ကြောင်ကလေး၏ တာဝန်
Vol. 25 Ch. 277
ဤကမ္ဘာပေါ်တွင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သော ကိစ္စရပ်များစွာ ရှိနေသည်။
သို့သော် ထန်ထျန်းက ကြောင်ကလေးကဲ့သို့ ကံကြမ္မာကို အရှုံးပေးပြီး သူတစ်ပါး သတ်တာ ခံမည့်သူ မဟုတ်ပေ။
အကယ်၍ ကိစ္စရပ်များမှာ သူထင်ထားသကဲ့သို့ တကယ်ဖြစ်လာမည်ဆိုလျှင် ထိုနောက်ဆုံးအချိန်တွင် ထန်ထျန်းသည် အစွန်းရောက်ဆုံး နည်းလမ်းကိုသာ ရွေးချယ်ပေလိမ့်မည်။
ငါးအသေခံပြီး ပိုက်ကွန်စုတ်ပြတ်သွားပါစေ၊ သူ ဂရုစိုက်မည်မဟုတ်ပေ။
လအင်မော်တယ်၏ ဝိုင်က အာနိသင်ပြလာ၍လားမသိ၊ ထန်ထျန်း၏ စိတ်အစဉ်မှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် လက်ရှိသူ့အတွက် အရေးကြီးဆုံးမှာ ခွန်အားကို မြှင့်တင်ရန်သာ ဖြစ်သည်။
လုံလောက်သော ခွန်အားရှိမှသာ ကျားကွက်ကို မည်သို့ဖျက်ရမလဲဆိုသည်ကို ဆွေးနွေးနိုင်မည့် အရည်အချင်း ရှိမည်ဖြစ်သည်။
ထန်ထျန်းက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ၏ ဆန်းကြယ်ဥ ဟင်းလင်းပြင် ဆီသို့ ဝိညာဉ်အာရုံပို့လိုက်သည်။
အင်မော်တယ်နန်းတော် မဆင်းသက်မီကတည်းက ကြောင်ကလေးမှာ ကြောက်လန့်တကြားဖြင့် အထဲသို့ ဝင်ပုန်းနေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ ၎င်းက ထောင့်တစ်နေရာတွင် ကွေးကွေးလေး အိပ်ကာ တုန်ရင်နေဆဲပင်။
ကြည့်ရသည်မှာ လအင်မော်တယ်၏ ပေါ်ထွန်းလာမှုက ၎င်းကို တော်တော်လေး ထိတ်လန့်သွားစေပုံရသည်။
အင်မော်တယ်ဝိုင် နောက်ထပ် တစ်ခွက်သောက်ပြီးနောက် ထန်ထျန်းက ဆန်းကြယ်ဥ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပထမဦးဆုံး စတင်ဖြစ်ပေါ်လာချိန်နှင့် ယခုအချိန်ကို နှိုင်းယှဉ်ကြည့်လျှင် ဤနေရာမှာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် ကြောင်ကလေး အဆင့်တက်စဉ်က ချန်ထားရစ်ခဲ့သော ခန္ဓာကိုယ်အရေ ခွံမှာ အချိန်တိုင်း ဟင်းလင်းပြင်၏ မူလအခြေခံမှ စွမ်းအင်များကို စုပ်ယူနေပြီး စစ်မှန်သော ရုပ်ဝတ္ထုပစ္စည်းများအဖြစ် ပြောင်းလဲပေးနေသည်။
အချိန်အတော်ကြာသွားပြီးနောက် ခန္ဓာကိုယ်အရေ ခွံ၏ အောက်ခြေတွင် ဆယ်မီတာခန့် ထူပြီး ပတ်လည် မီတာ ဆယ်ဂဏန်းခန့်ရှိသော မြေပြင်တစ်ခု ဖြစ်ပေါ်နေပြီ ဖြစ်သည်။
၎င်းမှာ စစ်မှန်သော မူလမြေရိုင်းဖြစ်ပြီး အကယ်၍ ကမ္ဘာ့နိယာမများသာ ပြည့်စုံလာမည်ဆိုလျှင် ၎င်းက သက်ရှိအပေါင်းကို ပြုစုပျိုးထောင်ပေးမည့် စစ်မှန်သော မိခင်မြေကြီး အဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
"နောင်ကျရင် ဒါက တကယ်ပဲ ကမ္ဘာငယ်လေးတစ်ခု ဖြစ်သွားတော့မှာလား"
ထန်ထျန်းက ရေရွတ်လိုက်ရင်း တောင်ပုံရာပုံ ရှိနေသော အရင်းအမြစ်များကို ကျော်ဖြတ်ကာ ကြောင်ကလေး ပုန်းနေသည့်နေရာသို့ ရောက်လာခဲ့သည်။
၎င်း၏ ကြောက်လန့်တကြား ဖြစ်နေသော ပုံစံကို ကြည့်ပြီး ထန်ထျန်းက ခေါင်းခါကာ "ဘာမှမဖြစ်တော့ဘူး၊ ငါတို့ အခု ဘေးကင်းသွားပြီ။"
" ထွက်လာလို့ ရပြီ"
အသံကြားလိုက်ရချိန်တွင် ကြောင်ကလေး၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီးနောက် သတိကြီးစွာဖြင့် လှည့်ကြည့်လာသည်။
ထန်ထျန်းမှန်း သေချာသွားမှသာ ၎င်းက တုန်တုန်ရင်ရင်ဖြင့် "တကယ်လား"
" အဲ့ဒီ လူကြီး ထွက်သွားပြီလား"
ထန်ထျန်းက အတည်ပြုပေးလိုက်ပြီးနောက် "မင်း အဲ့ဒီတုန်းက သူမ လာနေတာကို ခံစားမိလို့လား"
ကြောင်ကလေးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်..."
" ငါ အဲ့ဒီတုန်းက သေသေချာချာ ကျင့်ကြံနေတာလေ၊ ရုတ်တရက်ကြီး အရမ်းကို ကြောက်စရာကောင်းတဲ့ လူကြီးတစ်ယောက်က ငါ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရတာ"
" တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"
" ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာတောင် အဲ့ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
"အဲ့ဒီလူကသာ စိတ်ကူးပေါက်လို့ ငါ့ကို ဖမ်းပြီး ဟင်းချိုချက်သောက်ဖို့က အေးဆေးပဲ၊ ငါ့မှာ ရုန်းကန်ဖို့ နည်းနည်းလေးတောင် အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ကြောင်ကလေး၏ တုံ့ပြန်မှုက ထန်ထျန်းကို အနည်းငယ် အံ့အားသင့်စေသည်။
ဤကောင်လေးက ကမ္ဘာငယ်လေး၏ ဝိညာဉ်သက်သက် မဟုတ်ဘဲ အတိတ်ဘဝ မှတ်ဉာဏ်တွေရှိသလို နိယာမတွေကို ထိန်းချုပ်နိုင်တဲ့ ထိပ်သီး ကျင့်ကြံသူ ကြီးတွေကိုတောင် ရင်ဆိုင်ဖူးသူ မဟုတ်လား။
အင်မော်တယ်ဧကရာဇ်တွေတောင် သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်တာလေ။
သို့သော် လအင်မော်တယ်က ၎င်းကို ဤမျှအထိ ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့သည်။
ကြည့်ရသည်မှာ လအင်မော်တယ်၏ အစွမ်းမှာ သူထင်ထားသည်ထက် ပို၍ပင် ကြောက်စရာကောင်းနေပုံရသည်။
"စိတ်အေးအေးထားပါ၊ ဖြစ်မှာမဟုတ်ပါဘူး။ သူမက အဲ့ဒီလိုမျိုး ဝါသနာပါပုံမရဘူး။"
" အလွန်ဆုံးရှိရင်တော့ ဝိုင်ချက်ဖို့လောက်ပဲ သုံးမှာပါ"
ထန်ထျန်းက ကြောင်ကလေး၏ စိတ်ကို ပြေလျော့စေရန် နောက်ပြောင်လိုက်သည်။
ကြောင်ကလေးက မျက်လုံးအပြူးသားဖြင့် ကြည့်ကာ "မင်းက ဘယ်လိုသိတာလဲ"
" မင်း သူမကို တွေ့ခဲ့လို့လား"
ထန်ထျန်းက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ကြောင်ကလေး ချက်ချင်း မှင်တက်သွားပြီး မျက်လုံးပြူးကာ ထိတ်လန့်မှုကို အတင်းဖိနှိပ်ရင်း "မင်း တကယ် တွေ့ခဲ့တာလား"
" အဲ့ဒီလို အဆင့်အတန်းရှိတဲ့ တည်ရှိမှုမျိုးက ဘာလို့ မင်းကို တွေ့မှာလဲ"
" မင်း စကားကို လျှောက်မပြောနဲ့နော်၊ ဒီလို စကားမျိုးက စည်းလွတ်ဝါးလွတ် ပြောလို့ရတာ မဟုတ်ဘူး"
ထန်ထျန်းက ရယ်မောလျက် "ငါက မင်းကို ဒါနဲ့ လာလိမ်စရာ လိုလို့လား"
" ငါ တွေ့ရုံတင်မကဘူး၊ သူမရဲ့ အိပ်ခန်းထဲအထိ သွားပြီး တစ်နာရီလောက် စကားတွေ ပြောခဲ့သေးတာ။"
" မပြန်ခင်မှာ သူမက ငါ့ကို လက်ဆောင်တွေတောင် ပေးလိုက်သေးတယ်"
ကြောင်ကလေး၏ မျက်လုံးများမှာ ကြေးနီခေါင်းလောင်းကြီးများကဲ့သို့ ဝိုင်းစက်သွားပြီး လုံးဝ မယုံနိုင်စရာ ဖြစ်သွားရသည်။
၎င်း၏ အမြင်တွင် ဤကိစ္စမှာ ကမ္ဘာကြီး ပျက်စီးသွားခြင်းထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေပုံရသည်။
"အိပ်ခန်းလား"
" မင်းပြောတာ သူမက မိန်းမလား"
ကြောင်ကလေးက မေးသည်။
ထန်ထျန်းက အင်းဟု ဆိုကာ "အနည်းဆုံးတော့ အပြင်ပန်းက ကြည့်ရင် အဲ့ဒီလိုပါပဲ"
လအင်မော်တယ်ကဲ့သို့ ထိပ်သီးတည်ရှိမှုများအတွက် ကျား၊ မ ခွဲခြားမှုမှာ ဝေဝါးနေပြီ ဖြစ်သော်လည်း များသောအားဖြင့်တော့ အပြင်ပန်း မြင်တွေ့ရသည့်အတိုင်း သတ်မှတ်၍ ရပါသည်။
"မိန်းမ..."
ကြောင်ကလေး ခဏတာ စဉ်းစားနေသော်လည်း ၎င်း၏ မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ရှာမတွေ့ပုံရပေ။
"အဲ့ဒါဆို သူမက ငါ့အကြောင်းရော ပြောသေးလား"
၎င်းက ထပ်မေးသည်။
"တစ်ခွန်းတော့ ပြောသွားတယ်"
ထန်ထျန်းက ပြော သည်။ "သူမက မင်းကို မြင်လိုက်တယ်လို့ပဲ ပြောတယ်။ "
"အဲ့ဒီနောက်မှာတော့... ဘာမှ ဆက်မပြောတော့ဘူး"
ကြောင်ကလေး၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင်တော့ တဖြည်းဖြည်း တည်ငြိမ်သွားကာ အစောကလောက် မတုန်လှုပ်တော့ပေ။
ကြောင်ကလေး တည်ငြိမ်သွားသည်ကို မြင်ရသောအခါ ထန်ထျန်းက လေသံအေးအေးဖြင့် မေးလိုက်သည်။ "ကြောင်ကလေး... မင်းက တကယ် ဘာကြီးလဲ"
" အရင်ကတော့ ငါ မင်းရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားလို့ မမေးခဲ့ဘူး။"
" ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင်လည်း ဒီကိစ္စတွေထဲ ပါဝင်ပတ်သက်နေရပြီ။ "
"အဲ့ဒါကြောင့် ငါ အခြေအနေ အသေးစိတ်ကို သိချင်တယ်"
လအင်မော်တယ်က ကြောင်ကလေးအကြောင်း ထည့်ပြောသွားမှတော့ ၎င်းနှင့် သူ့ကိုယ်ပေါ်က ပဟေဠိများကြားတွင် တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်မှု ရှိနေမည်မှာ သေချာသည်။
ထို့ကြောင့် ကြိုသိထားလျှင် ပိုကောင်းမည်ဖြစ်သည်။
ထန်ထျန်း၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ကြောင်ကလေး၏ မျက်လုံးများမှာ ဝေဝါးသွားပြီး စိတ်ထဲတွင် ရုန်းကန်နေရပုံရသည်။
နောက်ဆုံးတွင်တော့ ၎င်းက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"ကောင်းပြီ... "
"တကယ်တော့လည်း ပြောလို့မရစရာ မရှိပါဘူး"
ထို့နောက် ကြောင်ကလေး၏ ပြောပြချက်အရ ထန်ထျန်းသည် ၎င်း၏ နောက်ခံသမိုင်းကြောင်း ကို အကြမ်းဖျင်း သိလိုက်ရသည်။
ကြောင်ကလေးက ကမ္ဘာဦးဝိညာဉ် အဖြစ် နိုးထလာခဲ့သော်လည်း ၎င်းမှာ သာမန် ဝိညာဉ်သက်သက် မဟုတ်ပေ။
နိုးထလာချိန်ကတည်းက ၎င်းတွင် တာဝန်တစ်ခု ပါလာခဲ့သည်။
"ငါ့ရဲ့ တာဝန်က လူတစ်ယောက် ပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းဖို့ပဲ။"
" အဲ့ဒီလူက ဘယ်သူလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ ငါနိုးထလာတဲ့ အချိန်ကတည်းက ဒါဟာ ငါရှိနေရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်လာခဲ့တယ်။"
" ဒါပေမဲ့ ဒီကမ္ဘာမှာ အရမ်းကို အစွမ်းထက်တဲ့ လူတစ်စု ရှိနေတယ်၊ သူတို့က ငါ့ကို သက်ရှိအားလုံးကို ဖျက်ဆီးမယ့် ပစ္စည်း တစ်ခုအဖြစ် အသုံးချချင်နေကြတာ။"
" ဒါကြောင့် အဲ့ဒီလူ ပြန်မလာခင်အထိ ငါ့ကိုယ်ငါ ပုန်းကွယ်ထားရမယ်၊ အဲ့ဒီ စိတ်ပုပ်တဲ့လူတွေ ငါ့ကို ရှာမတွေ့အောင်ပေါ့။"
"ငါ့ရဲ့ အတိတ်ဘဝက ဘာလဲဆိုတာကတော့... "
"မှတ်ဉာဏ်တွေက အရမ်းဝေဝါးနေတယ်။ ငါသိတာကတော့ ငါ အရင်က အရမ်းအရမ်းကို အစွမ်းထက်တဲ့ ကျင့်ကြံသူ ကြီးတွေကို မြင်ဖူးခဲ့တယ်၊ အဲ့ဒီလူတွေထဲက တစ်ယောက်ချင်းစီက အင်မော်တယ်ဧကရာဇ်ထက်တောင် အများကြီး ပိုပြီး အစွမ်းထက်ကြတယ်"
ကြောင်ကလေးက ပြောပြသည်။
ထန်ထျန်း တိတ်ဆိတ်စွာ နားထောင်နေမိသည်။
ဤကိစ္စများမှာ သူ ထင်ထားသည်နှင့် မကွာခြားလှပေ။
ကြောင်ကလေး၏ အတိတ်ဘဝမှာ သေချာပေါက် ကောင်းကင်ကို တုန်လှုပ်စေမည့် တည်ရှိမှုမျိုး ဖြစ်ခဲ့ရမည်၊ မဟုတ်လျှင် အင်မော်တယ်ဧကရာဇ်အထက်က ကျင့်ကြံသူ တွေကို ထိုမျှအထိ မြင်ဖူးခဲ့မည် မဟုတ်ပေ။
ထိုလူတစ်ယောက် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး...
ထန်ထျန်း မေးစေ့ကို ပွတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မင်းပြောတဲ့ လူတစ်ယောက် ဆိုတာက... ဖြစ်နိုင်ခြေ တစ်ခုရှိမလား... "
"ငါက မင်းစောင့်နေတဲ့ အဲ့ဒီလူ ဖြစ်နေတာမျိုးပေါ့"
ကြောင်ကလေး ချက်ချင်း မှင်တက်သွားပြီးနောက် ထန်ထျန်း ဘေးနားသို့ ခုန်တက်လာကာ နှာခေါင်းဖြင့် တစ်ရှုံ့ရှုံ့ နမ်းကြည့်နေသည်။
"မင်းက သေချာအောင် ထပ်ပြီး အတည်ပြုနေတာလား"
ထန်ထျန်းက မေးလိုက်သည်။
ကြောင်ကလေး၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး "မဟုတ်ဘူး... "
"မင်းဆီကနေ အခုနက ထူးဆန်းတယ့် အော်ရာ တွေ ဘယ်ကနေ ထွက်လာတာလဲဆိုတာကို သိချင်လို့ပါ"
ထန်ထျန်း ချက်ချင်း ဆွံ့အသွားပြီး ၎င်း၏ လည်ပင်းကို ကိုင်ကာ ဘေးသို့ ပစ်ထုတ်လိုက်သည်။
"ငါစောင့်နေတဲ့ လူကလေ... ကမ္ဘာလောကကြီးတစ်ခုလုံးကို ထိန်းချုပ်ထားပြီး သက်ရှိအားလုံးရဲ့ အထက်မှာ ရှိနေတဲ့ မဟာသူရဲကောင်းကြီးဟ"
" အကယ်၍ သူသာ တကယ် ပြန်လာမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးတောင် တုန်လှုပ်သွားလိမ့်မယ်"
" ငါတို့ ဒီလောက်လေးနဲ့တော့ လာပြီး အရောမဝင်ပါနဲ့"
ကြောင်ကလေးက နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။
ထန်ထျန်း မေးစေ့ကို ပွတ်ရင်း
"အင်း... ငါ ခုနက အစ်မကြီးကို သတိရသွားပြီ။ "
"သူမက ကြောင်သားဟင်းချိုကို တော်တော်လေး ကြိုက်ပုံရတယ်"