အခန်း (၆၀)
Vol. 6 Ch. 60
" ဒါက တကယ်သတင်းကောင်းပဲ။ ဟန်နိုင်ငံက ပျက်စီးသွားပြီထင်တယ်။ "
ချင်မင်းကြီး၏ အမူအရာကို မြင်သောအခါ နန်းတွင်းထဲရှိ ဝန်ကြီးများက ချက်ချင်း နားလည်သွားကြသည်။ ထိုခန်းမအတွင်း ရပ်နေကြသူများမှာ ချင်နိုင်ငံ၏ အရေးပါသော အရာရှိများဖြစ်ကြပြီး တစ်ယောက်ချင်းစီက ထက်မြက်သူများ ဖြစ်ကြသည်။
ချင်မင်းကြီးက အစီရင်ခံစာကို မချသေးဘဲ ဆက်လက်ဖတ်ရှုနေသည်။ သူဖတ်နေစဉ် သူ၏ အမူအရာက ပို၍ အံ့အားသင့်လာခဲ့သည်။
" မြို့ကို ထိုးဖောက်ခဲ့တဲ့သူက တပ်မမှူးကျောက်ဖုန်းဖြစ်ပါတယ်။ သူက ဟန်နိုင်ငံရဲ့ စစ်သူကြီး ချောင်ရီနဲ့ ဝန်ကြီးချုပ်ကျန်းဖျင်တို့ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ "
" သူပဲလား။ " ချင်မင်းကြီးက အစီရင်ခံစာကို ဖတ်ပြီးသောအခါ သူ၏ မျက်နှာတွင် အံ့ဩသော အမူအရာ ပေါ်လာသည်။
ချင်နိုင်ငံက ဟန်နိုင်ငံအပေါ် စစ်ချီလိုက်ကတည်းက နာမည်တစ်ခုက အခြားသူများထက်ပို၍ သူ၏ ရှေ့သို့ မကြာခဏ ရောက်ရှိလာခဲ့သည်။ ထိုနာမည်က ယခု အစီရင်ခံစာတွင်လည်း ထပ်မံဖော်ပြခြင်းခံရသော ကျောက်ဖုန်းပင်ဖြစ်သည်။
" ချင်နိုင်ငံက ကောင်းကင်ဘုံရဲ့ စောင်မမှုကို ခံနေရတဲ့ပုံပဲ။ ဒီလိုရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တစ်ယောက်ကို ငါ့ကို ပေးသနားခဲ့တယ်။ " ချင်မင်းကြီးက ပြုံးလိုက်သည်။ ထို့နောက် သူက ဝန်ကြီးများကို ကြည့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ကတော့ ဟန်မြို့တော် ကျဆုံးသွားပြီလို့ အစီရင်ခံလာတယ်။ "
ထိုစကားကို ကြားသောအခါ ခန်းမအတွင်းမှ ဝန်ကြီးများပ စိတ်လှုပ်ရှားသွားကြပြီး ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။
" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ "
" ဟန်နိုင်ငံက နိုင်ငံတွေထဲမှာ အားအနည်းဆုံးပဲ။ ချင်နိုင်ငံက သူတို့နယ်မြေတွေကို နှစ်ပေါင်းများစွာ ဝါးမြိုထားခဲ့တာ။ အခုလို ပျက်သုဉ်းသွားတာ အံ့ဩစရာမဟုတ်ဘူး။ "
" ဟန်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် လီထန်က ငါ့ကို မရှင်းပြရသေးတဲ့ ကိစ္စတစ်ခုကျန်နေသေးတယ်။ " ချင်မင်းကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
ဝန်ကြီးများ၏ အမူအရာများက ပြောင်းလဲသွားပြီး ယွီလျောင်က ရှေ့တိုးပြီး မေးလိုက်သည်။ " အရှင်မင်းကြီး ဟန်မင်းကြီး တစ်ခုခုဖြစ်သွားလို့လား။ "
" မင်းဘာသာမင်း ကြည့်လိုက်တော့။ " ချင်မင်းကြီးက အစီရင်ခံစာအား ကျောက်ကောင်းကို ပေးပြီး ယွီလျောင်ထံ ပေးအပ်စေလိုက်သည်။
ယွီလျောင်က အစီရင်ခံစာကို ဖွင့်ဖတ်လိုက်သည်။ သူ၏ တည်ငြိမ်နေသော အမူအရာက တဖြည်းဖြည်း အံ့အားသင့်သွားပြီး အဆုံးသတ်သို့ ရောက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ အခြားသူများကလည်း ယွီလျောင်ကို ကြည့်လိုက်ကြသည်။
" အရှင်မင်းကြီး " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။ " ဟန်မင်းကြီးက သူ့ရဲ့ မြို့တော်ကနေ တကယ်ပဲ ထွက်ပြေးသွားခဲ့ရင်တောင် သူက ဟန်နယ်မြေထဲက လွတ်မြောက်နိုင်ဦးမှာမဟုတ်ပါဘူး။ "
" အခုဆိုရင် ဟန်မြို့တော်ကို သိမ်းထားနိုင်ပြီဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးက ချင်စစ်သည်တွေနဲ့ ပြည့်နေတာပဲ။ ဟန်မင်းကြီးက ထွက်ပြေးဖို့ မလွယ်ပါဘူး။ စစ်သူကြီးလီက သေချာရှာနေသရွေ့ ဟန်မင်းကြီးကို သေချာပေါက် ရှာတွေ့မှာပါ။ "
" ဟန်မင်းကြီးက ထွက်ပြေးရဲတယ်ဆိုရင် သူက ရှာဖွေမှုတွေက လွတ်မြောက်ဖို့ နညလမ်းတွေ ရှာထားပြီးသားဖြစ်ရမယ်။ " လီစီက လေးနက်စွာ ပြောလိုက်သည်။
" သူသာ တကယ်လွတ်မြောက်သွားရင် ချင်နိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်တယ်။ သူသာ ကျောက်နိုင်ငံကို ထွက်ပြေးပြီး ကျောက်ဘုရင်က သူ့နာမည်ကို အသုံးချပြီး စစ်တပ်ကို စုစည်းလိုက်မယ်ဆိုရင် ငါတို့ ဟန်နိုင်ငံကို သိမ့းပိုက်ထားတာက ခြိမ်းခြောက်ခံရနိုင်တယ်။ " လီစီ၏ စကားကို ကြားသောအခါ အခြားသူများကလည်း မျက်နှာပျက်သွားကြသည်။
" ခမည်းတော် " ဖုစုက ရှေ့တိုးပြီး စကားပြောလိုက်သည်။ သူက ငယ်ရွယ်ပုံရသော်လည်း သူ၏ အမူအရာက ယုံကြည်မှုအပြည့်ရှိနေသည်။
" ဟန်ဘုရင်သာ လွတ်သွားရင် အန္တရာယ်တွေ ဆုံးမှာမဟုတ်ပါဘူး။ သားတော်မှာ အကြံတစ်ခုရှိပါတယ်။ "
" ပြောပါ။ " ချင်မင်ကြီးက သူ၏ အကြီးဆုံးသားတော်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။
" ဟန်ဘုရင် ထွက်ပြေးနေတာဟာ ချင်နိုင်ငံက သူ့ကို သတ်လိမ့်မယ်လို့ ထင်နေတာဖြစ်ရမယ်လို့ သားတော်ယူဆပါတယ်။ " ဖုစုက လေးနက်စွာ ပြောလိုက်သည်။
" သူ အဖမ်းခံရရင် ခမည်းတော်က သူ့ကို ကွပ်မျက်လိမ့်မယ်လို့ သူက တွေးနေတာပါ။ သူ့ကို လူလုံးထွက်ပြလာအောင်လုပ်ဖို့ဆိုရင် အသက်ချမ်းသာပေးမယ်ဆိုတဲ့ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်ရုံပါပဲ။ ဒါဆိုရင် ဟန်မင်းကြီးက ကျိန်းသေပေါက် ထွက်လာလိမ့်မယ်လို့ သားတော်ယုံကြည်ပါတယ်။ "
ဖုစု၏ စကားဆုံးသောအခါ ချင်မင်းကြီး၏ မျက်နှာပေါ်မှ မျှော်လင့်ချက်များက ပျောက်ကွယ်သွားပြီး စိတ်ပျက်မှုအရိပ်အယောင်များပေါ်လာသည်။
ဝမ်ဝမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲတွင် စိတ်မသက်မသာဖြစ်မှုများ ပေါ်လာခဲ့သည်။
" ဒီကိစ္စကိိ " ချင်မင်းကြီးက ပြောလိုက်သည်။ " စစ်သေနာပတိချုပ်ကြီးက သင့်တော်သလို ကိုင်တွယ်လိမ့်မယ်။ ငါတို့ သူ့ကို တိုက်တွန်းဖို့မလိုဘူး။ သူ ဟန်မင်ကြီးကို ဖမ်းမိပါလိမ့်မယ်။ "
" ယွီလျောင် စစ်သေနာပတိချုပ်ဆီက သတင်းရတာနဲ့ ငါ့ကို ချက်ချင်း အစီရင်ခံပါ။ " ချင်မင်းကြီးက ဖုစုကု ယွီလျောင်ကို လှည့်ပြောလိုက်သည်။
" ကျွန်တော်မျိုး နားလည်ပါပြီ။ " ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် သူ၏ ခမည်းတော်က သူ၏ ဗျူဟာအား အသုံးမပြုသည်ကို မြင်သောအခါ ဖုစုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ " ခမည်းတော် သားတော်ရဲ့ အကြံဉာဏ်က ချို့ယွင်းချက် ရှိလို့လား။ "
" ဒါက ဟန်နိုင်ငံရဲ့ ဝန်ကြီးတွေနဲ့ အရာရှိတွေဆိုရင်တော့ ကရုဏာပြပြီး ရက်ရက်ရောရော ဆက်ဆံတာမျိုးနဲ့ စည်းရုံးလို့ ရကောင်းရလိမ့်မယ်။ ဒါပေမယ့် ဟန်မင်းကြီးက ဟန်နိုင်ငံရဲ့ အုပ်ချုပ်သူပဲ။ " ချင်မင်းကြီးက ဖုစုကို ကြည့်ပြီး လမ်းညွှန်သော လေသံနှင့် ပြောလိုက်သည်။ " မင်းပြောတဲ့ ကရုဏာက သူ့နိုင်ငံ ပျက်စီးသွားတဲ့ အမုန်းတရားနဲ့ ဘာလိုလုပ် ယှဉ်နိုင်မှာလဲ။ "
၎င်းကို ကြားသောအခါ ဖုစု၏ အမူအရာက ပြောင်းလဲသွားသည်။ ခဏစဉ်းစားပြီးနောက် သူက ချင်မင်းကြီးကို ဦးညွှတ်လိုက်သည်။ " သားတော် နားလည်ပါပြီ။ "
ချင်မင်းကြီးက ခေါင်းညိမ့်ပြီး ဘာမှမပြောတော့ပေ။ " ဝန်ကြီးချုပ် "
" ကျွန်တော်မျိုးရှိပါတယ်။ " ဝမ်ဝမ်က ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။
" ဖုစုက ချွန်းယွီယွဲဆီမှည ပညာသင်ကြားခဲ့ပေမယ့် သူက နိုင်ငံရေးအတွေ့အကြုံတွေ လိုအပ်နေတုန်းပဲ။ မင်းသူ့ကို ဆက်ပြီး လမ်းညွှန်ပေးရမယ်။ " ချင်မင်းကြီးက ဝမ်ဝမ်ကို ပြောလိုက်သည်။
" အရှင်မင်းကြီးစိတ်ချပါ။ " ဝမ်ဝမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " သူက အရှင်မင်းကြီးကို အမြန်ဆုံး ကူညီနိုင်တဲ့သူဖြစ်လာအောင် ကျွန်တော်မျိုး အစွမ်းကုန် သင်ကြားပေးပါမယ်။ "
" ယွီလျောင် " ချင်မင်းကြီးက ယွီလျောင်ဘက်သို့ ကြည့်လိုက်သည်။ " မင်းလည်း အစီရင်ခံစာကို မြင်ပြီးပြီပဲ။ ကျောက်ဖုန်းက ဟန်မြို့တော်ကို ထိုးဖောက်ပြီး ဟန်စစ်သူကြီးနဲ့ ဝန်ကြီးချုပ်တိုကို ကွဲမျက်ခဲ့တယ်။ မင်းရဲ့အမြင်အရ သူ့ကို ဘယ်လို ရာထူးတိုးပေးသင့်လဲ။ "
" တပ်မမှူးအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အရာရှိတစ်ယောက်အတွက်ဆိုရင် ဒါက ရာထူးတစ်ဆင့်နဲ့ ဘွဲ့ထူးနှစ်ဆင့် တိုးပေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့်..."
" ဒါပေမယ့် ဘာဖြစ်လဲ။ " ချင်မင်းကြီးက မေးလိုက်သည်။
" ကျွန်တော်မျိုးရဲ့အမြင်ကတော့ ဟန်နိုင်ငံ လုံးဝငြိမ်းချမ်းသွားတဲ့အထိ စောင့်ပြီးမှ ဘွဲ့ထူးတွေ ဆုလာဘ်တွေ ချီးမြှင့်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ဖုန်းလား။ " လီစီက အလွန်စိတ်ဝင်စားသွားသည်။ " သူက ထောက်ပို့တပ်ဖွဲ့ကနေ ပင်မတပ်ဖွဲ့ကို ပြောင်းလာတဲ့ ကျောက်ဖုန်းလား။ "
ထိုစကားကြောင့် အခြားသူများကလည်း ယွီလျောင်ကို ကြည့်လိုက်ကြသည်။ အကယ်၍ အခြားသူတစ်ယောက်ဆိုလျှင် သူတို့က ထိုမျှအထိ မှတ်မိကြလိမ့်မည်မဟုတ်ပေ။ သို့သော် ကျောက်ဖုန်းက မတူပေ။
" မှန်တယ် သူပဲ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ဖုန်းက အဲ့လောက်ထိ တော်တာလား။ " လီစီက မယုံနိုင်သေးသကဲ့သို့ ဖြစ်နေသည်။ " သူက မြို့ကို သိမ်းပိုက်တဲ့ နေရာမှာ အဓိကစွမ်းဆောင်ခဲ့တာပေါ့။ "
" အစီရင်ခံစာထဲမှာ အဲ့လိုရေးထားတာပဲ။ အောင်မြင်မှုတွေကို သက်ဆိုင်ရာအရာရှိတွေက စစ်ဆေးပြီး စစ်တရားသူကြီးက အတည်ပြုထားတာပဲ။ ဒါကို လုပ်ကြံဖန်တီးလို့မရဘူး။ " ယွီလျောင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သူကိုယ်တိုင် စီမံခန့်ခွဲနေသော စစ်ဘက်ဆိုင်ရာအောင်မြင်မှုများနှင့် ဆုလာဘ်ဆိုင်ရာ စနစ်အပေါ် သူက အလွန်ဂုဏ်နေခြင်းဖြစ်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " လီစီက ချင်မင်းကြီးကို ဂါရဝပြုပြီး ပြောလိုက်သည်။ " အဲ့ဒီလူကတော့ တကယ်ကို ပါရမီရှင်ပါပဲ။ "
" သူက တကယ်ကို ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တစ်ယောက်ပဲ။ သူ့ဆီမှာ ချင်နိုင်ငံရဲ့ အတိတ်က တစ်စုံတစ်ယောက်ရဲ့ အရိပ်အယောင်ကို ငါမြင်နေရတယ်။ " ချင်မင်းကြီးက ပြုံး၍ ပြောလိုက်သည်။
ထိုစကားများကြားသောအခါ ဝန်ကြီးများအားလုံး၏ အကြည့်က သူ့ဆီသို့ စုပြုံရောက်ရှိလာကြတော့သည်။
" ဝန်ကြီးတို့ သူဆီမှာ ဘယ်သူရဲ့ အရိပ်အယောင်ကို ငါမြင်တယ်လို့ မင်းတို့ထင်လဲ။ " ချင်မင်းကြီးက ပြုံး၍ မေးခွန်းထုတ်လိုက်သည်။
ယွီလျောင်က ပြုံး၍ ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။ " ကျွန်တော်မျိုးကို ရဲရဲဝံ့ဝံ့ ခန့်မှန်းခွင့်ပြုပါ။ အရှင်မင်းကြီးက ကျောက်ဖုန်းဆီမှာ ဝူအန်းနယ်စားရဲ့ အရိပ်အယောင်ကို မြင်နေရတာ မဟုတ်ပါလား။ "
" ဟားဟား...." ချင်မင်းကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " ယွီလျောင် မင်းက တကယ်ပဲ ကွေ့ကူကျိရဲ့ တပည့်တစ်ယောက်ဖြစ်ထိုက်ပါတယ်။ မင်းရဲ့ ဉာဏ်ပညာက ထူးခြားတယ်။ "
" မှန်တယ်။ ငါ ကျောက်ဖုန်းဆီမှာ ဝူအန်းနယ်စားရဲ့ အရိပ်အယောင်ကို မြင်နေရတယ်။ "
၎င်းကို ကြားသောအခါ ဝန်ကြီးများက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ပိုင်ချီက ကျောက်ရှန်းဘုရင် လက်ထက်တွင် ရာဇဝတ်သားအဖြစ် ကွပ်မျက်ခြင်းခံခဲ့ရသော်လည်း လက်ရှိဘုရင်က ဝူအန်းနယ်စားကို အလွန်လေးစားကြောင်း သူတို့ သိထားလေသည်။
" အရှင်မင်းကြီးရဲ့ ခံစားချက်က အခြေအမြစ် မရှိတာတော့မဟုတ်ပါဘူး။ ကျောက်ဖုန်းက ဝူအန်းနယ်စားကို သတိရစေလောက်တဲ့ ထူးခြားတဲ့ အငွေ့အသက်တွေ ရှိနေပါတယ်။ "
" ယွီလျောင် မင်းက ဟန်နိုင်ငံ ကျဆုံးပြီးမှ ဆုလာဘ်တွေ ချီးမြှင့်ဖို့ အကြံပြုခဲ့တယ်။ အဲ့ဒီအတွက် မင်းမှာ ဘယ်လိုအစီအစဉ်ရှိလို့လဲ။ " ချင်မင်းကြီးက ယွီလျောင်ကို မေးလိုက်သည်။
" အရှင်မင်းကြီး " ယွီလျောင်က ရိုသေစွာ ပြောလိုက်သည်။ " စစ်ရေးစွမ်းဆောင်မှုအတွက် ဆုလာဘ်တွေက လူတစ်ယောက်တည်းအတွက်မဟုတ်ပါဘူး။ တပ်မှူးတွေ စစ်သည်တွေ အားလုံးအတွက်ပါ။ စစ်သည်တွေရဲ့ ဆုလာဘ်တွေကို စစ်တရားသူကြီးက ဆုံးဖြတ်နိုင်ပေမယ့် တပ်မမှူးနဲ့ အထက်အဆင့်တွေအတွက်တော့ ရှောက်ဖူကို ဖြတ်ရမှာဖြစ်ပြီး နောက်ဆုံးမှာ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်အမိန့်တော်ကို လိုအပ်ပါတယ်။ "
" ဟန်နိုင်ငံကျဆုံးသွားတာနဲ့ စစ်တရားသူကြီးက စွမ်းဆောင်မှုရှိတဲ့ တပ်မှူးတွေကို အစီရင်ခံပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဆုလာဘ်အားလုံးကို တပြိုင်နက် ချီးမြှင့်လို့ရပါတယ်။ "
" ယွီလျောင်ပြောတာမှန်တယ်။ " ချင်မင်းကြီးက ခေါင်းညိမ့်လိုက်သည်။ " ဒါဆို မင်းအဆိုပြုတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဟန်ဘုရင်ကို ဖမ်းပြီး ဟန်နိုင်ငံကို လုံးဝ နှိမ်နင်းပြီးမှ ငါတို့ ဆုလာဘ်တွေကို ချီးမြှင့်ကြမယ်။ "