← Chapters

လက်တံရှည်သားရဲကို နှိမ်နင်းခြင်း

Vol. 18 Ch. 180

လက်တံရှည်သားရဲကို နှိမ်နင်းခြင်း

Vol. 18 Ch. 180

ချီလင်လေးရှောင်ဟေးသည် မူလပုံသဏ္ဍာန်သို့ ပြန်လည်ရောက်ရှိသွားပြီးနောက် မိုးကောင်းကင်သို့ မော့ကြည့်ပြီး ဟိန်းဟောက်လိုက်ရာ သူ၏ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် လှိုင်းလုံးကြီးများအလား တလိမ့်လိမ့်ထလာသည်။

မြေအောက်မှ ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် ရိုင်းစိုင်းစွာလူးလွန့်နေသော လက်တံများသည် ဤှအချိန်အခိုက်အတန့်တွင် သဘာဝ ရန်သူတစ်ကောင်နှင့် တွေ့ဆုံလိုက်ရသည့်အလား ရုတ်တရက် ကျုံ့ဝင်သွားကြပြီး ယခင် ရုန့်ရင်းကြမ်းတမ်းမှုများကို ဆက်လက်၍ မပြသရဲတော့ချေ။

ချီလင်သည် ဟိန်းဟောက်ပြီးနောက် သူ၏ခေါင်းကိုငုံ့ပြီး မရေမတွက်နိုင်သော လက်တံများကို ကြည့်ကာ အသံနိမ့်ဖြင့် ထပ်မံ၍ ဟိန်းဟောက်လိုက်သည်။ သူ၏ဦးချိုပေါ်တွင် သွေးနီရောင် အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ရှေးဟောင်းဆန်သည့် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

နောက်ထပ်အချိန်တခဏတွင် မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ရေခဲကန်ပတ်လည်ရှိ မြေပြင် ကွဲအက်သွားသည်။

ထို့နောက် ပေထောင်ပေါင်းများစွာ အရွယ်အစားရှိပြီး အကြေးခွံများ ဖုံးလွှမ်းထားသော ကြီးမားသည့် သားရဲကြီး၏ခန္ဓာကိုယ် မြေအောက်မှ ထွက်ပေါ်လာသည်။

သို့သော် ဤသည်မှာ သူ၏ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးပေ၏။ ဤခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း၏အလယ်ဗဟိုတွင် ချောက်နက်ကြီးတစ်ခုအလား ပေတစ်ရာခန့် ကျယ်ဝန်းသည့် ကြီးမားပြီး မည်းနက်သော မျက်လုံးကြီးတစ်လုံး ရှိနေကာ မိုးကောင်းကင်ယံရှိ ချီလင်ကို စူးစိုက်၍ ကြည့်နေသည်။

ပင်မခန္ဓာကိုယ်၏နံဘေးပတ်လည်တွင် ထောင်ပေါင်းများစွာသော ကြီးမားသည့် လက်တံများသည် မြေပြင်မှ ဖောက်ထွက်လာပြီး ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော သစ်တောအုပ်ကြီးတစ်ခုအလား ထူထပ်သိပ်သည်းစွာ ယှက်နွယ်နေကြသည်။

ထိုသားရဲကြီးထံမှ အသံနိမ့်ပြီး စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ ချီလင်ကို တုံ့ပြန်နေသည့်အလားပင်။

"ဒါက လက်တံရှည်သားရဲကြီးရဲ့ ပင်မခန္ဓာကိုယ်လား... ငါ ထင်ထားတာထက်တောင် ပိုကြီးနေသေးတယ်..."

ထိုအချိန်တွင် ကျုံးချင်သည် အသိဝင်လာပြီး ဤလက်တံရှည်သားရဲကြီးကို သူ ချက်ချင်း ဖျက်ဆီးပစ်နိုင်သော်လည်း မလုပ်ဆောင်ခဲ့ချေ။ ထိုအစား သူသည် ချီလင်၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လိုက်၏။

ချီလင်သည် ဟိန်းဟောက်ပြီး လေထဲတွင် သူ၏ရှေ့လက်သည်းများကို ချက်ချင်းဝှေ့ယမ်းလိုက်ရာ ကြီးမားကျယ်ပြန့်သော အလင်းတန်းတစ်တန်းသည် လက်တံရှည်သားရဲကြီး၏ ပင်မခန္ဓာကိုယ်ခေါင်းပိုင်းကို လွှမ်းခြုံသွားသည်။

သူ၏ခေါင်းပေါ်ရှိ ရွှေရောင်အလင်းတန်းမှ ထွက်ပေါ်လာသော ဖိအားကို အာရုံခံမိပုံဖြင့် လက်တံရှည်သားရဲကြီးသည် ကြောက်ရွံ့သော အမူအယာကို ပြသကာ သူ၏အထက်ရှိ ချီလင်ကို မျက်လုံးအပြူးသားဖြင့် စူးစိုက်၍ ကြည့်နေသည်။

သူ၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် လက်တံများသည်လည်း ဤအခိုက်အတန့်တွင် ချီလင်ရှိရာဘက်သို့ ညွတ်ကျသွားကြပြီး ချီလင်ကို အညံ့ခံနေသည့်အလားပင်။

သူ၏ ကြီးမားပြီး ချောက်နက်ကြီးနှင့်တူသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့်အညံ့ခံလိုမှု အရိပ်အယောင်များလည်း ထင်ဟပ်လာပေ၏။

ချီလင်သည် မိုးကောင်းကင်ယံသို့ မော့ကြည့်၍ ဟိန်းဟောက်လိုက်ရာ မြင့်မြတ်ပြီး အစွမ်းထက်သောပုံစံ ပေါ်လွင်နေသည်။

ကျုံးချင်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ ချီလင်သည် ဤလက်တံရှည်သားရဲကြီးကို အမှန်တကယ် နှိမ်နင်းနိုင်လိမ့်မည်ဟု သူ တွေးထင်မထားခဲ့မိချေ။

သူသည်လည်း ပျံသန်းနေရာမှ ဆင်းသက်လာပြီး လက်တံရှည်သားရဲကြီး၏ခေါင်းပေါ်သို့ ရောက်ရှိလာသည်။

လက်တံရှည်သားရဲကြီး၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သူ၏လက်တံများ ထောင်တက်လာကာ ကျုံးချင်ကို ရစ်ပတ်ရန် ကြိုးစားနေသည့်အလားပင်။

သို့သော် ချီလင်က နောက်ထပ် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ လက်တံရှည်သားရဲကြီးသည် ချက်ချင်းငြိမ်သက်သွားသည်။

ထိုအချိန်မှသာ ကျုံးချင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"ရှောင်ဟေး... လုပ်တာ ကောင်းတယ်... ပြန်လာခဲ့တော့..."

ချီလင်က ခေါင်းညိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ကျုံ့မသွားမီ ရွှေရောင်အလင်းတန်းတစ်တန်းကို လက်တံရှည်သားရဲကြီး၏ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် ချီလင်သည် ကျုံးချင်၏ လက်မောင်းပေါ်၌ ပြန်လည်၍ ရစ်ပတ်နေတော့သည်။

ဤရွှေရောင်အလင်းတန်းကို ရင်ဆိုင်ရချိန်တွင်...

လက်တံရှည်သားကြီး၏မျက်လုံးများတွင် အချိန်တခဏကြာမျှ ရုန်းကန်မှုအရိပ်အယောင်များ ထင်ဟပ်လာပြီးနောက် ရွှေရောင်အလင်းတန်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။

ဤရွှေရောင်အလင်းတန်းသည်...

ချီလင်က လက်တံရှည်သားရဲကြီးကို ထိန်းချုပ်ခွင့်အား ကျုံးချင်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းနှင့် တူညီပေ၏။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ဤလက်တံရှည်သားရဲကြီး၏ သခင် ဖြစ်လာခဲ့လေပြီ။

မကြာမီ ကျုံးချင်၏အတွေးတစ်ချက်ဖြင့် လက်တံရှည်သားရဲကြီး၏ ပင်မခန္ဓာကိုယ်သည် ဖြည်းညင်းစွာ နစ်မြုပ်သွားပြီး မြေကြီးထဲသို့ ပြန်လည်၍ ဝင်ရောက်သွားသည်။

ဤလက်တံရှည်သားရဲကြီး၏ စွမ်းအားသည် အလွန်ကြီးမားပေ၏။ ကျုံးချင်၏ အာရုံခံစားမှုအောက်တွင် ထိုသားရဲကြီးသည် ယင်သုံးပါးနယ်ပယ် တတိယအဆင့်နှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

ထို့ပြင် သာမန် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် လက်တံရှည်သားရဲကြီးကို မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

သူ၏ပင်မခန္ဓာကိုယ်သည် များသောအားဖြင့် မြေအောက်နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေပြီး မြေကြီးအောက်တွင် လွတ်လပ်စွာ ရွေ့လျားနိုင်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်တံထောင်ပေါင်းများစွာကို ဆန့်ထုတ်ပြီး ဝေးကွာသော နေရာများအထိ ဖြန့်ကျက်ထားနိုင်ပေ၏။

သူ၏လက်တံတစ်ချောင်းပြတ်တောက်သွားလျှင်ပင် လျှင်မြန်စွာ ပြန်လည်၍ ပေါက်ဖွားနိုင်သည်။

သာမန် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူများသည် ဤသားရဲကို ရင်ဆိုင်တိုက်ခိုက်ရပါက သူ၏ ပင်မခန္ဓာကိုယ် တည်နေရာအတိအကျကို ရှာဖွေရန် အလွန် ခက်ခဲပေမည်။ ထို့ပြင် သားရဲကြီး၏ အဆုံးမဲ့သော လက်တံများမှ တိုက်ခိုက်မှုများအောက်တွင် သူတို့သည် တဖြည်းဖြည်း အင်အားကုန်ခမ်းပြီး သေဆုံးသွားရုံသာ ရှိပေလိမ့်မည်။

လက်တံရှည်သားရဲကြီး၏ ပုံပန်းသွင်ပြင်သည် အနည်းငယ် ကြည့်ရဆိုးသော်လည်း ကျုံးချင်သည် ဤသားရဲကို အလွန်စိတ်ကျေနပ်နေဆဲပင်။

သူသည် လက်တံရှည်သားရဲကြီးကို အရှေ့ပိုင်းဒေသသို့ ပြန်ခေါ်သွားပြီး ရှန်ကျန်းဂိုဏ်းအတွက် ဂိုဏ်းကာကွယ်ရေးသားရဲအဖြစ် ထားရှိနိုင်သည်ဟု တွေးတောမိသည်။

ထိုသားရဲ၏စွမ်းရည်နှင့်ဆိုလျှင် ရှန်ကျန်းဂိုဏ်း၏မြေအောက်ထဲသို့ အပြည့်အဝ စိမ့်ဝင်သွားနိုင်ပြီး ဂိုဏ်း၏ တောင်ခုနစ်လုံးကို သူ၏လက်တံများမှ လက်လှမ်းမီရာ အကွာအဝေးထဲသို့ ရောက်ရှိစေနိုင်သည်။

ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းက ကာကွယ်ရေးအတွက် သားရဲတစ်ကောင်၏လက်တံများကို အသုံးပြုသည်က အနည်းငယ် ထူးဆန်းနေသော်လည်း လက်တွေ့ကျရန်က အရေးအကြီးဆုံးဖြစ်သဖြင့် ကျုံးချင်သည် ဂရုမစိုက်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ရှန်ကျန်းဂိုဏ်းအတွက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်နှင့် ယင်သုံးပါးနယ်ပယ် စွမ်းအားကြီး ပုဂ္ဂိုလ်များကို ခုခံနိုင်စွမ်းရှိသော ဝင်္ကပါတစ်ခု တည်ဆောက်ပေးနိုင်မည့်သူကို ချက်ချင်း ရှာဖွေ၍မရနိုင်ချေ။ သို့ရာတွင် ဤလက်တံရှည်သားရဲကြီး ရှိနေပါက အနာဂတ်၌ သူ ရှန်ကျန်းဂိုဏ်း၌ မရှိသည့်အချိန်မျိုးတွင်ပင် များစွာစိတ်ချလက်ချ နေနိုင်ပေလိမ့်မည်။

ဤအချိန်တွင် လက်တံရှည်သားရဲကြီးသည် မြေအောက်သို့ ပြန်ရောက်သွားပြီဖြစ်ကာ လက်တံများလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ကြေးမုံနှလုံးသားရေကန်မှ လူများသည် အချိန်တခဏကြာသည်အထိ ကြောက်ရွံ့နေခဲ့ကြကာ အမှန်တကယ် ဘေးကင်းသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ ဖြည်းညှင်းစွာ စုဝေးလာကြသည်။

မင်ယွဲ့ရှန်း၏စွမ်းအားများ အလွန်အမင်း ကုန်ခမ်းနေပြီး လက်တံဖြင့် အရိုက်ခံထားရသဖြင့် သူ၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေကာ သူ၏အရှိန်အဝါသည် အနည်းငယ် အားနည်းနေပေ၏။ သူက ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့လျှောက်လှမ်းလာသည်။

"မိတ်ဆွေလေးမှာ နတ်ဘုရားသားရဲတစ်ကောင် ရှိနေပြီးတော့ ဒီလက်တံရှည်သားရဲကြီးကို နှိမ်နင်းနိုင်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး... တကယ်ကို ငါ့ရဲ့အမြင်ကို ကျယ်စေခဲ့တယ်..."

သူသည် သဘာဝအလျောက် အေးစက်သော သဘောထား ရှိသော်လည်း အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို မြင်တွေ့ပြီးနောက် ကျုံးချင်အပေါ် လောကီနှင့်ကင်းကွာသော သဘောထားကို ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့ချေ။

ကြေးမုံနှလုံးသားရေကန်မှ လူများသည်လည်း ဘေးဒုက္ခကြီးတစ်ခုမှ အသက်ရှင်လွတ်မြောက်လာသဖြင့် စိတ်သက်သာရာရနေကြကာ ကျုံးချင်အပေါ် နက်ရှိုင်းသော ရိုသေလေးစားမှုတို့ဖြင့် ပြည့်နှက်နေကြသည်။

အစောပိုင်းက ဆက်တိုက်ဖြစ်ပေါ်လာသော တုန်လှုပ်မှုများသည် သူတို့၏လောကအမြင်များကို လုံးလုံးလျားလျား ချိုးဖျက်လိုက်၏။ ထိုကြောင့် ကျုံးချင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် တည်ငြိမ်အောင် မနေနိုင်ကြတော့ချေ။

သူ့ကို ကြည့်ရသည်မှာ သာမန်လူငယ်လေးတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း အမှန်အားဖြင့် အံ့အားသင့်စရာများစွာကို သယ်ဆောင်လာခဲ့သည်။

ယခင်က သူတို့သည် ဝင်္ကပါကို ဖျက်ဆီးရန်နှင့် ခုနစ်ရောင်ခြယ် ဖန်သားဝိညာဉ်ပန်းကို ရယူရန်အတွက် ကျုံးချင်နှင့် ယှဉ်ပြိုင်ချင်ခဲ့ကြသည်ကို ပြန်တွေးမိချိန်၌ လူများအားလုံးသည် ဖော်ပြ၍မရနိုင်သော ခံစားချက်ကို ခံစားမိပေ၏။

နှစ်ဖက်အကြား၌ ကွာဟချက်သည် အလွန်ကြီးမားနေပြီး သူတို့ထံ၌ ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိပါချေ။

ထိုအချိန်မှာပင် ကျုံးချင် သတိပြန်ဝင်လာသည်။

သူသည် ဖရိုဖရဲဖြစ်နေသော ကြေးမုံနှလုံးသားရေကန်မှ လူများကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး... ခင်ဗျားတို့ကို ကယ်တင်လိုက်တာက တိုက်ဆိုင်မှုတစ်ခုပါပဲ... ဒါပေမဲ့ ခင်ဗျားတို့ရဲ့အခြေအနေကို ကြည့်ရတာတော့ အဲ့ဒီလျှို့ဝှက်နယ်မြေကို မသွားတာက အကောင်းဆုံးပဲ..."

သူတို့သည် လျှို့ဝှက်နယ်မြေကို မရောက်သေးသည့်တိုင် သူတို့အနက်မှ ထက်ဝက်ခန့်သည် သေဆုံးခြင်း ဒဏ်ရာရခြင်းတို့ဖြင့် ရင်ဆိုင်နေရလေပြီ။ အကယ်၍ သူတို့ ရှေ့ဆက်သွားလျှင် သူတို့အားလုံး သေဆုံးသွားမည်မှာ သေချာပေါက်ပင်။

မင်ယွဲ့ရှန်း၏မျက်လုံးများထဲတွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင် အနည်းငယ် ထင်ဟပ်လာသော်လည်း သူက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"မိတ်ဆွေလေး ပြောတာ မှန်ပါတယ်... မိတ်ဆွေလေးသာ ဝင်မပါခဲ့ရင် ငါတို့အားလုံး ဒီနေရာမှာတင် သေသွားလောက်ပြီ..."

"ဒီပိုင်ဖုန်းလွင်ပြင်ရဲ့ အန္တရာယ်တွေက တကယ်ကို ငါတို့ တွေးထင်ထားတာထက် ကျော်လွန်နေတယ်..."

"နောက်ထပ်အန္တရာယ်တွေ ရှိနေအုံးမယ်ဆိုရင် ငါရဲ့ လက်ရှိအခြေအနေနဲ့ကတော့ လျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေပြီး အခွင့်အလမ်းတွေကို ရယူဖို့ မပြောနဲ့... ငါ့ရဲ့ဂိုဏ်းသားတွေကိုတောင် ကာကွယ်မပေးနိုင်မှာကို ငါ စိုးရိမ်မိတယ်..."

"ဒီတစ်ခေါက် စူးစမ်းရှာဖွေမှုမှာ ငါတို့ ကြေးမုံနှလုံးသားရေကန် အနေနဲ့ စောစောစီးစီး နှုတ်ထွက်ရပါတော့မယ်..."

သူသည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ကျုံးချင်ကို ဦးညွတ်အရိုအသေပြုလိုက်၏။

"ခုလိုမျိုး ကြီးမားတဲ့ ကျေးဇူးတရားအတွက် ငါတို့က ကျေးဇူးတင်စကားကို ဘယ်လိုပြောရမလဲဆိုတာ မသိတော့ဘူး... မိတ်ဆွေလေးရဲ့ ကျေးဇူးကို ငါတို့ ပိုင်ဖုန်းလွင်ပြင်ကနေ ထွက်ခွာသွားပြီးတာနဲ့ ပြန်ဆပ်ပါ့မယ်... လောလောဆယ်တော့ ငါက ဂိုဏ်းသားတွေကို ဦးဆောင်ပြီး ဒီနေကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ..."

ကျုံးချင်က ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပြန်ဆပ်တာ မဆပ်တာက အရေးမကြီးပါဘူး... ဒါပေမဲ့ ခင်ဗျားရဲ့လက်အောက်မှာ ဒီလူတွေတင် မကဘူး မဟုတ်လား..."

မင်ယွဲ့ရှန်းက သက်ပြင်းချလိုက်သည်။

"အမှန်ပဲ... ခုဏက သရဲလေဖြူ ရုတ်တရက်ကြီး တိုက်ခတ်လာမှုကြောင့် ငါ့ရဲ့တပည့်တွေ အများကြီးက မုန်တိုင်းထဲမှာ လူစုကွဲသွားခဲ့တယ်... ငါ့ရဲ့အကြီးဆုံးတပည့် မင်ဆုရှင်း အပါအဝင်ပဲ..."

"ဒါပေမဲ့ ငါတို့ ဂိုဏ်းရဲ့ လက်ရှိအခြေအနေအရ သူတို့ကို ရှာဖွေကယ်ဆယ်ဖို့ တကယ့်ကို မတတ်နိုင်တော့ပါဘူး...ငါတို့က တောင်ကြားလမ်းရဲ့ အပြင်ဘက်ကို ပြန်ပြီးတော့ စောင့်ဆိုင်းနေရုံပဲ တတ်နိုင်တော့မယ်..."

"အခုတော့ ကံတရားအတိုင်းပဲ ထားလိုက်ပြီးတော့ သူတို့ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ရတော့မယ်..."

သူက ကျုံးချင်ကို တစ်ချက်ကြည့်ပြီး ပြောဆိာသည်။

"မိတ်ဆွေလေးရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ခုလေးတင် လက်ခံရရှိထားပေမယ့် ငါက အရှက်မဲ့စွာနဲ့ နောက်ထပ်ကိစ္စတစ်ခုကို တောင်းဆိုပါရစေ... မိတ်ဆွေလေးနေနဲ့ လမ်းခရီးမှာ ငါတို့ ကြေးမုံနှလုံးသားရေကန်က လူစုကွဲသွားတဲ့ ဂိုဏ်းသားတွေကို တွေ့ခဲ့မယ်ဆိုရင် ရှေ့ဆက်မသွားဘဲနဲ့ တောင်ကြားလမ်းဆီ ပြန်လှည့်ပြီးတော့ ဂိုဏ်းနဲ့ပူးပေါင်းဖို့ ပြောပေးပါလို့ ငါက အားနာနာနဲ့ တောင်းဆိုပါတယ်..."

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က သူတို့ကိုတွေ့ရင် စကားပါးပေးဖို့ ကူညီပေးပါ့မယ်..."

မင်ယွဲ့ရှန်း ကျုံးချင်ကို ဦးညွတ်လိုက်၏။

"ဒါဆိုရင် ကျွန်တော်က ကျေးဇူးအများကြီးတင်ပါတယ်..."

Thank For Reading.

All Chapters