← Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

ရွာလူကြီးဝူပြန်သွားပြီးနောက် ကျောက်ရင်က သူမ၏ မိခင်ကို ကြည့်လိုက်သည်။

" အမေ အခု စိတ်ချမ်းသာသွားပြီမလား။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။ " အကိုက ထောက်ပို့တပ်ဖွဲ့မှာဆိုတော့ သူဘေးကင်းမှာပါ။ "

" သူဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင် ကျန်တာဘာမှမလိုပါဘူး။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။

ရွာလူကြီးဝူထံမှ ရရှိသော သတင်းကြောင့် သူမတို့ သားအမိနှစ်ယောက်လုံး သက်ပြင်းချနိုင်ခဲ့သည်။

" အမေ အခန်းထဲသွားပြီး နားလိုက်တော့။ " ကျောက်ရင်က မိခင်ကို ပြောလိုက်သည်။ " ဆေးပင်တွေကို သမီးလုပ်လိုက်မယ်။ "

" ကောင်းပြီ။ " ကျောက်ကတော်က ခေါင်းညိမ့်ပြီး ဘာမှမပြောတော့ပေ။ ယခုဆိုလျှင် သူမတွင် မျှော်လင့်ချက်တစ်ခုရှိလာပြီဖြစ်သည်။ နောက်တစ်နှစ်ကြာလျှင် သူမ၏ သား အိမ်ပြန်ရောက်လာတော့မည်ဖြစ်သည်။

ရှန်းယန်မြို့တော်။ နန်းတော်၏ အနီးတွင် စံအိမ်ကြီးတစ်လုံး ရှိနေသည်။ အနက်ရောင်နှင့် အနီရောင် ရောယှက်ထားသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ဝမ်ယန်က သူမ၏ ရထားလုံးပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ စံအိမ်၏ ဝင်ပေါက်တွင် အမျိုးသမီးတစ်ယောက်က လျှောက်လာသည်။

" ယန်အာ သမီးနောက်ဆုံးတော့ ပြန်လာပြီပေါ့။ " ဝမ်ယန်ကို မြင်သောအခါ သူမက ဝမ်းသာအားရ ပြောလိုက်သည်။ " အမေ သမီးအတွက် စိုးရိမ်နေတာ။ တစ်ယောက်ယောက် အစားအသောက်တွေ ပြင်ကြစမ်း။ "

" အမေ " ဝမ်ယန်က ရှေ့သို့ တက်လာပြီး သူမ၏ မိခင်ကို အရိုအသေပေးလိုက်သည်။

" သမီး ပြန်ရောက်လာရင် အဆင်ပြေပါပြီ။ " ဝမ်ကတော်က ဝမ်ယန်၏ လက်ကို ဆွဲပြီး စံအိမ်အတွင်း ခေါ်ဆောင်သွားသည်။

ဝမ်ယန်က ဝမ်စံအိမ်ဟူသော ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ တံခါးအတွင်းသို့ လှမ်းဝင်လိုက်ပြီး သူမက ခါးသီးစွာ ပြုံးလိုက်သည်။ " ငါ ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့တယ်။ အကြာကြီးလည်း ထွက်ပြေးခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ပြန်လာဖို့ ဖိအားပေးခံခဲ့ရတာပဲ။ အချို့အရာတွေကိုတော့ ငါပြောင်းလဲနိုင်ခဲ့ပါတယ်။ ငါ့နှလုံးသား အလိုရှိတဲ့သူဆီမှာ ငါ့ကိုငါ ပေးအပ်ခဲ့ပြီးပြီပဲ။ "

ချင်နိုင်ငံ၏ ကျန်းထိုင်နန်းတော်အတွင်း မျက်နှာဖုံးဝတ်ထားသော အမျိုးသားတစ်ယောက်က ရင်ကျန့်ကို အစီရင်ခံနေသည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့ သမီးတော်က ရှန်းယန်ကို ပြန်ရောက်လာပါပြီ။ "

နန်းဆောင်အတွင်း အစီရင်ခံစာများကို ကိုင်တွယ်နေသော ချင်မင်းကြီးက ခဏရပ်တန့်သွားပြီး သူ၏ လက်ကို ဝှေ့ရမ်းကာ ပြောလိုက်သည်။ " သိပြီ။ "

စစ်မြေပြင်တွင် စစ်သည်များကို ကွပ်ကဲနေသော စစ်သေနာပတိချုပ်ကလည်း စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်။ ဘုရင်တစ်ပါးအနေဖြင့် သူ၏ စစ်သေနာပတိချုပ်ကို ယုံကြည်သည့်တိုင်အောင် သတိထားရန် မဖြစ်မနေလိုအပ်သည်။

ဝမ်ကျန့် စစ်ချီတက်စဉ်က သူ၏ သားနှင့်သမီးမှာ သူနှင့်အတူ ရှိနေခဲ့သည်။ ၎င်းမှာ ချင်နိုင်ငံ၏ အထူးထောက်လှမ်းရေးအဖွဲ့ဖြစ်သော ဟေးပင်းထိုင်၏ စောင့်ကြည့်မှုမှ မလွတ်ကင်းခဲ့ပေ။

" နောက်ထပ်ကတော့..." မျက်နှာဖုံးနှင့်လူက ထပ်ပြောလိုက်သည်။ " ဟေးပင်းထိုင်က ကျောက်နိုင်ငံအပေါ် အထူးအာရုံစိုက် စုံစမ်းစစ်ဆေးထားပါတယ်။ အခုဆိုရင် အဲ့ဒီက နိုင်ငံရေးအခြေအနေက ရှင်းလင်းသွားအာပြီ။ ကျောက်ယန်က နန်းတက်ပြီးတဲ့နောက်မှာ သူ့ရဲ့ လူယုံ ကောင်းခိုင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြီးတော့ ပြည့်တန်ဆာမတစ်ယောက်ကို ဖိဖုရားအဖြစ် တင်မြှောက်ထားပါတယ်။ "

" အရှင်မင်းကြီးက ကျောက်နိုင်ငံရဲ့ အိမ်ရှေ့စံဟောင်း ကျောက်ယိကို နေရပ်ပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာ သူက လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျောက်ယန်ကု မယှဉ်နိုင်ဘဲ လုံးဝဖိနှိပ်ခြင်းခံလိုက်ရပါတယ်။ သူက ကျောက်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ကို ဦးဆောင်နေဆဲ ဖြစ်ပေမယ့် နန်းတက်ဖို့ အခွင့်အလမ်း လုံးဝမရှိတော့ဘူး။ " အနက်ရောင်ဝတ်စုံနှင့်လူ သွမ်လောက ဆက်လက်အစီရင်ခံလိုက်သည်။

" ကျောက်ယိ " ချင်မင်းကြီးက စဉ်းစားပြီး ပြောလိုက်သည်။ " ငါက ကျောက်ယန်ကို အာရုံလွှဲဖို့နဲ့ ကျောက်နိုင်ငံအတွင်းမှာ ပဋိပက္ခတွေဖြစ်အောင် သူ့ကို ပြန်လွှတ်ပေးခဲ့တာပဲ။ ကျောက်ယိမှာ အောင်မြင်နိုင်စွမ်းမရှိတာ နှမြောစရာပဲ။ "

" အရှင်မင်းကြီးရဲ့ ဗျူဟာက လုံးဝကျရှုံးသွားတာတော့မဟုတ်ပါဘူး။ " သွမ်လောက ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ကျောက်ယိက တစ်ချိန်က ကျောက်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်ခဲ့တာပဲလေ။ တစ်ဖက်မှာ ကျောက်ယန်က နန်းတက်ခါတော့ ကျောက်နိုင်ငံထဲမှာ ငြင်းခုံစရာတွေ ဖြစ်နေဆဲပဲ။ သူက ကျောက်ယိကို ဖိနှိပ်ထားပေမယ့် သတ်ပစ်ဖို့အထိတော့ မလုပ်ရဲသေးဘူး။ "

" ဒါ့အပြင် ကျောက်နိုင်ငံရဲ့ စစ်သူကြီးသုံးယောက်ထဲက လျန်ပိုနဲ့ လီမုတို့က ကျောက်ယိကို ထောက်ခံကြတယ်။ ကျောက်ယန်ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ကောင်းခိုင်ကလည်း ဘာမှအသုံးမကျတဲ့ လောဘကြီးသူတစ်ယောက်ပဲ။ အပြင်ပိုင်းက ကြည့်ရင်တော့ ကျောက်နိုင်ငံက ငြိမ်သက်နေပုံရပေမယ့် အတွင်းပိုင်းမှာတော့ မုန်တိုင်းထန်နေပါတယ်။ "

" ချင်စစ်တပ်က ဟန်နိုင်ငံကို တိုက်ခိုက်နေချိန်မှာ ကျောက်နိုင်ငံက ဘာတုန့်ပြန်မှုမှ မလုပ်နိုင်တာက အရှင်မင်းကြီး ကျောက်ိကို ပြန်လွှတ်ပေးလိုက်လို့ပါ။ ဒါက သူတို့နန်းတွင်းထဲမှာ ရှုပ်ထွေးသွားအောင် လုပ်နိုင်ခဲ့တယ်။ " သွမ်လောက ရိုသေစွာ ပြန်ပြောလိုက်သည်။

" ကျောက်ယန်က အကြံအဖန်လုပ်ပြီး နန်းတက်ခဲ့တာပဲ။ " ချင်မင်းကြီးက ပြောလိုက်သည်။ " ကန့်ကွက်မှုတွေကို ငြိမ်သက်သွားစေဖို့ သူက နယ်မြေချဲ့ထွင်တာကို အကြောင်းပြချက်အဖြစ် သုံးလာလိမ့်မယ်။ သူသာ လုပ်ရဲရင် ငါကလည်း ကျောက်နိုင်ငံကို တိုက်ခိုက်ဖို့ ဝန်မလေးဘူး။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။ ကျောက်နိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ပါ။ အခြေအနေထူးရင် ငါ့ဆီ တိုက်ရိုက်အစီရင်ခံပါ။ "

" စိတ်ချပါ အရှင်မင်းကြီး။ " သွမ်လောက ရိုသေစွာ ပြန်ဖြေလိုက်သည်။ " ကျွန်တော် သေချာစောင့်ကြည့်ထားပါတယ်။ "

" ကျောက်နိုင်ငံက ငြိမ်နေမယ့် ဝေနိုင်ငံကရော ဘယ်လိုလဲ။ " ချင်မင်းကြီးက ပြန်ပြောလိုက်သည်။ " ဝေဝူကျိက မရိုးရှင်းဘူး။ "

" မှန်ပါတယ် အရှင်မင်းကြီး။ ဝေဝူကျိက မရိုးရှင်းပါဘူး။ " သွမ်လောက ချက်ချင်း အစီရင်ခံလိုက်သည်။ " သူက ကျောက်နိုင်ငံဆီကို သံတမန်တွေ အကြိမ်ကြိမ် စေလွှတ်ပြီး ဟန်နိုင်ငံအတွက် စစ်ကူတောင်းခဲ့သလို သူကိုယ်တိုင်လည်း ဘေးက ကူညီပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျောက်ယန်က ငြင်းဆိုခဲ့တယ်။ အဲ့ဒီနောက် ဝေဝူကျိက ချူနိုင်ငံက ဟွမ်ရှဲ့ဆီမှာ အကူအညီတောင်းခဲ့ပေမယ့် အပယ်ချခံခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ချင်နဲ့ချူရဲ့ ဆက်ဆံရေးက မဆိုးဘူးလေ။ "

" ဝေဝူကျိ " ချင်မင်းကြီးက ပြုံးလိုက်သည်။ " သူက ထက်မြက်တဲ့သူပဲ။ အခြေအနေမှန်ကို မြင်နိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက ခေတ်ရေစီးကြောင်းကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ "

" အရှင်မင်းကြီး " သွမ်လောက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " မနေ့က သတင်းရတာကတော့ ချင်ရဲ့ စစ်သည်တွေက ဟန်မြို့တော်ကို ဝိုင်းထားလိုက်ပြီတဲ့။ မကြာခင် သတင်းကောင်းကြားရပါတော့မယ်။ "

ထိုအချိန်တွင် ကျောက်ကောင်းက နန်းတော်အတွင်းသို့ လျင်မြန်စွာ ဝင်လာပြီး ဦးညွှတ်လျက် ပြောလိုက်သည်။ " အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ဝန်ကြီးချုပ်၊ ရှောက်ဖူ၊ ထင်းဝေနဲ့ အခြားသူတွေ အပြင်မှာ အခစားဝင်နေကြပါတယ်။ "

ချင်မင်းကြီးက ဘာမှမပြောဘဲ သွမ်လောကို တစ်ချက်ကြည့်လိုက်ပြီး သွမ်လောကလည်း အရိပ်အကဲကို နားလည်လိုက်သည်။ သူက ချင်မင်းကြီးကို ဦးညွှတ်ပြီး နန်းတော်၏ နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သွမ်လော၏ တည်ရှိမှုမှာ ချင်နိုင်ငံ၏ လျို့ဝှက်ချက်တစ်ခုဖြစ်သည်။ ချင်မင်းကြီးတစ်ယောက်တည်းသာ သူ၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးလေသည်။ ကျောက်ကောင်းပင် မမြင်ဖူးပေ။

သွမ်လောထွက်သွားပြီးနောက် ချင်မင်းကြီးက ကျောက်ကောင်းကို ကြည့်ပြီး စကားတစ်ခွန်းပြောလိုက်သည်။ " ဝင်ခိုင်းလိုက်။ "

" အရှင်မင်းကြီးရဲ့ အမိန့်တော် ဝန်ကြီးများအားလုံး နန်းတော်ထဲကို ဝင်ရောက်ခစားစေ။ " ကျောက်ကောင်းက အပြင်ဘက်သို့ အော်ပြောလိုက်သည်။

အမိန့်တော်အရ ဖုစုဦးဆောင်သော ချင်နိုင်ငံ၏ အရေးပါသော ဝန်ကြီးများက နန်းတော်အတွင်းသို့ ဝင်ရောက်လာကြသည်။ သူတို့ထဲတွင် ဝမ်ဝမ်၊ လီစီ၊ ယွီလျောင်၊ မုန့်ယိ၊ ဖုန်းချွီကျိနှင့် ကျောက်ကောတို့ ပါဝင်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝန်ကြီးများစွာက လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" ထကြပါ။ " ချင်မင်းကြီးက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ သူက ယွီလျောင်ကို ကြည့်လိုက်သည်။ " မင်းတို့အားလုံး အတူတူရောက်လာတာဆိုတော့ သတင်းကောင်းတစ်ခုခု ရှိလောက်မယ်ထင်တယ်။ "

" အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။ " ကျွန်တော်မျိုး စစ်သေနာပတိချုပ်ကြီးဆီကနေ အရေးပေါ် အစီရင်ခံစာကို ရရှိထားပါတယ်။ အရှင်မင်းကြီး ဖတ်ရှုပေးပါ။ "

ယွီလျောင်က သူ၏ ဝတ်ရုံအတွင်းမှ အစီရင်ခံစာကို ထုတ်ယူလိုက်သည်။ ကျောက်ကောင်းက အစီရင်ခံစာကို ယူပြီး ချင်မင်းကြီးကို ဆက်သလိုက်သည်။

" မင်းက မဖွင့်ကြည့်ရသေးဘဲနဲ့ သတင်းကောင်းမှန်း ဘယ်လိုလုပ်သိတာလဲ။ " ချင်မင်းကြီးက တံဆိပ်ခတ်ထားသော အစီရင်ခံစာကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

" ဒါက အောင်ပွဲသတင်းသာ မဟုတ်ရင် စစ်သေနာပတိချုပ်က ဒီလောက်အရေးကြီးတကြီး ပို့မှာမဟုတ်ဘူး။ " ယွီလျောင်က ယုံကြည်မှုရှိစွာပြောလိုက်သည်။

ချင်မင်းကြီးက အစီရင်ခံစာကို ဖွင့်ပြီး ပထမစာကြောင်းကို ဖတ်လိုက်သည်နှင့် သူ၏ မျက်နှာက ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

" ဟန်မြို့တော် ကျဆုံးသွားပါပြီ။ "

ဟန်မြို့တော် ကျဆုံးခြင်းက ဟန်နိုင်ငံပျက်သုဥ်းခြင်းပင်ဖြစ်သည်။ ချင်နိုင်ငံ၏ အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မည့် လမ်းကြောင်းက ယခုအခါ ပွင့်သွားခဲ့ပြီဖြစ်သည်။

All Chapters