ရက်ရောလွန်းခြင်း
Vol. 25 Ch. 274
"ကောင်းကင် ထိပ်ဖျား..."
"ငါမှတ်မိသလောက်ဆိုရင် မင်းတို့ရဲ့ ထျန်းဖူနန်းတော်ထဲမှာ အဲ့ဒီလိုပဲ ခေါ်ကြတယ်"
လအင်မော်တယ်က ရှင်းပြသည်။ "ဒါကို ဝင်ပေါက်တစ်ခုလို့ပဲ မင်းသဘောထားလို့ရတယ်။"
" ငါက စကားတွေအများကြီး မပြောချင်လို့ မဟုတ်ဘူး။"
" မင်း 'ကောင်းကင် ထိပ်ဖျား' ထဲကို ရောက်သွားမှပဲ ဒီကိစ္စတွေကို သိခွင့်ရှိမယ့် အရည်အချင်းရှိမှာမို့လို့ပါ။ "
"မဟုတ်ရင် အချိန်မတိုင်ခင် ကြိုသိနေတာက မင်းအတွက် ပျက်စီးခြင်း ကပ်ဘေးတစ်ခုပဲ ဖြစ်လာနိုင်တယ်"
ထန်ထျန်း ခဏတာ ဆွံ့အသွားရသည်။
ဒီလူက စကားတွေကို ကွေ့ ဝိုက်ပြောနေပြီး အဓိက အချက်အလက်ကိုကျတော့ ထုတ်မပြောဘူး၊ ဒါက လူ့စိတ်ကို လာကစားနေတာ မဟုတ်လား
တဝဲလည်လည်နဲ့ လုပ်နေတာက တကယ်ကို စိတ်တိုစရာ ကောင်းလှသည်။
သို့သော် သူ့မှာလည်း ဘာမှတတ်နိုင်စွမ်းမရှိပေ။ အကြောင်းမှာ ဤကဲ့သို့သော အဆင့်အတန်းရှိသူနှင့် ရင်ဆိုင်ရချိန်တွင် သူက တစ်ဖက်ကပေးသမျှကိုသာ ငြိမ်ခံနေရုံမှတစ်ပါး အခြားမရှိချေ။
"ကောင်းပါပြီ..."
သူ ပြန်ရောက်သွားလျှင် ဤ "ကောင်းကင် ထိပ်ဖျား" ဆိုသည့်နေရာကို သေသေချာချာ စုံစမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။
သူ့ကိုယ်ပေါ်က ပဟေဠိတွေဖြစ်စေ၊ ဘေးနားက ထူးဆန်းမှုတွေဖြစ်စေ သူက ရင်ထဲမှာ အမြဲတမ်း တေးမှတ်ထားသူဖြစ်သည်။
သိခွင့်ရမည့် အခွင့်အရေးရှိလာလျှင်တော့ သူ လွယ်လွယ်နှင့် လက်လွှတ်မည်မဟုတ်ပေ။
ထိုအကြောင်းများ ပြောပြီးနောက် နှစ်ဦးသား ခဏတာ တိတ်ဆိတ်သွားကြသည်။
ထန်ထျန်းက ခွက်ထဲမှ အင်မော်တယ်ဝိုင်ကို တစ်ငုံ ထပ်သောက်လိုက်ရာ ထိုသက်သောင့်သက်သာရှိလှသော ခံစားချက်က တစ်ကိုယ်လုံးသို့ ထပ်မံ ပျံ့နှံ့သွားပြန်သည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက ဝမ်းသာအားရ ကခုန်နေကြသကဲ့သို့ပင်။
အကယ်၍ ဤဝိုင်မျိုးသာ အများကြီးရှိလျှင် သူ့၏ ခန္ဓာကိုယ်မှာ အဆင့်သစ်တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားမည်ဟု ထန်ထျန်း ယုံကြည်နေမိသည်။
"ဒါနဲ့... မင်း ငါ့ကို မပြောရသေးဘူးနော်၊ ဒီဝိုင်ရဲ့ နာမည်က ဘာလဲ"
ထန်ထျန်းက မေးလိုက်သည်။
လအင်မော်တယ်က ပြုံးလျက် "ဒါက ငါကိုယ်တိုင် ချက်ထားတဲ့ဝိုင်ပါ၊ နာမည်မရှိဘူး။"
" များသောအားဖြင့်တော့ ငါ့ဘာသာငါပဲ တစ်ယောက်တည်း သောက်လေ့ရှိတာ"
ထန်ထျန်း ချောင်းနှစ်ချက်ဟန့်လိုက်ပြီး "တကယ်ကို သောက်လို့ကောင်းတာပဲနော်။ "
"အဲ့ဒါ... မင်းဆီမှာ ပိုနေတဲ့ ဝိုင်များ ရှိသေးလား"
လအင်မော်တယ်က မျက်ခုံးပင့်ကာ "ဘာလုပ်ဖို့လဲ"
ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်ပြီး "ကြည့်လေ ... ငါက တောင်တွေအထပ်ထပ်ကို ကျော်ဖြတ်၊ ခွန်အားတွေအကုန်သုံးပြီးမှ ဒီနေရာကို ရောက်လာရတာလေ။"
" ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က အင်မော်တယ်နန်းတော်ထဲမှာ ကံကောင်းခြင်းလေးတွေ ရဖို့ပဲ။"
" ဒါပေမဲ့ အခုတော့ မင်းနဲ့ စကားပြောနေတာနဲ့တင် အချိန်တွေကုန်သွားပြီး ဘာမှလည်း မရသေးဘူး။ "
"အဲ့ဒါကြောင့်..."
သူက ဝိုင်ခွက်ထဲက ဝိုင်ကို မျက်စိပစ်ပြ လိုက်သည်။
အင်မော်တယ်နန်းတော်ထဲ ရောက်လာပြီး လအင်မော်တယ်နဲ့ပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့နေမှတော့ တစ်ခုခု မယူခဲ့ရရင် ဖြစ်ပါ့မလား
သူမက တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သာမန်ပါရမီရှင်တစ်ယောက်ကို အစွမ်းထက်ဆုံး မြင့်မြတ်သားတော် ဖြစ်စေနိုင်တာလေ။
တစ်ခုခုလောက် ရလိုက်ရင်တောင် အကျိုးရှိမှာ အသေအချာပင်။
ထန်ထျန်း၏ ပုံစံကို ကြည့်ပြီး လအင်မော်တယ်က ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ "ခွန်အား တွေ အကုန်သုံးတယ်ဆိုတာ... မျက်စိမှိတ်ပြီး နတ်တံခါးကို ရွေးခဲ့တဲ့ ကိစ္စကို ပြောတာလား"
" ပြီးတော့ ဒီဝိုင်က ငါ့အရသာအတိုင်း စပ်ထားတဲ့ သာမန်ဝိုင်ပဲလေ၊ ဘာအကျိုးကျေးဇူးမှ သိပ်မရှိပါဘူး"
လအင်မော်တယ်၏ အပြောကြောင့် ထန်ထျန်းမှာ အရှက်ရခြင်း မရှိပေ။
ပစ္စည်းရဖို့က အဓိကပဲ မဟုတ်လား။
"တကယ်ကို တိုက်ဆိုင်တာပဲ၊ ငါလည်း ဒီဝိုင်ရဲ့ အရသာက ငါနဲ့ အရမ်းကို ကိုက်ညီနေတယ်လို့ ခံစားရတယ်။"
" ငါတို့က မွေးကတည်းက ဝိုင်သောက်ဖော် သောက်ဖက်တွေ ဖြစ်ပုံရတယ် "
"နှမြောဖို့ကောင်းတာက ငါ့မှာ ဒီတစ်ကြိမ်ပဲ မြည်းစမ်းခွင့်ရတော့မှာပဲ... ဟင်း..."
ထန်ထျန်းက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချပြလိုက်သည်။
လအင်မော်တယ်က သူ၏ လုပ်ရပ် များကို ကြည့်ပြီး ခေါင်းခါကာ ဟင်းလင်းပြင်ထဲမှ အစောက ဝိုင်အိုးနှင့် အတူတူပင်ဖြစ်သော ဝိုင်အိုးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ငါ့မှာလည်း ဒီတစ်အိုးပဲ ရှိတော့တာ၊ အဲ့ဒါကြောင့် မင်းကို တစ်ဝက်ပဲ ခွဲပေးနိုင်မယ်။ "
"ချွေတာပြီး သောက်နော်"
ပြောပြီးသည်နှင့် သူမက ဝိုင်အိုးအသစ်ကို ထန်ထျန်းထံ ကမ်းပေးလိုက်သည်။
ထန်ထျန်းက အမြန်ပင် လှမ်းယူလိုက်၏။
အစကတော့ သူက စိတ်ထဲတွင် 'လအင်မော်တယ် ဖြစ်ပြီးတော့ တော်တော်လေး ကပ်စေးနှဲတာပဲ' ဟု တွေးနေမိသေးသည်။
သို့သော် ဝိုင်အိုးကို ဖွင့်ကြည့်လိုက်သည့် ခဏမှာပင် ထိုအတွေးကို လွှင့်ပစ်လိုက်တော့သည်။
ဝိုင်အိုးတစ်ဝက်ဆိုသည်မှာ မှန်ပါသည်။
သို့သော် ထိုဝိုင်အိုးထဲမှ ဟင်းလင်းပြင် နေရာလွတ်က ကြီးမားလွန်းလှသည်
ကြည့်လိုက်လျှင် အထဲမှ ငွေရောင်ဝိုင်များမှာ ကြောင်ကလေး၏ လျှို့ဝှက်နယ်မြေထဲက ပင်လယ်ထက်ပင် အဆပေါင်းများစွာ ပို၍ ကြီးမားနေသည်။
၎င်းမှာ ကြီးမားလှသော ငွေရောင်သမုဒ္ဒရာကြီးတစ်ခုသဖွယ်ပင်
ထန်ထျန်းက တစ်နေ့ကို တစ်အိုးနှုန်း သောက်လျှင်တောင် နှစ်ပေါင်း တစ်သိန်းလောက် သောက်မှ ကုန်နိုင်မည် ဖြစ်သည်။
ထန်ထျန်းက လအင်မော်တယ်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ဒီအင်မော်တယ်ကြီးက တော်တော်လေး ရက်ရောတာပဲ။
တစ်ချိန်တည်းမှာပင် သူ နောက်ထပ် အတွေးတစ်ခု ဝင်လာသည်မှာ 'ဒီမိန်းမ တကယ် သောက်နိုင်တာပဲ... ဝိုင်အရူးအမူးကြိုက် တဲ့သူများလား...'
"ကျေးဇူးပါပဲ အစ်မကြီး"
" အစ်မကြီးက တကယ့်ကို ရက်ရောတာပဲ"
ထန်ထျန်းက ပျော်ရွှင်စွာဖြင့် ဝိုင်အိုးကို သူ၏ ကမ္ဘာငယ်လေးထဲသို့ သိမ်းဆည်းလိုက်သည်။
လအင်မော်တယ်ကဲ့သို့သော တည်ရှိမှုမျိုးအတွက် ဤငွေရောင်ဝိုင်မှာ သာမန်အရာ ဖြစ်နိုင်သော်လည်း သာမန်ကျင့်ကြံသူများအတွက်မူ ၎င်းက ကမ္ဘာပေါ်တွင် ရှားပါးလှသော အနှိုင်းမဲ့ နတ်ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ထန်ထျန်း၏ စိတ်ထဲက အတွေးကို ရိပ်မိပုံရသော လအင်မော်တယ်က "အရင်းအမြစ်ဆိုတာ နောက်ဆုံးတော့ ပြင်ပပစ္စည်းတွေပါပဲ။ "
"မင်း အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ အရာအားလုံးက မင်းလက်ထဲ အလိုလို ရောက်လာမှာပါ။"
" ဒါတွေကို အရမ်း စိတ်ထဲမထားနဲ့၊ အခု မင်းအတွက် အရေးကြီးဆုံးက ကြိုးစားကျင့်ကြံပြီး ကိုယ့်အစွမ်းကိုယ် မြှင့်တင်ဖို့ပါပဲ"
သူမ၏ အပြောကို ထန်ထျန်းက ခေါင်းခါပြီး ပြန်ပြောလိုက်သည်။ "အရင်းအမြစ်တွေက ပြင်ပပစ္စည်းဆိုဦးတော့၊ ဒါတွေက လုံးဝ မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ "
"အထူးသဖြင့် အဆင့်တက် လာနေတဲ့သူတွေအတွက် ပိုတောင် လိုအပ်ပါသေးတယ်။ "
"မင်းမှာ အရာအားလုံး ပြည့်စုံနေတဲ့ အချိန်ကျမှသာ 'ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုပဲ' လို့ အေးအေးဆေးဆေး ပြောထွက်နိုင်မှာပါ"
လအင်မော်တယ်က ပြုံးလိုက်ပြီး ထန်ထျန်း၏ အဆိုကို မချေပတော့ပေ။
"မင်းပြောတာလည်း အကြောင်းပြချက် ရှိပါတယ်"
ထို့နောက် သူမ၏ အကြည့်က ထန်ထျန်း၏ လက်ကောက်ဝတ်တွင် ပတ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်း ကျောက်စိမ်းပြားပေါ်တွင် ခဏတာ ရပ်တန့်သွားသည်။
"ဒါဆိုလည်း ငါ မင်းကို နောက်ထပ် ပစ္စည်းတစ်ခု ပေးဦးမယ်"
ပြောပြီးသည်နှင့် လအင်မော်တယ်က သူမ၏ နူးညံ့လှသော လက်ချောင်းလေးများကို ထုတ်လိုက်ရာ လရောင်များ ဝန်းရံနေသည့် လခြမ်းပုံသဏ္ဍာန် ကျောက်စိမ်းပြားလေးတစ်ခု သူမ၏ လက်ထဲတွင် ပေါ်လာသည်။
"ဒီကျောက်စိမ်းပြားက မင်းလက်ကောက်ဝတ်မှာ ရှိနေတဲ့ အရာနဲ့ အာနိသင် အတူတူပဲ။ "
"မင်းအတွက် အသုံးဝင်မှာပါ။ "
"အနည်းဆုံးတော့ ဒါရဲ့ အစွမ်းက အစောက မင်းကိုပေးလိုက်တဲ့ ဝိုင်အိုးတစ်ဝက်ထက် ပိုပြီး ကြီးမားပါတယ်"
ထန်ထျန်းက ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။
ကျောက်စိမ်းပြားမှာ အေးစိမ့်နေသော်လည်း ထိတွေ့လိုက်လျှင် အလွန် နူးညံ့လှသည်။
၎င်းကို ကိုင်လိုက်သည်နှင့် ကျောက်စိမ်းပြားထဲမှ အလွန် သန့်စင်လှသော လစွမ်းအား အနှစ်သာရ များ စိမ့်ထွက်လာသည်ကို သူ ခံစားလိုက်ရသည်။
ထိုစွမ်းအားများမှာ အဆုံးမရှိသကဲ့သို့ပင်
"အာ... ဒါက..."
ထန်ထျန်း ခဏတာ မှင်တက်သွားသည်။
လအင်မော်တယ်က ဘာလို့ ၎င်းကို ရှေးဟောင်းကျောက်စိမ်းပြားနှင့် အာနိသင်တူသည်ဟု ပြောသည်ကို သူ နားလည်သွားသည်။
ဤအရာ ရှိနေလျှင် သူက အချိန်တိုင်း လစွမ်းအားများ၏ သန့်စင် မှုကို ခံနေရမည် ဖြစ်သည်။
တစ်နည်းအားဖြင့် သူ ဘယ်နေရာမှာပဲ ကျင့်ကြံနေပါစေ ဝမ့်ယွဲ့လှိုဏ်ဂူ (သို့မဟုတ်) ဝမ့်ယွဲ့တောင်ထိပ်မှာ ကျင့်ကြံနေရသလိုမျိုး ခံစားချက်ကို ပေးစွမ်းမည် ဖြစ်သည်။
ဤကျောက်စိမ်းပြား၏ အာနိသင်ကြောင့် ထန်ထျန်း၏ အနာဂတ် ကျင့်ကြံခြင်းနှုန်းမှာ မည်မျှအထိ ကြောက်စရာကောင်းအောင် မြန်ဆန်လာမည်ကို သူ ခန့်မှန်းကြည့်နိုင်လေသည်။
"ဒါကတော့ တကယ်ကို... ကျေးဇူးတင်ပါတယ်ဗျာ"
ဤမျှအထိ ရက်ရောလွန်းသော လအင်မော်တယ်ကြောင့် မျက်နှာပြောင်လှသော ထန်ထျန်းပင်လျှင် အားနာသလို ဖြစ်သွားရသည်။
လအင်မော်တယ်ကတော့ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး "မင်း သဘောကျရင် ပြီးတာပါပဲ"
အနည်းငယ် ရင်းနှီးလွန်းလှသော စကားကြောင့် ထန်ထျန်း ဘာကို ဆိုလိုမှန်း မသိဘဲ ဖြစ်သွားရသည်။
တစ်ခုခုကို ရုတ်တရက် ဆုံးဖြတ်လိုက်ဟန်ဖြင့် လအင်မော်တယ်က ဆက်ပြောသည်။ "ငါက အေးအေးဆေးဆေး နေတတ်တဲ့သူဆိုတော့ ရတနာတွေကို စုဆောင်းလေ့မရှိဘူး။"
" အခု ဒီအခန်းထဲမှာ ရှိနေတဲ့ အရာတွေက ငါပိုင်ဆိုင်သမျှ အရာအားလုံးပဲ။"
" မင်း တစ်ခုခုကို သဘောကျတယ်ဆိုရင် ကြိုက်တာ ယူသွားလို့ ရတယ်"
ထန်ထျန်း ဘာပြောရမှန်းပင် မသိတော့ပေ။
လအင်မော်တယ်၏ ရက်ရောမှုမှာ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
သူတို့က အခုမှ စတွေ့တာလေ၊ သူ့အပေါ်မှာ ဘာလို့ ဒီလောက်အထိ ကောင်းနေရတာလဲ
သူက သူမရဲ့ ချစ်သူလည်း မဟုတ်ဘဲနဲ့။
ထန်ထျန်းက သူမ၏ ဤကဲ့သို့သော အပြုအမူကို တကယ်ပင် နားမလည်နိုင် ဖြစ်နေတော့သည်။