← Chapters

ကြယ်ကြွေလက်သီး

Vol. 18 Ch. 178

ကြယ်ကြွေလက်သီး

Vol. 18 Ch. 178

"လက်တံတွေလား..."

"စိတ်ဝင်စားစရာ ကောင်းသားပဲ..."

ကျုံးချင် အနည်းငယ် အံ့အားသင့်သွားပြီး လက်တံများ၏ရိုက်ချက်ကို ရှောင်တိမ်းရန် လေထုထဲသို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။

ထိုနေရာနှင့် အနီးကပ် ရှိနေပြီး ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို ရယူရန် အာရုံစိုက်နေသော မင်ယွဲ့ရှန်းသည် တုံ့ပြန်ရန်နှင့် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ လက်တံများဖြင့် ရစ်ပတ်ခြင်းကို ခံလိုက်ရတော့သည်။

သူသည် ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားပြီး သူ၏ကာကွယ်ရေးစွမ်းအားသည်လည်း ထပ်တူထပ်မျှ ကြောက်မက်ဖွယ် ကောင်းပေ၏။

သို့သော် လက်တံများဖြင့် ချုပ်နှောင်ခံရချိန်၌ သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

လက်တံပေါ်ရှိ မရေမတွက်နိုင်သော စုပ်ခွက်များသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအားများကို မရပ်မနား စုပ်ယူနေကြသည်။

သူ၏ တည်ငြိမ်သော အခြေခံအုတ်မြစ်ရှိသည့် ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် လက်တံများ၏ စုပ်ယူမှုအောက်တွင် သူ၏ကာကွယ်ရေးစွမ်းအားများ အချိန်မရွေး ပြိုလဲသွားနိုင်သကဲ့သို့ မရေမရာအခြေအနေကို ခံစားနေရသည်။

အကယ်၍ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော စိတ်ဝိညာဉ်စွမ်းအင်များသာ မရှိခဲ့လျှင် လက်တံများက သူ၏အသွေးအသားများကို စုပ်ယူသွားမည့် အကျိုးဆက်သည် တွေးဝံ့စရာပင် မရှိတော့ချေ။

မင်ယွဲ့ရှန်းသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကြေးမုံဝိညာဉ်..."

ကောင်းကင် ရတနာကြေးမုံမှ အလင်းတန်းများ ရုတ်တရက် ပွင့်အံ့ထွက်လာပြီး လက်တံများအပေါ်သို့ ဖြာကျသွားသည်။

ရတနာကြေးမုံ၏အလင်းတန်းများ လွှမ်းခြုံခံရသော လက်တံများသည် ချက်ချင်းအေးခဲသွားပြီး အစိုင်အခဲများ ဖြစ်သွားပေ၏။

မင်ယွဲ့ရှန်း၏စိတ်ဝိညာဉ်စွမ်းအားများ ပွင့်အံ့ထွက်လာပြီး လက်တံတစ်ခုလုံးကို တိုက်ရိုက်ဖြိုခွင်းကာ လွတ်မြောက်သွားခဲ့သည်။

သို့သော် သူ သက်ပြင်းချရန်ပင် အချိန်မရလိုက်ဘဲ နားကွဲလုမတတ်ကျယ်လောင်သော ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ ထို့နောက် မြေပြင်တပြင်လုံး တုန်ခါသွားကာ နောက်ထပ်လက်တံအမြောက်အများသည် ကန်အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကြေးမုံနှလုံးသားရေကန် တပည့်များထံသို့ ရိုက်ခတ်လာပေ၏။

"မကောင်းတော့ဘူး..."

မင်ယွဲ့ရှန်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူဖြစ်သော သူပင်လျှင် ဤလက်တံများ၏ဖမ်းဆီးခြင်းကို ခံရချိန်၌ လွတ်မြောက်ရန် အတော်လေး အင်အားစိုက်ထုတ်ခဲ့ရသည်။

သူ့ထက် များစွာအားနည်းသော ကြေးမုံနှလုံးသားရေကန်မှ တပည့်များအတွက်ဆိုလျှင် မည်သို့ ရှိမည်နည်း....

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲ အမြောက်အများ ပူးပေါင်းကာ သူတို့၏ စွမ်းအားများကို ထုတ်ဖော်ပြီး ထိုလက်တံများကို တားဆီးရန် ကြိုးစားသော်လည်း သူတို့သည် လက်တံများအားလုံးကို ကာကွယ်နိုင်စွမ်း မရှိကြချေ။

ထူထပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လက်တံတစ်ခုသည် ကာကွယ်ရေးစည်းကို ဖောက်ထွက်လာပြီး ကြေးမုံနှလုံးသားရေကန် တပည့်များကို ရိုက်နှက်လိုက်သည်။

အော်ဟစ်သံများနှင့် သွေးများပန်းထွက်လာခြင်းများ အကြားတွင် အချိန်မီ မရှောင်တိမ်းနိုင်သော ကျင့်ကြံဆင့်နိမ့်ကျသည့် တပည့်အမြောက်အများသည် ထိုလက်တံ၏ ရိုက်နှက်မှုကြောင့် အသားစများအဖြစ် တိုက်ရိုက်ပြောင်းလဲသွားကြသည်။

ထို့နောက် သူတို့၏ကြေမွနေသော အလောင်းများကို လက်တံက လွှမ်းခြုံပြီး အပြည့်အဝ စုပ်ယူလိုက်၏။

သူ၏တပည့်များ မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ မင်ယွဲ့ရှန်း၏နှလုံးသားသည် ဓားဖြင့် အမွှန်းခံရသကဲ့သို့ နာကျင်သွားပြီး သူ အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် တည်ငြိမ်မှုကို ဆက်လက်၍ မထိန်းသိမ်းနိုင်တော့ဘဲ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ယုတ်ညံ့တဲ့သားရဲကောင်... မင်းက ဘယ်လိုတောင် လုပ်ရဲတာလဲ..."

သူ၏အော်ငေါက်သံနှင့်အတူ သူသည် သူ၏ စွမ်းအားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုလိုက်ရာ ရတနာကြေးမုံသည် တောက်ပစွာ လင်းလက်လာပေ။ ထို့နောက် ထိုအရာသည် သူ၏ခေါင်းပေါ်တွင် နေရာယူထားကာ အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။

ဤအလင်းတန်း အကာအကွယ်အောက်တွင် မင်ယွဲ့ရှန်းသည် သူ၏ဆန်းကြယ်စွမ်းရည်ကို အသက်သွင်းလိုက်ရာ သူ၏စွမ်းအားများ အလွန်အမင်း မြင့်တက်လာသည်။ ပတ်ဝန်းကျင်တွင် သူ့ထံမှ စိတ်ဝိညာဉ်စွမ်းအားများ တလိမ့်လိမ့်ထလာကာ အလင်းတန်းများက လေထုထဲတွင် ပြည့်နှက်သွားပြီး လက်တံအမြောက်အများကို ချက်ချင်းဖြတ်တောက်လိုက်သည်။

သို့သော် အခြေအနေသည် အနည်းငယ်မျှ တိုးတက်မလာခဲ့ချေ။

သူ လက်တံအနည်းငယ်ကို ဖြတ်တောက်လိုက်စဉ်မှာပင် နောက်ထပ်လက်တံအမြောက်အများ မြေအောက်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးလိုက်ရာ တောင်ကုန်းများကိုပင် ကြေမွှပျက်စီးသွားစေသည်။

ဤပတ်ဝန်းကျင်တွင် ပိတ်မိနေသော ကြေးမုံနှလုံးသားရေကန် တပည့်များအားလုံး အကြီးအကျယ် ခံစားနေကြရသည်။

အရေအတွက်များသော လူအုပ်စုဖြစ်သောကြောင့် သူတို့သည် အကြီးမားဆုံး ပစ်မှတ်ဖြစ်လာပြီး လက်တံများ၏ထက်ဝက်ကျော်သည် သူတို့ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိလာပေ၏။

ဤလက်တံများတွင် အထူးဆန်းကြယ်စွမ်းရည်များ မရှိသော်လည်း ထိုအရာများ၏စွမ်းအားမှာ ကြီးမားလှသည်။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများပင်လျှင် ထိုလက်တံ၏ ပေါ့ပါးသော ရိုက်ချက်များကို တောင့်မခံနိုင်ကြဘဲ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲများသာလျှင် ပွတ်ကာသီကာလေး ခုခံနိုင်ကြသည်။

သို့သော် ထို့ထက်ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ရေဘဝဲများနှင့်တူညီသည့် လက်တံများပေါ်ရှိ မရေမတွက်နိုင်သော စုပ်ခွက်များအတွင်း၌ ပါရှိသော ဝါးမြိုခြင်းစွမ်းအားပင်။ ထိုလက်တံများ၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့် စိတ်ဝိညာဉ်စွမ်းအား အသက်စွမ်းအားနှင့် အသွေးအသားများပါမကျန် အရာအားလုံး ဝါးမြိုခြင်းခံရပေမည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲတစ်ဦးသည် လက်တံတစ်ခု၏ရိုက်ချက်ကို တားဆီးလိုက်ပြီး အသက်ရှူရှိုက်နေစဉ်မှာပင် အလျားလိုက် ရိုက်ခတ်လာသော တခြားလက်တံတစ်ခု၏ ဖမ်းဆီးခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရသည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ထိုကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲသည် ခြောက်ကပ်သွားအောင် စုပ်ယူခံလိုက်ရပြီး သက်ရှိဖုတ်ကောင် ရုပ်အလောင်းတစ်လောင်း ဖြစ်သွားခဲ့ပေ၏။

သရဲလေဖြူ၏ဖျက်ဆီးမှုကြောင့် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ကြေးမုံနှလုံးသားရေကန်တပည့်များသည် ရုတ်တရက် ရောက်ရှိလာသော မရေမတွက်နိုင်သည့် လက်တံများ၏ တိုက်ခိုက်မှုအောက်တွင် ပို၍ပင် အထိနာသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကြီးမားသော အသေအပျောက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

တခြားတစ်ဖက်တွင် တစ်ယောက်တည်း ရှိနေသော ကျုံးချင်သည်လည်း လက်တံများ၏ ချမ်းသာပေးမှုကို မရရှိခဲ့ချေ။

သူ ယခင်က ရှောင်တိမ်းခဲ့သော လက်တံသည် သူ့ကို မရပ်မနား ဆက်လက်၍ လိုက်လံတိုက်ခိုက်နေဆဲပင်။

"ဒီလက်တံတွေက... ရေဘဝဲကြီး တစ်ကောင်ဆီက လာတာလား..."

ကျုံးချင်သည် အလျင်မလိုဘဲ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဆန့်တန်းပြီး လက်တံကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

"ဒီလောက်ကြီးတဲ့ ရေဘဝဲကြီးဆိုရင် တာကိုယာကီ* လုပ်ရောင်းဖို့ ဘယ်နှစ်နှစ်လောက် ကြာမလဲ..."

ကျုံးချင်သည် အံ့အားသင့်စွာဖြင့် လျှာသပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်ဖြင့် ညင်သာစွာ ဆောင့်ဆွဲလိုက်ရာ ကြီးမားသော လက်တံကြီး စုတ်ပြဲသွားတော့သည်။

သို့သော် သူသည် ရွံရှာသော မျက်နှာထားဖြင့် ချက်ချင်းလွှင့်ပစ်လိုက်၏။

ထိုလက်တံသည် အကျိအချွဲများနှင့် ဖုံးလွှမ်းနေသဖြင့် သူ့ကို အလွန်မသက်မသာ ဖြစ်စေသည်။

ကျုံးချင်သည် ဆန့်တန်းလာသော တခြားလက်တံတစ်ခုကို သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထို့နောက် သူ၏လက်မှ အကျိအချွဲများကို ခါထုတ်လိုက်ရင်း ရိုင်းစိုင်းစွာ လူးလွန့်နေသော လက်တံများ၏ ဖရိုဖရဲအခြေအနေကို လေ့လာကြည့်ရှုလိုက်၏။

ကြေးမုံနှလုံးသားရေကန်မှ အကြီးအကဲတစ်ဦးသည် လက်တံ၏ စုပ်ယူခြင်းကို ခံရပြီး ခြောက်ကပ်သွားသည့် မြင်ကွင်းကို သူ မြင်တွေ့လိုက်ရပြီးနောက် သူ ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွတ် ကျွတ်... ဒါက ဝါးမြိုတာပဲ..."

သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

လက်တံသည် ထိုအကြီးအကဲကို ဝါးမြိုပြီးနောက် စွမ်းအားများ အဆမတန် တိုးတက်လာသည်ကို သူ သိသာထင်ရှားစွာ သတိထားလိုက်မိသည်။

ထိုအကြောင်းကို တွေးတောရင်း သူသည် လေထုထဲသို့ ချက်ချင်းပျံသန်းလိုက်သည်။

သူ့ထံတွင် ကြေးမုံနှလုံးသားရေကန်မှ တပည့်များကို ကယ်တင်ရန် ရည်ရွယ်ချက် မရှိချေ။ လူများ မတော်တဆ တွေ့ဆုံကြသည့် ဤရှန်းရှကမ္ဘာတွင် တခြားလူများ၏သေရေးရှင်ရေးသည် သူ့နှင့် မည်သည်ကြောင့် သက်ဆိုင်မည်နည်း။

သို့သော် အကယ်၍ ဤလက်တံများသည် ကြေးမုံနှလုံးသားရေကန်မှ တပည့်များကို ဝါးမြိုပြီးသွားပါက ထိုအရာများ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ မြင့်တက်လာနိုင်ချေ ရှိပေ၏။ ထို့ကြောင့် ဖြစ်လာနိုင်သည့် ရှုပ်ထွေးမှုများကို ရှောင်ရှားရန် သူ စောစောစီးစီး လှုပ်ရှားခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

ကျုံးချင်သည် ပျံသန်းလိုက်စဥ်မှာပင် မြေပြင်ပေါ်မှ နှင်းတစ်ဆုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။

သူ လေထုထဲသို့ ပျံသန်းလိုက်သည့် အချိန်အခိုက်အတန့်တွင် သူ၏လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး နှင်းပွင့်များကို ဖြန့်ကျဲလိုက်သည်။

"ကြယ်ကြွေလက်သီး..."

အချိန်တခဏအတွင်းတွင် နှင်းမုန်တိုင်း အသေးစားလေးတစ်ခုသည် ရေခဲကန်ကို ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ ဖြစ်ပေါ်လာပေ၏။ ထိုနှင်းပွင့်များ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မြင်တွေ့ရသမျှ လက်တံများအားလုံး ချက်ချင်းအေးခဲသွားကြသည်။

ရုတ်ချည်းဆိုသလိုပင် လေပြေလေညင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်လာပြီး လက်တံများ အားလုံးသည် ရေခဲမှုန်များအဖြစ် တိတ်တဆိတ်ကြေမွှပျက်စီးသွားပြီး ပျောက်ကွယ်သွားပေ၏။

ကြေးမုံနှလုံးသားရေကန်မှ တပည့်များသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်ကြသည်။ သူတို့ထံတွင် စဉ်းစားရန် အချိန်မရှိဘဲ သေဘေးမှ လွတ်မြောက်သွားသည့် စိတ်သက်သာရာရမှုကိုသာ ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု အကြွင်းအကျန်များဖြင့် ပြည့်နှက်နေသည်။

အချိန်တခဏကြာပြီးနောက် သူတို့သည် တစ်စုံတစ်ခုကို သတိရသွားကြပြီး ဤတိုက်ခိုက်မှုကို လှုပ်ရှားခဲ့သော ကျုံးချင်ကိုတပြိုင်နက်တည်း ကြည့်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်မှင်သက်မှုများ ထင်ဟပ်လာသည်။

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ရိုင်းစိုင်းစွာ လူးလွန့်နေသော လက်တံများ...

သူတို့၏ဂိုဏ်းချုပ် မင်ယွဲ့ရှန်းပင်လျှင် ကိုင်တွယ်ရန် အလွန် ခက်ခဲသော လက်တံများ...

ထိုအရာများကို ကျုံးချင်က နှင်းတစ်ဆုပ်တည်းဖြင့် ရှင်းလင်းပစ်ခဲ့သလော....

မင်ယွဲ့ရှန်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ အစောပိုင်းက သူသည် လက်တံများကို တိုက်ခိုက်ခဲ့ပြီးဖြစ်သောကြောင့် ထိုအရာများ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ နားလည်သဘောပေါက်ခဲ့သည်။

သို့ရာတွင် ထိုအရာအားလုံးသည် ကျုံးချင်၏ ပေါ့ပါးသော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ကြေမွှပျက်စီးသွားခဲ့သည်။

သူ စောစောက ဘာအော်လိုက်တာလဲ...

ကြယ်ကြွေလက်သီး ဟုတ်လား... နေပါအုံး... အဲ့ဒါက လက်သီးလို့ သတ်မှတ်လို့ ရရဲ့လား... မင်းက လက်သီးတောင် မထိုးလိုက်ဘူး မဟုတ်လား...

ထိုအချိန်တွင် ကျုံးချင်ကိုကြည့်သော သူ၏အကြည့်များ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

အစောပိုင်းက ကျုံးချင်သည် ရှေးဟောင်းဝင်္ကပါကို မည်သို့မျှ အရေးမပါသကဲ့သို့ သဘောထားပြီး ဖြတ်သန်းလျှောက်လှမ်းသွားခဲ့သည်။ ထိုအချိန်က တစ်ဖက်လူသည် အထူးနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့သည်ဟု သူ ထင်မှတ်ခဲ့ပေ၏။

ယခုကြည့်ရသလောက် ဤလူငယ်၏စွမ်းအားသည် သူတို့ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး ထိုဝင်္ကပါကို သူ၏မျက်လုံးထဲတွင်ပင် ထည့်ထားမည် မဟုတ်ကြောင်း သိသာထင်ရှားသည်။

မင်ယွဲ့ရှန်းသည် အသက်ရှူနှုန်းကို ထိန်းညှိကာ အနည်းငယ် ပြန်လည်သက်သာလာပြီးနောက် ကျုံးချင်၏နံဘေးသို့ ပျံသန်းသွားပြီး ဦးညွှတ်အရိုအသေပြုပြီး ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ခုဏက ငါတို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် မိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်... ကြေးမုံနှလုံးသားရေကန်အနေနဲ့ ဒီခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို ဆက်ပြီးယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး..."

"ငါ့မှာ ကျေးဇူးတင်စကားပြောဖို့ စကားလုံး မရှိပါဘူး... ငါတို့ ကြေးမုံနှလုံးသားရေကန်အနေနဲ့ ဒီအသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးကို အမှတ်ရနေပါ့မယ်..."

ကျုံးချင်က သူ့ကို တစ်ချက်ကြည့်ပြီး စကားပြောရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင် ခပ်အုပ်အုပ် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာလာပြီး မြေပြင်တပြင်လုံး ထပ်မံ၍အက်ကွဲသွားသည်။ ယခင်ကထက် ပို၍များပြားသော လက်တံများသည် မြေအောက်မှ ချက်ချင်းပျံ့လွင့်လာပြီး လူများအားလုံးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတော့သည်။

All Chapters