ကံကြမ္မာ
Vol. 25 Ch. 276
အဆုံးမဲ့သော အင်မော်တယ် အလင်းတန်းများမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထန်ထျန်း၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာချိန်တွင် သူက ဝမ့်ယွဲ့တောင်ထိပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ အင်မော်တယ်နန်းတော်မှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ရှေ့မှ ဝမ့်ယွဲ့စင့်မြင့် ပတ်လည်ရှိ အကာအကွယ်အတားအဆီးများမှာလည်း ပြန်လည်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အင်မော်တယ်နန်းတော်ထဲ ဝင်သွားခဲ့သည့် အခြားတပည့်ခုနစ်ဦးစလုံးမှာလည်း အသီးသီး ပြန်ထွက်လာကြပြီ ဖြစ်သည်။
သူတို့၏ ကိုယ်ပေါ်မှ အော်ရာ များမှာ မငြိမ်မသက် ဖြစ်နေကြပြီး အင်မော်တယ်နန်းတော်ထဲတွင် မနည်းလှသော ကံကောင်းခြင်းများကို ရရှိခဲ့ကြသည်မှာ သိသာလှသည်။
"ထန်ထျန်း"
လော့ရှီးသည်လည်း တစ်ချိန်တည်းမှာပင် ပေါ်လာပြီး ထန်ထျန်းကို မြင်သည်နှင့် တန်းတန်းမတ်မတ် ပျံသန်းလာခဲ့သည်။
"ဘယ်လိုလဲ"
လော့ရှီးက အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူမ၏ ပုံစံကို ကြည့်ရသည်မှာ အစောက အင်မော်တယ်နန်းတော်ထဲတွင် ရိတ်သိမ်းမှု မနည်းခဲ့ပုံရသည်။
"အဆင်ပြေပါတယ်"
ထန်ထျန်းက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
လော့ရှီးက ဆက်၍ အသေးစိတ်မမေးတော့ဘဲ စကားလမ်းကြောင်းပြောင်းကာ ပြောသည်။ "ဒီတစ်ခါတော့ တော်တော်ထူးဆန်းတာပဲ။ အရင်တုန်းကဆိုရင် ပုံမှန်အားဖြင့် တစ်နာရီဆိုရင် ပြီးပြီလေ၊ ဘာခြွင်းချက်မှ ရှိခဲ့တာ မဟုတ်ဘူး။ "
"ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ကို နှစ်နာရီကျော်ကျော်အထိ ကြာသွားတယ်"
"ဒီလောက်ကြာမှန်း သိရင် ငါ နောက်ထပ် နေရာအများကြီးကို သွားပြီး ရှာဖွေခဲ့မိမှာ"
လော့ရှီး ပြောတာကို ကြားလိုက်ရချိန်တွင် ထန်ထျန်း ခဏတာ မှင်တက်သွားသည်။
သူက လအင်မော်တယ်၏ အိပ်ခန်းထဲတွင် အလွန်ဆုံးနေခဲ့လျှင် တစ်နာရီခန့်သာ ရှိသေးသည်။
သို့သော် လက်တွေ့လောကတွင်မူ နှစ်နာရီတောင် ကြာသွားခဲ့ပြီလား။
ဒါဆို လအင်မော်တယ်၏ အိပ်ခန်းထဲမှာ တစ်ခုခု ထူးခြားနေလို့လား
ထန်ထျန်း စဉ်းစားမရသော်လည်း မကြာမီမှာပင် ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ပေ။
လအင်မော်တယ်ကဲ့သို့သော တည်ရှိမှုမျိုးနှင့် ပတ်သက်လာလျှင် ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုးမဆို ဖြစ်လာနိုင်တာ ပုံမှန်ပင် ဖြစ်သည်။
"ဘယ်သူသိမှာလဲ၊ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲလေ"
ထန်ထျန်းက ပြောလိုက်သည်။
လော့ရှီးက ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။ "ထားလိုက်ပါတော့လေ၊ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ ကိစ္စပဲ။ "
"တစ်ယောက်ချင်းစီက သူတို့ ဘဝမှာ အင်မော်တယ်နန်းတော်ထဲကို တစ်ကြိမ်ပဲ ဝင်ခွင့်ရတာ။ ငါတို့က သူများတွေထက် တစ်နာရီပိုပြီး အခွင့်အရေး ရလိုက်တာက တကယ့်ကို ရှားပါးလှတဲ့ ကံကောင်းခြင်းပဲ"
"နှမြောဖို့ကောင်းတာ တစ်ခုကတော့ လအင်မော်တယ်က ဒီတစ်ခါလည်း ဆင်းသက်မလာခဲ့သလို၊ ဘယ်လို ကောင်းချီးမျိုးမှလည်း ချမပေးခဲ့ဘူး။ "
"ဖြစ်နိုင်တာက အဲ့ဒါတွေက တကယ်ပဲ ကောလာဟလတွေ ဖြစ်နေမှာပါ"
သူမက အနည်းငယ် နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။
ထန်ထျန်း မျက်ခုံးပင့်သွားသည်။
ကြည့်ရသည်မှာ လော့ရှီးတို့အဖွဲ့မှာ လအင်မော်တယ်၏ တည်ရှိမှု ကို လုံးဝ သတိမထားမိခဲ့ကြပေ။
သို့သော် ဤသို့ဖြစ်ခြင်းကပင် ပိုကောင်းပါသည်။ အကယ်၍ သူတို့သာ တကယ် သိသွားကြမည်ဆိုလျှင် ကြီးမားသော မုန်တိုင်းတစ်ခု ဆိုက်ရောက်လာမည်မှာ အသေအချာပင်။
အချို့သော သံသယတွေကို ရှင်းရှင်းလင်းလင်း မသိရသေးခင်အထိ ထန်ထျန်းမှာ လအင်မော်တယ်နှင့် ပတ်သက်သော မုန်တိုင်းများကြားထဲသို့ မဝင်လိုသေးပေ။
"ဒါနဲ့ ငါ မင်းကို တစ်ခုလောက် မေးချင်လို့"
ထန်ထျန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဘာကိစ္စလဲ"
လော့ရှီးက မေးသည်။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် "မင်း... 'ကောင်းကင်ထိပ်ဖျား' ဆိုတာ ဘာလဲဆိုတာကို သိလား"
အင်မော်တယ်နန်းတော် ခရီးစဉ်မှာ သူက လအင်မော်တယ်ဆီကနေ လက်ဆောင်အချို့ ရရှိခဲ့သလို ပဟေဠိ အစုလိုက်အပြုံလိုက်ကိုလည်း လက်ဆောင်ရခဲ့သည်။
ထိုအထဲတွင် သူ၏ ရင်ထဲ၌ အနက်ရှိုင်းဆုံး မြှုပ်နှံထားသည့် အကြီးမားဆုံး လျှို့ဝှက်ချက်ပင် ပါဝင်နေသည်။
လအင်မော်တယ်၏ အပြောအရဆိုလျှင် ဤမေးခွန်းများကို သိချင်ပါက 'ကောင်းကင်ထိပ်ဖျား' သို့ အရင် ရောက်အောင်သွားရမည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းမှာ ဘာလဲဆိုသည်ကို သူ အရင်ဆုံး သိရမည် ဖြစ်သည်။
သို့သော် ထန်ထျန်းကို အံ့အားသင့်စေသည်မှာ အရာအားလုံးကို သိသည်ဟု ထင်ရသော လော့ရှီး၏ မျက်နှာပေါ်တွင်ပင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာခြင်းပင်။
"'ကောင်းကင်ထိပ်ဖျား' ဆိုတာက နေရာတစ်ခုလား"
"ငါ တစ်ခါမှ မကြားဖူးဘူး။ "
"အဲ့ဒါက ငါတို့ ထျန်းဖူနန်းတော်ထဲမှာ ရှိတာလား"
လော့ရှီးက ပြန်မေးသည်။
ထန်ထျန်းက ခေါင်းခါလိုက်ပြီး "ငါလည်း မသိဘူး။ "
"ထားလိုက်ပါတော့၊ ဘာမှမဟုတ်ပါဘူး။ ငါ မှားမှတ်မိတာလည်း ဖြစ်နိုင်တာပဲ"
လော့ရှီးတောင် မသိဘူးဆိုမှတော့ ဤ 'ကောင်းကင်ထိပ်ဖျား' ဆိုသည့်နေရာမှာ တကယ်ကို သာမန်မဟုတ်သည့် နေရာတစ်ခု ဖြစ်ပုံရသည်။
နောက်မှ မိုရှောင်းရှောင်းကိုပဲ မေးကြည့်ရမည်။ သူမက မိုမျိုးနွယ်စုက လာသူဖြစ်သဖြင့် ဤကဲ့သို့သော လျှို့ဝှက်ချက်များကို သိကောင်းသိနိုင်ပေလိမ့်မည်။
"ကောင်းပါပြီ"
လော့ရှီးက ပြောသည်။ "ထျန်းဖူနန်းတော်က အရမ်းကြီးတာလေ၊ ငါလည်း မရင်းနှီးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဝမ့်ယွဲ့လှိုဏ်ဂူကနေ ထွက်သွားပြီးရင်တော့ ငါ နင့်အတွက် စုံစမ်းပေးပါ့မယ်"
"ဒါနဲ့ ဝမ့်ယွဲ့လှိုဏ်ဂူ ပိတ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်။"
" အဲ့ဒါပြီးရင်တော့ 'နဂါးတံခါး' ထဲကို တရားဝင် ဝင်ရတော့မှာ"
သူမက ထန်ထျန်းကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။ "နင် ငါနဲ့ တကယ် မတိုက်ဘူးလား"
"'နဂါးတံခါး' ခရီးစဉ်ပြီးရင် 'အင်မော်တယ် ရှန်းယွမ်စင်မြင့် အတွက် နောက်ဆုံးလူစာရင်းကို အတည်ပြုတော့မှာ။ နင်သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ အထဲဝင်ဖို့က အရမ်းခက်သွားလိမ့်မယ်"
ထန်ထျန်းက ပြုံးပြီး လက်ယမ်းပြလိုက်သည်။
"ထားလိုက်ပါတော့၊ ငါက မင်းကို နိုင်ဖို့ရာ မသေချာ သေးလို့ပါ။"
" ဒါပေမဲ့ နောင်ကျရင် ငါတို့ တိုက်ခိုက်ရမယ့် အခွင့်အရေးတွေ ရှိလာမှာပါလို့ ငါ ယုံကြည်ပါတယ်"
လော့ရှီးက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဒါဆိုလည်း ပြီးတာပါပဲ"
"ဒါပေမဲ့ အင်မော်တယ် ရှန်းယွမ်စင်မြင့် ရဲ့ အခွင့်အရေးတွေက တခြားတပည့်တွေထက် အများကြီး ပိုသာတာနော်။"
" ငါတို့ရဲ့ ကွာခြားချက်က ရှေ့လျှောက် ပိုပြီး ကြီးမားသွားမှာကိုပဲ ငါ စိုးရိမ်မိတယ်"
ထန်ထျန်း ဘာမှ ပြန်မပြောခဲ့ပေ။
ယခု သူ့တွင် လျှို့ဝှက်ဆန်းကြယ် ကျောက်စိမ်းပြားနှင့် လခြမ်းပုံ ကျောက်စိမ်းပြား နှစ်ခုလုံး ရှိနေပြီ ဖြစ်ရာ သူ ဘယ်နေရာမှာပဲ ရှိနေပါစေ ကျင့်ကြံခြင်းကတော့ နောက်ကျကျန်နေမည် မဟုတ်သည်မှာ သေချာသည်။
သူ လော့ရှီးနှင့် မတိုက်ရခြင်း၏ ပထမအကြောင်းရင်းမှာ မလိုအပ်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ယခုအချိန်တွင် သူ့မှာ ထိုသို့လုပ်ရန် စိတ်မပါသောကြောင့် ဖြစ်သည်။
ထိုအရာများထက် သူ၏ ကိုယ်ပေါ်ကနှင့် ဘေးနားက ပဟေဠိတွေကို ပိုပြီး သိချင်နေမိသည်။
နှစ်ဦးသား ခဏတာ စကားပြောပြီးနောက် ထန်ထျန်းက ဆက်လက်ကျင့်ကြံမည်ဟု အကြောင်းပြကာ ဝမ့်ယွဲ့တောင်ထိပ်မှ ထွက်လာခဲ့ပြီး သူ၏ ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်လာခဲ့သည်။
လီဟုန်တို့အဖွဲ့က ပြန်မရောက်သေးပေ။ ထန်ထျန်းက သူ၏ အခန်းထဲတွင် တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေပြီး ဝိုင်ခွက်ကို ထုတ်ကာ ကိုယ့်ဘာသာ ငှဲ့သောက်နေမိသည်။
လအင်မော်တယ်၏ ဝိုင်မှာ အရသာ တကယ်ကောင်းလှသည်။
၎င်းက ခန္ဓာကိုယ်ကို သန်မာစေရုံသာမက စိတ်ကိုလည်း တည်ငြိမ်စေပြီး အတွေးများကို ပိုမိုကြည်လင်စေသည်။
ဝိုင်တစ်ခွက် သောက်ပြီးချိန်တွင် လအင်မော်တယ်နှင့် စကားပြောခဲ့သည့် အသေးစိတ် အချက်အလက်များမှာ မျက်စိထဲတွင် အထင်အရှား ပြန်ပေါ်လာသည်။
ပဟေဠိတွေ၊ သံသယတွေ အစုလိုက်အပြုံလိုက်က ထန်ထျန်း၏ ဦးနှောက်ထဲတွင် ပြည့်နှက်နေသည်။
သို့သော် ထန်ထျန်းကို အာရုံအနောက်စေဆုံးအရာမှာ လအင်မော်တယ်၏ စကားပင် ဖြစ်သည်။ "ငါနဲ့ စကားပြောနေတဲ့သူက တကယ်ပဲ မင်း ဟုတ်မဟုတ်ဆိုတာ ငါ အသေအချာ မပြောနိုင်သေးဘူး"
သူမက ဘာကို ဆိုလိုတာလဲ
ငါက ငါမဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ
ဒါမှမဟုတ် သူမက ငါ့ရဲ့ ဝိညာဉ်က ဒီကမ္ဘာက မဟုတ်ဘူးဆိုတာကို မြင်သွားတာလား
ထန်ထျန်း မသိနိုင်ပေ။ အကြောင်းမှာ လအင်မော်တယ်က အဆုံးသတ်အထိ မရှင်းပြသွားခဲ့သောကြောင့် ဖြစ်သည်။
သို့သော် အထပ်ထပ် အခါခါ စဉ်းစားကြည့်သော်လည်း သူနှင့် အခြားသူများ မတူညီသည့် တစ်ခုတည်းသော အချက်မှာ အခြားကမ္ဘာမှ လာသည့် ဝိညာဉ်ဖြစ်နေခြင်းနှင့် နိယာမ များကို ကျော်လွန်နေသည့် "စနစ်" အမြဲပါနေခြင်းတို့သာ ရှိသည်။
ဒါက သူ့ရင်ထဲက အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။
ပြီးတော့ သူ မပြောချင်ဆုံး၊ ရင်ဆိုင်ဖို့တောင် အကြောက်ဆုံး လျှို့ဝှက်ချက်လည်း ဖြစ်သည်။
သူ ဒီကမ္ဘာကို ဘယ်လိုရောက်လာတာလဲ
သူ့ခန္ဓာကိုယ်ထဲက စနစ် ကရော တကယ်က ဘာကြီးလဲ
ဤမေးခွန်းနှစ်ခုကို စဉ်းစားမိတိုင်း သူက ကျောချမ်း သွားအောင် ကြောက်လန့်မိသည်။
အကြောင်းမှာ သူက ထိုမေးခွန်းများထဲက တစ်ခုကိုမှ အဖြေမထုတ်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် လအင်မော်တယ်ကတော့ သွယ်ဝိုက်သောနည်းဖြင့် ဤအကြောင်းကို ပြောသွားခဲ့သည်။
ဤသည်က သူ့ကို ယခင်ကကဲ့သို့ လျစ်လျူမရှုထားနိုင်တော့ဘဲ ဤမေးခွန်းနှစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် တွန်းအားပေးနေသကဲ့သို့ပင်။
စနစ် ဆိုတာ တကယ်က ဘာလဲ
သူက ဒီကမ္ဘာထဲကို ဘယ်လို ကူးပြောင်းလာတာလဲ
မေးခွန်းနှစ်ခုမှာ ကြီးမားလှသော အရိပ်မည်းကြီးနှစ်ခုကဲ့သို့ ထန်ထျန်းကို လွှမ်းခြုံထားသည်။
လအင်မော်တယ်၏ အပြောများနှင့် ပေါင်းစပ်ကြည့်လျှင် မမြင်ရသော လက်မည်းကြီးတစ်ခုက နောက်ကွယ်ကနေ တစ်ခုခုကို တိတ်တဆိတ် တွန်းပို့နေသကဲ့သို့ပင်။
အတွေးများထဲတွင် ထန်ထျန်းက ကြောင်ကလေးကို သတိရသွားသည်။
ကြောင်ကလေးက တစ်ခါက ပြောဖူးသည်။ ၎င်း၏ ပေါ်ထွက်လာမှုမှာ သူတစ်ပါး အသုံးချခံရမည့် ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီးသား ဖြစ်သည်ဟု ဆိုသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ နောက်ဆုံးတွင် လူကောင်း၏ အသုံးချခြင်း ခံရမလား၊ လူဆိုး၏ အသုံးချခြင်း ခံရမလား ဆိုသည်ကို မသိရခြင်းပင်။
သူကိုယ်တိုင်ကရော... ကြောင်ကလေးလိုပဲ တူညီတဲ့ ကံကြမ္မာမျိုး ရှိနေတာလား
ထန်ထျန်း တော်တော်ကြာအောင် တိတ်ဆိတ်သွားသည်။
ယခုအချိန်တွင် သူ့မှာ ဘာကိုမှ ဆုံးဖြတ်နိုင်စွမ်း မရှိသေးပေ။
အကြောင်းမှာ သူ့တွင် စနစ် တည်ရှိနေသည့် အစအနလေးကိုတောင် ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။
ဒါဆိုရင် သူကရော ကြောင်ကလေးလိုပဲ နောက်ဆုံးမှာတော့ ကံကြမ္မာကို လက်လျှော့ အရှုံးပေးလိုက်ရမှာလား
အတော်ကြာပြီးနောက်...
ရုတ်တရက် ထန်ထျန်းက သူ၏ ရှေ့မှ စားပွဲကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးချလိုက်သည်။
"သွားစမ်းပါ ကံကြမ္မာဆိုတာကြီး"
"ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ဖန်တီး မယ်"
"ဘယ်သူကများ လာနှောင့်ယှက်ရဲသလဲ ကြည့်ကြသေးတာပေါ့၊ အဲ့ဒီလူရဲ့ လက် အဖြတ်ခံဖို့ ပြင်ထားလိုက်"
ထန်ထျန်းက ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခွက်ထဲမှ အင်မော်တယ်ဝိုင်ကို တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။