အင်မော်တယ်နန်းတော် ဆင်းသက်လာခြင်း
Vol. 25 Ch. 270
တစ်လဆိုသည့် အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤအတောအတွင်း ထန်ထျန်းက မည်သည့်တပည့်၏ စိန်ခေါ်မှုကိုမျှ မကြုံတွေ့ခဲ့ရတော့ပေ။
သခင်လေးယွီ ရှုံးနိမ့်သွားခြင်းက လူတိုင်းကို နောက်ဆုတ်သွားစေခဲ့သည်။
သခင်လေးယွီထက် သန်မာသူများကလည်း အကြောင်းမဲ့ တိုက်ခိုက်ခြင်း မပြုကြဘဲ ထိုအချိန်ကို ကျင့်ကြံခြင်းတွင်သာ အသုံးပြုကြပေသည်။
ထို့ကြောင့် ထန်ထျန်းသည်လည်း အေးချမ်းသော ကျင့်ကြံခြင်းလောကတွင် နစ်မြုပ်နေခဲ့သည်။
ဝမ့်ယွဲ့တောင်ထိပ်ရှိ ထိုနယ်မြေ မှာ သူတစ်ဦးတည်းအတွက် သီးသန့်ကျင့်ကြံရာ နေရာဖြစ်လာခဲ့၏။
ညတိုင်း သူက ထိုနေရာသို့လာ၍ လစွမ်းအားများကို စုပ်ယူလေ့ရှိသည်။
လစွမ်းအားများ ပိုမိုသိပ်သည်းလာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းနှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။
ဝမ့်ယွဲ့လှိုဏ်ဂူ ပိတ်ရန် အချိန်နီးကပ်လာသောအခါ သူက ဆက်တိုက် အဆင့်တက်လှမ်းနိုင်ခဲ့ပြီး ကောင်းကင်အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
နောက်ထပ် ခြေတစ်လှမ်း လှမ်း ရုံဖြင့် ဆန်းကြယ် အင်မော်တယ် အဆင့်သို့ တရားဝင် ရောက်ရှိတော့မည် ဖြစ်သည်။
ဤသည်မှာ သူ့အတွက် နောက်ထပ် သိသာထင်ရှားသော တိုးတက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ယခုအခါ သူကိုယ်တိုင်ပင်လျှင် သူ၏ ခွန်အား အကန့်အသတ်မှာ မည်မျှအထိ ရှိသည်ကို မခန့်မှန်းနိုင်တော့ပေ။
ထန်ထျန်းအပြင် ကုရှောင်းရွှယ်၊ လီဟုန်နှင့် အခြားသူများ၏ တိုးတက်မှုမှာလည်း ထင်ရှားလှသည်။
အင်မော်တယ်အဆင့်သို့ ရောက်ပြီးနောက်တွင်လည်း ရှောင်းရွှယ်၏ အဆင့် တက် နှုန်းမှာ ထူးဆန်းစွာ မြန်ဆန်နေဆဲပင်။
တစ်လမပြည့်မီ အချိန်အတွင်းမှာပင် အင်မော်တယ်အဆင့်ကို ကျော်ဖြတ်ကာ အစစ်အမှန် အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ထန်ထျန်း၏ ခြေရာကို အနီးကပ် လိုက်ပါနေခဲ့သည်။
ဤ အမြန်နှုန်းကို ကြည့်ပြီး ထန်ထျန်းပင်လျှင် အနည်းငယ် ကြက်သီးထမိ၏။
သူက ဟင်းလင်းပြင်သားတော် ဖြစ်သည့်အပြင် ဟင်းလင်းပြင်ခန္ဓာ၊ ကြောင်ကလေး ပေးထားသည့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်စိမ်းနှင့် အခြားသော အံ့ဖွယ်အရာများစွာ ရှိနေသောကြောင့်သာ ယခုကဲ့သို့ အောင်မြင်မှု ရရှိထားခြင်း ဖြစ်သည်။
သို့သော် ကုရှောင်းရွှယ်က မည်သည့်အရာကြောင့်နည်း
သူ၏ အနားတွင် ရှိနေသောကြောင့် သူမသည်လည်း ထူးခြားသည့် ကံကြမ္မာအရှိန်အဝါများကို ရရှိသွားခြင်းလော
သို့သော်လည်း လီဟုန်နှင့် လန်ယွဲ့ညီအစ်မတို့မှာမူ သာမန်အတိုင်းပင် ရှိနေသေးပြီး ယခုမှ တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိရုံသာ ရှိသေးသည်။
ထန်ထျန်း စဉ်းစား၍ မရပေ။
ကုရှောင်းရွှယ်၏ ထူးဆန်းသော အခြေအနေမှာ သူမြင်ဖူးသမျှထဲတွင် ထို "တွင်းနက်" ပြီးနောက် ဒုတိယမြောက် အထူးဆန်းဆုံး ကိစ္စပင် ဖြစ်သည်။
သို့သော် ဝမ့်ယွဲ့လှိုဏ်ဂူအတွင်းတွင် အကျိုးကျေးဇူး အများဆုံး ရရှိသူမှာ ကုရှောင်းရွှယ် သို့မဟုတ် ထန်ထျန်း မဟုတ်ပေ။
ကမ္ဘာငယ်လေး၏ ဝိညာဉ်ဖြစ်သော ကြောင်ကလေး သာ ဖြစ်၏။
လစွမ်းအားထဲတွင် ပါဝင်သော ကောင်းကင်တာအို နိယာမများမှာ ၎င်းအတွက် အလွန်ကောင်းမွန်သော အာဟာရများ ဖြစ်သည်။
အထူးသဖြင့် ဝမ့်ယွဲ့လှိုဏ်ဂူမှာ နှစ်လသာ ပွင့်မည်ဟု သိလိုက်ရသောအခါ ကြောင်ကလေးမှာ စားချင်သောက်ချင်စိတ်များကိုပင် ဘေးဖယ်ထားပြီး ထန်ထျန်းနှင့်အတူ နေ့တိုင်းနေကာ လစွမ်းအားများကို အစွမ်းကုန် ဝါးမြိုခဲ့သည်။
ဟုတ်ပါသည်၊ ဝါးမြိုခြင်း ဖြစ်သည်။
၎င်းရရှိသော လစွမ်းအား ပမာဏမှာ ထန်ထျန်းထက် အနည်းဆုံး အဆတစ်ရာမက များပြားလှပေသည်။
ဝမ့်ယွဲ့တောင်ထိပ်ရှိ လစွမ်းအားများမှာ အဆုံးအစမရှိသောကြောင့်သာ ဖြစ်၏၊ မဟုတ်ပါက ၎င်းတစ်ကောင်တည်းနှင့်ပင် အကုန် ကုန်သွားနိုင်ပေသည်။
ဤကဲ့သို့ ပတ်ဝန်းကျင်အောက်တွင် ၎င်း၏ ကြီးထွားနှုန်းမှာ အလွန်ပင် ကြောက်စရာ ကောင်းလှသည်။
ထန်ထျန်းက သူ၏ လက်ကောက်ဝတ်ရှိ ရှေးဟောင်းကျောက်စိမ်းမှ ထွက်ပေါ်လာသော အင်မော်တယ်စွမ်းအားများမှာ အရည်အသွေးရော အရေအတွက်ပါ သိသိသာသာ တိုးလာသည်ကို နေ့တိုင်း ခံစားနေရသည်။
ကျောက်စိမ်းမှာ ကြောင်ကလေး၏ ကိုယ်ပွားပင် ဖြစ်သည်။
ဤအခြေအနေအရ ကြောင်ကလေးမှာ နေ့စဉ်နှင့်အမျှ သိသိသာသာ ဆင့်ကဲတိုးတက်နေကြောင်း ဖော်ပြနေ၏။
ထိုရလဒ်အတွက် ထန်ထျန်း အလွန် ဝမ်းသာမိသည်။
တစ်ဖက်တွင် ကျောက်စိမ်းက ပို၍ စွမ်းအားကြီးလာလေလေ သူရရှိမည့် အကျိုးကျေးဇူးက ပိုများလေလေ ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ကြောင်ကလေးအတွက် သူ တကယ် စိတ်ရင်းဖြင့် ဝမ်းသာပေးခြင်း ဖြစ်သည်။
ဤအကောင်လေးမှာ အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်ပုံရသော်လည်း သူ၏ ပုခုံးပေါ်တွင် တစ်ခုခုကို လေးလံစွာ ထမ်းထားရသကဲ့သို့ တစ်နေကုန် ဒါကို စိုးရိမ်၊ ဟိုဟာကို စိုးရိမ်နေတတ်သည်။
ပြီးတော့ ၎င်းသာ မရှိပါက သူ၏ ကျင့်ကြံခြင်းမှာ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် အဆင့် တက်နိုင်မည် မဟုတ်ပေ။
မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကြောင်ကလေး မြန်မြန်ဆန်ဆန် ကြီးထွားလာရန် ထန်ထျန်း မျှော်လင့်မိသည်။
ကံမကောင်းစွာဖြင့် ဝမ့်ယွဲ့လှိုဏ်ဂူ ပိတ်ရန် အချိန်မှာ အလွန်နီးကပ်နေပြီ ဖြစ်သည်။
အခုတော့ နောက်ဆုံး အခွင့်အရေးကို ဆုပ်ကိုင်ပြီး လစွမ်းအားများကို တတ်နိုင်သမျှ များများ ရယူရန်သာ ရှိတော့သည်။
ဝမ့်ယွဲ့တောင်ထိပ်
ထန်ထျန်းက ထုံးစံအတိုင်း သူ၏ နေရာတွင် အေးအေးဆေးဆေး ကျင့်ကြံနေခဲ့သည်။
လော့ရှီးက နောက်ဆုံးတစ်ခေါက် တိုက်ခိုက်ရန် လာပြီးနောက် ပြန်မလာတော့ပေ။
တောင်ထိပ်ရှိ အခြားသော ပါရမီရှင်များလည်း ပေါ်မလာခဲ့ကြချေ။
အနှောင့်အယှက် မရှိသောအခါ ထန်ထျန်းက ကျင့်ကြံခြင်းတွင် အပြည့်အဝ နစ်မြုပ်နေနိုင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် ထူးခြားသော တာအိုအော်ရာ တစ်ခု ကောင်းကင်မှ တဖြည်းဖြည်း ဆင်းသက်လာပြီး ဝမ့်ယွဲ့တောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထန်ထျန်းက ဤထူးခြားမှုကို ချက်ချင်း သတိပြုမိသွားပြီး မျက်လုံးဖွင့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် လမင်းကြီးမှာ ထွန်းလင်းနေပြီး ယနေ့တွင် လမင်းမှာ ထူးထူးခြားခြား ပိုမို တောက်ပနေသည်။
ထန်ထျန်း၏ အမြင်တွင် လမင်း၏ မျက်နှာပြင်ထက်၌ ရှေးဟောင်းနန်းတော်တစ်ခုမှာ လရောင်၏ လှိုင်းတွန့်များနှင့်အတူ တရွေ့ရွေ့ ပေါ်ထွက်လာနေသကဲ့သို့ ဝေဝေဝါးဝါး မြင်လိုက်ရသည်။
"အင်မော်တယ်နန်းတော် လား"
ထန်ထျန်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
လွန်ခဲ့သော တစ်လကျော်က လော့ရှီး၏ ပါးစပ်မှ အင်မော်တယ်နန်းတော် အကြောင်းကို သူ ကြားသိခဲ့ရသည်။
ဤသည်မှာ ဝမ့်ယွဲ့လှိုဏ်ဂူရှိ တပည့်အားလုံးအတွက် ကံကောင်း မှုတစ်ခုပင် ဖြစ်သည်။
လပြည့်ညတွင် အင်မော်တယ်နန်းတော် ဆင်းသက်လာမည်။
အရင်က ထန်ထျန်းသည် မည်သည့်အချိန်ကို လပြည့်ညဟု သတ်မှတ်သနည်းဟု တွေးတောနေခဲ့သော်လည်း ယခုမူ သူ နားလည်သွားခဲ့ပြီ။
အချိန်တွက်နေစရာ မလိုပေ၊ အကြောင်းမှာ လပြည့်ညမှာ အလွန်ပင် သိသာလွန်းသောကြောင့် ဖြစ်သည်။
ယခုအခါ ကောင်းကင်ရှိ လမင်းကြီးမှာ တောက်ပမှုမှာ သာမန်အချိန်ထက် ဆယ်ဆမက ပိုမို တောက်ပနေရုံသာမက ၎င်း၏ အရွယ်အစားမှာလည်း အလွန်ကြီးမားလာပြီး မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများကိုပင် မြင်တွေ့နေရသည်။
ထိုနန်းတော်ကြီးမှာ ထိုအမှတ်အသားများကြားတွင် ပုန်းကွယ်နေပြီး မှိန်တုံလင်းတုံ ဖြစ်နေ၏။
ထို့အပြင် ထိုတာအိုအော်ရာ များက အဖန်ဖန်အထပ်ထပ် သန့်စင် ပေးနေခြင်းနှင့်အတူ လစွမ်းအားများမှ လာသော ကောင်းကင်ဖိအားများမှာလည်း လျင်မြန်စွာ လျော့ပါးသွားသည်ကို ထန်ထျန်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် လစွမ်းအား၏ အရည်အသွေးနှင့် အရေအတွက်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ဝမ့်ယွဲ့လှိုဏ်ဂူရှိ တပည့်အားလုံးအတွက်မူ ဤသည်မှာ တကယ်ပင် ကြီးကျယ်သော ကံကောင်းမှုတစ်ခု ဖြစ်ပေသည်။
"ကြောင်ကလေးတော့ တော်တော် စိတ်လှုပ်ရှားသွားမှာပဲ"
ထူထဲသိပ်သည်းသော လစွမ်းအားများကို ခံစားရင်း ထန်ထျန်းက စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော် သူ၏ အတွေးပင် မဆုံးသေးမီမှာပင် ဟင်းလင်းပြင်ထဲမှ သေးငယ်သော အရိပ်လေးတစ်ခု ခုန်ထွက်လာခဲ့သည်။
၎င်းမှာ ကြောင်ကလေးပင် ဖြစ်သည်။
ထန်ထျန်း နှုတ်ဆက်ရန်ပင် အချိန်မရသေးမီမှာပင် ကြောင်ကလေးမှာ ထန်ထျန်း၏ ရင်ခွင်ထဲသို့ ဘုန်းကနဲ တိုးဝင်သွားပြီး တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။
"ဘာဖြစ်တာလဲ"
ထန်ထျန်း အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
ကြောင်ကလေးက ထန်ထျန်း၏ အဝတ်အစားများကို ကုပ်ခြစ်ရင်း အသည်းအသန် အော်ဟစ်လိုက်သည်။ "မြန်မြန် ငါ့ကို မင်းရဲ့ ကမ္ဘာငယ်လေးထဲ ပို့ပေးတော့"
"ငါ ခံစားနေရတယ်... အရမ်း ကြောက်စရာကောင်းတဲ့ အရာကြီး ဒီဘက်ကို လာနေပြီ"
ထန်ထျန်း မှင်တက်သွား၏။
ထို့နောက် သူက ပို၍ ထင်ရှားလာသော အင်မော်တယ်နန်းတော်ကို မော့ကြည့်ရင်း မေးလိုက်သည်။ "မင်းပြောတာ အဲ့ဒီအရာကိုလား"
" အဲ့ဒါက ဝေဝေဝါးဝါး နန်းတော်တစ်ခုပဲလေ။"
ကြောင်ကလေးက အပြင်းအထန် ခေါင်းခါလိုက်ပြီး "ငါလည်း အဲ့ဒါ ဘာလဲဆိုတာ အတိအကျ မသိဘူး၊ ဒါပေမဲ့ အဲ့ဒါက တကယ်ကို အရမ်း... အရမ်း... အရမ်း... ကြောက်စရာ ကောင်းတယ်"
"ငါ့ရဲ့ အခုမှတ်ဉာဏ်တွေ၊ အတိတ်က မှတ်ဉာဏ်တွေ၊ ဝိညာဉ်ရဲ့ နေရာ တိုင်းကပါ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ ငါ့ကို အော်ဟစ် သတိပေးနေကြပြီ"
"ငါ့ကို မြန်မြန် ထည့်ပေးပါတော့၊ မဟုတ်ရင် ငါ တကယ် အဆုံးသတ်သွားလိမ့်မယ်"
ကြောင်ကလေးမှာ အစွန်းကုန် ထိတ်လန့်နေပြီး နောက်ဆုံးတွင် တောင်းပန်သည့် လေသံမျိုးပင် ပေါက်နေခဲ့သည်။
ဤသည်ကို မြင်သောအခါမှ ကြောင်ကလေးမှာ တကယ်ပင် ကြောက်လန့်နေခြင်းဖြစ်ကြောင်း ထန်ထျန်း နားလည်သွားသည်။
သူ အချိန်မဆွဲတော့ဘဲ လက်ဝှေ့ယမ်းလိုက်ကာ ၎င်းကို သူ၏ ဥဟင်းလင်းပြင် ထဲသို့ ထည့်ပေးလိုက်သည်။
ထိုနေရာမှာ အပြင်ကမ္ဘာနှင့် လုံးလုံးလျားလျား အဆက်အသွယ် ပြတ်နေသောကြောင့် မည်သူမျှ ၎င်း၏ တည်ရှိမှုကို မသိနိုင်ပေ။
သို့သော်လည်း ကြောင်ကလေးမှာ အထဲရောက်သွားပြီးနောက် မှောင်မည်းသော ထောင့်တစ်ခုတွင် ကပ်ကာ ခန္ဓာကိုယ်ကို လိပ်ခွေပြီး တုန်ရင်နေဆဲဖြစ်သည်ကို ထန်ထျန်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထန်ထျန်း မျက်မှောင်ကြုတ်လျက် ပိုမိုနီးကပ်လာသော အင်မော်တယ်နန်းတော်ကို ကြည့်လိုက်သည်။
ထိုအရာကြီးမှာ... တကယ်တမ်း ဘာကြီးဖြစ်နေလို့လဲ