဲနှင့်နှင်းဖုံးရှုခင်းကို ငြီးငွေ့နေပြီဖြစ်သော ကျုံးချင်၏မျက်လုံးများ တောက်ပလာပြီး သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုနေရာသို့ အပြေးသွားလိုက်၏။
ရှေ့ဘက်ရှိ နိမ့်သောတောင်ကုန်းများ၏အလွန်တွင် ရှိနေသည့် ရေခဲများဖုံးလွှမ်းနေသော ရေကန်တစ်ကန်က ကျုံးချင်၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
ဤနေရာသည် လွင်ပြင်တစ်ခု ဖြစ်သော်လည်း မြေပြင်အနေအထားသည် အပြည့်အဝ ပြားချပ်မနေချေ။ သူသည် လက်ရှိတွင် ဤဆက်တိုက် ဖြစ်ပေါ်နေသော မမြင့်မားသည့် တောင်ကုန်းများကြားတွင် ရှိနေပြီး ရေခဲကန်သည် ထိုတောင်ကုန်းများ၏ဝန်းရံခြင်းကို ခံထားရသည်။
သူ မြင်တွေ့နေရသော ခုနစ်ရောင်ခြယ် အလင်းတန်းသည် ဤရေကန်၏အလယ်ဗဟိုရှိ ရေခဲလွှာအောက်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ကျုံးချင် တောင်အောက်သို့ ဆင်းရန် ပြင်ဆင်လိုက်စဉ်မှာပင် ရေကန်၏နံဘေးဘက်ရှိ တောင်ကုန်းနောက်မှ လူတစ်စု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူ အနီးကပ် ကြည့်ရှုလိုက်ချိန်၌ ထိုလူများသည် အဖြူရောင်ဝတ်ရုံရှည်များနှင့် နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားကြကာ တစ်ယောက်ချင်းစီတွင် ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် အေးစက်ပြီး လောကီနှင့်ကင်းကွာသော အမူအယာများရှိကြောင်း မြင်တွေ့လိုက်ရသည်။
ဤလူများသည် တောင်ကြားလမ်းတွင် သူ အစောပိုင်းက တွေ့မြင်ခဲ့ရသော ဂိုဏ်းလေးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သည့် ကြေးမုံနှလုံးသားရေကန်၏တပည့်များမှတပါး တခြားလူများ မဟုတ်ကြချေ။
ဤရေခဲနှင့်နှင်းဖုံး လွင်ပြင်ကျယ်ကြီးတွင် အရာအားလုံးသည် ထင်ရှားပေါ်လွင်နေပြီး တောင်ကုန်းပေါ်ရှိ ကျုံးချင်သည်လည်း ကြေးမုံနှလုံးသားရေကန်မှလူများ၏ အမြင်အာရုံထဲသို့ ရောက်ရှိသွားသည်။
အချိန်တခဏအတွင်းတွင် နှစ်ဖက်လုံးသည် ရေခဲကန်၏အစွန်းတွင် ရပ်တန့်သွားကြပြီး သူတို့၏အကြည့်များ ဆုံတွေ့သွားကြ၏။
ကြေးမုံနှလုံးသားရေကန်၏ ဂိုဏ်းချုပ်မင်ယွဲ့ရှန်းသည် ကျုံးချင်ကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းပါလား..."
ကျုံးချင် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဟုတ်တယ်... ဒါက တကယ့်ကို တိုက်ဆိုင်မှုပဲ..."
လက်တွေ့တွင်မူ ဤသည်မှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ချေ။ ကြေးမုံနှလုံးသားရေကန်မှ လူများသည်လည်း ဤနေရာရှိ ခုနစ်ရောင်ခြယ် အလင်းတန်းကို မြင်တွေ့ပြီးနောက် အပြေးရောက်လာကြခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့၏ မူလလမ်းကြောင်းများနှင့် တည်နေရာများအရ သူတို့ ဆုံတွေ့ကြလိမ့်မည် မဟုတ်ချေ။
ကြေးမုံနှလုံးသားရေကန်မှလူများ၏ မျက်နှာအမူအယာများ သိပ်မကောင်းမွန်ကြောင်းနှင့် မင်ယွဲ့ရှန်း၏မျက်နှာသည်လည်း အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေကြောင်း ကျုံးချင်က သတိထားလိုက်မိသည်။
ထို့ပြင် သူတို့အဖွဲ့၏အရေအတွက်သည် တောင်ကြားလမ်းတွင် သူ တွေ့မြင်ခဲ့ရသည်ထက် လျော့နည်းနေပုံရသည်။
လတ်တလော ဖြစ်ပေါ်ခဲ့သော သရဲလေဖြူ အတွင်း၌ သူတို့လည်း ထိခိုက်နစ်နာခဲ့ကြကြောင်း သိသာထင်ရှားသည်။
ဂိုဏ်းချုပ်လန်ထျန်းဟယ် မိတ်ဆက်ပေးခဲ့သော ကြေးမုံနှလုံးသားရေကန်၏ သူတော်စင်မိန်းမပျို မင်ဆုရှင်းကိုပင် မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။
ကျုံးချင် ထိုအဖွဲ့ကို လေ့လာကြည့်ရှုနေစဉ် မင်ယွဲ့ရှန်းနှင့်တခြားလူများသည်လည်း သူ့ကို လေ့လာကြည့်ရှုနေကြသည်။
မင်ယွဲ့ရှန်း၏မျက်လုံးအကြည့် အနည်းငယ် လှုပ်ခတ်သည်။ ဤလူငယ်သည် ယခင်က ကျန်းယွဲ့ဂိုဏ်းအဖွဲ့နှင့်အတူ ရှိနေခဲ့သော်လည်း ယခု၌မူ သူ တစ်ယောက်တည်း ဖြစ်နေသည်။ သူတို့သည် ဝင်ပေါက်တွင် လမ်းခွဲခဲ့ကြခြင်းလော သို့မဟုတ် သရဲလေဖြူကြောင့် လူစုကွဲသွားခြင်းလော ဆိုသည်ကို မသိနိုင်ပေ။
သို့သော် ဤှလူငယ်သည် တစ်ယောက်တည်း ခရီးနှင်နေသော်လည်း သူ၏မျက်နှာအသွေးအရောင်သည် ပုံမှန်ဖြစ်ပြီး သူ၏ အရှိန်အဝါသည် တည်ငြိမ်နေကာ ထိုကြောက်မက်ဖွယ်ကောင်းသော သရဲလေဖြူကို ကြုံတွေ့ခဲ့ရသည့် လက္ခဏာ လုံးလုံးလျားလျား မပြသချေ။
ဤလူသည် ငယ်ရွယ်သော်လည်း အပြင်ပန်းကဲ့သို့ ရိုးရှင်းပုံ မရပေ။
သေချာသည်မှာ အကယ်၍ သူသာ ကျုံးချင် အစောပိုင်းက မည်သို့လုပ်ဆောင်နေခဲ့သည်ကို မြင်တွေ့ခဲ့လျှင် ထိုမျှလောက်သာ တွေးတောမိမည် မဟုတ်ပေ။
သို့သော် သူသည် တခြားသူများ၏ လျှို့ဝှက်ချက်များကို အာရုံစိုက်ရန် စိတ်မဝင်စားချေ။ လတ်တလော ထွက်ပေါ်လာသော သရဲလေဖြူ အတွင်း၌ ကြေးမုံနှလုံးသားရေကန်အဖွဲ့သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ သူတော်စင်မိန်းမပျိူ မင်ဆုရှင်းသည် သူတို့နှင့် လူစုကွဲသွားခဲ့ပြီး သူသည် တခြားတပည့်များကို ကာကွယ်ပေးနိုင်ခဲ့သော်လည်း စွမ်းအားများစွာ ကုန်ဆုံးခဲ့ရသည်။
"ကြည့်ရတာတော့ ဒီပိုင်ဖုန်းလွင်ပြင်က ငါ ထင်ထားတာထက် ပိုပြီးအန္တရာယ်များပုံရတယ်..."
မင်ယွဲ့ရှန်းက သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရေခဲကန်ကို ကြည့်လိုက်၏။
သူသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရောင်စုံအလင်းတန်းတစ်တန်းက သူ၏လက်ထဲမှ ထွက်ပေါ်လာကာ ရေခဲကန်ပေါ်သို့ ကျရောက်သွားသည်။
ငြိမ်သက်နေသော ရေခဲကန်မျက်နှာပြင် ချက်ချင်းအက်ကွဲသွားသည်။
ထို့နောက် ကန်အောက်ခြေမှ ခုနစ်ရောင်ခြယ် အလင်းတန်းများ ဖြာထွက်နေသောအရာ၏ပုံသဏ္ဍာန်အမှန် ပေါ်လွင်လာသည်။
အေးစက်ပြီး ကြည်လင်သော ကန်ရေအောက်တွင် ကန်အောက်ခြေရှိ ကျောက်တုံးတစ်တုံးပေါ်၌ ပေါက်ရောက်နေသော ပန်းပင်လေးတစ်ပင်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
ဤပန်းပင်တွင် အရွက်ခုနစ်ရွက် ရှိပြီး တစ်ရွက်စီမှ အရောင်မတူညီသော အလင်းတန်းများကို ထုတ်လွှတ်ထားသည်။ အလယ်ရှိ တစ်ဝက်တစ်ပျက်ပွင့်နေသော ပန်းပွင့်သည် ထွင်းဖောက်မြင်သည်အထိ ကြည်လင်နေပြီး အရွက်များ၏အရောင်ခုနစ်ရောင် အလင်းပြန်မှုအောက်တွင် ပြောင်းလဲနေသော အလင်းရောင်များကို ရောင်ပြန်ဟပ်နေသဖြင့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လှပနေသည်။
အစောပိုင်းက သူတို့ မြင်တွေ့ခဲ့ရသော အလင်းတန်းများသည် ဤအရာမှ ထွက်ပေါ်လာခြင်းပင်။
"ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း..."
မင်ယွဲ့ရှန်း၏ မူလကတည်ငြိမ်ပြီး လျစ်လျူရှုထားသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ရပ် မသိမသာ ဖြတ်ပြေးသွားသည်။
သူ၏နံဘေးရှိ ကြေးမုံနှလုံးသားရေကန်မှ အကြီးအကဲတစ်ဦးကလည်း စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။
"တောင်ပိုင်းဒေသမှာ မျိုးသုဉ်းပျောက်ကွယ်သွားတာ နှစ်ရာနဲ့ချီပြီး ကြာမြင့်နေခဲ့တဲ့ ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း ဖြစ်နေတာပဲ..."
သူ၏တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဤဝိညာဉ်ပန်းသည် အလွန်အမင်း တန်ဖိုးရှိကြောင်း သိသာထင်ရှားသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျုံးချင်သည်လည်း ဤပန်းပွင့်အကြောင်းကို သိရှိထားသည်။ လျှို့ဝှက်ကျမ်းစာများထဲမှ ဆေးညွှန်းများကို ကြည့်ရှုစဉ်က ထိုအရာကို သူ မြင်တွေ့ဖူးခဲ့သည်။ ဤသည်မှာ စိတ်ဝိညာဉ်ခုနစ်ပါး ကောင်းကင်ဖန်တီးဆေးလုံးဟုခေါ်သော စိတ်ဝိညာဉ်ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းပင်။
ဤစိတ်ဝိညာဉ်ခုနစ်ပါး ကောင်းကင်ဖန်တီးဆေးလုံးသည် လူတစ်ယောက်၏ရိုးတွင်းခြင်ဆီကို ဆေးကြောပေးနိုင်ပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သော အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းသည့် ဆေးလုံးဖြစ်သည်ဟု ဆိုကြ၏။ ထိုဆေးလုံးသည် ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို တပြိုင်နက်တည်း သန့်စင်ပေးနိုင်ပြီး ကျင့်ကြံသူတစ်ဦး၏ပါရမီကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည်။
ထို့ပြင် ဤအကျိုးသက်ရောက်မှုကို ဘေးဖယ်ထားလျှင်ပင် ခုနစ်ရောင်ခြယ် ဖန်သား ဝိညာဉ်ပန်းကိုယ်တိုင်တွင် အလွန်ပြင်းထန်သော အကျိုးသက်ရောက်မှုများ ရှိသည်။ ထိုအရာ၏ ခုနစ်ရောင်ခြယ် အလင်းတန်းများအောက်တွင် ကျင့်ကြံခြင်းအရှိန်နှုန်းကို တိုးမြှင့်ပေးနိုင်ပြီး ဒဏ်ရာများနှင့်အသက်စွမ်းအားကို ပြန်လည်ကောင်းမွန်စေနိုင်သဖြင့် အလွန်စွမ်းအားကြီးမားသည်ဟု ဆိုနိုင်ပေ၏။
အချိန်တခဏအတွင်း၌ အခြေအနေ အနည်းငယ် တင်းမာသွားသည်။
ကောင်းကင်ဘုံရတနာသည် သူတို့၏မျက်စိရှေ့တွင် ရှိနေသော်လည်း ထိုအရာကို ကျုံးချင်နှင့် ကြေးမုံနှလုံးသားရေကန်အဖွဲ့တို့ တပြိုင်နက်တည်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
မင်ယွဲ့ရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ရုတ်တရက် ရေခဲကန်အတွင်းမှ တောက်ပသော အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်လာသည်။ ထိုအရာသည် ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း၏အလင်းရောင် မဟုတ်ဘဲ ကန်အောက်ခြေမှ ဖြာထွက်လာသော ဝင်္ကပါဖွဲ့စည်းပုံများ၏ အလင်းရောင်များပင်။
ဤအလင်းရောင်များသည် နက်နဲသော ဝင်္ကပါပုံစံများအဖြစ် ယှက်နွယ်သွားပြီး ရေခဲကန်ကို လွှမ်းခြုံသွားပေ၏။
"ဒါက ရှေးဟောင်းဝင်္ကပါတစ်ခုပဲ..."
ကြေးမုံနှလုံးသားရေကန်၏ အကြီးအကဲတစ်ဦးက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ရှေးဟောင်းဂိုဏ်းမှ ကျန်ရစ်ခဲ့သော ဝင်္ကပါများသည် ပိုင်ဖုန်းလွင်ပြင်တွင် နေရာတိုင်း၌ ရှိနေသဖြင့် ထိုကဲ့သို့အရာတစ်ခုနှင့် ကြုံတွေ့ရခြင်းသည် အံ့အားသင့်စရာ မဟုတ်ချေ။
သူတို့သည် ယခင်ကလည်း ထိုကဲ့သို့ ဝင်္ကပါတစ်ခုနှင့် ကြုံတွေ့ခဲ့ဖူးပေ၏။ ထိုဝင်္ကပါသည် အလွန်ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲတစ်ဦးကို သေဆုံးလုနီးပါး ဖြစ်စေခဲ့သည်။
သို့သော် မင်ယွဲ့ရှန်း၏မျက်မှောင်ကြုတ်ထားမှု ပြေလျော့သွားပြီး ကျုံးချင်ကို ကြည့်လိုက်သည်။
"ဒီလိုဆိုမှတော့ ဒီကိစ္စကို ကိုင်တွယ်ရ လွယ်ကူသွားပြီ... မင်းနဲ့ငါက ဒီရတနာကို တစ်ချိန်တည်းမှာ တွေ့ခဲ့ကြပေမယ့် အသေအကြေ တိုက်ခိုက်နေဖို့ မလိုတော့ဘူး..."
"ဒီရေခဲကန်ကို ဝင်္ကပါတစ်ခုက ကာကွယ်ထားတယ်... မင်းနဲ့ငါက ကိုယ့်အရည်အချင်းကိုယ် အားကိုးကြတာပေါ့... ဝင်္ကပါကို ဖျက်ဆီးနိုင်တဲ့သူက ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို သွားယူလို့ ရတယ်..."
ကျုံးချင် အနည်းငယ် အံ့အားသင့်သွားသည်။ နောက်တစ်ဆင့်တွင် တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပွားတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
ထို့ကြောင့် သူသည် ကြေးမုံနှလုံးသားရေကန် အဖွဲ့အပေါ် အနည်းငယ် ပို၍လေးစားမှု ရှိလာခဲ့သည်။ ဤလူများသည် အမူအယာ အေးစက်သော်လည်း လူဆိုးများ မဟုတ်ကြချေ။ အနည်းဆုံးအနေဖြင့် ရေခဲဓားဂိုဏ်းနှင့် နဂါးနက်ဂိုဏ်းမှ လူများထက် ပို၍သဘောကျစရာ ကောင်းပုံရသည်။
"ကောင်းပြီလေ..."
တစ်ဖက်လူသည် ဤမျှထိ နားလည်မှု ရှိနေသဖြင့် ကျုံးချင်သည် ငြင်းဆန်မည် မဟုတ်ဘဲ ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
သေချာသည်မှာ အကြီးမားဆုံး အကြောင်းအရင်းသည် သူ သေချာပေါက် အနိုင်ရမည်ကို သိနေသောကြောင့်ပင်။
သူ့ကို တခြားအရာများနှင့် တားဆီးထားလျှင် သူ မပြောသေးချေ။
ဝင်္ကပါ ဟုတ်လား...
အဲ့ဒါက ဘာမှ မရှိတာနဲ့ ဘာကွာခြားလို့လဲ...
သူ ဝင်္ကပါကို တိုက်ရိုက်ဖြတ်သန်းသွားရန် ပြင်ဆင်လိုက်စဉ်မှာပင် မင်ယွဲ့ရှန်းက ဦးစွာလှုပ်ရှားလိုက်သည်။
သူ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်ကာ ဝင်္ကပါ၏အလင်းအကာအကွယ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် မြေပြင်တပြင်လုံးတုန်ခါပြီး တောင်များ ယိမ်းထိုးသွားသည်။ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုသည် သာမန်မဟုတ်ချေ။
သို့သော် ဤရှေးဟောင်းဝင်္ကပါသည် သေးငယ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။ နှစ်ပေါင်းများစွာကြာမြင့်သဖြင့် ဝင်္ကပါကြီးသည် ယိုယွင်းစပြုပြီဖြစ်သော်လည်း သူ၏တိုက်ခိုက်မှုသည် ထိုအရာကို တုန်ခါသွားအောင် မလုပ်နိုင်ခဲ့ပေ။
မင်ယွဲ့ရှန်းသည် အံ့အားသင့်သွားခြင်း မရှိချေ။ သူ၏မျက်လုံးအကြည့် တည်ကြည်လေးနက်သွားပြီး တောက်ပသော ကြေးမုံမှန်တစ်ချပ်က သူ၏ခေါင်းနောက်ဘက်မှ ပျံ့လွင့်လာသည်။
ရေကဲ့သို့ ကြည်လင်သော ကြေးမုံမှန်မျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ခုဖြင့် ထိတွေ့ခံလိုက်ရသကဲ့သို့ လှိုင်းဂယက်များ ထလာသည်။ တစ်ချိန်တည်းမှာပင် သန့်စင်သော အဖြူရောင် အလင်းတန်းတစ်တန်းသည် ကြေးမုံမှန်မှ ပျံ့လွင့်လာကာ ဝင်္ကပါပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
"ကြေးမုံဝိညာဉ်... ဖျက်ဆီးစမ်း..."
မင်ယွဲ့ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ကြေးမုံမှန်မှ အဖြူရောင်အလင်းတန်းသည် စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ဝင်္ကပါ၏အလင်းအကာအကွယ်သည် ဆက်တိုက်တုန်ခါလာပေ၏။
ဤဝင်္ကပါကို ဖျက်ဆီးရန်မှာ သူ့အတွက် သိပ်မခက်ခဲလှပေ။ သူ၏စွမ်းအား အလွန်အကျွံ ကုန်ဆုံးနေမှုသာ မရှိခဲ့လျှင် ပို၍ပင် မြန်ဆန်နိုင်ပေလိမ့်မည်။
ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းသည် သူ့အတွက် အရေးပါသော အဓိပ္ပာယ် ရှိသည်။ သရဲလေဖြူအတွင်း၌ သူ၏စွမ်းအားများ အလွန်အကျွံ ကုန်ဆုံးခဲ့ရသဖြင့် ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းဖြင့် သူ၏အသက်စွမ်းအားများကို လျင်မြန်စွာ ပြန်လည်၍ ကောင်းမွန်စေနိုင်သည်။
ထိုသို့မဟုတ်ပါက ရှေ့ဆက်ရမည့် လမ်းခရီးသည် သူတို့အတွက် ပို၍ပင်ခက်ခဲပေလိမ့်မည်။
ကြေးမုံနှလုံးသားရေကန်အဖွဲ့သည် ဝင်္ကပါကြီး ယိမ်းယိုင်နေသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ဝမ်းသာသွားကြပြီး ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို ရရှိရန် သေချာသလောက်နီးပါး ရှိနေပြီဟု ယုံကြည်လိုက်ကြ၏။
ထိုအချိန်မှာပင်...
ကျုံးချင်က လက်နောက်ပစ်ကာ ရေခဲကန်ထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်၍ ဆင်းသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
မင်ယွဲ့ရှန်း : "..."
ကြေးမုံနှလုံးသားရေကန် အဖွဲ့ : "..."
သူတို့ အမြင်မမှားကြောင်း အတည်ပြုရန်အတွက် သူတို့၏မျက်လုံးများကို မသိစိတ်မှ ပွတ်သပ်လိုက်ကြသည်။
ထို့နောက် သူတို့အားလုံး အလွန်အံ့အားသင့်မှင်သက်သွားကြပြီး စကားပင် မပြောနိုင်တော့ချေ။
ဘာတွေ ဖြစ်နေတာလဲ...
ဝင်္ကပါက မပျက်စီးသေးဘူးလေ... ဘယ်လိုလုပ်ပြီးတော့ ဒီကောင်က ဒီအတိုင်း လမ်းလျှောက်ဝင်သွားတာလဲ...
ဂိုဏ်းချုပ်မင်ယွဲ့ရှန်းသည် သူ၏ရတနာကြေးမုံကို အသုံးပြုပြီး ဝင်္ကပါ၏အလင်းအကာအကွယ်နှင့် ယှဉ်ပြိုင်နေဆဲ မဟုတ်ပါက ဝင်္ကပါ တည်ရှိနေခြင်းရှိမရှိ ဆိုသည်ကိုပင် သူတို့ သံသယဝင်မိကြလိမ့်မည်။
"သူက ဘယ်လိုလုပ်ပြီးတော့ ဝင်သွားနိုင်တာလဲ..."
အကြီးအကဲတစ်ဦး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားပြီး မေးမြန်းလိုက်၏။
မင်ယွဲ့ရှန်းသည် စကားမပြောသော်လည်း သူ၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
ကျုံးချင်သည် သူတို့၏မျက်စိရှေ့မှောက်မှာပင် ရေကန်မျက်နှာပြင်ပေါ်ရှိ ကျိုးပဲ့နေသော ရေခဲတုံးများကိုနင်းပြီး အလယ်ဗဟိုရှိ ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းဆီသို့ မနှေးမမြန် လျှောက်လှမ်းသွားနေသည်။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကြေးမုံနှလုံးသားရေကန် အဖွဲ့၏ နှလုံးသားများကို နင်းချေနေသည့်အလားပင်။
မင်ယွဲ့ရှန်း၏မျက်နှာအမူအယာသည် တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် စွမ်းအားသိသိသာသာ ကုန်ခမ်းနေပြီးသား အခြေအနေကို ဂရုမစိုက်ဘဲ သူ၏စိတ်ဝိညာဉ်စွမ်းအားကို ပြင်းထန်စွာ နှိုးဆွလိုက်သည်။
မိုးကောင်းကင်ယံရှိ ရတနာကြေးမုံမှန်၏ မျက်နှာပြင်တွင် လှိုင်းဂယက်များ ဆက်တိုက် ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းသည် တဖြည်းဖြည်း ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ ထိုအရာ၏စွမ်းအားသည် အကြီးအကျယ် မြင့်တက်လာပေ၏။
"ပြိုကွဲစမ်း..."
မင်ယွဲ့ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကြည်လင်ပြတ်သားသော အက်ကွဲသံနှင့်အတူ ဝင်္ကပါ၏အလင်းအကာအကွယ်သည် နောက်ဆုံးတွင် ကြေမွှပျက်စီးသွားသည်။ ထိုအရာသည် မိုးကောင်းကင်ယံကို ပြည့်နှက်သွားစေသော အလင်းတန်းများအဖြစ် ပြိုကွဲသွားတော့သည်။
ကြေမွှပျက်စီးသွားသော ဝင်္ကပါ၏ စွမ်းအားသည် ပြန့်ကျဲသွားပြီး မြေပြင်တပြင်လုံးကို တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ဖုံးလွှမ်းထားသော ရေခဲနှင့်နှင်းများသည် နောက်ဆက်တွဲ စွမ်းအားဂယက်ရိုက်ခတ်မှုကြောင့် တိုက်ရိုက်လွင့်ထွက်သွားပြီး မည်းနက်သောမြေသားများ ပေါ်လွင်လာပေ၏။
မင်ယွဲ့ရှန်းသည် သက်ပြင်းချရန် အချိန်ပင် မရလိုက်ဘဲ လေထုထဲသို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး ရေကန်အလယ်သို့ ပျံသန်းသွားသည်။
ကျုံးချင်သည် မည်သည့်နည်းလမ်းကို အသုံးပြုပြီး ဝင်္ကပါထဲသို့ ဝင်ရောက်ခဲ့စေကာမူ သူသည် ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို လက်လွှတ်ခံ၍ မဖြစ်ချေ။
သူသည် ကျုံးချင်ကို တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။ မည်သူက ပိုမြန်သည်ကို ယှဉ်ပြိုင်ရုံသာ ဖြစ်ပေ၏။
မင်ယွဲ့ရှန်း၏အတွေးများ ရွေ့လျားသွားသည်နှင့် သူ၏ပုံရိပ်သည် ရေကန်ထဲသို့ ရောက်ရှိနေပြီဖြစ်ကာ ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း၏အနီးသို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။
ရုတ်တရက် နားကွဲလုမတတ် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်း၏နံဘေးတွင် ငြိမ်သက်နေသော ရေကန်မျက်နှာပြင်သည် ရုတ်တရက် လှိုင်းထန်လာပေ၏။
ရေကန်အောက်ခြေရှိ ရွှံ့နွံများ ရုတ်တရက် အက်ကွဲသွားသည်။
ပေပေါင်းများစွာထူထပ်ပြီး ပေတစ်ရာခန့် ရှည်လျားကာ အကြေးခွံများနှင့်စုပ်ခွက်များ ဖုံးလွှမ်းနေသော ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် လက်တံကြီးတစ်ခုသည် ကန်အောက်ခြေမှ ထွက်ပေါ်လာပြီး ရေထဲတွင် ရှိနေသော မင်ယွဲ့ရှန်းထံဦးတည်၍ ရိုက်ခတ်လာသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ်လက်တံတစ်ခုသည် တခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး ရေကန်မျက်နှာပြင်ကို ဖောက်ထွက်ကာ ကန်မျက်နှာပြင်ပေါ်တွင် ရှိနေသော ကျုံးချင်ထံဦးတည်၍ ရိုက်နှက်လိုက်၏။