ငါက ငါမဟုတ်ဘူးလား
Vol. 25 Ch. 273
လအင်မော်တယ်၏ ပွင့်လင်းစွာ ဝန်ခံမှုကို ရင်ဆိုင်လိုက်ရချိန်တွင် ထန်ထျန်း ဘာပြောရမှန်းပင် မသိတော့ပေ။
အင်မော်တယ်နန်းတော် မဆင်းသက်မီက သူနှင့် လော့ရှီးတို့သည် နန်းတော်နှင့် လအင်မော်တယ်အကြောင်း အများကြီး ပြော ခဲ့ကြဖူးသည်။
ရရှိမည့် ကံကောင်းခြင်း ဆိုသည်မှာလည်း တစ်နှစ်နှင့်တစ်နှစ် မတူညီတတ်ပေ။
အချို့က ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရှာတွေ့တတ်သလို အချို့က ရှားပါးလှသော ရတနာများကို ဆုံတွေ့တတ်ကြသည်။ ထို့ပြင် အချို့မှာမူ သူတို့၏ ကျင့်ကြံခြင်းလမ်းခရီးကို ချောမွေ့စေမည့် ကြီးမားသော အခွင့်အရေးများကို ရရှိတတ်ကြသည်။
သို့သော် ယခင်က မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှိသော သက်ရှိထင်ရှား မဆုံတွေ့ခဲ့ဖူးချေ။
ထို့ကြောင့် ထန်ထျန်း ဤအမျိုးသမီးကို စတွေ့လိုက်ရသည့် ပထမဆုံးအမြင်မှာတင် စိတ်ထဲ၌ မယုံနိုင်စရာ ခန့်မှန်းချက်တစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သူမက... ဒဏ္ဍာရီထဲက လအင်မော်တယ်များလား
သူ ဤအချက်ကို အသေအချာ မပြောရဲခဲ့ပေ။
အကြောင်းမှာ လက်တွေ့နှင့် ခံစားချက်က ကွာခြားလွန်းလှသောကြောင့် ဖြစ်သည်။
လော့ရှီး၏ အပြောအရဆိုလျှင် လအင်မော်တယ်ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုဖြစ်ပြီး ထိတွေ့၍မရ၊ မဖွယ်မရာမလုပ်ရဲဘဲ ကိုးကွယ်ဆည်းကပ်ရမည့် အနှိုင်းမဲ့ တည်ရှိမှုကြီး ဖြစ်သည်။
ထိုသို့သော တည်ရှိမှုမျိုးကို တစ်ချက်မျှ လှမ်းမြင်လိုက်ရရုံနှင့်ပင် သာမန်ပါရမီရှင်တစ်ဦးက ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ တိုးတက်လာပြီး ကျင့်ကြံသူများ၏ ထိပ် သို့ ရောက်ရှိသွားနိုင်သည်ဟု ဆိုကြသည်။
သူမ၏ ကောင်းချီးကို ရရှိခဲ့သည်ဟု သတင်းကြီးသည့် လုမင်ဆိုလျှင်လည်း အခက်အခဲမှန်သမျှကို ကျော်ဖြတ်ကာ ဝေဖန်တိုင်ပင်၍မရလောက်အောင် အစွမ်းထက်သည့် ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး မြင့်မြတ်သားတော် တစ်ဦး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ထန်ထျန်း၏ စိတ်ထဲတွင် လအင်မော်တယ်၏ အဆင့်အတန်းမှာ အင်မော်တယ်ဧကရာဇ် ထက်ပင် များစွာ မြင့်မားနေခဲ့သည်။
သို့သော် လက်တွေ့မှာ ဘာလဲ
သူ တံခါးကို ဖွင့်လိုက်သည်နှင့် လအင်မော်တယ်၏ အိပ်ခန်းထဲသို့ တိုက်ရိုက် ရောက်သွားခဲ့သည်။
ဒဏ္ဍာရီထဲက လအင်မော်တယ်ဆိုသူမှာ သာမန်အိမ်နေအဝတ်အစားကို ဝတ်ဆင်ကာ စားပွဲဘေးမှာ ထိုင်ပြီး သူ့ကို အေးအေးဆေးဆေး စောင့်နေခဲ့သည်။
ဤသည်မှာ...
ထန်ထျန်း မည်ကဲ့သို့ ဖော်ပြရမှန်း မသိလောက်အောင် ဖြစ်သွားရသည်။ ထို့ကြောင့် စိတ်ထဲ၌ လအင်မော်တယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုထားသော်လည်း အသေအချာ ထုတ်မပြောရဲခဲ့ခြင်း ဖြစ်သည်။
မေးခွန်းပင် မေးမြန်းရန် ခဲယဉ်းနေခဲ့သည်။
အကြောင်းမှာ ဤကိစ္စကြီးမှာ အလွန်ပင် မဖြစ်နိုင်သကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အကယ်၍ သူ ယနေ့ ကြုံတွေ့ရသည်များကို လော့ရှီး သို့မဟုတ် မိုရှောင်းရှောင်း တို့ကို ပြောပြလိုက်မည်ဆိုလျှင် သူတို့က သူ့ကို ရူးနေပြီ သို့မဟုတ် စိတ် ရောဂါသည်ဟု ထင်ကြမည်မှာ အသေအချာပင်။
"ဘာဖြစ်ပြန်တာလဲ"
ထပ်မံ၍ တိတ်ဆိတ်သွားသော ထန်ထျန်းကို ကြည့်ပြီး လအင်မော်တယ်က ရယ်ချင်စိတ်ကို မနည်းအောင့်ထားရဟန်ရှိသည်။
ထန်ထျန်း သတိပြန်ဝင်လာပြီး ခေါင်းကို အမြန်ခါကာ "ဘာ... ဘာမှမဟုတ်ပါဘူး"
အမှန်စင်စစ် သူ ခံစားနေရသည်မှာ ရှေ့မှ အမျိုးသမီး၏ အစွမ်းမှာ သူ စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြင့်မားနေသည် ဆိုခြင်းပင်။
သူမ၏ ရှေ့တွင် သူက ဤကမ္ဘာသို့ အသစ်ရောက်ခါစကကဲ့သို့ ဘာအစွမ်းမှမရှိဘဲ သူတစ်ပါး သတ်ဖြတ်ခြင်းကို ခံရမည့်သူတစ်ယောက်လို ဖြစ်နေသည်။
သို့သော် ထူးဆန်းသည်မှာ သူ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
အကြောင်းပြချက်မရှိဘဲ တစ်ဖက်လူက သူ့ကို အန္တရာယ်ပြုမည်မဟုတ်ဟု စိတ်ထဲက အသေအချာ ယုံကြည်နေသကဲ့သို့ပင်။
"ငါ တစ်ခုပဲ ထူးဆန်းနေလို့ပါ။ "
"မင်းလို... တည်ရှိမှုမျိုးက ဘာလို့ ငါ့ကို ဒီမှာ သီးသန့် စောင့်နေရတာလဲ"
ထန်ထျန်း စိတ်ကို တည်ငြိမ်အောင် ထားပြီး မေးလိုက်သည်။
လအင်မော်တယ်က ပြုံးလျက် "နောက်ဆုံးတော့ အဓိပ္ပါယ် ရှိတဲ့ မေးခွန်းတစ်ခုကို မင်း မေးလာပြီပဲ"
ထို့နောက် သူမက နောက်ထပ် ဝိုင်တစ်ခွက်ကို ငှဲ့ကာ တစ်ငုံ သောက်လိုက်ပြီးနောက် "တကယ်တော့ ငါက မင်းကို သီးသန့် စောင့်နေတယ်လို့ ပြောတာထက်..."
" မင်းကပဲ ငါ့ကို စပြီး လာရှာတာလို့ ပြောရင် ပိုမှန်လိမ့်မယ်"
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါ အသေအချာ ပြောနိုင်ပါတယ်။"
" ငါ့ဘက်က မင်းကို စပြီး ရှာဖို့ အစီအစဉ် မရှိခဲ့ဘူး"
သူက လအင်မော်တယ်၏ ဒဏ္ဍာရီကို ကြားဖူးရုံသာဖြစ်ပြီး သူမ တကယ်ရှိမရှိကိုပင် အသေအချာ မသိခဲ့ပေ။
အင်မော်တယ်နန်းတော်ထဲ ဝင်လာခြင်းမှာလည်း အထဲမှာ ဘာရှိသလဲဆိုသည်ကို သိလိုသည့် စပ်စုစိတ်ကြောင့်သာ ဖြစ်သည်။
စပပြီး ရှာသည်ဆိုသည်မှာ လုံးဝ မဟုတ်နိုင်ပေ။
သို့သော် လအင်မော်တယ် ကမူ သူ၏ တုံ့ပြန်မှုကို အံ့သြခြင်း မရှိချေ။
"တကယ်တော့ အဲ့ဒီအတိုင်းပါပဲ။"
" ဒါပေမဲ့ မင်း အသေအချာ ပြောနိုင်မလား... "
"မင်းကိုယ်တိုင်က ဘယ်သူလဲ ဆိုတာကိုရော"
လအင်မော်တယ်၏ စကားသံက အေးဆေးသော်လည်း ထန်ထျန်း၏ နားထဲတွင်မူ စိမ့်တက်သွားသော အအေးဓာတ်တစ်ခု ရင်ထဲကနေ ရုတ်တရက် ပေါက်ဖွားလာသည်။
သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ရိုးရှင်းပါသည်။ ချင်းယွဲ့ဂိုဏ်းက သာမန် ကျင့်ကြံသူလေးတစ်ဦး ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ အလွန် မရိုးရှင်းလှပေ။
အကြောင်းမှာ သူ၏ ဝိညာဉ်က အခြား ကမ္ဘာတစ်ခုက လာခြင်းဖြစ်သောကြောင့်ပင်။
ဤသည်မှာ ဘာမှမဟုတ်သကဲ့သို့ ထင်ရသော်လည်း ထန်ထျန်း၏ စိတ်ထဲတွင် အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်သည်။
ဤလျှို့ဝှက်ချက်ကို သူ မည်သူ့ကိုမျှ မပြောခဲ့ဘဲ ရင်ထဲမှာသာ မြှုပ်နှံထားခဲ့သည်။
သို့သော် ရှေ့မှ လအင်မော်တယ်က တစ်ခုခုကို သိနေသကဲ့သို့ ဖြစ်နေသည်။
ဤသည်က ထန်ထျန်းကို မည်သို့ စိတ်မချောက်ချားဘဲ နေနိုင်ပါမည်နည်း။
"ဘာကို ဆိုလိုတာလဲ"
ထန်ထျန်း ရင်ထဲက ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
လအင်မော်တယ်က ပြုံးလိုက်သည်။
"မင်း တကယ် မသိတာလား"
" ဒါမှမဟုတ် မင်း မခံစားမိတာလား"
" မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာရော၊ မင်းရဲ့ ဘေးနားမှာပါ ထူးဆန်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်လေ။ မင်း တကယ်ပဲ နည်းနည်းလေးမှ သံသယ မဖြစ်မိဘူးလား"
ထန်ထျန်း ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ထူးဆန်းတဲ့ ကိစ္စတွေ ရှိလား
ရှိတာပေါ့။
အပြင်လူတွေအတွက်ဆိုလျှင် ထန်ထျန်းကိုယ်တိုင်ကပင် ပဟေဠိကြီးတစ်ခု ဖြစ်သည်။
သို့သော် သူ၏ ထူးခြားသော စွမ်းဆောင်ရည်များမှာ "စနစ် နှစ်ခု" ကြောင့်သာဖြစ်ကြောင်း သူ သိထားသည်။
သူ့ဘေးနားက အရာတွေထဲမှာ ထူးခြားသည်ဆိုလျှင် ကမ္ဘာဦးဝိညာဉ် ကြောင်ကလေးရယ်၊ ထူးခြားသည့် စွမ်းဆောင်ရည်ရှိသည့် ကုရှောင်းရွှယ်ရယ် ရှိသည်။
ဒါတွေကို လအင်မော်တယ်က အကုန်သိနေတာလား
ဤအတွေးက ထန်ထျန်းကို စိုးရိမ်စိတ် ပေါ်လာစေသည်။
စနစ်က သူ၏ အကြီးမားဆုံးသော အားကိုးရာ ဖြစ်သည်။
လုံလောက်သော အစွမ်းမရှိမီ ဤအရာကို တစ်စုံတစ်ယောက်က သိသွားမည်ဆိုလျှင် သူ၏ အားသာချက်များ ပျောက်ကွယ်သွားပေလိမ့်မည်။
ခဏ စဉ်းစားပြီးနောက် ထန်ထျန်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ငါက စကားကို ကွေ့ပတ်ပြောရတာ မကြိုက်ဘူး။ "
"မင်းမှာ တစ်ခုခု ရှိရင် တည့်တည့်သာ ပြောပါ"
သတိထားနေသော ထန်ထျန်းကို ကြည့်ပြီး လအင်မော်တယ်က သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။
"ကောင်းပြီ။"
" ဒါဆိုလည်း ငါ ပြောပြမယ်။"
" အစောလေးတင်ပဲ မင်းဘေးနားက ကမ္ဘာငယ်လေးရဲ့ ဝိညာဉ်ကို ငါ မြင်လိုက်ရတယ်။ "
"အဲ့ဒါအပြင် မင်းဆီကနေ အခြား မိန်းကလေးတစ်ယောက်ဆီကို သွယ်တန်းထားတဲ့ သေးငယ်တဲ့ ကြိုးတစ်မျှင်ကိုလည်း ငါ မြင်ရတယ်။"
" အဲ့ဒီကြိုးကို ငါတို့က ယေဘုယျအားဖြင့် 'ကံကြမ္မာ' လို့ ခေါ်ကြတယ်"
ထန်ထျန်း ဆွံ့အသွားသည်။
တကယ်ပဲ ကြောင်ကလေးနဲ့ ကုရှောင်းရွှယ်ကြောင့်လား
ကံကြမ္မာလား
ကုရှောင်းရွှယ်ရဲ့ ထူးဆန်းတဲ့ အမူအရာတွေ၊ ငါ့ဘေးမှာရှိနေရင် ကျင့်ကြံခြင်းနှုန်း အရမ်းမြန်နေတာတွေက ဒီ 'ကံကြမ္မာ' ဆိုတာကြောင့်လား
"မင်း တကယ်ပဲ ဘာတွေ သိထားတာလဲ"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။
သူက ဤကဲ့သို့ ပဟေဠိဆန်ဆန် စကားပြောခြင်းကို အလွန် မုန်းတီးလှသည်။
သို့သော် လအင်မော်တယ်က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြန်သည်။
"မင်း အကုန်သိနေတယ်လို့ ငါ ထင်ခဲ့တာ။"
" ဘာလို့လဲဆိုတော့ မင်းက ငါ့ကို စပြီး ရှာခဲ့တာကိုး။ "
"ဒါပေမဲ့ အခုကြည့်ရတာ မင်း ဘာမှ မသိသေးတဲ့ ပုံပဲ"
သူမက ထန်ထျန်းကို အားနာသလို ကြည့်ပြီး ပြောသည်။ "ဒါကြောင့် ငါ တစ်ခုခုကို သိနေရင်တောင် အခု မင်းကို ပြောပြလို့ မရသေးဘူး။"
" ဘာလို့လဲဆိုတော့ ငါနဲ့ စကားပြောနေတဲ့သူက တကယ်ပဲ မင်း ဟုတ်မဟုတ်ဆိုတာ ငါ အသေအချာ မပြောနိုင်သေးလို့ပဲ"
ထန်ထျန်း ထပ်မံ၍ တိတ်ဆိတ်သွားရပြန်သည်။
ဤတစ်ခါတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းပင်။
ဒါက ဘာတွေလဲ
ရှုပ်ထွေးပွေလီတာတွေ အများကြီး ပြောပြီးမှ နောက်ဆုံးကျတော့ ငါက ငါဟုတ်မဟုတ် မသေချာဘူးတဲ့လား
သူ့ရှေ့မှာ ထိုင်နေသူက လအင်မော်တယ်သာ မဟုတ်ဘဲ သူ ရင်ဆိုင်ရဲမည့်သူသာဆိုလျှင် ပါးရိုက်ပစ်မိမှာ အသေအချာပင်။
လူကို လာနောက်နေတာလား
ဒါပေမဲ့ ကံမကောင်းစွာဖြင့်ပင် ရှေ့မှလူကို သူ လုံးဝ မယှဉ်နိုင်ချေ။
တော်တော်ကြာမှ ထန်ထျန်းက ဖြည်းဖြည်းချင်း မေးလိုက်သည်။ "ဒါဆိုရင် ငါ မသိသေးတဲ့ အဲ့ဒီကိစ္စတွေကို သိဖို့အတွက် ငါ ဘာလုပ်သင့်သလဲဆိုတာကိုတော့ ပြောပြနိုင်မလား"
စိတ်တိုနေသော ထန်ထျန်းကို ကြည့်ပြီး လအင်မော်တယ်က ပြုံးလျက် ပြောသည်။ "စိတ်မဆိုးပါနဲ့။"
" ငါတို့နှစ်ယောက် ဒီနေ့ ဆုံတွေ့ရတယ်ဆိုကတည်းက ကံကြမ္မာရဲ့ စက်ဝန်းက တစ်ပတ် ပြန် လည်နေပြီဆိုတာ ပြနေတာပဲ။"
" ငါ မင်းကို မပြောပြသေးတာကလည်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပါ။ နောက်ပိုင်းကျရင် မင်း အလိုလို သိလာပါလိမ့်မယ်။ "
"နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာကတော့..."
"မင်း အခု ရှိနေတဲ့ နေရာက ထျန်းဖူနန်းတော် ပဲ မဟုတ်လား"
" အဲ့ဒီတော့ မင်း နောက်ဆုံး အဖြေကို သိချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ 'ထိပ်ဆုံး' ကို ရောက်အောင် သွားရလိမ့်မယ်"
ထန်ထျန်း မျက်ခုံးပင့်သွားသည်။
"ဘယ်ထိပ်ဆုံးလဲ"