← Chapters

အခန်း (၅၁)

Vol. 6 Ch. 51

အခန်း (၅၁)

Vol. 6 Ch. 51

နန်းတော်၏ အပြင်ဘက်တွင် လီထန်က နန်းတော်တံခါးကို စိုက်ကြည့်နေသည်။

" စစ်သူကြီး အမွှေးတိုင်တစ်တိုင်ကုန်ချိန် ပြည့်ပါတော့မယ်။ "

လီထန်က ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များက တဖြည်းဖြည်း မြင့်တက်လာသည်။ သို့သော် ထိုခဏတွင် တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးက ပွင့်လာခဲ့သည်။

" နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်လိုက်ပြီပဲ။ " လီထန်က အနည်းငယ် ပြုံးလိုက်သည်။ တိုက်ပွဲမရှိဘဲ အညံ့ခံခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ သူက မြှောက်ထားသော လက်ကို ဖြည်းညင်းစွာ ချလိုက်သည်။

ထိုအချိန်တွင် ဟန်ဖေးက ဟန်နိုင်ငံ၏ တော်ဝင်တံဆိပ်ကို ကိုင်ဆောင်လျက် ဖြည်းညင်းစွာ ထွက်လာပြီး သူ၏ နောက်တွင် မှူးမတ်များ လိုက်ပါလာကြသည်။ သို့သော ထိုမြင်ကွင်းကို မြင်သောအခါ လီထန်က မျက်မှောင်ကြုတ်သွားသည်။

" ဟန်တော်ဝင်မိသားစုက ကျုပ် ဟန်ဖေးက နန်းတွင်းမှူးမတ်တွေနဲ့အတူ ချင်နိုင်ငံကို အညံ့ခံပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။ " စစ်သူကြီးအနေနဲ့ အသက်တွေကို တန်ဖိုးထားပြီး သွေးထွက်သံယိုမှုတွေကို ရှောင်ရှားပေးဖို့ ကျုပ်တောင်းဆိုပါတယ်။ "

" ဟန်နိုင်ငံက အညံ့ခံတယ်ဆိုရင် ဟန်မင်းကြီးက ဘယ်မှာလဲ။ " လီထန်က စစ်ရထားပေါ်မှ အေးစက်စွာ မေးလိုက်သည်။

" ကျုပ်တို့မင်းကြီးက ထွက်ပြေးသွားပြီ။ သူဘယ်ရောက်နေလဲဆိုတာ မသိရပါဘူး။ " ဟန်ဖေးက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

" မင်းဘာပြောလိုက်တယ်။ " လီထန်က မျက်မှောက်ကြုတ်ပြီး ဒေါသထွက်သွားသည်။ " သူဘယ်ကို ထွက်​ပြေးသွားတာလဲ။ "

" မင်းကြီး ထွက်ပြေးသွားတုန်းက ကျုပ်တို့ လုံးဝ မသိလိုက်ပါဘူး။ အခုသူဘယ်မှာလဲဆိုတာ မသိပါဘူး။ "

လီထန်က ဘာမှမပြောဘဲ ဟန်ဖေး၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ ဟန်ဖေး၏ အကြည့်က တည်ငြိမ်နေပြီး ကျဆုံးသွားသော နိုင်ငံတစ်ခုအတွက် ခါးသီးသော ဝမ်းနည်းမှုများ ကိန်းအောင်းနေသည်။

" မင်းစကားကို ငါယုံတယ်။ " လီထန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါဆို စစ်သူကြီးအနေနဲ့ နန်းတော်ထဲက စစ်သည်တွေနဲ့ မှူးမတ်တွေရဲ့ အညံ့ခံမှုကို လက်ခံပေးနိုင်မလား။ "

" လက်နက်ချလိုက်ပါ။ ဒါဆို အသက်ရှင်ခွင့်ရမယ်။ " လီထန်က ပြောလိုက်သည်။

" အဲ့ဒါဆိုရင်တောင် ကျုပ်ဟန်ဖေးက စစ်သူကြီးလီကို ကျေးဇူးတင်ပါတယ်။ " ဟန်ဖေး၏ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာသည်။ သူက ရှေ့တိုးပြီး တော်ဝင်တံဆိပ်ကို မြှောက်၍ လီထန်ကို ဆက်သလိုက်သည်။

" ဒီနေ့ကစပြီး ဟန်နိုင်ငံဆိုတာ မရှိတော့ဘူး။ "

လီထန်က တော်ဝင်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။

" စစ်သူကြီးရဲ့ ကတိအတိုင်း သတ်ဖြတ်မှုတွေ ထပ်မလုပ်ဖို့ ​မျှော်လင့်ပါတယ်။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။ ထို့နောက် သူက နောက်သို့ တစ်လှမ်းဆုတ်ပြီး ရုတ်တရက် သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။

" ရဲတင်းလိုက်တာ။ " ပတ်ဝန်းကျင်မှ လေးသည်တော်များက သူတို့၏ လေးများကို မြှောက်လိုက်ကြသည်။

" မပစ်ကြနဲ့။ " လီထန်က ချက်ချင်း အော်ဟစ်တားမြစ်လိုက်သည်။

" တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ ငါက နိုင်ငံနဲ့အတူ သေဆုံးမယ်။ " ဟန်ဖေးက သူ၏ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်သည်။

သို့သော် ၎င်းကို မြင်သောအခါ လီထန်က အလောတကြီး အော်ဟစ်ပြောဆိုလိုက်သည်။ " ဟန်ဖေး မင်သာ သတ်သေရဲရင် ငါ ဟန်နန်းတော်တစ်ခုလုံးကို မြေလှန်သတ်ပစ်မယ်။ "

" စစ်သူကြီးလီက ဘာလို့ကတိမတည်တာလဲ။ " ထိုစကားများကို ကြားသောအခါ ဟန်ဖေးက အံ့ဩသွားသည်။

" မင်းက ငါတို့ မင်ကြီးကိုယ်တိုင် တောင်းဆိုထားတဲ့သူပဲ။ မင်းသာ ဒီလိုသေသွားရင် ငါသူကို ဘယ်လိုရှင်းပြရမလဲ။ " လီထန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ရမ်းလိုက်ရာ တပ်မှူးတစ်ယောက်က ဟန်ဖေး၏ ဘေးသို့ ပြေးသွားပြီး သူ၏ လက်ထဲမှ ဓားကို လုယူလိုက်သည်။

" သမိုင်းမှတ်တမ်းတွေက အမှန်ပဲထင်တယ်။ ချင်ရှီဟွမ်က ဟန်ဖေးကို တကယ်တန်ဖိုးထားတာပဲ။ ဒါပေမယ့် ဒီလိုအလေးထားခံရလို့လည်း လီစီရဲ့ မနာလိုစိတ်ကို နှိုးဆွပြီး နောက်ဆုံးမှာ ဟန်ဖေးကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖြစ်စေခဲ့တာပေါ့။ "

" ဥပဒေနဲ့ ပက်သက်ရင် ထိပ်တန်းပညာရှင်ဖြစ်တဲ့ ဟန်ဖေးက ချင်မင်းဆက်အတွက် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ထုတ်မပြနိုင်ခင်မှာ အဆုံးစီရင်ခံခဲ့ရတယ်။ " သူတို့ကြားတွင် အကွာအဝေးတစ်ခု ရှိနေသော်လည်း ကျောက်ဖုန်း၏ ထက်မြက်သော အကြားအာရုံကြောင့် အားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

" ဟန်ဖေးနဲ့ မှူးမတ်တွေကို ခေါ်သွားပြီး သေချာစောင့်ကြပ်ထားကြ။ " လီထန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " တပ်မှူးများက ဟန်ဖေးနှင့် မှူးမတ်များကို ခေါ်ဆောင်သွားကြသည်။

ထို့နောက် လီထန်က အသင့်ပြင်ထားသော စစ်သည်များကို ကြည့်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်ကြသည်။ " လူစုခွဲပြီး တပ်ပြန်စုကြ။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ချန်တောက် မင်းရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ကင်းစောင့်ဖို့ နန်းတော်ထဲကို ဝင်ကြ။ နန်းတော်ထဲကို ရှာဖွေပြီး အထဲက လူအားလုံးကို ဖမ်းဆီးလိုက်။ နန်းတော်ထဲက ခုခံရဲတဲ့ ဘယ်သူမဆို သနားညှာတာမှုမရှိ သတ်ပစ်လိုက်။ "

" ဟန်စစ်သည်အားလုံး လက်နက်ချပြီး နန်းတော်ထဲကနေ ထွက်သွားဖို့ အမိန့်ပေးလိုက်။ "

" အမိန့်အတိုင်းပါ။ " ချန်တောက်က ချက်ချင်း ပြောလိုက်သည်။

" ကျောက်ဖုန်း မင်းတပ်ဖွဲ့ကို အရင်ဦးဆောင်သွား။ လျိုဝူ မင်းက မင်းတပ်ဖွဲ့နဲ့ နောက်ကလိုက်ခဲ့။ "

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

လျိုဝူက တစ်ကိုယ်လုံးဒဏ်ရာများနှင့် အားနည်းနေပုံရသည်။ စစ်ပွဲတွင် လျိုဝူ၏ တပ်ဖွဲ့က အကျအဆုံး အလွန်များခဲ့ပြီး စစ်သည်ငါးထောင်အနက် နှစ်ထောင်အောက်သာ ရှိတော့သည်။

ဆန့်ကျင်ဘက်အားဖြင့် ကျောက်ဖုန်း၏ စစ်သည်ငါးထောင်တွင် လေးထောင်ကျော် အသက်ရှင်ကျန်ရစ်ခဲ့သည်။

" စစ်သည်တို့ ငါနောက်ကနေ နန်းတော်ထဲကို လိုက်ခဲ့ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အော်လိုက်သည်။

" နိုင်ငံတစ်ခုရဲ့ နန်းတော်... ဟန်မင်းကြီးက ဘဏ္ဍာတိုက်ထဲက ရတနာတွေ ရွှေ့ဖို့ အချိန်ရခဲ့ပါ့မလားမိသိဘူး။ တကယ်လို့ မရွှေ့ရသေးရင် ငါကိုယ်တိုင် ဝင်ကြည့်လို့ရမလားမသိဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ မျှော်လင်းချက်များဖြင့် တွေးလိုက်သည်။

အကယ်၍ ရတနာများကို သူယူသွားလျှင် ဘယ်သူမှ မသိနိုင်ပေ။ ထို့နောက် ကျောက်ဖုန်းက နန်းတော်ထဲသို့ အလျင်စလို လျှောက်သွားသည်။

" တပ်ရင်းမှူးတွေ စစ်သည်တွေကို ဦး​ဆောင်ပြီး ဟန်နန်းတော်ကို ပိတ်ဆို့ထားကြ။ နေရာတိုင်းကို ရှာဖွေကြ။ ဟန်မင်းကြီးရဲ့ သဲလွန်စကို ရှာတွေ့ရင် ဆုလာဘ်တွေ ရလိမ့်မယ်။ "

ဟန်နန်းတော်အတွင်း၌ နေရာတိုင်းတွင် စိတ်ဓာတ်ကျနေသော ဟန်စစ်သားများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ကျောက်ဖုန်းဦးဆောင်သော ချင်စစ်တပ်က နန်းတော်ထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာကြသည်။

" အဲ့ဒါ သတ်ဖြတ်ခြင်းနတ်ဘုရားပဲ။ "

" သူပဲ။ "

ဟန်စစ်သားများက ကျောက်ဖုန်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိကြသည်။ မြို့တော် ကျဆုံးပြီး ချင်စစ်တပ်က ထိုနေရာအထိ ရောက်ရှိလာခြင်းမှာ ကျောက်ဖုန်းက အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရား၊ ပျက်စီးခြင်းကို နိမိတ်ဆောင်သူ။

" မင်းတို့ မင်းကြီးက ထွက်ပြေးသွားပြီ။ မင်းတို့ မင်းသားဟန်ဖေးကလည်း တော်ဝင်တံဆိပ်ကို ဆက်သပြီး အညံ့ခံလိုက်ပြီ။ အသက်ရှင်ချင်ရင် လက်နက်တွေကို ချပြီး နန်းတော်ထဲက အခုချက်ချင်း ထွက်သွားကြ။ "

ထိုစကားကို ကြားသောအခါ ဟန်စစ်သားများက လက်နက်များကို လျင်မြန်စွာ ချပြီး နန်းတော်အပြင်သို့ ထွက်သွားကြသည်။

" သူတို့က အခြေအနေကို ကောင်းကောင်းနားလည်ကြတာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " သူတို့ အညံ့ခံသွားပြီဆိုတော့ နန်းတော်ထဲကို ဆက်ရှာကြမယ်။ "

နန်းတော်အတွင်းရှိ ရင်ပြင်ကျယ်ကြီးထဲတွင် နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများက ​မြေပြင်တွင် ဒူးထောက်နေကြပြီး ထိုထဲတွင် လှပစွာ ဝတ်ဆင်ထားကြသော ကိုယ်လုပ်တော်များစွာလည်း ပါဝင်နေသည်။

" တပ်မမှူး " ကျန်းဟန်က ပြုံး၍ ပြောလိုက်ပြီး သူ၏ မျက်လုံးများက ဒူးထောက်နေသော ကိုယ်လုပ်တော်များကို လှည့်ပတ်ကြည့်နေသည်။

" ဒီမှာ မင်းသမီးတွေနဲ့ ကိုယ်လုပ်တော်တွေ အများကြီးပဲ။ တစ်ယောက်နှစ်ယောက်လောက်ဖမ်းပြီး ဒီည တပ်မမှူးစခန်းကို ပို့ပေးလိုက်ရမလား။ "

" မင်း စစ်ဥပဒေကို မကြောက်ရင် လုပ်လိုက်လေ။ " ကျောက်ဖုန်းက ကျန်းဟန်ကို စောင်းကြည့်ပြီး ပြောလိုက်သည်။

ချင်စစ်တပ်တွင် တင်းကျပ်သော စစ်စည်းကမ်းများရှိသည်။ စစ်သူကြီး၏ အမိန့်မရှိဘဲ သွေးချောင်းစီးသတ်ဖြတ်ခြင်း သို့မဟုတ် မုဒိမ်းကျင့်ခြင်းကဲ့သို့သော လုပ်ရပ်များကို လုံးဝ တားမြစ်ထားသည်။

ချင်မင်းကြီးက ထာဝရတည်တံ့မည့် အခြေခံအုတ်မြစ်ကို ရှာဖွေပြီး တစ်လောကလုံးကို စိုးမိုးရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ဟန်နိုင်ငံကို တိုက်ခိုက်ချိန်တွင် ချင်မင်းကြီးက အမိန့်ထုတ်ထားခဲ့သည်။ ချင်စစ်တပ်က ရန်သူများကို တိုက်ခိုက်ခွင့်ရှိသည်။ သို့သော် အညံ့ခံပြီးသော စစ်သည်များ သို့မဟုတ် အရပ်သားများကို ရန်ပြုခြင်းအား တားမြစ်ထားသည်။

ယခုအခါ ရင်မြင်မှ ကိုယ်လုပ်တော်များ၊ နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများအားလုံးက အညံ့ခံခဲ့ကြပြီဖြစ်သည်။ အကယ်၍ ချင်စစ်တပ်က စည်းမဲ့ကမ်းမဲ့ ပြုလုပ်နေလျှင် စစ်စည်းကမ်းက ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

" ကျွန်တော် ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ " ကျန်းဟန်က ရယ်မောပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက သူ၏ တပ်ရင်းမှူးငါးယောက်ကို ကြည့်ပြီး အမိန့်များ စပေးလိုက်သည်။

" ကျန်းဟန် မင်းက မင်းလူတွေကို ဦးဆောင်ပြီး ဒီနေရာကို စောင့်ကြပ်ထား။ လျိုဟွာ၊ လျူဝမ်၊ ကျွမ်းဝေ မင်းတို့က လူစုခွဲပြီး ဟန်နန်းတော်ကို ရှာဖွေကြ။ ဝေချွမ် မင်းက ငါ့နောက်ကနေ နန်းတော်အတွင်းပိုင်းအထိ လိုက်ခဲ့။ "

" နားလည်ပါပြီ။ " တပ်ရင်းမှူးအားလုံးက တပြိုင်နက် ပြန်ပြောလိုက်ကြပြီး သူတို့၏ တပ်ဖွဲ့များနှင့်အတူ ခွဲထွက်သွားကြသည်။

All Chapters