← Chapters

ဒဏ္ဍာရီလာသားရဲ ချီလင်

Vol. 18 Ch. 179

ဒဏ္ဍာရီလာသားရဲ ချီလင်

Vol. 18 Ch. 179

"သတိထား..."

မင်ယွဲ့ရှန်းသည် ထိုစကားဆုံးသည်နှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားများ တလိမ့်လိမ့်ထလာသော်လည်း သူ မလှုပ်ရှားနိုင်မီ ထူထပ်သော လက်တံတစ်ခုသည် သူ၏ကျောဘက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

သူ ညည်းတွားလိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရကာ လွင့်ထွက်သွားသည်။

အစောပိုင်းက စိတ်သက်သာရာရနေသော ကြေးမုံနှလုံးသားရေကန်မှ တပည့်များသည် လက်တံ၏တိုက်ခိုက်မှုကြောင့် အငိုက်မိသွားကြပြီး ချက်ချင်းဆိုသလိုပင် လူဆယ်ဦးကျော် သေဆုံးခြင်း ဒဏ်ရာရခြင်းတို့ ဖြစ်သွားကြသည်။

မရေမတွက်နိုင်သော လက်တံများ ရှေ့သို့ တိုးဝင်လာပြီး ကျုံးချင်၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်ကာ ရှောင်တိမ်းရန်အတွက် လေထုထဲသို့ ခုန်တက်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ... သူ မသေသေးဘူးလား..."

ကျုံးချင် အစောပိုင်းက ထုတ်ဖော်အသုံးပြုလိုက်သော "ကြယ်ကြွေလက်သီး" ဆိုသည်မှာ ကြုံရာကျပန်းတိုက်ခိုက်မှုတစ်ခု မဟုတ်ချေ။

သူ ကြိုတင်ပြင်ဆင်ပြီးမှ ထိုအရာကို အသုံးပြုခဲ့ခြင်း ဖြစ်ပေ၏။

သူသည် 'အဆင့်တူ ချေမှုန်းခြင်း' စွမ်းရည်ကို အသုံးပြုခဲ့ခြင်းပင်။

ယင်သုံးပါးနယ်ပယ်ကို မကျော်လွန်သရွေ့ မည်သည့်တည်ရှိမှုမျိုး ဖြစ်နေပါစေ ထိုသက်ရှိ၏သေရေးရှင်ရေးသည် ကျုံးချင်၏ လက်ထဲတွင်သာ ရှိနေပေမည်။

အမှန်တကယ်ကိုပင် ထိုလက်တံများအားလုံး သူ၏လက်ချက်ဖြင့် ချက်ချင်းဆိုသလို အမှုန်အမွှားများ ဖြစ်သွားခဲ့သည်။

သို့သော် လက်တံများ ပို၍ထွက်ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

လက်တံရှည်သားရဲကြီးက မသေသေးတာများလား...

ဒါမှမဟုတ် သူက ယင်သုံးပါးနယ်ပယ်အထက်က တည်ရှိမှုတစ်ခုလား...

ကျုံးချင်က ထိုသို့ ဖြစ်နိုင်ခြေ မရှိဟု ခံစားမိသည်။ အကယ်၍ ဤလက်တံရှည်သားရဲကြီးသာ ယန်သုံးပါးနယ်ပယ်တွင်ရှိသော တည်ရှိမှုတစ်ခုဖြစ်ခဲ့လျှင် ထိုကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အကြီးအကဲများသည် သူ၏တိုက်ခိုက်မှုတစ်ခုကို မည်သို့ ခံနိုင်ရည် ရှိကြမည်နည်း။

ထိုသို့မဟုတ်ပါက လက်တံရှည်သားရဲ တစ်ကောင်မက ရှိနေပြီး ဤလက်တံများသည် မတူညီသော သားရဲများမှ ထွက်ပေါ်လာခြင်း ဖြစ်နေသလော....

ကျုံးချင် စဉ်းစားတွေးတောနေစဉ်မှာပင် မရေမတွက်နိုင်သော လက်တံများသည် သူ့ကို လိုက်လံ၍ တိုက်ခိုက်နေလေပြီ။

သူသည် အစောပိုင်းက လက်တံအမြောက်အများကို ဖျက်ဆီးလိုက်သောကြောင့် ရန်ငြိုးဖွဲ့မှုကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပြီး လက်တံအများစုသည် ယခုချိန်၌ သူ့ကို ပစ်မှတ်ထားလာကြသည်။

မရေမတွက်နိုင်သော လက်တံများ ယှက်နွှယ်သွားပြီး ပေထောင်ပေါင်းများစွာ ရှည်လျားကာ ပေရာပေါင်းများစွာ ထူထပ်သည့် ကြီးမားသော လက်တံကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထိုဧရာမလက်တံကြီးသည် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါရှိကာ ကျုံးချင်ထံသို့ ရစ်ပတ်လာပြီး သူ့ကို အပြည့်အဝဝါးမြိုရန် ရည်ရွယ်ထားပေ၏။

နံဘေးသို့ လွင့်ထွက်သွားသော မင်ယွဲ့ရှန်းသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။

သူ့ကဲ့သို့ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအရာ၏ဖမ်းဆီးခြင်းကို ခံရပါက အရိုးပင် မကျန်တော့မည့် အခြေအနေသို့ ရောက်ရှိသွားမည်ကို တွေးကြည့်နိုင်သည်။

သို့သော် ကျုံးချင်၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။

သူ့ထံသို့ ချဉ်းကပ်လာသော ဧရာမလက်တံကြီးကို ရင်ဆိုင်ရချိန်၌ လူများအားလုံး၏အကြည့်အောက်တွင် သူသည် လက်ညှိုးတစ်ချောင်းကို ညင်သာစွာ တောက်လိုက်သည်။

ပေထောင်ပေါင်းများစွာ ရှည်လျားပြီး တောင်တစ်လုံးထက် ပို၍ကြီးမားကာ မရေမတွက်နိုင်သော လက်တံများ၏စုစည်းမှုဖြင့် ဖွဲ့စည်းထားသော ဧရာမလက်တံကြီးသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဤမြင်ကွင်းကို မြင်တွေ့မိချိန်တွင် ကြေးမုံနှလုံးသားရေကန်မှ တပည့်များသည် လုံးလုံးလျားလျားမှင်သက်သွားကြပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားကြသည်။

သာမန်အားဖြင့် အေးစက်သော အသွင်အပြင်ရှိသည့် တပည့်များနှင့် အကြီးအကဲများသည် ကြောက်ရွံ့မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး သူတို့၏တည်ငြိမ်မှုများအားလုံး ပျောက်ဆုံးသွားကြသည်။

"သူ့ကို ကြည့်ရတာ အရမ်းငယ်သေးတယ်... ဒီလူက ဘယ်လိုများ ကျင့်ကြံထားတာလဲ..."

ထိုအချိန်တွင် မင်ယွဲ့ရှန်း၏စိတ်ထဲ၌ ထိုကဲ့သို့ အတွေးမျိုး ထွက်ပေါ်လာသည်။

သို့သော် သူတို့ ဆက်လက်၍ မတွေးတောနိုင်မီမှာပင် နောက်ထပ်အချိန်တခဏတွင် လက်တံအမြောက်အများ ထပ်မံ၍ ပွင့်အံ့ထွက်လာပြီး မိုးကောင်းကင်ယံတွင် လူးလွန့်နေကြသည်။

ကြေးမုံနှလုံးသားရေကန်မှ တပည့်များ ထိတ်လန့်တုန်လှုပ်သွားသည်။

ဒီလက်တံတွေက အဆုံးမရှိဘူးလား... ဒီကောင်က တကယ်တမ်းကျ ဘာကောင်လဲ...

မိုးကောင်းကင်ယံတွင် ပျံသန်းနေသော ကျုံးချင်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။

အတွေးတစ်ချက်ဖြင့် သူသည် စနစ်ကို တိုက်ရိုက်မေးမြန်းလိုက်၏။

"စနစ်... ဘာဖြစ်နေတာလဲ...အဆင့်တူချေမှုန်းခြင်းက အလုပ်မဖြစ်တော့တာလား..."

စနစ်သည် စွမ်းရည်အပေါ် မေးခွန်းထုတ်ခံရသဖြင့် တိတ်ဆိတ်နေခြင်း မရှိဘဲ တုံ့ပြန်မှုက ချက်ချင်းရောက်ရှိလာသည်။

"လက်ခံသူကို ပြန်အဖြေပေးပါတယ်..."

"ဒါက အဆင့်တူချေမှုန်းခြင်း မအောင်မြင်တာ မဟုတ်ပါဘူး..."

"ဒါပေမဲ့ အဆင့်တူချေမှုန်းခြင်းကလည်း အခြေခံ ဥပဒေသတွေကို လိုက်နာရတယ်... ပထမဆုံးအနေနဲ့ ချေမှုန်းဖို့အတွက် ရန်သူရဲ့ ပင်မခန္ဓာကိုယ်ကို ပစ်မှတ်ထားဖို့ လိုအပ်တယ်..."

"ဒီလက်တံတွေအားလုံးက တူညီတဲ့ ပင်မခန္ဓာကိုယ်ကနေ လာတာပါ... ဒါတွေက ပင်မခန္ဓာကိုယ်ကနေ မြစ်ဖျားခံလာပေမယ့် သူတို့က ပင်မခန္ဓာကိုယ်ရဲ့ ကိုယ်ပွားတွေနဲ့ တူညီပြီး အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရှိကြပါတယ်..."

"ဒါကြောင့် သူက ပိုင်ဖုန်းလွင်ပြင်ရဲ့ ဘယ်နေရာမှာမဆို ထွက်ပေါ်လာနိုင်တယ်..."

"လက်ခံသူက သူ့ရဲ့ပင်မခန္ဓာကိုယ်ကို မမြင်ရသေးတာကြောင့် အဆင့်တူချေမှုန်းခြင်းက ပင်မခန္ဓာကိုယ်ကို တိုက်ရိုက်မရှင်းလင်းနိုင်တာ သဘာဝကျပါတယ်..."

ထိုအခါကျမှသာ ကျုံးချင် နားလည်သဘောပေါက်သွားတော့သည်။

"ကြည့်ရတာ ဒီလက်တံရှည်သားရဲက တော်တော်လေး စွမ်းအားကြီးပုံရတယ်..."

ကျုံးချင်က သူ၏မေးစေ့ကို ပွတ်သပ်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒါဆိုရင် သူ့ရဲ့ ပင်မခန္ဓာကိုယ်ကို သွားရှာကြတာပေါ့..."

'အဆင့်တူ ချေမှုန်းခြင်း' အရှိန်အဝါအောက်တွင် ဤလက်တံရှည်သားရဲမှ လက်တံပေါင်း သန်းတစ်ရာ ဆင့်ခေါ်လျှင်ပင် သူ ချေဖျက်ရန် အသက်တစ်ရှိုက်စာသာ ကြာမြင့်ပေမည်။

ထိုသားရဲကို ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားသည်အထိ သူ လုပ်ဆောင်နိုင်သော်လည်း...

ဤနေရာ၌ ထိုလက်တံရှည်သားရဲကြီးနှင့် ကစားနေရန် သူ့ထံ၌ အချိန်မရှိချေ။

ကျုံးချင်သည် လက်တံများ၏နောက်သို့ လိုက်ပြီး ပင်မခန္ဓာကိုယ်ကို ရှာဖွေကာ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းရန်အတွက် မြေအောက်သို့ တိုက်ရိုက်တိုးဝင်သွားရန် ဟန်ပြင်လိုက်၏။

ထိုအချိန်မှာပင် ကျုံးချင်၏လက်မောင်းမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အသံတစ်သံကို သူ၏နားထဲတွင် ကြားလိုက်ရသည်။

"သခင်... ကျွန်တော်က ဒီ လက်တံသတ္တဝါကြီးကို နှိမ်နင်းနိုင်ပါတယ်..."

ကျုံးချင်သည် အစပထမ၌ ထိတ်လန့်သွားပြီးနောက် ဤသည်က သူ၏လက်မောင်းပေါ်ရှိ ချီလင်မှ စကားပြောဆိုနေခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သေးငယ်သော အနက်ရောင်ပုံရိပ်တစ်ခုသည် ကျုံးချင်၏ အင်္ကျီလက်ထဲမှ ပျံထွက်လာပြီး သေးငယ်သော ချီလင်တစ်ကောင်အဖြစ် ပြောင်းလဲကာ သူ၏ပခုံးပေါ်သို့ ဆင်းသက်လိုက်၏

"အော်... မင်းပါလား... ငါ မင်းကို မေ့လုနီးပါး ဖြစ်နေပြီ..."

ကျုံးချင် ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

ချီလင်လေးရှောင်ဟေး ရုတ်တရက် ငိုချင်စိတ် ပေါက်သွားတော့သည်။

သူသည် နတ်ဘုရားသားရဲဖြစ်သည့် ချီလင်တစ်ကောင် ဖြစ်သော်လည်း သခင်ဖြစ်သူ၏နောက်သို့ လိုက်ပါခဲ့သည့်အချိန်မှစ၍ သူ၏အခန်းကဏ္ဍမှာ များစွာမှေးမှိန်သွားခဲ့ရသည်။

သူ့အား သယ်ယူပို့ဆောင်ရေးအတွက် ရံဖန်ရံခါသာ အသုံးပြုပြီး မည်သည့်လုပ်စရာမျှ မရှိသည့်အချိန်မျိုးတွင်မူ အပျင်းပြေ ကစားစရာတစ်ခုအဖြစ်သာ ဆက်ဆံခံခဲ့ရပေ၏။

မသိနားမလည်သူများအဖို့မူ သူ့အား အိမ်မွေးတိရစ္ဆာန်ငယ်လေးတစ်ကောင်ဟုပင် အထင်မှားသွားနိုင်သည်။ အထူးသဖြင့် မကြာသေးမီကစ၍ သူ့အား စီးတော်ယာဉ်အဖြစ် အသုံးပြုခြင်းပင် မရှိသလောက်နီးပါး နည်းပါးလာသဖြင့် သူ၏တည်ရှိမှုမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

ဤအတိုင်းသာ ဆက်သွားပါက နတ်ဘုရားသားရဲတစ်ကောင်၏ ဂုဏ်သိက္ခာသည် ကုန်းကောက်စရာပင် ကျန်တော့မည် မဟုတ်ချေ။ သို့ဖြစ်ရာ ချီလင်သည် စွမ်းဆောင်ရည် ပြသရန် ဆုံးဖြတ်လိုက်ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"သခင်...ဒီလက်တံရှည်သားရဲမှာ ချီလင်သွေးမျိုးဆက် နည်းနည်းရောယှက်နေတာကို ကျွန်တော် အာရုံခံမိတယ်...သူ့ရဲ့ လက်တံတွေပေါ်က အကြေးခွံတွေကို ကြည့်လိုက်ရင် ဒါက ချီလင်သွေးမျိုးဆက် ရှိနေတာကို သက်သေပြနေတာပဲ..."

"ဒီသားရဲမှာ ချီလင်သွေးမျိုးဆက် ရှိနေတာလား... မင်းတို့မျိုးနွယ်စုကတော့ တကယ်ပါပဲ..."

ကျုံးချင်သည် မရေမတွက်နိုင်သော လက်တံများကို အမှိုက်များအလား လွယ်လင့်တကူ ရိုက်ချလိုက်ပြီးနောက် ချီလင်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် နှုတ်မှ တစ်စုံတစ်ရာကို ဖွင့်ဟပြောဆိုခြင်း မရှိသော်လည်း ထိုအကြည့်က အရာအားလုံးကို ပြောပြနေသည့်အလားပင်။

ကျုံးချင်၏အကြည့်နှင့် ဆုံတွေ့လိုက်ရချိန်၌ ချီလင်၏စိတ်နှလုံးသား တုန်ရီသွားသည်။ ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် အလျင်အမြန် ချေပလိုက်တော့သည်။

"သခင်... အထင်မလွဲပါနဲ့...ချီလင်သွေးမျိုးဆက် ရှိတယ်ဆိုတိုင်း ချီလင်တစ်ကောင်ကနေ ပေါက်ဖွားလာတယ်လို့ မဆိုလိုဘူးလေ...အဲ့ဒီကောင်ရဲ့ သွေးမျိုးဆက်က အရမ်းအားနည်းလွန်းတယ်... ဒါက ဘယ်လောက်ထိ ကြာကြာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး.."

"ကျွန်တော်တို့ ချီလင်မျိုးနွယ်စုနှင့် ဒီသားရဲက တိုက်ရိုက်ဆွေမျိုးတော်စပ်မှုရှိမယ်လို့ ကျွန်တော် မထင်ဘူး...ကျွန်တော်တို့ ချီလင်မျိုးနွယ်က နဂါးမျိုးနွယ်တွေလို ငရှုပ်ငပွေတွေ မဟုတ်ဘူး..."

ကျုံးချင် မည်သို့ တွေးတောနေသည်ကို သူ ကောင်းစွာ သိရှိနေသည်။

'ဒီလို သားရဲမျိုး ပေါက်ဖွားလာအောင် မင်းတို့ ချီလင်မျိုးနွယ်စုက ဘယ်အကောင်နဲ့များ မိတ်လိုက်ခဲ့ကြတာလဲ'

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်း သူ့ကို နှိမ်နင်းနိုင်တယ်ပေါ့..."

ချီလင်က သူ၏ခေါင်းသေးသေးလေးကို ညိတ်ပြလိုက်သည်။

"ဒါပေါ့...ဒါတင်မကဘူး... ကျွန်တော်တို့ ချီလင် မျိုးနွယ်စုက သားရဲအားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သားရဲဘုရင်တွေလေ...ကျွန်တော်တို့မှာ သားရဲအမျိုးအစားတွေ အားလုံးအပေါ် ဖိနှိပ်နိုင်တဲ့ အရှိန်အဝါရှိတယ်... ပြီးတော့ ဒီလက်တံရှည်သားရဲကြီးမှာ ချီလင်သွေးမျိုးဆက် တစွန်းတစ ပါဝင်နေတာနဲ့ ပေါင်းလိုက်ရင် ကျွန်တော်က သူ့ကို ခြိမ်းခြောက်နိုင်တယ်..."

"အနည်းဆုံးတော့ သူ့ရဲ့ပင်မခန္ဓာကိုယ် ထွက်လာအောင် ကျွန်တော့်ရဲ့ သွေးမျိုးဆက်ကို သုံးပြီး မျှားခေါ်ပေးလို့ ရတယ်..."

ချီလင်က ထိုသို့ ပြောလာသဖြင့် ကျုံးချင်သည် 'စမ်းကြည့်ရကျိုးနပ်ပါတယ်' ဟူသော သဘောထားဖြင့် ချီလင်ကို ဆက်လက်၍ လုပ်ဆောင်ခွင့် ပြုလိုက်သည်။

ချီလင်သည် ကျုံးချင်၏ပခုံးပေါ်မှ ခုန်ဆင်းပြီးနောက် သူ၏ခန္ဓာကိုယ် ချက်ချင်းကြီးထွားလာည်။ သူသည် ပေပေါင်းများစွာ ရှည်လျားကာ ရက်စက်ကြမ်းတမ်းသော မျက်နှာထားရှိပြီး တစ်ကိုယ်လုံး မည်းနက်နေသည့် ရက်စက်ကြမ်းကြုတ်သော ချီလင်နတ်ဘုရားသားရဲအဖြစ် တဖန်ပြန်၍ ပြောင်းလဲသွားပေ၏။

အချိန်တခဏကြာပြီးနောက် ကြီးမားသော ချီလင်အရှိန်အဝါ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။

မိုးကောင်းကင်ယံပင်လျှင် ဤဖိအားအောက်တွင် တုန်ခါသွားသကဲ့သို့ ဖြစ်နေပြီး မြေပြင်တပြင်လုံး အဆက်မပြတ် တုန်ခါနေတော့သည်။

ထို့နောက် ကြေးမုံနှလုံးသားရေကန်မှ တပည့်များသည် အံ့အားသင့်သွားကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ချီလင်..."

"ဒါက ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ ချီလင်ပဲ..."

အဝေးမှ မင်ယွဲ့ရှန်းသည်လည်း အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏စိတ်ဓာတ် ပြိုကွဲလူလုနီးပါး ဖြစ်သွားကာ ချီစွမ်းအင်လမ်းကြောင်းများ သွေဖည်သွားလုမတတ်ပင်။

ဤလူငယ်သည် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားရုံသာမက သူ့ထံတွင် ချီလင်တစ်ကောင်ပင် ပါလာပေ၏။

ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး အနေဖြင့် ဤချီလင်သည် အတုအယောင်မဟုတ်ဘဲ စစ်မှန်သော နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ကြောင်း သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အတပ်ပြောနိုင်သည်။

All Chapters