ရှောင်းရွှယ်၏ စိတ်ကူး
Vol. 25 Ch. 278
ကြောင်ကလေးနှင့် ခဏတာ စကားပြောပြီးနောက် ၎င်း၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သို့သော် ထန်ထျန်းက ၎င်းကို အပြင်သို့ ခေါ်ထုတ်ရန် ပြင်လိုက်ချိန်တွင် ကြောင်ကလေးက ထူးထူးခြားခြား ငြင်းဆိုခဲ့သည်။
"ထားလိုက်ပါတော့၊ ငါ ဒီမှာပဲ နေတော့မယ်"
"အပြင်ဘက်က အရမ်းကြောက်စရာကောင်းတယ်။ တော်သေးတာပေါ့ ဒီတစ်ခါ အဲ့ဒီလူကြီးက ငါ့ကို ဘာမှမလုပ်လို့၊ မဟုတ်ရင် ငါတော့ တကယ်ပဲ ဟင်းချိုချက်သောက်ခံလိုက်ရမှာ။ "
"ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်းအတွင်းမှာ 'လစွမ်းအား အနှစ်သာရ' တွေ အများကြီး စားထားရတာဆိုတော့ ဒါတွေကို ပြန်ချေဖျက်ဖို့ ငါ့အတွက် အချိန်တော်တော်လိုသေးတယ်"
ကြောင်ကလေးက ပြောသည်။
ထန်ထျန်း အလွန်အံ့အားသင့်သွားရသည်။ "မင်းက တကယ်ပဲ အပြင်ထွက်မကစားချင်တော့ဘူးပေါ့"
"အပြင်မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးရှိတာကိုတောင် မင်း စိတ်မဝင်စားတော့ဘူးလား"
ပုံမှန်ဆိုလျှင် ဤကောင်လေးက အဆော့မက်ဆုံး မဟုတ်ပါလား။
ကြည့်ရသည်မှာ လအင်မော်တယ်က ၎င်းကို တကယ်ပင် ခြောက်လှန့်လိုက်နိုင်ပုံရသည်။
"မင်းရှိတာပဲလေ၊ အရသာရှိတာတွေ့ရင် ငါ့ဆီ ပို့ပေးလိုက်ပေါ့"
ကြောင်ကလေးက ဆက်ပြောသည်။ "ပြီးတော့ ငါ ရှောင်းရွှယ်ဆီကနေ သင်ယူပြီး ကိုယ့်ဘာသာ ဟင်းချက်စားဖို့ ပြင်နေတာ။"
" ဒီဘက်က ကမ္ဘာငယ်လေးကလည်း ပုံပေါ်လာပြီဆိုတော့ ငါ ဒါကို ကောင်းကောင်းလေး ပြုပြင်မွမ်းမံပြီး မင်းရဲ့ ဆန်းကြယ်ဥထဲမှာ လယ်ကွက်တွေဖော်၊ ဟင်းသီးဟင်းရွက်တွေစိုက်ပြီး ကိုယ့်အားကိုယ်ကိုး စားသောက်တော့မယ်"
ထန်ထျန်း : "..."
"စကားလုံး ရွေးသုံးတာ သတိထားဦး"
ကြောင်ကလေးက ဆန်းကြယ်ဥ ဟင်းလင်းပြင်ထဲတွင်သာ နေရန် အတည်ပေါက် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အနည်းဆုံးတော့ ယခုရက်ပိုင်းအတွင်း စုပ်ယူထားသော လစွမ်းအား အနှစ်သာရများကို အကုန်ချေဖျက်ပြီးမှသာ အပြင်ထွက်ရန် စဉ်းစားပေလိမ့်မည်။
ထန်ထျန်းလည်း ၎င်း၏ ရွေးချယ်မှုကို လေးစားလိုက်ပြီး အစားအသောက် ကောင်းကောင်းများ ရှာဖွေပေးမည်ဟု ကတိပေးလိုက်သည်။
သို့မဟုတ် လှပသော ကြောင်မလေး အချို့ကိုပါ ထည့်ပေးလိုက်ရန် စဉ်းစားမိသေးသည်။
ထို့နောက် ထန်ထျန်းက ထိုဟင်းလင်းပြင်မှ ထွက်လာခဲ့သည်။
ကြောင်ကလေး၏ ပြုပြင်မွမ်းမံမှုအောက်တွင် ဤထူးဆန်းသော ဟင်းလင်းပြင်ကြီးက အနာဂတ်တွင် မည်သို့ပြောင်းလဲသွားမည်ကို သူ တကယ်ပင် မခန့်မှန်းနိုင်တော့ချေ။
အခန်းထဲသို့ ပြန်ရောက်သောအခါ ထန်ထျန်း၏ စိတ်အစဉ်မှာ လုံးဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
အနာဂတ်က ဘယ်လိုပဲဖြစ်ပါစေ၊ လက်ရှိအချိန်ကသာ အရေးကြီးဆုံး ဖြစ်သည်။
သူက သူ၏ အစီအစဉ် အတိုင်း ဆက်လုပ် ရန်သာ လိုအပ်သည်။
အပြင်ဘက် ကောင်းကင်ယံမှာ မှောင်ရီပျိုးလာသည်ကို ကြည့်ပြီး လပြည့်ညက လုံးဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း ထန်ထျန်း နားလည်လိုက်သည်။
ခဏတာ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ထန်ထျန်းက သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ကာ ကုရှောင်းရွှယ်ထံ သတင်းတစ်ခု ပို့လိုက်သည်။
လအင်မော်တယ်က ပြောခဲ့သည်မှာ သူနှင့် ကုရှောင်းရွှယ်ကြားတွင် အလွန်ထူးခြားသော 'ကံကြမ္မာကြိုး' တစ်ခု ရှိနေသည်ဟု ဆိုသည်။
ကုရှောင်းရွှယ်၏ ထူးခြားသော ကျင့်ကြံခြင်း အခြေအနေများမှာလည်း ဤကြိုး ကြောင့် ဖြစ်နိုင်ပေသည်။
အကယ်၍ အနာဂတ်တွင် အပြောင်းအလဲများ ဖြစ်လာမည်ဆိုလျှင် သူမသည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အခြေအနေက ဤသို့ဖြစ်နေမှတော့ သူမနှင့် ကြိုတင်စကားပြောထားခြင်းက ပိုကောင်းပေမည်။
ပြီးတော့ ဤရက်ပိုင်းအတွင်း သူက ဤကောင်မလေးကို အတော်လေး ဂရုမစိုက်မိဘဲ ပစ်ထားမိသလို ဖြစ်နေသည်။
ခဏအကြာတွင် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ထန်ထျန်းက ကုရှောင်းရွှယ်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
သူမမှာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘဲ ထုံထုံအအ ပုံစံလေးအတိုင်းပင် ဖြစ်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြည်လင်သန့်ရှင်းလှသော 'အူကြောင်ကြောင်' အလှတရားများ ပြည့်နှက်နေဆဲပင်။
"မကြာသေးခင်က ဘယ်လိုလဲ"
ထန်ထျန်းက သူမကို ထိုင်ခိုင်းကာ လေသံအေးအေးဖြင့် မေးလိုက်သည်။
"အရမ်းကောင်းတာပေါ့"
"ခန္ဓာကိုယ်က ကျန်းမာတယ်၊ စားသမျှ အကုန်မြိန်တယ်၊ ကျင့်ကြံတာလည်း အရမ်းချောမွေ့တယ်။ "
"ဒီနေ့ည လက တော်တော်ဝိုင်းတာပဲ၊ မကြာခင်မှာ အစစ်အမှန် အင်မော်တယ် အလယ်အလတ်အဆင့်ကို တက်နိုင်တော့မယ်လို့ ခံစားရတယ်"
ကုရှောင်းရွှယ်က သူမ၏ ပါးပြင်လေးနှစ်ဖက်ကို လက်ဖြင့် ထောက်ထားပြီး စားပွဲအောက်မှ ခြေထောက်လေးများကို ငြိမ်ငြိမ်မနေဘဲ လွှဲနေသည်။
ထန်ထျန်းက ခဏရပ်ပြီးမှ "အမြဲတမ်း ကျင့်ကြံနေရတာ မပျင်းဘူးလား"
"အကယ်၍ ပျင်း နေတယ်ဆိုရင် အပြင်ထွက် လျှောက် လည်ကြည့်ပါလား၊ သူငယ်ချင်းအသစ်တွေ ဘာတွေ ဖွဲ့တာလည်း ကောင်းတာပဲ"
ကုရှောင်းရွှယ်၏ လက်ရှိ အနေအထားမှာ အမှန်တကယ်တော့ အနည်းငယ် အနေရခက်သည်။
သူမက အမည်ခံအားဖြင့် ထန်ထျန်း၏ လက်အောက်ငယ်သား ဖြစ်သော်လည်း ကိစ္စအဝဝကို လီဟုန်နှင့် လန်ယွီတို့ကသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
သူမအတွက် ကျန်ရှိသည့် အလုပ်မှာ ကျင့်ကြံရန်သာ ဖြစ်သည်။
သို့သော် ထန်ထျန်း၏ တိုးတက်မှုနှုန်းက မြန်လွန်းလှသဖြင့် သူမ မည်မျှပင် ကြိုးစားကျင့်ကြံပါစေ၊ လိုက်မမီနိုင်ဘဲ ဖြစ်နေသည်။
ထိုအခါ သူမက သိသာထင်ရှားသော အထောက်အကူတစ်ခု ဖြစ်မလာနိုင်တော့ချေ။
ထို့ကြောင့်လည်း ထန်ထျန်းက သူမကို ဂရုစိုက်ရန် အချိန်မပေးနိုင်သလို ဖြစ်နေရခြင်း ဖြစ်သည်။
ထန်ထျန်း၏ စကားထဲမှ အဓိပ္ပာယ်ကို ကုရှောင်းရွှယ် ရိပ်မိသွားပုံရသည်။ သူမက ခြေထောက်လွှဲနေသည်ကို ရပ်လိုက်ပြီး ခါးကို မတ်မတ်ဆန့်ကာ "တကယ်တော့ ကျွန်မ ရှင့်ကို တစ်ခုခု ကူညီပေးချင်ပါတယ်"
"ဒါပေမဲ့ ဘယ်ကနေ စလုပ်ရမလဲ မသိလို့ ကျင့်ကြံနေတာပဲ ရှိတယ်။ "
"ရှင် ခိုင်းစရာ ရှိရင် တိုက်ရိုက်ပြောပါ၊ ကျွန်မ သေချာပေါက် လုပ်ပေးနိုင်ပါတယ်"
ထိုသို့ပြောသည်ကို မြင်သောအခါ ထန်ထျန်းက အမြန် လက်ယမ်းပြလိုက်သည်။
"ငါက အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
"ငါ ပြောချင်တာက မင်းမှာ အခုပြနေတဲ့ ပါရမီမျိုးနဲ့ဆိုရင် မင်းရဲ့ ကိုယ်ပိုင်ဘဝကို စိတ်လှုပ်ရှားစရာကောင်းအောင် ရှင်သန်လို့ ရတယ်လို့ ပြောတာပါ။"
" မင်းက ငါ့ထက်တောင် ငယ်သေးတာလေ၊ အမြဲတမ်း ငါ့ဘေးမှာပဲ ကပ်နေမယ်ဆိုရင် မင်းရဲ့ အဖိုးတန်တဲ့ လူငယ်ဘဝတွေကို အလဟဿ ဖြုန်းတီးလိုက်သလို ဖြစ်နေမှာပေါ့"
"ဒါပေမဲ့ ငါက မင်းကို နှင်ထုတ်တာ မဟုတ်ဘူးနော်။ ငါ့ဘေးမှာ နေရင်းနဲ့လည်း အပြင်ထွက် လည်ပတ်ကြည့်၊ မတူညီတဲ့ ဘဝတွေကို ခံစားကြည့်ဖို့ ပြောတာပါ။ မဟုတ်ရင် မင်းရဲ့ ကောင်းမွန်တဲ့ ပါရမီတွေကို မင်းကိုယ်မငိး အားနာစရာ ဖြစ်နေလိမ့်မယ်။ "
"ဟုတ်တယ်မလား"
ထန်ထျန်း၏ ရှည်လျားလှသော ရှင်းပြချက်များကို နားထောင်ပြီးနောက် ကုရှောင်းရွှယ်က သူမ၏ မေးစေ့ကို ပြန်ထောက်ကာ "တကယ်ပဲ ဝတ္ထုတွေထဲမှာ ရေးထားသလိုပါပဲ"
"ယောက်ျားတွေက မိန်းမတွေရဲ့ စိတ်ကို လုံးဝ နားမလည်ကြဘူး"
ထန်ထျန်း မှင်တက်သွားသည်။ "ဟမ်"
ကုရှောင်းရွှယ်က သူ့ကို တစ်ချက်စောင်းကြည့်ကာ "ကျွန်မ က ဟိုဟိုဒီဒီ လျှောက်သွားရတာ မကြိုက်ဘူး"
"အမြဲ ကျင့်ကြံနေရတာလည်း မပျင်းဘူး။ ရှင် ကျွန်မ ကို အလုပ်ခိုင်းချင်ရင်လည်း အေးဆေးပဲ"
"အချုပ်ပြောရရင်တော့... "
"ရှင် ဘယ်သွားသွား၊ ဘာလုပ်လုပ် ကျွန်မ ကို ခေါ်သွားရင် ရပြီ"
ထန်ထျန်း ဆွံ့အသွားရသည်။
'ငါ အိမ်သာသွားရင်တောင် မင်းကို ခေါ်သွားရမှာလား'
' တကယ်ကို အဓိပ္ပာယ်မရှိလိုက်တာ'
အမှန်တကယ်တော့ သူက ကုရှောင်းရွှယ်ကို ဤသို့ ပြောရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ ဤကောင်မလေး၏ ဘဝမှာ အရမ်းကို ရိုးရှင်းလွန်းနေပြီး နေ့တိုင်း ကျင့်ကြံခြင်းလမ်းပေါ်မှာပဲ ရှိနေကာ ဘယ်သူနှင့်မှလည်း မထိတွေ့သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ...
ကြောင်ကလေး၏ အတိတ်နှင့် တာဝန်အကြောင်းကို ကြားသိခဲ့ရသောကြောင့် ဖြစ်သည်။
ကုရှောင်းရွှယ်သည်လည်း ၎င်းနှင့် တူညီသော ကံကြမ္မာမျိုး ရှိနေမည်ကို ထန်ထျန်း စိုးရိမ်မိသည်။
အကယ်၍ တကယ်ပဲ ထိုသို့ဖြစ်လာမည်ဆိုလျှင် ဘာမှ မသိသေးသည့် အချိန်အတွင်းမှာ သူမကို တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် နေစေချင်မိသည်။
သို့သော် ကံမကောင်းစွာဖြင့် ကုရှောင်းရွှယ်မှာ စိတ်ဝင်စားပုံ မရပေ။
"ကောင်းပါပြီ၊မင်း မသွားချင်လည်း ထားလိုက်ပါတော့"
ထန်ထျန်းက ပြောလိုက်သည်။ "နဂါးတံခါးကို ဖြတ်ကျော်ပြီး ထျန်းဖူနန်းတော်ရဲ့ ဘဝကို တရားဝင် စတင်တဲ့အခါကျရင် အခွင့်အရေးရရင် ငါ မင်းကို အပြင်ခေါ်သွားပြီး ဗဟုသုတတွေ ရှာပေးပါ့မယ်"
"ဒါ့အပြင်..."
" ကြိုးစားပြီး ကျင့်ကြံ၊ ငါ့ကို လိုက်မီအောင် ကြိုးစား။ "
"ဒါကို ငါပေးတဲ့ တာဝန်လို့ မှတ်ထားလိုက်"
နောက်ဆုံးတွင် ထန်ထျန်းမှာ ဘာမှ ထပ်မပြောတော့ပေ။
ထိုကိစ္စ၏ ဖိအားက အရမ်းကြီးလွန်းလှသဖြင့် နောက်ကျမှ ရောက်လာနိုင်လေ ပိုကောင်းလေ ဖြစ်သည်။
ထန်ထျန်း၏ စကားကို ကြားသောအခါ ကုရှောင်းရွှယ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"ကောင်းပြီလေ"
"ဒါဆို ကျွန်မ မှာ ကြိုးစားချင်စိတ်တွေ ရှိလာပြီ။ "
"စောင့်ကြည့်နေလိုက်၊ ကျွန်မ သေချာပေါက် ရှင့်ကို ကျော်တက်ပြမယ်"
ထန်ထျန်းက နှာခေါင်းရှုံ့ပြလိုက်သည်။ ကုရှောင်းရွှယ်၏ ကျင့်ကြံနှုန်းမှာ သူ၏ ထိုအချိန်ကထက် ပိုမြန်သည်မှာ အမှန်ပင်။
သို့သော် ယခုအချိန်တွင် သူသည်လည်း ယခင်ကနှင့် မတူတော့ပေ။
သူ့ကို လိုက်မီရန်မှာ အလွန် ခက်ခဲလှပေလိမ့်မည်။
"ဒါဆိုလည်း ကြိုးစားပါဦး"
"ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ထန်ထျန်းက ပြောရင်းနှင့် အဖြူရောင် ကျောက်စိမ်းဆံထိုးလေးကို ထုတ်ယူလိုက်သည်။
၎င်းမှာ လအင်မော်တယ်က နောက်ဆုံးတွင် ပေးခဲ့သည့် ဆံထိုးဖြစ်ပြီး လအင်မော်တယ်က သူနှင့် ကံကြမ္မာကြိုး ဆက်သွယ်ထားသည့် မိန်းကလေးကို ပေးရန် တိုက်ရိုက် ပြောခဲ့သည့် ပစ္စည်းဖြစ်သည်။
ကုရှောင်းရွှယ်က ဆံထိုးကို ယူကြည့်ကာ ထန်ထျန်းကို သံသယဖြင့် ကြည့်လိုက်သည်။ "ဒီဆံထိုးက ကျွန်မ ရဲ့ ပုံစံနဲ့ သိပ်မလိုက်ဘူး ထင်တယ်နော်"
" ဒါက ရင့်ကျက်တဲ့ အမျိုးသမီးတွေ ဆောင်ရမယ့် ပစ္စည်းမျိုး မဟုတ်လား"
"ရှင့်ရဲ့ ရည်းစားဟောင်း ပစ္စည်းလား"
ထန်ထျန်း : "..."
"မယူချင်ရင် ပြန်ပေး"
သူက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။
ကုရှောင်းရွှယ်က ဆံထိုးကို ရင်ခွင်ထဲ အမြန်ထည့်လိုက်သည်။
"အိပ်မက်မက်နေလိုက်။"
" ရှင် ပေးပြီးမှတော့ ကျွန်မ ပစ္စည်း ဖြစ်သွားပြီ"
"အခု လောလောဆယ် ဝတ်ရတာ မလိုက်သေးပေမဲ့ နောက်နှစ်အနည်းငယ်ကြာလို့ ကြီးလာရင်တော့ ပြဿနာ မရှိတော့ဘူး။ "
"ဟီးဟီး... ကျေးဇူးပဲနော်၊ ဒါလေးက တကယ် လှတယ်~"
ကုရှောင်းရွှယ်က ပျော်ရွှင်စွာ ပြုံး လိုက်သည်။
ထန်ထျန်းက ဘာမှပြန်မပြောဘဲ ခေါင်းခါလိုက်သည်။
မူလက သူမကို ဤဆံထိုး၏ အကြောင်းက သာမန်မဟုတ်ကြောင်း ပြောပြချင်သော်လည်း နောက်မှ စဉ်းစားကြည့်ကာ မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒါက လအင်မော်တယ်ရဲ့ အဆောင်အယောင် ပစ္စည်းတစ်ခုပဲလေ။
စွမ်းရည် အချို့ ရှိနိုင်သော်လည်း အရမ်းကြီးတော့ ထူးခြားမှာ မဟုတ်လောက်ပါဘူးဟု သူ တွေးမိလိုက်သည်။